နတ်ဝိညာဉ်လက်ပတ်
Vol. 15 Ch. 205
ကျူကုန်းကုန်းက နှာမှုတ်လိုက်သည်နှင့် တပြိုင်နက် ဝိညာဥ်က ပိုမိုတောက်ပလာသည်။ ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များ နောက်ပြန်ဆုတ်လာရသဖြင့် နတ်ဘုရင်မှော်သားရဲတစ်ကောင်က အစွမ်းထက်ကြောင်း သိသာနေသည်။ ယဲ့ချန်၏ဝိညာဥ်က နတ်ဘုရင်တစ်ကောင်ကို ယဥ်ပါးစေရန် မလုံလောက်သည့်အပြင် ကျူကုန်းကုန်း၌ ထူးခြားသော အစွမ်းတစ်ခု ရှိနေသည်။
"ဟား ဟား နောက်ဆုံးတော့ မင်း ထွက်ပြေးသွားပြီမလား။ ငါက သန်မာတဲ့လူ မဟုတ်သေးပါဘူး ဝက်နတ်ဘုရားကွ။ လေလိုလျင်မြန်တဲ့ ငါ့ကို ဘယ်သူမှမတားနိုင်ဘူး"
ကျူကုန်းကုန်းက မောက်မာစွာရေရွတ်၍ အမြှီးတိုလေးကို စက်ဝိုင်းသဏ္ဍာန် ဝှေ့ယမ်းလိုက်သည်။ တစ်ကိုယ်လုံးရှိ ရတနာများကလည်း တောက်ပနေသည်။ သို့သော် နတ်ဘုရင်ကောင်းကင်သားရဲတစ်ကောင်ကို လျှော့တွက်မရသဖြင့် ၎င်းက ချက်ချင်းထွက်ပြေးလိုက်ရသည်။
ဝိညာဥ်အသိစိတ်က တုန်ခါနေသဖြင့် ယဲ့ချန်၏မျက်နှာက သွေးဆုတ်ဖြူရော်နေသည်။ သူက ကောင်းကင်ချီများကို အလျင်အမြန်လည်ပတ်လိုက်ရပြီး ဝိညာဥ်စွမ်းအင်များ ထုတ်ဖော်ကာ ဝိညာဥ်အသိစိတ်ကို ပြန်လည်ကုသခဲ့သည်။
"အမွေးပွလေး ဒီတစ်ခါ နှစ်ယောက်ပေါင်းပြီး ကြိုးစားကြည့်ရအောင်"
ယဲ့ချန်က လေးလေးနက်နက် ပြောလိုက်သည်။ သူ့အတွက် အောင်မြင်ရန်အခွင့်အရေးက အလွန်နည်းပါးသော်လည်း နတ်ဘုရင်တစ်ကောင်ကို ဤမျှလွယ်လွယ် လွှတ်မပေးလိုပေ။
အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ဝိညာဥ်အသိစိတ်သည် ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ပေါင်းစပ်သွားခဲ့သည်။ အမွေးပွလေးဝိညာဥ်၏ ဆယ်ပုံတစ်ပုံသာ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သော်လည်း အကျိုးသက်ရောက်မှု ရှိသည်။
ရှောင်ရိသည် အမွေးပွလေးနှင့်ယဲ့ချန်ကို ဘေးမှစောင့်ကြည့်ပေးနေခဲ့သည်။ သူက ရှေးဟောင်းမှော်သားရဲတစ်ကောင် ဖြစ်သောကြောင့် ဤနေရာတွင် အကူအညီမပေးနိုင်ပေ။ သူ့ထံတွင် ဝိညာဥ်အသိစိတ်လည်း မရှိသကဲ့သို့ ကောင်းကင်ချီအားလည်း မကျင့်ကြံနိုင်ပေ။ သူ့အနေဖြင့် ရုပ်ခွန်အားနှင့် မျိုးဆက်သွေးစွမ်းအားကိုသာ ကျင့်ကြံနိုင်သည်။ ဝိညာဥ်စွမ်းအားနှင့် ချီအကြောင်းကို သူက လုံးဝနားမလည်ပေ။
အမွေးပွလေး၏ဝိညာဥ်နှင့် ပေါင်းစပ်ပြီးနောက် ယဲ့ချန်၏ဝိညာဥ်စွမ်းအားများက ကြီးစွာတိုးတက်လာသည်။ ထို့နောက် အပ်များသဖွယ် အသွင်ပြောင်းကာ ကျူကုန်းကုန်း၏စိတ်ထံ တိုးဝင်သွားသည်။
ကျူကုန်းကုန်းသည် ရန်သူမှလက်လျှော့သွားပြီဟု ထင်မှတ်သဖြင့် စိတ်အေးလက်အေးဖြစ်နေခဲ့သည်။ ထက်ရှသော ဝိညာဥ်စွမ်းအင်အပ်တစ်ချောင်းက ရုတ်တရက်ထိုးဖောက်လာသဖြင့် ချက်ချင်း ခေါင်းကိုက်သွားခဲ့သည်။
"ဘုရားရေ"
ကျူကုန်းကုန်းမှာ အလန့်တကြား ခုန်လိုက်မိသည်။ ၎င်း၏ခံစစ်က သန်မာသော်လည်း ယဲ့ချန်၏ဝိညာဥ်က ထိုးဖောက်နိုင်လုနီးပါးဖြစ်သည်။ ၎င်းက အလွန်ပါးလွှာသော စွမ်းအင်မျှင်လေးတစ်ခုသာ ဖြစ်သော်လည်း ဝိညာဥ်အတွင်း ဝင်ရောက်နိုင်သည်နှင့်တပြိုင်နက် ကျူကုန်းကုန်းက လွတ်လပ်မှုကို ဆုံးရှုံးရပေလိမ့်မည်။
ကျူကုန်းကုန်းက ရတနာများကို အလောတကြီးအသက်သွင်းလိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က နောက်သို့ လွင့်ထွက်သွားသည်။
"ဝှစ် ဝှစ် ဝှစ်"
ကျူကုန်းကုန်းက စည်ကားရှုပ်ထွေးနေသော လမ်းမတွင် လေအလျင်ဖြင့် ထွက်ပြေးလိုက်သည်။ နတ်ဘုရင်တစ်ယောက်၏ ရုပ်ခွန်အားအောက်တွင် လမ်းတလျှောက်ရှိ နံရံများအားလုံး ပြိုကျသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ကျူကုန်းကုန်းက ခြောက်ကီလိုမီတာအထိ ရောက်သွားကာ အမြှီးကိုပင် မမြင်ရတော့ပေ။
ယဲ့ချန်မှာ ကျူကုန်းကုန်းထွက်ပြေးသွားချိန်တွင် တန်ပြန်ဒဏ်ကြောင့် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏လက်ရှိဝိညာဥ်အသိစိတ်က နတ်ဘုရင်မှော်သားရဲတစ်ကောင်ကို သိမ်းသွင်းထိန်းချုပ်ရန် အစွမ်းမလုံလောက်ပေ။
ယဲ့ချန်က ကျူကုန်းကုန်းနှင့်ရင်ဆိုင်ရာတွင် မျှော်လင့်ချက်ကြီးစွာမထားသော်လည်း အနည်းငယ်စိတ်ဓာတ်ကျနေခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ် အစွမ်းထက်လာချိန်တွင် နတ်ဘုရင်တစ်ယောက်ကို ထပ်တွေ့ရန် မလွယ်ပေ။ ကောင်းကင်အဆင့် မှော်သားရဲများကပင် တွေ့ရှိရန် အလွန်ခဲယဥ်းသည်ဖြစ်ရာ နတ်ဘုရင်အဆင့်များဆိုလျှင် မဖြစ်နိုင်လုနီးပါးပင်။
"ထားလိုက်ပါတော့"
ယဲ့ချန်က လောဘမကြီးသင့်ကြောင်းတွေး၍ ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည်။ သူက ကောင်းကင်ချီများကိုလည်ပတ်၍ ကုန်ခမ်းသွားသော ဝိညာဥ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေခဲ့သည်။
"ရှောင်ရိ အမွေးပွလေး ဒီကောင် လွတ်သွားတယ်"
ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်မိသည်။ အမွေးပွလေးနှင့်ရှောင်ရိက စိတ်ပျက်သွားပုံ မပေါ်ပေ။ နတ်ဘုရင်တစ်ယောက်ကို ဖမ်းဆီးရခြင်းက လုံးဝမလွယ်ကူကြောင်း သူတို့လည်း သိထားသည်။
"အစ်ကိုကြီး ပိုအစွမ်းထက်လာရင် ပိုပြီးအစွမ်းထက်တဲ့ နတ်ဘုရင်တစ်ကောင်ကို ရမှာပါ"
ရှောင်ရိက နှစ်သိမ့်ပေးလိုက်သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခေါင်းညိတ်၍ အရှုံးကို ကျေကျေနပ်နပ် လက်ခံခဲ့သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ဖြန့်ကျက်ထားသော သူ၏ဝိညာဥ်အသိစိတ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ထူးဆန်းသော စွမ်းအင်ထွက်ပေါ်နေသည့် နေရာကို စစ်ဆေးလိုက်သောအခါ ကျူကုန်းကုန်း၏လက်ချက်ဖြင့် ပြိုကျသွားသော အုတ်ပုံကြီး၏အောက်မှ ဖြစ်နေခဲ့သည်။ ၎င်းက အပျက်အစီးများကြားမှ တောက်ပလင်းလက်နေသည်။
ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ ကျူကုန်းကုန်းထွက်ပြေးစဥ်က ကျကျန်ရစ်သော ရတနာဆိုလျှင် ပွပြီဖြစ်သည်။ ၎င်း၏ကိုယ်ပေါ်တွင် ရတနာများစွာရှိပြီး အနည်းဆုံးတစ်ဒါဇင်ခန့်က ဝိညာဥ်စွမ်းအင် ကာကွယ်ရေးရတနာများ ဖြစ်ကြသည်။ ဤရတနာများကြောင့်သာမဟုတ်လျှင် ကျူကုန်းကုန်းသည် ကောင်းကင်သားရဲများ၏ လက်အောက်သို့ ကျရောက်ပြီးဖြစ်ပေလိမ့်မည်။
"အမွေးပွလေး ရှောင်ရိ သွားကြည့်ရအောင်"
ယဲ့ချန်က လေကိုခွင်းသော မြှားတစ်ချောင်းပမာ ပြေးထွက်သွားခဲ့သည်။ သူ့အနေဖြင့် ကျူကုန်းကုန်း ပြန်ရောက်မလာခင် ရတနာကို အရယူမည်ဖြစ်သည်။
မီတာထောင်ချီအကွာတွင် ယဲ့ချန်သည် ပြိုကျနေသော နံရံများအနီး ရှာဖွေနေခဲ့သည်။ ပတ်ဝန်းကျင်တွင် အုတ်ကျိုးအုတ်ပဲ့များနှင့် ကျောက်စများ ပျံ့နှံ့နေသည်။ ယဲ့ချန်က အပျက်အစီးပုံအောက်မှ ကျောက်စိမ်းလက်ပတ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းက သာမန်ရတနာဟုထင်ရသော်လည်း နွေးထွေးစိုစွတ်နေသဖြင့် တစ်ခုခုထူးခြားကြောင်း သိသာနေသည်။
ယဲ့ချန်သည် ဤရတနာကို ကျူကုန်းကုန်းက ခြေထောက်တွင် ဝတ်ဆင်ထားကြောင်း သတိရလိုက်သည်။ ဤလက်ပတ်ကို မည်သို့အသုံးချရမည်ဟု သူက မသိသော်လည်း ၎င်းက သေချာပေါက်ထူးခြားပေလိမ့်မည်။
"အစ်ကိုကြီး ဒီကျောက်စိမ်းလက်ပတ်က အဖိုးတန်လား"
ရှောင်ရိက မျက်လုံးဝိုင်းလေးများဖြင့် ကျောက်စိမ်းလက်ပတ်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏စိတ်ထဲတွင် ၎င်းက ငွေစမည်မျှအဖိုးတန်သနည်းဟု တွက်ချက်နေပြီဖြစ်သည်။
"သွားကြစို့"
မှော်သားရဲကို မဖမ်းနိုင်ခဲ့သော်လည်း ရတနာတစ်ခုရရှိခြင်းက မဆိုးဟုဆိုနိုင်သည်။ သို့သော် ကျူကုန်းကုန်း ပြန်ရောက်လာလျှင် ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိတို့ပူးပေါင်းသည့်တိုင် နိုင်ရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် ပုံရိပ်သုံးခုက ထိုနေရာမှ ချက်ချင်းထွက်ခွာသွားကြသည်။
အမှန်တွင် ယဲ့ချန်က အတွေးလွန်နေခြင်းဖြစ်သည်။ ကျူကုန်းကုန်းမှာ ကောင်းကင်သားရဲကို အကြောက်လွန်နေခဲ့သည်။ ၎င်း၏အတွေးတွင် ကောင်းကင်သားရဲ၏အလျင်က မိုင်တစ်ထောင်ကို ခဏအတွင်းလိုက်နိုင်သည်ဟု မှတ်ယူထားသည်။ ထို့ကြောင့် ကျူကုန်းကုန်းသည် နောက်ပြန်လှည့်ရမည့်အစား မြို့တော်အပြင်ရှိ သစ်တောများအတွင်း နှစ်နာရီတိုင်တိုင် မရပ်မနားပြေးသွားခဲ့သည်။ ၎င်းက ကောင်းကင်သားရဲ၏ဝိညာဥ်ကို အာရုံမခံမိဟု သေချာသောအခါတွင်မှ အသက်ရှူရန် ရပ်တန့်ခဲ့လေသည်။
"ဒီကောင်က ငါ့ကို လိုက်မဖမ်းဘူးလား"
ကျူကုန်းကုန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
"နှုတ်ဆက်ပါတယ် မြို့တော်က အလှလေးတွေရေ။ ချွန်းမေ ငါ နင့်ကိုလွမ်းနေမယ်"
၎င်းက မြေပြင်တွင် ဖင်ထိုင်ချလိုက်ပြီး စိတ်ဓာတ်ကျနေသဖြင့် မျက်ရည်များပင် ထွက်လာခဲ့သည်။
နောက်ထပ်ဆယ်စုနှစ်တစ်ခုစာလောက် ကျူကုန်းကုန်းက မြို့တော်အတွင်း ခြေမချရဲတော့ပေ။ တစ်စုံတစ်ခု မှားယွင်းသွားလျှင် လွတ်လပ်ခွင့်က တစ်ဘဝစာ ပျောက်ကွယ်သွားနိုင်သည်။
"အဟင့် ချွန်းမေရေ နှစ်သုံးဆယ်နေရင် မင်းကို တစ်ခေါက်လာကြည့်မယ်နော်။ မြို့တော်ကအလှလေးတွေ ငါ့ကို စောင့်နေကြ"
ကျူကုန်းကုန်းက အော်ဟစ်ကြုံးဝါးနေစဥ် ခြေထောက်တစ်ဖက်မှ ကျောက်စိမ်းလက်ပတ်တစ်ခု ပျောက်ကွယ်နေသည်ကို သတိထားမိလိုက်သည်။
"အား ငါ့ရတနာလေး"
သစ်တောအတွင်းမှ ယူကျုံးမရသော အော်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ယဲ့ချန်သည် အမွေးပွလေး၊ ရှောင်ရိတို့နှင့်အတူ စိတ်ချရသော အကွာအဝေးအထိ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သူက ကျောက်စိမ်းလက်ပတ်ကို စစ်ဆေးသည်။
အပေါ်ယံတွင် လက်ပတ်က သာမန်ဟုထင်ရပြီး ယဲ့ချန်က အသုံးမပြုတတ်ပေ။ ဂရုတစိုက်စစ်ဆေးလိုက်သောအခါ သားရဲဘာသားစကားဖြင့် စာလုံးအနည်းငယ် ရေးသားထားသည်ကို တွေ့ရှိလိုက်ရ၏။
"အမွေးပွလေး ဖတ်ပြပါဦး"
ယဲ့ချန်က လက်ပတ်ကို အမွေးပွလေးအား အနီးကပ်ပြလိုက်သည်။
အမွေးပွလေးက တစ်ချက်စဥ်းစားပြီးနောက် ဖြေပေးလိုက်သည်။
"ဒါက နတ်ဝိညာဥ်လက်ပတ်တဲ့"
.
ရှောင်ရိက တစ်လုံးချင်းပြောသည်။
"နတ်ဝိညာဥ်လက်ပတ် ဒါဆိုရင် ဝိညာဥ်နဲ့ပတ်သက်တဲ့ ရတနာပေါ့"
ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို လက်ပတ်အတွင်း ထည့်သွင်းလိုက်သည်။ ထိုအခါ အသံတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ပိရှို့ကိုပါ ပဲ့တင်ထပ်သွားခဲ့သည်။
ပိရှို့လှုပ်ခါသော ကြိမ်နှုန်းအရဆိုလျှင် ဤလက်ပတ်က အဆင့်နိမ့်ရတနာမဟုတ်ကြောင်း ယဲ့ချန် နားလည်သွားခဲ့သည်။ သို့သော် ၎င်းက ထန်တိုက်လင်၏သုံးခွလှံ၊ ကျောက်စိမ်းမျှော်စင်တို့ဖြင့် မယှဥ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် ယဲ့ချန်က နတ်ဝိညာဥ်လက်ပတ်ကို အသုံးချနိုင်ရန် အချိန်ယူလေ့လာရဦးမည်ဖြစ်သည်။ သူက ၎င်းကို လက်မောင်းကာအတွင်း သိမ်းဆည်းမည်ပြုစဥ် အမွေးပွလေးက ခေါင်းယမ်းပြလိုက်သည်။
"အမွေးပွလေး ငါက ဒီလက်ပတ်ကို အနားမှာထားရမှာလား"
ယဲ့ချန်က အမွေးပွလေး၏အမူအရာအရ သူမဆိုလိုသည်ကို သဘောပေါက်လိုက်သည်။
အမွေးပွလေးက ခေါင်းညိတ်ပြသည်။
"ကောင်းပြီ"
ယဲ့ချန်က အမွေးပွလေး၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ကျောက်စိမ်းလက်ပတ်ကို ခန္ဓာကိုယ်ပေါ်တွင် သိမ်းဆည်းထားလိုက်သည်။
ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိက တော်ဝင်နန်းတော်ထံ ဦးတည်လာခဲ့ကြသည်။ ရွှေရောင်သံချပ်ကာစစ်သည်တစ်ယောက်က ယဲ့ချန်ကို မြင်သောအခါ လေးလေးစားစားဦးညွှတ်၍ ကြိုဆိုလိုက်သည်။ ထို့နောက် တော်ဝင်စစ်သည်တော်များက ယဲ့ချန်ကို စကျင်ကျောက်ခင်းလမ်းများအပေါ်မှဖြတ်၍ ညီလာခံခန်းမထံ ခေါ်ဆောင်သွားခဲ့ကြသည်။
နန်းတော်အတွင်းရှိ အဆောက်အအုံများက ဆန်းကျယ်လှပစွာ တည်ဆောက်ထားပြီး အနည်းဆုံးဆယ်မီတာ မြင့်ကြသည်။ အချို့က မီတာရာချီမြင့်ပြီး ပန်းချီပန်းပုလက်ရာများ ထွင်းထုထားသည်။ ပတ်ဝန်းကျင်တွင် တော်ဝင်နန်းတော်ဟူသော အငွေ့အသက်က ခြုံလွှမ်းနေသည်။
ရှောင်ရိသည် မြို့ပေါ်သို့ ယခုမှရောက်ဖူးသော တောသားလေးတစ်ယောက်ပမာ ကျီးကန်းတောက်မှောက် ကြည့်ရှုနေသည်။ လူသားများက ဤမျှခမ်းနားသည့် နန်းတော်ကြီးတစ်ခု တည်ဆောက်ထားခြင်းကို သူက အလွန်အံ့သြနေသည်။
ယဲ့ချန်သည်လည်း အတိတ်တွင် ရုပ်မြင်သံကြားမှ နန်းတော်ပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း ဤမြင်ကွင်းတွင် တအံ့တသြဖြစ်နေခဲ့သည်။ ခမ်းနားထည်ဝါမှုတွင် မည်သည့်နန်းတော်မှ မင်ဝူ၏နန်းတော်ကို မယှဥ်နိုင်ပေ။ ဤလောကတွင် ကျင့်ကြံခြင်းနှင့်သိုင်းပညာ ထွန်းကားသောကြောင့် ဗိသုကာပညာရှင်တစ်ယောက်က ထျန်းချီအဆင့်ငါးအထက်ဆိုလျှင် အဆောက်အအုံများကို အလွယ်တကူတည်ဆောက်နိုင်သည်။
ယဲ့ချန်သည် နန်းတော်၏လှပမှုကြောင့် အိပ်မက်မက်နေသယောင် ခံစားလိုက်ရသည်။ သူ၏ဝိညာဥ်အသိစိတ်က ဗိသုကာလက်ရာများကို စစ်ဆေးနေပြီး တည်ဆောက်ခဲ့သော ပညာရှင်များကို ချီးကျူးနေခဲ့လေသည်။
***