← Chapters

စစ်မှန်သော ယောကျ်ားတစ်ယောက်

Vol. 15 Ch. 207

စစ်မှန်သော ယောကျ်ားတစ်ယောက်

Vol. 15 Ch. 207

"ဒါဆိုရင် ကောင်းတာပေါ့"

ရှောင်ရိသည် ဧကရာဇ်မင်ဝူ၏ လိပ်ကျောက်ဆောင်ရှုခင်း လက်ဖက်ရည်ခွက်ကို ဆတ်ခနဲယူကာ သောက်လိုက်သည်။ ဤတစ်ချိန်တွင် သူက ဂရုတစိုက်အရသာခံသောက်လိုက်သော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် ခွက်က ဗလာဖြစ်သွားခဲ့သည်။

ဘေးတွင်ထိုင်နေသော ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်၏။ ရှောင်ရိသည် ကျူးပါကျဲ ဂျင်ဆင်းကို ​လောဘတကြီးစားသကဲ့သို့ လုံးဝအရသာမခံခဲ့ပေ။

(ဘာသာပြန်သူ၏မှတ်ချက်။ ။ကျူးပါကျဲသည် အနောက်သို့ခရီးသွားမှတ်တမ်းမှ ဝက်မိစ္ဆာ ဖြစ်သည်)

အချိန်တစ်ခုအကြာတွင် ယဲ့ချန်နှင့် အမွေးပွလေးသည် လက်ဖက်ရည်ခွက်ကို ကုန်စင်အောင် သောက်လိုက်သည်။ ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်က အလွန်နွေးထွေးလာကြောင်း ခံစားလိုက်ရသည်။ လိပ်ကျောက်ဆောင်ရှုခင်း လက်ဖက်ရည်က သွေးကြောများအတွက် အလွန်ကောင်းမွန်ပေသည်။

အဝေးတွင် ဆည်းလည်းသံများနှင့် တူညီသော ရယ်သံလေးများ ထွက်ပေါ်နေသည်။ ကလေးငယ်များက တော်ဝင်ဥယျာဥ်အတွင်း ပျော်ရွှင်စွာကစားနေကြသည်။ ကလေးငယ်များကြားတွင် အပျိုပေါက်အရွယ် ဆယ့်ငါးနှစ်အရွယ် မင်းသမီးအချို့၏အလှက ထင်ရှားပေါ်လွင်နေသည်။

ဧကရာဇ်မင်ဝူသည် သူ၏ရင်သွေးများကို ကြည့်နေရင်း အေးချမ်းစွာပြုံးလိုက်သည်။

"အကုန်လုံးက ဧကရာဇ်ကြီးရဲ့ ရင်သွေးတွေလား"

ယဲ့ချန်က မေးလိုက်သည်။

"ဟုတ်တယ်။ ငါ့မှာ ရင်သွေးခြောက်ယောက် ရှိတယ်။ အကြီးဆုံးက ဆယ့်ခြောက်နှစ်ဖြစ်ပြီး အငယ်ဆုံးက တစ်လသားလေ"

မင်ဝူကပြုံး၍ ဖြေလိုက်၏။

ဧကရာဇ်မင်ဝူသည် အသက်သုံးဆယ်အရွယ်မှ စတင်၍ ကလေးယူခဲ့သည်။ သို့သော် ကျင့်ကြံသူများ၏သက်တမ်းက ရှည်လျားသဖြင့် ကလေးယူသော အရွယ်က နောက်ကျခြင်း မရှိပေ။

"ငါ့ကလေးတွေထဲမှာ ကျစ်အာက အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီးပြီ။ သမီးလေးက အလွန်လှပတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပြီး တော်ဝင်နန်းတော်ထဲမှာ အလှဆုံးဖြစ်နေပြီ။ ယဲ့ချန် ငါက ကျစ်အာနဲ့မင်းကို လက်ဆက်ပေးချင်တယ်။ ဘယ်လိုသဘောရလဲ"

မင်ဝူက ယဲ့ချန်ကို စိုက်ကြည့်၍ လေးလေးနက်နက်မေးလိုက်သည်။

"အရှင်မင်းကြီး ဒါက နောက်စရာမဟုတ်ဘူးဗျာ"

ယဲ့ချန်က မင်ဝူ စနောက်နေသည်ဟု ထင်မြင်လိုက်သည်။

"ငါ နောက်နေတာ မဟုတ်ဘူး"

မင်ဝူက ခေါင်းယမ်းလိုက်သည်။ ယဲ့ချန်သည် အရာရှိတစ်ယောက် မဟုတ်သည့်အပြင် ယဲ့မျိုးနွယ်က ခွန်အားမကြီးမားပေ။ သို့သော် သူ၏ပါရမီက မင်းသမီးတစ်ယောက်ကို လက်ထပ်ရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။

"ဟာ မရဘူးဗျာ"

ယဲ့ချန်သည် မင်ဝူ၏လေးနက်သော စကားကြောင့် ပျာပျာသလဲ ငြင်းဆန်လိုက်၏။

"ကျစ်အာက မင်းနဲ့မထိုက်တန်ဘူးလို့ ထင်နေတာလား"

မင်ဝူက မေးလိုက်သည်။

"မဟုတ်ဘူး။ ကျုပ်က မင်းသမီးကျစ်အာနဲ့ မထိုက်တန်တာပါ"

အချိန်ခဏအတွင်း ယဲ့ချန်က ပြန်လည်တည်ကြည်သွားခဲ့သည်။ တွေ့ပင်မတွေ့ဖူးသော မင်းသမီးတစ်ယောက်ကို လက်ထပ်ရန် မဖြစ်နိုင်ပေ။ အချစ်မပါလျှင် လက်ထပ်ခြင်းက ဆားမပါသောဟင်းတစ်ခွက်ကဲ့သို့ မပြည့်စုံပေ။ မင်ဝူ၏ရည်ရွယ်ချက်က သူ့ကို မင်းသမီးတစ်​ယောက်ဖြင့် ချည်နှောင်ထားလိုခြင်းဖြစ်ရာ ယဲ့ချန်အနေဖြင့် လက်မခံနိုင်ပေ။

"မင်းက အားနာလွန်းနေပြီ။ လူငယ်မျိုးဆက်ထဲမှာ မင်းထက် ပိုပြီးထိုက်တန်တဲ့သူ မရှိတော့ဘူး"

မင်ဝူနှင့်ယဲ့ချန် စကားပြောနေစဥ် စားပွဲပေါ်မှ တတောက်တောက်ခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။ အသံလာရာသို့ ပြိုင်တူကြည့်လိုက်ကြသောအခါ အမွေးပွလေးက စားပွဲခုံကို လက်သည်းဖြင့် ခေါက်နေခဲ့သည်။

ဤနှစ်ယောက်က သူမကို လျစ်လျူရှု၍ လက်ထပ်မည့်အကြောင်း ဆွေးနွေးနေကြသည်။ ယဲ့ချန်က မင်းသမီးကို လက်ထပ်မည်ဟူသော အတွေးကြောင့် အမွေးပွလေး၏လက်သည်းများ ထွက်လာခဲ့သည်။ ထို့နောက် အမွေးပွလေးက စားပွဲကို လက်သည်းဖြင့် ကုတ်ချလိုက်သောအခါ နက်ရှိုင်းသော လက်သည်းရာသုံးခု ဖြစ်ပေါ်လာသည်။

ယဲ့ချန်မှာ မင်ဝူကိုတလှည့် အမွေးပွလေးကိုတလှည့် ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"စိတ်မရှိပါနဲ့။ ငါတို့က ဒီအကြောင်း ဆက်မပြောတော့ဘူး"

မင်ဝူ၏မျက်နှာက ချက်ချင်းအေးခဲသွားသည်။ ထို့နောက် သူက ခါးသက်သက်ပြုံး၍ လက်ထပ်ပွဲကမ်းလှမ်းချက်ကို လက်လျှော့လိုက်ရသည်။ သူက မင်းသမီးတစ်ယောက်အတွက် ယဲ့ချန်ကို ဖိအားပေးမည် မဟုတ်ပေ။

မင်ဝူက လက်လျှော့လိုက်သောအခါ ယဲ့ချန်မှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် အမွေးပွလေး၏ အမူအရာကလည်း ပျော့ပျောင်းသွားခဲ့သည်။

"ယဲ့ချန် ငါ မင်းကို တောင်းဆိုစရာရှိတယ်"

မင်ဝူက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ဘာများလဲ"

ယဲ့ချန်ကို မင်းသမီးတစ်ယောက်ဖြင့် လက်ထပ်ရန် ကမ်းလှမ်းခြင်းက အဓိကရည်ရွယ်ချက် မဟုတ်ပေ။ အဓိကခေါင်းစဥ်က ယခုမှရောက်ရှိလာခြင်း ဖြစ်သည်။

"ဖုချွမ် ရှန်းအာကို သွားခေါ်လာစမ်း"

မင်ဝူကအမိန့်ပေးလိုက်သည်။

"ရှန်းအာကလည်း မင်းသမီးတော့ မဟုတ်ဘူးမလား"

ယဲ့ချန်က စိတ်ထဲတွင် တွေးလိုက်မိသည်။

အချိန်တစ်ခုအကြာတွင် တည်ကြည်သန်မာသော အသွင်အပြင်နှင့် အသက်၁၁နှစ်အရွယ် ယောကျ်ားလေးတစ်ယောက် ရောက်ရှိလာသည်။ သူက တောင်တင့်သန်မာဟန်ဖြင့် လျှောက်လှမ်းလာသော်လည်း ချစ်စရာကောင်းနေခဲ့သည်။

"ခမည်းတော်"

ရှန်းအာဆိုသော မင်းသားလေးက မင်ဝူကို လေးလေးစားစား အရိုအသေပေးလိုက်၏။

"သူ့နာမည်က ရင်ရှန်းလို့ခေါ်တယ်။ သူက ငါးယောက်မြောက်ကလေးဖြစ်ပြီး ပါရမီအကောင်းဆုံးပဲ"

မင်ဝူက ရင်ရှန်း၏ခေါင်းကို ပွတ်သပ်၍ ယဲ့ချန်နှင့် မိတ်ဆက်ပေးလိုက်သည်။

ယဲ့ချန်သည် မင်ဝူက အဘယ်ကြောင့် ဤကလေးနှင့်မိတ်ဆက်ပေးကြောင်း နားမလည်ခဲ့ပေ။

"မင်းအနေနဲ့ စိတ်ရှုပ်သွားမယ်ထင်တယ်။ တကယ်တော့ မင်းကို အကူအညီတစ်ခု တောင်းချင်လို့ပါ။ ငါသေသွားပြီး ရှီဝူအင်ပါယာ ပျက်သုဥ်းသွားရင် ရှန်းအာကို မင်းဂရုစိုက်ပေးပြီး ရင်မျိုးနွယ်ရဲ့မျိုးဆက်မပြတ်အောင် ကာကွယ်ပေးပါ။ သူ့ကို ငါ့လိုဧကရာဇ်တစ်ယောက် ဖြစ်မလာပါစေနဲ့။ သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့ဘဝမျိုး နေထိုင်ပါစေ"

မင်ဝူက သက်ပြင်းတစ်ချက်ချ၍ လေးနက်စွာပြောလိုက်သည်။

"ခမည်းတော်"

ရင်ရှင်းသည် မင်ဝူ၏စကားကြောင့် ဝမ်းနည်းသွားကာ မျက်ရည်များ ဝေ့သီလာသည်။

ယဲ့ချန်သည်လည်း မင်ဝူက သေခါနီးနောက်ဆုံးစကား ပြောနေသည်နှင့်တူညီသောကြောင့် အလွန်တုန်လှုပ်သွားခဲ့သည်။ ရှီဝူအင်ပါယာ ကျဆုံးနိုင်သော်လည်း နှစ်အနည်းငယ်အတွင်းတော့ ဖြစ်မည်မဟုတ်ပေ။

"အရှင်မင်းကြီးက အဆိုးမြင်လွန်းနေပါပြီ။ ခင်ဗျားက အခုအချိန်မှာ အစွမ်းထက်နေတုန်းပါပဲ"

ယဲ့ချန်က ပြောလိုက်သည်။

"မဟုတ်ဘူး။ ရှီဝူအင်ပါယာဟာ အပေါ်ယံမှာ တည်ငြိမ်နေတယ်ထင်ရပေမယ့် အက်ကြောင်းထင်နေခဲ့ပြီ။ နှစ်လကြာရင် ကန့်သတ်​ဒေသတိုက်ပွဲကလည်း စတင်တော့မယ်"

မင်ဝူက ခေါင်းယမ်း၍ တစ်ချက်ပြုံးလိုက်သည်။

"ကန့်သတ်ဒေသပွင့်လာရင် ကျွန်တော်တို့က ထျန်းချီအဆင့်တစ်ဆယ်နဲ့အထက် ကျင့်ကြံသူအယောက်နှစ်ဆယ် ပို့လိုက်ရင် ရပြီလေ။ အရှင်မင်းကြီးရဲ့ ရှီဝူအင်ပါယာက ဆက်လက်တည့်တံနေမှာပါ"

ယဲ့ချန်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။ ရွှမ်းအဆောင်မှတိုက်ပွဲတွင် မင်ဝူ၏လက်အောက်၌ မြေဝိဇ္ဇာများပင် အရေအတွက်တစ်ခုအထိ ရှိနေသည်ကို သူက မြင်ဖူးပြီးဖြစ်သည်။

"နှစ်ပေါင်းရာချီအတွင်း ရှီဝူအင်ပါယာရဲ့ကျင့်ကြံသူတွေဟာ ကန့်သတ်ဒေသတိုက်ပွဲမှာ အသတ်ခံခဲ့ရတယ်။ ဒါကြောင့် ငါတို့မှာ အင်အားဆုတ်ယုတ်လာတယ်။ ငါက ကန့်သတ်ဒေသကိုပို့ဖို့အတွက် အရာရှိတွေကိုပါ အသုံးချနေရတယ်။ အရာရှိတွေ၊ စစ်သည်တွေလည်း မကျေမနပ်ဖြစ်လာကြတယ်။ ဒီတစ်ခေါက် ကန့်သတ်ဒေသတိုက်ပွဲကို ငါကိုယ်တိုင် သွားမယ်"

မင်ဝူက လေးလေးနက်နက်ပြောလိုက်၏။

"ခမည်းတော်"

ရင်ရှန်းက ရှိုက်ကြီးတငင် ငိုကျွေးလိုက်၏။ သူက မည်သို့တားမြစ်ရမည်ကို နားမလည်နိုင်ပေ။

"ဘာကြောင့် ခင်ဗျားက ကိုယ့်ကိုကိုယ် အန္တရာယ်ဖြစ်စေမှာလဲ"

ယဲ့ချန်က တအံ့တသြမေးလိုက်သည်။ မင်ဝူတွင် ဤအတွေးရှိနေမည်ဟု သူက လုံးဝထင်မထားပေ။

"ရှီဝူအင်ပါယာမှာ ဒီတစ်ခေါက်ကန့်သတ်ဒေသတိုက်ပွဲအတွက် ငါကလွဲလို့ အသင့်တော်ဆုံးလူ မရှိတော့ဘူး။ ငါတို့ဟာ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပြီးပြီ။ ဒီတစ်ခေါက် အသက်ကိုရင်းပြီး ရလဒ်ကို ပြောင်းပြန်လှန်ပစ်မယ်။ ငါက ဘုရင်ဆိုပေမယ့် ရှီဝူအင်ပါယာရဲ့အကျိုးကို ထမ်းဆောင်ရမယ့် ပြည်သူတစ်ယောက်လည်း ဖြစ်တယ်။ နန်မန်တိုင်းပြည်က ငါ့တိုင်းပြည်နဲ့ပြည်သူတွေကို အနိုင်မကျင့်စေရဘူး"

မင်ဝူက တစ်လုံးချင်း တည်ကြည်စွာပြောလိုက်သည်။

ယဲ့ချန်သည် မင်ဝူကဲ့သို့လူမျိုးက စကားပြန်ပြင်မည်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ သူ၏တိုင်းပြည်အပေါ်ထားသော သဘောထားက ယဲ့ချန်ကို တိတ်ဆိတ်သွားစေသည်။

"ငါက နန်းပလ္လင်ကိုဆက်ခံခဲ့ချိန်မှာ ရှီဝူအင်ပါယာက အလွန်ရှုပ်ထွေးနေခဲ့တယ်။ မင်းသားဘဝမှာ ငါဟာ ပြည်နယ်တိုင်းကို ခရီးထွက်ခဲ့ပြီး ပြည်သူတွေခံစားနေရတာကို မြင်တွေ့ခဲ့တယ်။ လူ့အသက်တွေဆိုတာ ဘာအဓိပ္ပါယ်မှမရှိဘဲ ကြက်ကလေးငှက်ကလေးတွေလို အသတ်ခံနေရတယ်။ ငါ ဘုရင်ဖြစ်လာတဲ့အခါ ရှီဝူအင်ပါယာကိုသန့်စင်ပစ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ တစ်နှစ်အတွင်း သူပုန်အရေအတွက်သန်းချီ၊ ပြဿနာရှာတဲ့ ဒုတိယမင်းသားများစွာနဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေကို ကိုယ်တိုင်သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ လူတွေက ငါ့ကို သားသတ်ဓားကိုင်ထားတဲ့ လူသတ်သမားလို့ ခေါ်ကြတယ်။ ငါ့တိုင်းပြည်အေးချမ်းသာယာဖို့အတွက် ငါက လူသတ်သမားဖြစ်ရင်လည်း ဂရုမစိုက်ဘူး။ တစ္ဆေဝိညာဥ်တွေများစွာ ငါ့ကိုအမဲလိုက်နေရင်တောင် ငါက သေချာပေါက်လုပ်မှာ"

မင်ဝူ၏စကားအဆုံးတွင် ပြင်းထန်ထက်ရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် ယဲ့ချန်ကိုပင် တုန်ယင်သွားစေခဲ့သည်။ မင်ဝူသည် လူအများပြောဆိုသလောက် အကြောင်းမဲ့ရက်စက်သူမဟုတ်ကြောင်း ယဲ့ချန်က နားလည်လာခဲ့သည်။ ဆိုးသွမ်းသူများကို ရင်ဆိုင်ရာတွင် အချိန်တိုင်း နူးညံ့သိမ်မွေ့နေ၍ မရပေ။

"ရှီဝူအင်ပါယာသာ နန်မန်တိုင်းပြည်လက်အောက်ကို ကျသွားရင် ငါနန်းတက်စဥ်ကထက် ပိုပြီးအခြေအနေဆိုးနိုင်တယ်။ တော်ဝင်ရင်မျိုးနွယ် သုတ်သင်ခံလိုက်ရရင်တောင် ငါကိုယ်တော်က ရန်သူကိုတွန်းလှန်မယ်။ ငါမစွန့်လွှတ်နိုင်တာက ငါ့မိသားစုဖြစ်တယ်။ တော်ဝင်မျိုးနွယ်မှာ ခံစားချက်မရှိဘူး ပြောကြပေမယ့် ငါတို့က အသက်မဲ့သစ်ပင်တွေမဟုတ်ဘူး။ ငါတိုက်ပွဲမှာ သေဆုံးသွားရင် မိဖုရားနဲ့ကိုယ်လုပ်တော်တွေလည်း သုတ်သင်ခံရလိမ့်မယ်။ ကလေးတွေအတွက်တော့ သူတို့က အချိန်မှားပြီး မွေးဖွားလာကြတယ်။ သူတို့ကတော့ ကံကောင်းရင် အသက်ရှင်မှာပေါ့လေ။ ဒါက ဘယ်သူမှမလွတ်မြောက်နိုင်တဲ့ တော်ဝင်မင်းဆက်ရဲ့ ကံတရားဖြစ်တယ်"

မင်ဝူက အဝေးတွင် ဆော့ကစားနေသော ကလေးများကို ဝမ်းနည်းသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် နွေးထွေးသော မိဘမေတ္တာက အထင်းသားပေါ်လွင်နေသည်။ မင်ဝူက အထီးကျန်ဆန်ပြီး စိတ်ဓာတ်ကျနေပုံပေါ်သော်လည်း သူ၏ဆုံးဖြတ်ချက်ကို လုံးဝပြင်မည်မဟုတ်ပေ။

"ခမည်းတော် သားတော်ကိုလည်း အတူသေခွင့်ပေးပါ"

ရင်ရှန်းက သတ္တိရှိရှိ တောင်းဆိုလိုက်သည်။

"သေတယ်ဆိုတာ လွယ်တယ်ကွ။ မသေအောင်နေဖို့က ခက်တာ။ အသက်ရှင်သန်ပြီး ရင်မျိုးနွယ်ရဲ့မျိုးဆက်သွေးကို ဆက်လက်ထိန်းသိမ်းရမယ့် တာဝန်ယူဖို့ သား​တော်ကို ခမည်းတော် တောင်းဆိုမယ်"

မင်ဝူက တစ်ချက်ပြုံး၍ ရင်ရှန်း၏ခေါင်းကို ကြင်နာစွာပွတ်သပ်လိုက်သည်။

မင်ဝူနှင့်ယဲ့ချန်ကြားတွင် ကွဲပြားမှုများရှိနေပြီး သူ၏ရက်စက်ပုံကို ယဲ့ချန်က သဘောမကျသော်လည်း ဤစကားများက သူ၏အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။ မင်ဝူက မည်မျှရက်စက်ကြမ်းတမ်းပါစေ တိုင်းပြည်အတွက် ယောကျ်ားစစ်ယောက်ျားမှန်တစ်ယောက် ဖြစ်သည်။ ယဲ့ချန်၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာဖြစ်ပေါ်လာသည်။ ရှီဝူအင်ပါယာ၏ကံတရားနှင့် ယဲ့မျိုးနွယ်၏ကံတရားက ချည်နှောင်ထားသည်။ ယဲ့မျိုးနွယ်က သူရဲဘောကြောင်စွာ တောင်ကြားအတွင်း ပုန်းနေနိုင်သော်လည်း တစ်သက်လုံးပုန်းနေနိုင်မည် မဟုတ်ပေ။

"အရှင်မင်းကြီးရဲ့တောင်းဆိုချက်ကို ကျုပ် လက်မခံနိုင်ဘူး"

ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။

"ကောင်းပါပြီလေ။ ငါလည်း တစ်ကိုယ်ကောင်းဆန်မိသွားတယ်။ ရှန်းအာက မင်းနောက်ကိုလိုက်ရင် သေချာပေါက်ထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာမယ်လို့ ငါ ယုံတယ်။ မင်းက လက်မခံဘူးဆိုတော့ ရွှမ်းယီဆီကိုအပ်ပြီး အလယ်အင်ပါယာက မျိုးနွယ်တစ်ခုဆီ ပို့ရတော့မယ်။ သေတာရှင်တာကတော့ သူ့ကံပေါ့"

မင်ဝူက သက်ပြင်းတစ်ချက်ချ၍ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးမှ ဝမ်းနည်းစွာပြောလိုက်သည်။

"ကျုပ်က ရင်ရှန်းကို တာဝန်ယူမပေးနိုင်ပေမယ့် ခင်ဗျားသဘောတူရင် ကန့်သတ်ဒေသကို အတူလိုက်ခဲ့မယ်"

ယဲ့ချန်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ သူ၏ခွန်အားနှင့် မင်ဝူ ပူးပေါင်းလိုက်လျှင် နန်မန်တိုင်းပြည်၏ ထို့ပါဟုန်ယဲ့ကိုယ်တိုင် ရောက်ရှိမလာလျှင် သေချာပေါက်အသက်ရှင်ပေလိမ့်မည်။

***

All Chapters