ဝူစီ
Vol. 15 Ch. 210
"ဆရာရွှမ်းယီ ဒီရေဘဝဲအကြောင်း သိရပြီလား"
မင်ဝူက စပ်စုလိုက်သည်။
"ဒီရေဘဝဲရဲ့ ထူးဆန်းတဲ့ အသွင်အပြင်နဲ့ နူးညံ့တဲ့ခန္ဓာကိုယ်အရဆိုရင် ဒဏ္ဍာရီလာ အမှောင်ရေဘဝဲ ဖြစ်နိုင်တယ်"
ရွှမ်းယီက လက်ထဲရှိစာအုပ်ကို ဖတ်နေရင်းမှ ဖြေလိုက်သည်။
"အမှောင်ရေဘဝဲတွေက အများအားဖြင့် သမုဒ္ဒရာရေနက်ပိုင်းမှာ နေထိုင်ပြီး အလွန်အသက်ရှည်ကြတယ်။ သူတို့က သက်တမ်းနှစ်ပေါင်းသန်းချီအောင် နေနိုင်ပြီး ငရဲရေကန်အထိ ကူးခတ်နိုင်ကြတယ်။ ဒါပေမယ့် မျိုးပွားနိုင်စွမ်း အလွန်နိမ့်ကျလို့ ရှားပါးတယ်။ သူတို့ရဲအအသားက အသက်အရွယ်အရ အလွန့်အလွန်အဖိုးတန်တယ်"
"အရွယ်မရောက်သေးတဲ့ အမှောင်ရေဘဝဲတစ်ကောင်က သက်တမ်းနှစ်ငါးသောင်းအတွင်း တစ်ကိုယ်လုံး ပန်းရောင်သမ်းနေတယ်။ ဒီအချိန်မှာ အသားက အလွန်မာပြီး အဆိပ်ပြင်းတယ်။ ဒါကိုစားမိရင် ဒွါရကိုးပေါက်ကနေ သွေးတွေစီးကျပြီး သေတတ်တယ်။ အသက်နှစ်သိန်းကိုရောက်ရင် ဒီကောင်တွေက အနက်ရောင်ဖြစ်လာပြီး အဆိပ်အပြင်းဆုံးဖြစ်တယ်။ စားမိတဲ့လူတိုင်း သွေးအပျစ်အချွဲကြီးအဖြစ် ဘဝ ဆုံးသွားလိမ့်မယ်။ နှစ်ပေါင်းငါးသိန်းကျော်ရင် အစိမ်းရောင်ပြောင်းပြီး စားလို့ရတဲ့ အဖိုးတန်သဘာဝရတနာ ဖြစ်လာတယ်။ အသားတစ်လုတ်စားတာနဲ့ လူတစ်ယောက်ရဲ့အသက်ကို နှစ်ပေါင်းငါးရာ ဆွဲဆန့်ပေးနိုင်တယ်"
ရွှမ်းယီက လက်ထဲရှိစာအုပ်အတွင်းမှ အမှောင်ရေဘဝဲအကြောင်း မိတ်ဆက်ကို ဖတ်ပြလိုက်သည်။
"ဒါဆိုရင် အခုဖမ်းမိတဲ့ ရေဘဝဲကို စားလို့မရသေးဘူးပေါ့"
ယဲ့ချန်က ပန်းရောင်ရေဘဝဲကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ဟုတ်တယ်"
ရွှမ်းယီက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်၏။
ရေကန်နံဘေးရှိနေသော လူတိုင်း စိတ်ပျက်သွားကြသည်။ သူတို့က အဖိုးတန်ရတနာကို လက်ဝယ်ပိုင်ဆိုင်ထားသော်လည်း အသုံးချမရ ဖြစ်နေခဲ့သည်။
"အမှောင်ရေဘဝဲတွေက မျိုးပွားဖို့မလွယ်တော့ အသက်ရှင်သန်နိုင်စွမ်း မြင့်ကြတယ်။ အဆိပ်အပြင် သူတို့ရဲ့အရေပြားက ချောမွေ့လွန်းလို့ လက်နက်တွေ မထိုးဖောက်နိုင်ဘူး။ သူတို့ရဲ့လက်တံက စုပ်ခွက်တွေဟာ မှော်သားရဲတွေရဲ့အသားတွေကို ဆွဲခွာပစ်နိုင်တယ်။ ပင်လယ်ထဲမှာ သတ္တဝါတိုင်းက အမှောင်ရေဘဝဲတွေကို ဝေးဝေးရှောင်ကြတယ်။ အမှောင်ရေဘဝဲတွေက နှစ်ပေါင်းငါးသိန်းသက်တမ်းကိုရောက်ရင် အဖိုးတန်ရတနာ ဖြစ်လာပေမယ့် ကြောက်မက်ဖွယ်လည်း ကောင်းလာတယ်။ အမှောင်ရေဘဝဲတွေက ဧရာမကြီးထွားလာပြီး ရေနေသတ္တဝါတိုင်းအတွက် အိပ်မက်ဆိုး ဖြစ်လာကြတယ်"
အရွယ်ရောက်ပြီး အမှောင်ရေဘဝဲတစ်ကောင်ကို ဖမ်းဆီး၍မဖြစ်နိုင်ကြောင်းအား ရွှမ်းယီက ဆက်လက်ရှင်းပြလိုက်သည်။
ယဲ့ချန်၏အကြည့်က ငယ်ရွယ်သော ရေဘဝဲလေးထံ ကျရောက်သွားသည်။ ၎င်းက အရွယ်ရောက်လာလျှင် အလွန်အစွမ်းထက်နိုင်သော်လည်း နှစ်ပေါင်းငါးသိန်းက ရှည်ကြာလွန်းသည်။ သူကိုယ်တိုင်ပင်လျှင် ထိုအချိန်၌ အလောင်းက အရိုးကျနေလောက်မည်ဖြစ်သည်။
ဤအမှောင်ရေဘဝဲက မှော်သားရဲတစ်ကောင်ဖြစ်၍ ယဲ့ချန်က ယဥ်ပါးနိုင်စွမ်းရှိသည်။
"အစ်ကိုကြီး ဒီကောင်လေးက အဆိပ်ရှိပြီး စားလို့မရရင် မသတ်တော့ဘူးမလား"
ရှောင်ရိက ရေဘဝဲလေး၏ခေါင်းကို ကြင်နာစွာပွတ်သပ်၍ တောင်းဆိုလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ စိတ်လှုပ်ရှားနေပုံပေါ်သော အမွေးပွလေးနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သူတို့နှစ်ယောက်လုံးတွင် တူညီသော အတွေးတစ်ခုတည်း ရှိနေခဲ့သည်။
"ဒီကောင့်ကို စားမရဘူးဆိုတော့ ကျွန်တော် ယူလို့ရမလား"
ယဲ့ချန်က ဆေးဆရာရွှမ်းယီနှင့် ဧကရာဇ်မင်ဝူထံ တောင်းဆိုလိုက်သည်။
"မင်း ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ။ ဒီရေဘဝဲက အရွယ်မရောက်သေးပေမယ့် အဆိပ်ကတော့ ကစားစရာမဟုတ်ဘူးနော်"
ရွှမ်းယီက စိုးရိမ်စွာ သတိပေးလိုက်၏။
"စိတ်ချပါ ဆရာ။ ကျွန်တော် ကိုင်တွယ်တတ်ပါတယ်"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ဤရေဘဝဲကို ယဲ့ချန်က ဖမ်းထားသောကြောင့် မင်ဝူတွင်လည်း လက်မခံနိုင်စရာ အကြောင်းမရှိပေ။
"ဝူစီ မင်းကို အစ်ကိုကြီးက မသတ်တော့ဘူးတဲ့။ ဒီရေပုံးထဲမှာ အနားယူလိုက်ဦး"
ရှောင်ရိက ပျော်ရွှင်စွာဖြင့် ရေပုံးတစ်ခုနှင့် ကန်ထဲမှရေများကို ခပ်လိုက်သည်။ ထို့နောက် သူက ရေဘဝဲလေးကို ရေပုံးအတွင်း ထည့်ပေးလိုက်သည်။
ဝူစီဟု နာမည်ပေးခံလိုက်ရသော ရေဘဝဲလေးက နားလည်ဟန်ဖြင့် ရေပုံးအတွင်း တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
"ဒါက ရေဘဝဲပါကွာ။ ကင်းမွန် မဟုတ်ပါဘူး"
ယဲ့ချန်က ရှောင်ရိ၏စကားကြောင့် ရယ်မောလိုက်မိသည်။
(ဘာသာပြန်သူ၏မှတ်ချက်။ ။ ဝူစီဆိုသည်မှာ တရုတ်ဘာသာအရ ကင်းမွန်ကို ခေါ်ခြင်းဖြစ်သည်)
"ရေဘဝဲနဲ့ကင်းမွန်က ဘာကွာလို့လဲဟင်။ ကျွန်တော်က ကင်းမွန်ကင်ကို အရမ်းကြိုက်တယ်။ ဝူစီက နည်းနည်းပိုကြီးပေမယ့် အဲ့ကောင်တွေနဲ့ တစ်ပုံစံတည်းလေ"
ရှောင်ရိက စိတ်ရှုပ်သွားဟန်ဖြင့် ယဲ့ချန်ကို မော့ကြည့်လိုက်သည်။
ဝူစီမှာ ရှောင်ရိ၏စကားကို နားလည်သောကြောင့် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။ ၎င်းက ရေပုံးအတွင်း ရုန်းကန်လိုက်သောကြောင့် ရေများ ဖိတ်စင်သွားခဲ့၏။
"ဝူစီ မကြောက်ပါနဲ့ ငါက မင်းကို ကင်းမွန်လို့ပြောတာပါ။ မစားပါဘူး"
ရှောင်ရိက သူ၏လက်သေးသေးလေးများဖြင့် ဝူစီ၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ ထို့ကြောင့် ဝူစီက ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ယဲ့ချန်ကိုယ်တိုင်လည်း ကင်းမွန်နှင့်ရေဘဝဲကြားမှ ကွာခြားချက်ကို မသိပေ။ ဤကမ္ဘာတွင် သူ၏ကမ္ဘာနှင့်မတူညီသဖြင့် ရှင်းပြရန်လည်း မတတ်နိုင်ချေ။
"ဒါက ရေဘဝဲဖြစ်နေရင်တောင် ဝူစီလို့ ခေါ်မယ်"
ရှောင်ရိက ခေါင်းမာစွာ ပြောလိုက်သည်။
"ကောင်းပြီ။ ကောင်းပြီ"
ယဲ့ချန်ကပြုံး၍ လက်ခံလိုက်သည်။ ဤအရာက နာမည်တစ်ခုသာ ဖြစ်သောကြောင့် အလေးအနက်ထားမနေခဲ့ပေ။
ယဲ့ချန်နှင့်ရှောင်ရိက အလွန်အဆိပ်ပြင်းသော အမှောင်ရေဘဝဲကို အိမ်မွေးတိရိစ္ဆာန်မွေးမည့်ပမာ ငြင်းခုံနေကြသည်။ ဤမြင်ကွင်းကြောင့် ရွှမ်းယီနှင့် မင်ဝူမှာ ခါးသက်သက်ပြုံးလိုက်မိသည်။
သို့သော် သူတို့မသိသည်မှာ ဤအချိန်တွင် ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ဖြင့် အမှောင်ရေဘဝဲ၏ စိတ်ဝိညာဥ်ကို ချည်နှောင်ပြီးဖြစ်သည်။ ဝူစီက လက်ရှိတွင် ယဲ့ချန်၏သားရဲတစ်ကောင် ဖြစ်လာသဖြင့် အမိန့်များကို နာခံပေလိမ့်မည်။
ထို့နောက် ယဲ့ချန်တို့အုပ်စုက နက်ခရိုရေကန်နံဘေးတွင် ညနေအထိ ငါးဆက်မျှားခဲ့ကြသည်။ သို့သော် ဝူစီကဲ့သို့ထူးခြားအဖိုးတန်သော သားရဲများကို မဖမ်းနိုင်ခဲ့ပေ။ ညနေမှောင်စပျိုးတွင် ယဲ့ချန်သည် ငါးမျှားခြင်းကိုရပ်တန့်ပြီး ရေကန်နံဘေးမှ နန်းတော်ထံ ပြန်လာခဲ့သည်။
ညစာစားပြီးနောက် ကြာပန်းရေကန်တစ်ခုရှိသော နန်းတော်ဝင်းအတွင်းမှ အဆောက်အအုံများထံ ပြန်လာကြသည်။ ယဲ့ချန်နှင့် အမွေးပွလေးက နန်းဆောင်တစ်ခုအတွင်း ကျင့်ကြံနေစဥ် ရှောင်ရိနှင့်ဝူစီက ပျော်ရွှင်စွာကစားနေကြသည်။
"ဝူစီ မင်း ရေထဲကိုသွားချင်လား။ အဝေးကြီးမသွားနဲ့နော်"
ရှောင်ရိသည် ဝူစီကို ယဲ့ချန်က သိမ်းသွင်းပြီးကြောင်း သိနေသဖြင့် ကြာပန်းရေကန်အတွင်း လွှတ်ပေးချင်ခဲ့သည်။ ဝူစီ၏မျက်လုံးဝိုင်းကြီးများက ပျော်ရွှင်ဟန် ထင်ဟပ်လာသည်။ သူက ရေမရှိဘဲ လပေါင်းများစွာ ရှင်သန်နိုင်သော်လည်း ကုန်းမြေထက် ရေပြင်ကိုသာ ပို၍ကြိုက်နှစ်သက်လေသည်။
ရှောင်ရိက ရေကန်အတွင်း ဝူစီကို လွှတ်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် ရေပြင်ကို လက်တံလေးများဖြင့် ရိုက်ခတ်လိုက်သည်။
"ဝူစီ မင်း ဘယ်လောက်ကြီးနိုင်သေးလဲ။ ငါက အများကြီး ပိုကြီးနိုင်သေးတယ်"
ရှောင်ရိက သူ၏လက်မောင်းကြွက်သားများကို ထုတ်ပြ၍ ကြွားဝါလိုက်သည်။
ဝူစီက ချက်ချင်းကြီးထွားလာပြီး သုံးမီတာအရှည်အထိ ရောက်ရှိသွားခဲ့သည်။ သို့သော် သူက ရှောင်ရိ၏မူလအသွင်ကို မယှဥ်နိုင်ပေ။
"ဟီး ဟီး မင်းထက် ငါက ပိုကြီးတယ်။ ဒါပေမယ့် အစ်ကိုကြီးက ငါ့ကို လွယ်လွယ်နဲ့ မူလအသွင်မပြောင်းရဘူးတဲ့"
ရှောင်ရိက ပျော်ရွှင်စွာရယ်မောလိုက်သည်။ ဝူစီက စိတ်ဓာတ်ကျသွားဟန်ဖြင့် သေးငယ်သွားကာ ရေကန်အတွင်း ကူးခတ်နေခဲ့သည်။
"ဝူစီ မင်း တစ်ခုခုစားချင်လား။ ငါ့မှာ အရသာရှိတဲ့ အစားအစာတွေရှိတယ်"
ရှောင်ရိက တစ်ချက်တွေး၍ သိုလှောင်အိတ်အတွင်းမှ ခရမ်းရွှေနတ်ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။ လက်ရှိတွင် သူ၏အိတ်အတွင်း၌ ဆေးခြောက်လုံးသာ ကျန်ရှိသဖြင့် နှမြောနေသော်လည်း ဝူစီအတွက် တစ်လုံး ထုတ်ယူခဲ့သည်။
ရှောင်ရိက ဆေးလုံးကို ပြလိုက်သောအခါ ဝူစီ၏မျက်လုံးဝိုင်းကြီးများက ၎င်းထံမှ မခွာတော့ပေ။ ဝူစီက လောဘတကြီးဖြင့် အော်ဟစ်နေခဲ့သည်။
"ဒါက နက်ခရိုရေကန်ထဲက ခရမ်းရွှေနတ်ငါးကို ဖော်စပ်ထားတဲ့ ဆေးလုံးကွ။ မင်း အဲ့ကောင်ကို သိတယ်မလား"
ရှောင်ရိက မေးလိုက်သည်။
ဝူစီက ချက်ချင်းခေါင်းညိတ်သည်။ သူနှင့် ခရမ်းရွှေနတ်ငါးက ရေကန်တစ်ခုအတွင်း အတူနေထိုင်သော်လည်း ၎င်း၏အသားကို မစားဖူးပေ။
"ရော့ စားကွာ"
ရှောင်ရိက ခရမ်းရွှေနတ်ဆေးလုံးကို ဝူစီထံ ပေးလိုက်သည်။ ဝူစီက လက်တံများဖြင့် ဆေးလုံးကိုရစ်ပတ်ကာ ချက်ချင်း ပါးစပ်ထဲပို့လိုက်သည်။ ခရမ်းရွှေနတ်ဆေးကို စားသောက်ပြီးနောက် ဝူစီက ပျော်ရွှင်စွာကူးခတ်နေ၏။
"အရသာရှိတယ်မလား"
ရှောင်ရိက မေးလိုက်သည်။
ဝူစီက ခေါင်းညိတ်၍ ရှောင်ရိကို မျှော်လင့်တကြီးစို က်ကြည့်နေခဲ့သည်။
"မင်းက အစားပုတ်လိုက်တာ။ ငါ့မှာ ထပ်မရှိတော့ဘူးဟ"
ရှောင်ရိက လက်ဖဝါးကို ဖြန့်ပြလိုက်သည်။ သူ၏စိတ်ထဲတွင် ဝူစီကို နောက်ထပ်ဆေးငါးလုံး ကျန်နေကြောင်း မသိစေလိုသဖြင့် ခိုးကြောင်ခိုးဝှက်စားရမည်ဟု ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်မှာ ဤမြင်ကွင်းကို ဝိညာဥ်အသိစိတ်ဖြင့် မြင်နေသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ ရှောင်ရိက အခြားတစ်ယောက်ကို အစားပုတ်သည်ဟုပြောခြင်းက ပြက်လုံးတစ်ခု ဖြစ်လေသည်။
ရှောင်ရိကို သနားစဖွယ်ကြည့်နေသော ဝူစီအရေပြားထက်တွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်။ ယဲ့ချန်က ချက်ချင်းသတိထားမိလိုက်သဖြင့် ခရမ်းရွှေနတ်ဆေးကဲ့သို့ အဖိုးတန်ဆေးများက ဝူစီ၏ကြီးထွားနှုန်းကို မြန်ဆန်စေကြောင်း နားလည်လိုက်၏။ ထို့နောက် ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းကာ ပြန်လည်ကျင့်ကြံလိုက်သည်။
"ဝူစီ မင်း ငါ့ကို ဒီလိုမကြည့်နဲ့ကွာ။ မင်းကို ဝိညာဥ်စုဆောင်းဆေးလုံးနဲ့ ဝိညာဥ်တည်ဆောက်ခြင်းဆေးလုံးတွေ စားဖို့ပေးမယ်"
ရှောင်ရိက ဝူစီ၏အကြည့်ကို သတိထားမိသောအခါ သနားသွားခဲ့သည်။
ဝူစီက ဆုံးရှုံးသွားသယောင် ခံစားလိုက်ရသော်လည်း စား ဟူသော စကားလုံးကိုကြားသောအခါ လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
ရှောင်ရိက ဆေးလုံးများကို သိုလှောင်အိတ်အတွင်းမှ ထုတ်ယူပြီး ဝူစီထံ ကမ်းပေးလိုက်သည်။ ဤဆေးလုံးများဖြင့် ယဲ့ချန်က သူ့ကို နက်ခရိုရေကန်အတွင်းမှ ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ဆေးလုံးများ၏အနံ့မှ ဆွဲဆောင်အားကို သည်းမခံနိုင်ခဲ့ပေ။
ဝူစီက လက်တံတစ်ခုကို ဆန့်ထုတ်၍ ဆေးလုံးများကို တစ်ချက်တည်းမျိုချလိုက်သည်။ ဝိညာဥ်စုစည်းခြင်းဆေးလုံး ၁၁လုံးနှင့် ဝိညာဥ်တည်ဆောက်ခြင်းဆေး ၆လုံးက ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
"အစ်ကိုကြီးက ဆေးလုံးတွေအများကြီးကို တစ်ခါတည်းမစားရဘူးလို့ မှာထားတယ်။ ဒီနေ့အတွက် မင်းရဲ့ခွဲတမ်း ကုန်ပြီ"
ရှောင်ရိက ဝူစီ၏ခေါင်းကို ပုတ်လိုက်သည်။
ဝူစီက ရေထဲတွင် ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်။
"ဝူစီ ငါတို့ ဘောလုံးကစားကြမလား"
ရှောင်ရိက ဝူစီ၏လုံးဝန်းသော ခန္ဓာကိုယ်ကို ကြည့်ကာ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
"ဘောလုံးက ဘာကိုဆိုလိုတာလဲ"
ဝူစီ၏စိတ်ထဲတွင် စပ်စုလိုစိတ်တစ်ခု ပေါက်ဖွားလာသည်။
ထိုအချိန်တွင် ရှောင်ရိက ဝူစီကို ရေကန်အတွင်းမှ ဆွဲထုတ်လိုက်သည်။
"မင်းခန္ဓာကိုယ်ကို လုံးလိုက်"
ရှောင်ရိ၏စကားဆုံးသည်နှင့် တပြိုင်နက် ဝူစီက လက်တံများကို သိမ်းလိုက်၏။ ရှောင်ရိက ဝူစီကို မြေပြင်ပေါ်ချကာ ကန်ထုတ်လိုက်သည်။ ထို့နောက် ဝူစီက မီတာဒါဇင်အဝေးအထိ လွင့်ထွက်သွားကာ မြေပြင်တွင် ခုန်ပေါက်သွားသည်။
"ဝူစီ မင်းက တကယ့်အံ့သြစရာပဲ"
ရှောင်ရိက ပျော်ရွှင်စွာအော်ဟစ်၍ လက်ခုပ်တီးလိုက်သည်။
ဝူစီကလည်း ခေါင်းညိတ်၍ မြေပြင်တွင် ခုန်ပေါက်နေလိုက်သည်။
"ဆက်ကစားရအောင်"
ဤသို့ဖြင့် ဝူစီမှာ နန်းတော်ဝင်းအတွင်း ဟိုမှသည်လွင့်ထွက် ခုန်ပေါက်နေခဲ့သည်။ ရှောင်ရိက မည်မျှကန်သည်ဖြစ်စေ ဝူစီက နာကျင်ခြင်းမရှိပေ။ မှော်သားရဲပေါက်လေးနှစ်ကောင်မှာ ပျော်ရွှင်စွာ ဆက်လက်ကစားနေကြလေသည်။
***