လိပ်ကျောက်ဆောင်ရှုခင်း လက်ဖက်ရည်
Vol. 15 Ch. 206
ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် နန်းတော်ဝင်းအတွင်းရှိ ပန်းခြံများအတွင်း ဖြတ်သန်းသွားခဲ့သည်။ ကောင်းကင်တွင်ရှိသော တိမ်များပမာ များပြားလှသော မိန်းမလှလေးများက ပန်းများ၊ လိပ်ပြာများအကြား ပျော်ရွှင်မြူးထူးနေကြသည်။ တော်ဝင်နန်းတော်တွင် အင်ပါယာတစ်ခုလုံး၏ အလှဆုံးများ စုဝေးနေသဖြင့် ဧကရာဇ်မင်ဝူက မိန်းမနှင့်ပတ်သက်လျှင် အလွန်ကံကောင်းပေသည်။ ယဲ့ချန်က ချောင်းကြည့်ရန် ဝါသနာမပါသဖြင့် ဝိညာဥ်အသိစိတ်ကို ချက်ချင်းရုတ်သိမ်းလိုက်သည်။
အမှန်တကယ်ဆိုလျှင် မင်ဝူအနေဖြင့် သူ့ကို ကျေးဇူးတင်သင့်သည်။ ကျူကုန်းကုန်းသာ နန်းတော်အတွင်းရောက်လာလျှင် အလွန်ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ မင်ဝူအနေဖြင့် ကျူကုန်းကုန်းကို မောင်းထုတ်ပေးခဲ့သော သူ့ကို လူထုသူရဲကောင်းဘွဲ့ ပေးသင့်သည်။
"ငါက မြို့တော်တစ်ခုလုံးနဲ့ နန်းတော်တစ်ခုလုံးမှာရှိတဲ့ တင်ပါးတွေရဲ့ ကယ်တင်ရှင်ကြီးကွ"
ယဲ့ချန်က သူ့အတွေးဖြင့်သူ တစ်ချက်ရယ်မောလိုက်သည်။
လမ်းတလျှောက် ယဲ့ချန်သည် အလွန်သက်တောင့်သက်သာဖြစ်သော ခံစားချက်မျိုးရကာ တစ်ကိုယ်လုံး နွေးထွေးနေသည်။ သူ၏ဝိညာဥ်သည်လည်း ဤခံစားမှုကို ရနေသောအခါ ရင်ဘတ်အတွင်း သိမ်းထားသော နတ်ဝိညာဥ်လက်ပတ်ကို သတိရမိလိုက်သည်။
ဤကျောက်စိမ်းလက်ပတ်က ရုပ်ခန္ဓာနှင့်ဝိညာဥ်အပေါ် အကျိုးသက်ရောက်မှုရှိနေသဖြင့် ၎င်းက သာမန်မဟုတ်နိုင်ပေ။ အကျိုးသက်ရောက်မှုကလည်း သိသိသာသာကောင်းမွန်သောကြောင့် အံ့ဖွယ်ပင်ဖြစ်သည်။
"ငါ နားလည်ပြီ"
ယဲ့ချန်က ဤနတ်ဝိညာဥ်လက်ပတ်ကို ပြုလုပ်ထားသော ကုန်ကြမ်းသည် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နိုင်သည်ဟု မှတ်ချက်ချလိုက်သည်။
"အမွေးပွလေး ဒီကျောက်စိမ်းက ဝိညာဥ်ကိုရော ခန္ဓာကိုယ်ကိုပါ အားဖြည့်ပေးနိုင်တယ်။ ဘယ်လိုခေါ်လဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ အမွေးပွလေးက လက်ပတ်ကို သူ့အား ကိုယ်နှင့်မကွာဆောင်ခိုင်းထားသောကြောင့် တစ်စုံတစ်ခု သိထားပေလိမ့်မည်။
ယဲ့ချန်၏စကားကို ကြားသောအခါ အမွေးပွလေးက ပျော်ရွှင်စွာအော်မြည်လိုက်သည်။
"ဒီကျောက်စိမ်းလက်ပတ်ကို ဝိညာဥ်ကျောက်စိမ်းနဲ့လုပ်ထားတာ ဖြစ်နိုင်တယ်။ ဝိညာဥ်ကျောက်စိမ်းက လူတစ်ယောက်ရဲ့ရုပ်ခန္ဓာကို အားဖြည့်ပေးနိုင်တယ်။ သွေးကြောတွေ လုံးဝပျက်စီးနေတဲ့ လူဆိုရင်တောင် ဝိညာဥ်ကျောက်စိမ်းကို ဝတ်ဆင်ထားရင် ဖြည်းဖြည်းချင်း ကောင်းမွန်လာနိုင်တယ်။ ကျင့်ကြံသူတွေအတွက်လည်း အကျိုးပြုတယ်။ ဝိညာဥ်ကျောက်စိမ်းက ဝိညာဥ်အသိစိတ် ဖွဲ့စည်းနိုင်အောင်လည်း ထောက်ပံ့ပေးနိုင်လို့ မရေမတွက်နိုင်တဲ့ ကောင်းကင်သားရဲတွေ မက်မောကြတယ်"
အမွေးပွလေး၏စကားကို ရှောင်ရိက ဘာသာပြန်ပေးခဲ့သည်။
"ဝိညာဥ်ကျောက်စိမ်းကို ဘယ်မှာ ရှာတွေ့နိုင်မလဲ"
ယဲ့ချန်သည် နတ်ဝိညာဥ်လက်ပတ်မှာ ဤမျှအဖိုးတန်နေမည်ဟု ထင်မထားပေ။ အတိတ်တွင် သူသာ ဤကျောက်စိမ်းမျိုး ပိုင်ဆိုင်ထားပါက နာကျင်မှုကို ခံစားခဲ့ရမည်မဟုတ်ပေ။ သို့သော် ဤနာကျည်းမှုနှင့် အရှက်ခွဲခံရခြင်းများက ရုပ်ဖျက်ရောက်ရှိလာသော ကံကောင်းမှု ဖြစ်သည်။ ၎င်းတို့ကို ရင်ဆိုင်ကျော်ဖြတ်ခြင်းအားဖြင့် သူက ယခုလိုသန်မာလာခြင်း ဖြစ်ပေသည်။
"ဝိညာဥ်ကျောက်စိမ်းတွေ ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ အတိတ်က ဝိညာဥ်ကျောက်စိမ်းမိုင်းတွင်းတွေ အများကြီးရှိပေမယ့် ကုန်စင်သွားအောင် တူးဖော်ခံလိုက်ရတယ်။ အခုလက်ရှိမှာဆိုရင် အပြင်မှာ ဝိညာဥ်ကျောက်စိမ်းကိုမတွေ့နိုင်ဘဲ လက်ဆင့်ကမ်းလာတဲ့ အမွေတွေမှာသာ ရှိတော့တယ်။ မိစ္ဆာဝက်က ဝိညာဥ်ကျောက်စိမ်းကို ဘယ်ကရလာလဲဆိုတာ မပြောတတ်ဘူး"
ရှောင်ရိက ဆက်လက်ဘာသာပြန်ပေးလိုက်၏။
ယဲ့ချန်သည် ဝိညာဥ်ကျောက်စိမ်း၏ ရှားပါးမှုကြောင့် အံ့အားသင့်နေသည်။ ကျူကုန်းကုန်း၏ ခန္ဓာကိုယ်ထက်တွင် ဝိညာဥ်ကျောက်စိမ်းရတနာ ဒါဇင်ချီရှိနေသည်ကို သူက ပြန်အမှတ်ရလိုက်သည်။
သို့သော် လက်ရှိတွင် သူက ကျူကုန်းကုန်းကို မယှဥ်နိုင်သဖြင့် အတွေးများကို ဖျောက်လိုက်ရသည်။ ကျူကုန်းကုန်း မည်သည့်နေရာသို့ ထွက်ပြေးသွားကြောင်း မသိသဖြင့် လိုက်ဖမ်းရန်လည်း မဖြစ်နိုင်ပေ။ ယဲ့ချန်အနေဖြင့် အနည်းဆုံး အလွန်အသုံးဝင်သော ဝိညာဥ်ကျောက်စိမ်းရတနာတစ်ခုကို ရခဲ့လေသည်။
စကားတပြောပြော လျှောက်လာရင်း ယဲ့ချန်တို့သည် တော်ဝင်စာကြည့်ခန်းထံ ရောက်လာသည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဖျာတစ်ချပ်ပေါ်တွင် တင်ပျဥ်ခွေထိုင်၍ အာရုံစူးစိုက်ကျင့်ကြံနေသော ဧကရာဇ်မင်ဝူကို တွေ့ရှိပြီးဖြစ်သည်။ စာကြည့်ခန်းနှင့်မနီးမဝေးရှိ ဥယျာဥ်တစ်ခုအတွင်း၌ ကလေးငယ်များနှင့် မိန်းမစိုးများ ဆော့ကစားနေကြသည်။ ဤကလေးများက မင်ဝူ၏မျိုးဆက် တော်ဝင်မင်းသားမင်းသမီးများ ဖြစ်ကြပေလိမ့်မည်။
"အရှင်မင်းကြီး ယဲ့ချန် ရောက်လာပါပြီ"
မိန်းမစိုးအိုကြီးတစ်ယောက်က စာကြည့်ခန်းအတွင်းဝင်၍ ရိုရိုသေသေ လျှောက်တင်လိုက်သည်။
"ကောင်းပြီ"
မင်ဝူက ထိုင်ရာမှထရပ်၍ စာကြည့်ခန်းအပြင်သို့ ထွက်လာခဲ့သည်။
မင်ဝူသည် ယဲ့ချန်ကဲ့သို့ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်လာနိုင်သော ပါရမီရှင်နှင့်ဆက်ဆံရာတွင် ဧကရာဇ်အဆင့်အတန်းကို ခွာချထားသည်။ သို့သော် သူမသိသည်မှာ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာခွန်အားကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။
"ယဲ့ချန် မင်း မြစိမ်းတိမ်ဂိုဏ်းက ပြန်လာခဲ့တာလား"
မင်ဝူက တစ်ချက်ပြုံး၍ မေးလိုက်သည်။
"ဟုတ်တယ်ဗျာ"
ယဲ့ချန်ကခေါင်းညိတ်၍ မင်ဝူကို အသိမိတ်ဆွေတစ်ယောက်ပမာ ဆက်ဆံခဲ့သည်။ သူက မင်ဝူကို အခြားလူများကဲ့သို့ ဦးညွှတ်အရိုအသေမပေးခဲ့ချေ။ ဧကရာဇ်ဟူသော အဆင့်အတန်းဖြင့် ဖိအားပေးလာလျှင်လည်း သူက ထထွက်သွားမည်ဖြစ်သည်။
"တော်ဝင်ဥယျာဥ်ကိုသွားပြီး ငါတို့တောင်ဝင်မျိုးနွယ်ရဲ့ အဖိုးတန် လိပ်ကျောက်ဆောင်ရှုခင်း လက်ဖက်ရည်ကို မြည်းစမ်းကြမယ်"
မင်ဝူက ယဲ့ချန်၏အပြုအမူကို စိတ်ထဲမထားဘဲ ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည်။
ပတ်ဝန်းကျင်တွင် မင်ဝူ၏အစောင့်များရှိနေပြီး ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က ဤမြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြသည်။ ယဲ့ချန်က သတ္တိရှိသည့်အပြင် မင်ဝူကလည်း စိတ်မဆိုးသောကြောင့် ယဲ့ချန်၏အဆင့်အတန်းအပေါ် ပြန်လည်မေးခွန်းထုတ်မိလိုက်ကြသည်။
"လာခဲ့ပါ မြစိမ်းတိမ်ဂိုဏ်းကနေ မင်း တစ်ခုခုယူလာသေးလား"
မင်ဝူက ရှေ့မှဦးဆောင်သွားရင်း မေးမြန်းလိုက်သည်။
"ကျွန်တော့်ဝမ်းကွဲညီမလေးကို သူတို့ အနိုင်ကျင့်နေကြတယ်။ အဲ့ပြဿနာကို ဖြေရှင်းပြီး ပြန်လာခဲ့တယ်။ ဒါပေမယ့် ဘာရတနာကိုမှ မယူလာခဲ့ဘူး"
ယဲ့ချန်က မင်ဝူအပေါ် အမြင်ကောင်းများရှိသော်လည်း လျှို့ဝှက်ထားသင့်သည်ကို မပြောခဲ့ပေ။ သူက မြစိမ်းတိမ်ဂိုဏ်း၏နောက်ကွယ်မှ အစစ်အမှန်ဂိုဏ်းချုပ် ဖြစ်လာကြောင်းကို ချန်လှပ်ထားခဲ့သည်။
"ဖက်တီးကောင် နင်ချင်းယွင်တော့ သင်ခန်းစာရလောက်ပါပြီ"
မင်ဝူက တစ်ချက်ရယ်မော၍ ယဲ့ချန်ဘေးရှိ ရှောင်ရိထံ အကြည့်ရောက်သွားခဲ့သည်။ ရှောင်ရိ၏ရုပ်ခွန်အားက အလွန်သန်မာပြီး ရန်စမိသော နင်ချင်းယွင်အတွက်ပင် သူက စိတ်မကောင်းဖြစ်လိုက်မိသည်။
တော်ဝင်ဥယျာဥ်တော်အတွင်း စမ်းချောင်းလေးများအပေါ်၌ တံတားငယ်များ ထိုးထားသည်။ ပန်းရောင်စုံပွင့်လန်းနေသဖြင့် မြေကမ္ဘာမှ နတ်ဘုံနတ်နန်းတစ်ခုပမာ ထင်မှတ်ရသည်။ ဥယျာဥ်၏အလယ်တွင် အဆောင်တစ်ခုရှိပြီး မိန်းမစိုးများက လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများကို ပြင်ဆင်ပေးခဲ့ကြသည်။
ဧကရာဇ်မင်ဝူ၊ ယဲ့ချန်နှင့် ရှောင်ရိတို့က သက်ဆိုင်ရာနေရာများတွင် ထိုင်လိုက်ကြသည်။ လူတိုင်း၏ရှေ့တွင် အနံ့သင်းသင်းထွက်ပေါ်နေသော လက်ဖက်ရည်တစ်ခွက်စီ တည်ခင်းထားသည်။ ခရမ်းရင့်ရောင်လက်ဖက်ရည်၌ လက်ဖက်ရွက်သုံးရွက် မျောပါနေကာ ၎င်း၏အနံ့က လန်းဆန်းတက်ကြွစေသည်။
"ဒါကို သောက်လို့ရလား"
ရှောင်ရိက လက်ဖက်ရည်ခွက်ကို လက်ညှိုးထိုးပြကာ ယဲ့ချန်နှင့်မင်ဝူထံ ခွင့်တောင်းလိုက်သည်။
"သောက်ပါ"
မင်ဝူကပြုံး၍ ခေါင်းညိတ်လိုက်သည်။
ရှောင်ရိက လက်ဖက်ရည်ခွက်ကိုမော့၍ တစ်ချက်တည်း သောက်ချပစ်လိုက်သည်။ လက်ဖက်ရွက်များကိုပင် မျိုချလိုက်၏။
"ဒါက အရသာရှိလွန်းတယ်။ နောက်ထပ်တစ်ခွက်လောက် ရနိုင်မလား"
သူက အရသာခံပြီးနောက် လျှာသပ်၍ မေးလိုက်ခြင်းဖြစ်သည်။
"အခြားလက်ဖက်ရည်တွေဆိုရင် ရပေမယ့် လိပ်ကျောက်ဆောင်ရှုခင်းကတော့ မရဘူး"
မင်ဝူက ရှောင်ရိ၏လုပ်ရပ်ကြောင့် ခါးသက်စွာပြုံးလိုက်မိသည်။
"ကျန်တဲ့လက်ဖက်ရည်တွေကရော ဒီလောက်အရသာရှိလား"
ရှောင်ရိသည် တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်နေပြီး လက်ဖက်ရည်၏အရသာကို ထပ်မံတောင့်တနေခဲ့သည်။
"ကျန်တဲ့လက်ဖက်ရည်တွေက ဒါကိုမမီဘူး။ ဒီလက်ဖက်ရွက်က အရှေ့တောင်ကမ်းရိုးတန်းနိုင်ငံဖြစ်တဲ့ လင်းဟိုင်ကလာတယ်။ ပင်လယ်ကမ်းခြေက တောင်တစ်လုံးပေါ်မှာ လိပ်တစ်ကောင်သဏ္ဍာန် ကျောက်တုံးကြီးရှိတယ်။ လိပ်ကျောက်ဆောင်ပေါ်မှာ အစိမ်းရောင်လက်ဖက်ပင်တစ်ပင် ပေါက်ရောက်နေတယ်။ ဒါကြောင့် လက်ဖက်ရည်ကို လိပ်ကျောက်ဆောင်ရှုခင်းလို့ခေါ်တာ ဖြစ်တယ်။ လက်ဖက်ပင်ရဲ့သက်တမ်းကို ဘယ်သူမှ အတိအကျမပြောနိုင်ပေမယ့် အနည်းဆုံးနှစ်သောင်းချီတယ်။ နှစ်ငါးရာကြာတိုင်း လက်ဖက်ရွက်သုံးရွက်သာ ထွက်လာပြီး ဒါတွေက သုံးနာရီတည်းရှင်သန်တယ်။ သုံးနာရီကျော်ရင် အဆိပ်ရှိတဲ့ သစ်ရွက်ခြောက်တွေအဖြစ် ပြောင်းလဲသွားတယ်။ လက်ဖက်ခူးသူတွေဟာ လက်ဖက်ရွက်သုံးရွက်ကို အထူးနည်းလမ်းတွေနဲ့ ခူးဆွတ်ရတယ်။ လက်ဖက်ရည်ချက်လုပ်တဲ့အခါမှာလည်း အဆင့်ပေါင်း၇၆ဆင့်ရှိတယ်။ ဒီလက်ဖက်ရည်က ကျင့်ကြံသူတွေအတွက် အထူးကောင်းမွန်တယ်။ ရှီဝူအင်ပါယာမှာတောင် လိပ်ကျောက်ဆောင်ရှုခင်း လက်ဖက်ရွက်၁၆ရွက်သာရှိလို့ သေချာအရသာခံသောက်သင့်တယ်"
မင်ဝူက လက်ဖက်ရည်အကြောင်းကို ရှည်လျားစွာရှင်းပြ၍ မိတ်ဆက်ပေးခဲ့သည်။
ယဲ့ချန်သည် လက်ဖက်ရည်၏ သမိုင်းကြောင်းကြောင့် စိတ်ဝင်စားလာခဲ့သည်။ လက်ဖက်ရည်ခွက်တစ်ခုတွင် အရွက်သုံးခုရှိသောကြောင့် တစ်ခွက်ရရန် နှစ်ပေါင်းငါးရာ စောင့်ဆိုင်းရသည်။ အမွေးပွလေး၊ ရှောင်ရိနှင့် သူကိုယ်တိုင်အတွက် လက်ဖက်ရည်တစ်ခွက်စီ ရထားသောကြောင့် ကိုးရွက် ကုန်ဆုံးသွားခဲ့သည်။ မင်ဝူ၏ရက်ရောမှုကြောင့် ယဲ့ချန်မှာ ဤဘုရင်တွင် တောင်းဆိုမှုတစ်ခုရှိနိုင်သည်ဟု ခန့်မှန်းလိုက်၏။
သို့သော် သူက မင်ဝူအတွက် ရွှေခရမ်းနတ်ဆေးများစွာ ခွဲတမ်းပေးထားသဖြင့် လက်ဖက်ရည်သောက်ရခြင်းအပေါ် မျက်နှာပူမနေခဲ့ပေ။ မင်ဝူ၏တောင်းဆိုချက်ကို သူက ဂရုတစိုက်စဥ်းစား၍ ကူညီနိုင်လျှင် ကူညီပေးမည်ဖြစ်သည်။
ယဲ့ချန်က လက်ဖက်ရည်ခွက်ကိုကိုင်၍ တစ်ငုံသောက်လိုက်သည်။ ခံစားမှုတစ်ခုက သူ၏လည်ချောင်းအတိုင်း ဆင်းသက်သွားပြီး မွှေးရနံ့က သူ့ကို ကောင်းကင်ဘုံသို့ ရောက်ရှိသွားစေသည်။
"တော်တော်ကောင်းတဲ့ လက်ဖက်ရည်"
ယဲ့ချန်က ချီးကျူးလိုက်စဥ် အမွေးပွလေးသည်လည်း သူမ၏လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကိုကိုင်ကာ အရသာခံသောက်နေခဲ့သည်။
ရှောင်ရိမှာ ဗလာဖြစ်နေသော သူ၏ခွက်ကို နောင်တကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူက အဘယ်ကြောင့် ဤအဖိုးတန်လက်ဖက်ရည်ကို လျင်မြန်စွာသောက်ခဲ့မိသနည်း။
"ရှောင်ရိ ဒါကိုသောက်လိုက်"
ယဲ့ချန်မှာ ရှောင်ရိ၏အမူအရာကြောင့် တစ်ချက်ပြုံးကာ သူ၏လက်ဖက်ရည်ခွက်ကို ပေးလိုက်သည်။
"ရပါတယ် အစ်ကိုကြီးသောက်ပါ။ ကျွန်တော်က တစ်ခွက်သောက်ပြီးပြီ"
ရှောင်ရိက ချက်ချင်းငြင်းဆန်၍ စားပွဲပေါ်ရှိမုန့်များကို စတင်စားသောက်လိုက်သည်။ သူက မည်မျှအစားကြီးပါစေ ယဲ့ချန်နှင့် အမွေးပွလေး၏ဝေစုကို လုယူလိမ့်မည် မဟုတ်ပေ။
"သောက်ပါကွာ"
ယဲ့ချန်က ရတနာမျိုးစုံကို စားသောက်ဖူးသဖြင့် ဤလက်ဖက်ရည်က အရေးမကြီးပေ။
ရှောင်ရိက ခေါင်းကိုသာ တသွင်သွင်းယမ်းခါနေခဲ့သည်။
"ငါ့ခွက်ကို ရှောင်ရိ ယူသောက်လိုက်ပါ"
ယဲ့ချန်နှင့်ရှောင်ရိ၏ဆက်ဆံရေးကို မြင်သောအခါ မင်ဝူက တစ်ချက်စဥ်းစား၍ ကမ်းလှမ်းလိုက်သည်။
"ခင်ဗျားက မသောက်ဘူးလား"
ရှောင်ရိ၏ လောဘတကြီးအကြည့်က မင်ဝူထံ ချက်ချင်းကျရောက်လာသည်။
"ငါ့မှာ လက်ဖက်ရွက်တွေ ကျန်ပါသေးတယ်။ နောက်မှသောက်လိုက်မယ်"
မင်ဝူမှာ ရင်နာနာဖြင့် လက်ဖက်ရည်ခွက်ကို ရှေ့တိုးပေးလိုက်လေသည်။
***