← Chapters

နက်ခရိုရေကန်အတွင်း ရတနာရှာဖွေခြင်း

Vol. 15 Ch. 211

နက်ခရိုရေကန်အတွင်း ရတနာရှာဖွေခြင်း

Vol. 15 Ch. 211

ယဲ့ချန်က ရှောင်ရိသည် ဝူစီကို တရစပ်ကန်ထုတ်နေသော မြင်ကွင်းကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဝူစီမှာ ရှောင်ရိ၏ကြမ်းတမ်းမှုကြောင့် အရှိန်ပြင်းပြင်း လွင့်ပျံနေသည်။

"ရှောင်ရိ ဘာတွေလုပ်နေတာလဲ"

ယဲ့ချန်က အသံမြှင့်၍ အော်ဟစ်လိုက်သည်။

"အစ်ကိုကြီး ကျွန်တော်နဲ့ဝူစီက ဘောလုံးကစားနေကြတာလေ။ အစ်ကိုကြီးရော ကစားချင်လို့လား"

ရှောင်ရိက သူ့ကိုလှမ်းကြည့်၍ ပျော်ရွှင်စွာဖြေလိုက်သည်။

ယဲ့ချန်က နန်းဆောင်အတွင်းမှ ထွက်လာခဲ့သည်။ ဝူစီက ရှောင်ရိအနီးတွင် ရပ်တန့်သွားသည်။ သူက ပျော်ရွှင်စွာခုန်ပေါက်နေသဖြင့် ရှောင်ရိ၏အကန်ခံနေရခြင်းအပေါ် နာကျင်ပုံ၊ စိတ်ဆိုးပုံ မရှိချေ။

"ဝူစီ ရှောင်ရိက မင်းကို အနိုင်ကျင့်တာလား"

ယဲ့ချန်က ဝူစီကို မေးလိုက်သည်။ သူက ဝူစီနှင့်ရင်းနှီးသော ဆက်ဆံရေးတစ်ခု ဖန်တီးလိုခဲ့သည်။ လူကြမ်းလေးရှောင်ရိကြောင့် ဝူစီ စိတ်မသက်မသာဖြစ်မည်ကို မလိုလားပေ။

"အနိုင်ကျင့်တာက ဘာလဲ"

ဝူစီက နားမလည်ဟန်ဖြင့် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

"ကျွန်တော်က ဝူစီကို အနိုင်မကျင့်ပါဘူး။ အတူတူပျော်ပျော်ရွှင်ရွှင် ကစားနေကြတာပါ"

ရှောင်ရိက ခပ်တိုးတိုးရေရွတ်၍ စောဒကတက်လိုက်သည်။ ဝူစီ၏မျက်ဆံများက ပြုံးနေဟန်ဖြင့် လခြမ်းသဏ္ဍာန်ကွေးသွားကာ ခေါင်းကို လျင်မြန်စွာညိတ်ပြလိုက်၏။

ယဲ့ချန်မှာ ဤမှော်သားရဲလေးနှစ်ကောင်၏ အပြုအမူနှင့်ကစားပုံကို နားမလည်နိုင်သဖြင့် ခေါင်းကုတ်နေရသည်။

"ဝူစီကို ရေကန်ထဲ ပြန်ထည့်ပေးလိုက်။ မင်းတို့နှစ်ယောက်လုပ်တာ နန်းတော်တစ်ခုလုံး ရှုပ်ပွကုန်ပြီ"

ယဲ့ချန်က ရှောင်ရိကို ခိုင်းစေလိုက်သည်။ ဝူစီက ရေနေသတ္တဝါဖြစ်သည်။ သူက ရေနှင့်အဝေးတွင် ချိန်ကြာမြင့်စွာရှိနေသဖြင့် သေဆုံးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် မှော်သားရဲများက သာမန်သားရဲများနှင့်မတူကြောင်း တွေးလိုက်မိသဖြင့် အတွေးလွန်မိပြီဟု ယဲ့ချန်က စဥ်းစားလိုက်သည်။

"ဝူစီ အစ်ကိုကြီးက ဘောလုံးမကန်ရဘူးလို့ ပြောတယ်"

ယဲ့ချန်က နန်းတော်ထံ ပြန်လှည့်သွားချိန်တွင် ရှောင်ရိက ပြောလိုက်ခြင်းဖြစ်သည်။ ဝူစီ၏မျက်နှာထက်တွင် စိတ်ညစ်သော အမူအရာ ဖြစ်ပေါ်လာသည်။

"ငါတို့ ဘယ်လိုကစားကြမလဲ"

ရှောင်ရိက မျက်မှောင်ကြုတ်၍ စဥ်းစားနေစဥ် ဝူစီက မျှော်လင့်တကြီးစောင့်နေခဲ့သည်။

"သိပြီ။ ဖ​ယောင်းတိုင်တွေနဲ့ ကစားရအောင်"

ရှောင်ရိက အကြံတစ်ခုရသွားသဖြင့် ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။

"ငါက ဖ​ယောင်းတိုင်တွေအများကြီးကို မီးညှိလိုက်မယ်။ မင်းက လက်တံတွေနဲ့ ဖ​ယောင်းတိုင်အပေါ်ကနေ ဖြတ်သွားနိုင်ရင် နိုင်ပြီ"

ရှောင်ရိက နားမလည်ဟန်ဖြင့် မျက်တောင်ခတ်နေသော ဝူစီကို ရှင်းပြလိုက်သည်။ ဝူစီကလည်း အဆော့မက်သူဖြစ်သောကြောင့် ချက်ချင်းသဘောတူခဲ့သည်။

"လခွမ်း ဒီနှစ်ကောင်ကတော့...."

ရှောင်ရိ၏စကားကို ကြားလိုက်ရချိန်တွင် နန်းတော်ထံပြန်နေသော ယဲ့ချန်က မြေပေါ်လဲကျမတတ် ဖြစ်သွားခဲ့သည်။ ဤကစားနည်းက ဖယောင်းတိုင်များဖြင့် ရေဘဝဲကင်နည်း ဖြစ်သွားနိုင်ချေရှိသည်။ ဝူစီက သဘောတူလိုက်သဖြင့် အမှန်တကယ်ကစားကြပါက ဤသားရဲပေါက်လေး၏ဘဝမှာ မတွေးဝံ့စရာဖြစ်သည်။

ယဲ့ချန်က ချက်ချင်းပြန်လှည့်လာပြီး ရှောင်ရိကိုမကစားရန် တားမြစ်လိုက်သည်။ သူ၏နည်းလမ်းများဖြင့်ဆိုလျှင် ဝူစီအတွက် မရဏလမ်းက စောင့်ကြိုနေပေသည်။

ညအမှောင်က ပိုမိုနက်မှောင်လာ၍ သန်းခေါင်ယံအချိန် ကျရောက်လာခဲ့သည်။

ဝူစီက ရေကန်အတွင်း ပျင်းရိစွာကူးခတ်နေသည်။

ထိုအချိန်တွင် ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိတို့ ရောက်ရှိလာကြသည်။

"ဝူစီ မင်းကို မေးစရာရှိတယ်"

ယဲ့ချန်က ကန်နံဘေးတွင် ဆောင့်ကြောင့်ထိုင်၍ ပြောလိုက်သည်။

ဝူစီက ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။

"မင်းက နက်ခရိုရေကန်ထဲမှာ အချိန်အကြာကြီးနေခဲ့တာဆိုတော့ ကန်အောက်ခြေမှာ ထူးဆန်းတာတွေ တွေ့မိသေးလား"

မင်ဝူက ယဲ့ချန်ကို နက်ခရိုရေကန်အတွင်း နစ်မြုပ်နေသော ရှေးဟောင်းရတနာများရှိကြောင်း ပြောပြဖူးသဖြင့် သူက စုံစမ်းလိုက်ခြင်းဖြစ်သည်။

ဝူစီက ရှောင်ရိ၏ဟန်ပန်ကို အတုခိုးကာ လက်တံတစ်ခုဖြင့် မေးနေရာကို ပွတ်သပ်နေခဲ့သည်။ အချိန်တစ်ခုကြာသောအခါ သူက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ"

ယဲ့ချန်၏စိတ်က ပျော်ရွှင်မှုကြောင့် အလွန်လှုပ်ရှားသွားခဲ့သည်။

"ဝူစီ ရေကန်ထဲက ပစ္စည်းတွေကို ယူလာပေးနိုင်ရင် မင်းစားဖို့အတွက် အစ်ကိုကြီးက တစ်ခုခုပေးမယ်။ လုပ်ပေးမလား"

အမှန်တွင် ယဲ့ချန်သည် ဝူစီကို ဝိညာဥ်အသိစိတ်ဖြင့် အမိန့်ပေးခိုင်းစေနိုင်သည်။ သို့သော် နက်ခရိုရေကန်က အလွန်ထူးဆန်းသော နေရာတစ်ခုဖြစ်သည်။ သူ၏ဝိညာဥ်အသိစိတ်က ရေမျက်နှာပြင်အောက်သို့ မထိုးဖောက်နိုင်ပေ။ အကယ်၍ ဝူစီသာ ရေကန်အတွင်းရောက်ရှိသွားပြီး အမိန့်မနာခံလျှင် အကျိုးထက် အပြစ်ကပိုများနေသည်။ ထို့ကြောင့် ယဲ့ချန်က ဝူစီကို အစားဖြင့်ဆွဲဆောင်ရန် ကြိုးစားလိုက်ခြင်းပင်။

အမှောင်ရေဘဝဲများက အလွန်အသက်ရှည်ကြသည်။ ဝူစီမှာ တစ်ကိုယ်လုံးပန်းရောင်သမ်းနေသဖြင့် အရွယ်မရောက်သေးသော အမှောင်ရေဘဝဲတစ်ကောင်သာ ဖြစ်သည်။ သူ၏အတွေးများက လူသားကလေးများပမာ ရိုးရှင်းပေသည်။

စား ဟူသော စကားလုံးကို ကြားသောအခါ ဝူစီက ပျော်ရွှင်သွားဟန်ဖြင့် ခေါင်းညိတ်နေခဲ့သည်။

"ရှောင်ရိ ဝူစီကိုသယ်လာခဲ့။ အမွေးပွလေး ငါတို့ နက်ခရိုရေကန်ကို သွားကြမယ်"

ယဲ့ချန်က တက်ကြွစွာဖြင့် ညွှန်ကြားလိုက်သည်။ နက်ခရိုရေကန်အတွင်း ရတနာများရှိနေလျှင် ၎င်းတို့က ရေ၏တိုက်စားမှုဒဏ်ကို နှစ်ပေါင်းထောင်ချီ ခုခံနိုင်ခဲ့သောကြောင့် အဖိုးနည်းမည်မဟုတ်ပေ။

ဤသို့ဖြင့် ယဲ့ချန်၊ အမွေးပွလေး၊ ရှောင်ရိနှင့် ဝူစီတို့က နန်းတော်အတွင်းမှထွက်ခွာ၍ နက်ခရိုရေကန်ထံ ချီတက်လာကြသည်။ ရေကန်ကို အစောင့်များစွာ တင်းတင်းကြပ်ကြပ်ချထားသော်လည်း အမွေးပွလေး၏ ပုံရိပ်ယောင်စွမ်းရည်ဖြင့် လှည့်စားကာ အလွယ်တကူဝင်ရောက်နိုင်ခဲ့သည်။ ယဲ့ချန်တွင် လျှို့ဝှက်ချက်များစွာရှိပြီး သူက မင်ဝူ၊ ရွှမ်းယီတို့နှင့် မည်မျှရင်းနှီးသည်ဖြစ်စေ ပြောမပြနိုင်သောအရာများ ရှိသည်။

နက်ခရိုရေကန်အထက်တွင် လရောင်က ဖြူစင်အေးချမ်းစွာ တောက်ပနေသည်။ ယဲ့ချန်တို့အုပ်စု၏အရိပ်များက ကမ်းခြေတွင် ထင်ဟပ်လာသည်။ ယဲ့ချန်နှင့် ရှောင်ရိက ကောင်းကင်ရေစင်အပြည့်ပါသော ရေပုံတစ်ပုံးကို သယ်ဆောင်လာကြသည်။ ရေကန်အတွင်းမှ ရရှိလာသော ရတနာများကို ဤရေဖြင့် ဆေးကြောသန့်စင်မည်ဖြစ်သည်။

ရေကန်သို့ရောက်သောအခါ ယဲ့ချန်က ဝူစီကို ရေပြင်အတွင်း ချပေးလိုက်၏။

"ဝူစီ ငါတို့ မင်းကို ကမ်းခြေကစောင့်နေမယ်။ တစ်ခုခုရှာလာခဲ့နော်"

ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးက ရေစပ်တွင် ရပ်နေကြသည်။

ဝူစီကခေါင်းညိတ်၍ လျင်မြန်စွာ ငုပ်လျှိုးသွားလေသည်။

ဝူစီပြန်ရောက်လာရန် အချိန်ကြာနိုင်သောကြောင့် ယဲ့ချန်နှင့်အမွေးပွလေးက ကမ်းခြေရှိ ကျောက်ဖျာတစ်ချပ်ပေါ်တွင် ကျင့်ကြံလိုက်ကြသည်။ ရှောင်ရိကမူ ကမ်းစပ်တွင် ကျောက်ခဲများနှင့် ဆော့ကစားနေခဲ့သည်။

ဆယ်မိနစ်အကြာတွင် ရေပြင်က လှိုင်းထသွားပြီး ဝူစီ၏ခေါင်းလေး ပြန်ပေါ်လာခဲ့သည်။

"ဝူစီ ဘာတွေ့ခဲ့တာလဲ"

ယဲ့ချန်က မျှော်လင့်တကြီးဖြင့် ကမ်းစပ်သို့ ပြေးသွားခဲ့သည်။ သို့သော် ဝူစီက လက်တံဖြင့်ကမ်းပေးလာသည်မှာ အနီရောင်အမြှီးရှိသော မြွေခေါင်းငါးတစ်ကောင် ဖြစ်သည်။ ၎င်းက ကန်အောက်ခြေတွင် နေထိုင်သော်လည်း ယဲ့ချန်ပင် အရေအတွက်အနည်းငယ် ဖမ်းမိဖူးသည်။ ၎င်း၏တန်ဖိုးက အနီရောင်ငါးပျံနှင့် တူညီပေသည်။

ယဲ့ချန်မှာ ကိုယ့်နဖူးကိုယ် လက်ဖြင့်ရိုက်လိုက်မိသည်။ ဝူစီက သူ၏စကားကို နားလည်မှုလွဲသွားခဲ့သည်။

"ဝူစီ အစ်ကိုကြီးပြောတာက ငါးတွေမဟုတ်ဘူးကွာ။ ရတနာ၊ ပုလဲ၊ လက်နက်၊ သံချပ်ကာတွေလိုပစ္စည်းမျိုးကို ပြောတာ"

ယဲ့ချန်က အလျင်အမြန် ရှင်းပြလိုက်သည်။

ဝူစီက ယဲ့ချန်၏စကားကို အချိန်ကြာမြင့်စွာစဥ်းစားပြီးမှ ရေအောက်သို့ ပြန်လည်ငုပ်ဆင်းသွားခဲ့သည်။

အချိန်ခဏအတွင်း သူက ပြန်ရောက်လာသော်လည်း ကျောက်တုံးတစ်ခုကို သယ်လာသဖြင့် ယဲ့ချန် စိတ်ဓာတ်ကျသွားရလေသည်။ ကျောက်တုံးမှာ ရေ၏တိုက်စားမှုဒဏ်ကို ခုခံနိုင်ပုံပေါ်သော်လည်း အခြားစွမ်းရည်များမရှိသော သာမန်ကျောက်တုံးသာ ဖြစ်သည်။

ထို့နောက် ဝူစီက လိပ်ခွံတစ်ခု၊ ငါးရိုးတစ်ခုနှင့် အခွံတစ်ခုကို ယူလာပေးခဲ့ပြန်သည်။ အားလုံးက ဝူစီအတွက် ထူးဆန်းသော်လည်း ယဲ့ချန်အတွက် အသုံးမဝင်ပေ။ ယဲ့ချန်က စကားဖြင့်မည်မျှရှင်းပြပါစေ ရတနာဟူသော အဓိပ္ပါယ်ကို ဝူစီက နားမလည်နိုင်ချေ။

အချိန်တစ်ခုကြာစဥ်းစားပြီးနောက် ယဲ့ချန်သည် လက်မောင်းကာအတွင်းမှ ပုလဲနက်၊ ငရဲဖြိုခွဲဓားစသော ရတနာများကို တစ်ခုပြီးတစ်ခုထုတ်ပြ၍ ဝူစီကို သင်ကြားလိုက်၏။ သူက ရတနာမရှာဖွေခင် ဝူစီကို ရတနာများအကြောင်း နားလည်စေရန် ပထမဆုံးသင်ကြားရမည်ကို မေ့လျော့သွားခဲ့သည်။

ထို့နောက် နာရီဝက်ခန့်အကြာတွင် ဝူစီက ရေလှိုင်းသံများနှင့်အတူ ပြန်လည်ထွက်ပေါ်လာသည်။ ဤတစ်ခေါက်တွင် သူရှာဖွေလာသည်မှာ အမှိုက်တစ်ခုမဟုတ်ဘဲ အညစ်အကြေးများ ဖုံးအုပ်နေသော ဓားတိုတစ်ချောင်းဖြစ်သည်။

"ဝူစီ ဒါကို ရေပုံးထဲထည့်ပေး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ညွှန်ကြားလိုက်သည်။ ဝူစီက သူ၏လက်တံဖြင့် သယ်ဆောင်လာသော ဓားမြှောင်ကို ရေပုံးအတွင်း ပစ်ချလိုက်သည်။ ထို့နောက် ကောင်းကင်ရေစင်များက ၎င်းကို သန့်စင်ပေးခဲ့သည်။

အချိန်တစ်ခုအကြာတွင် ညအမှောင်အောက်၌ စူးရှတောက်ပနေသော ဓားမြှောင်တစ်လက်က ယဲ့ချန်၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ရှောင်ရိနှင့် အမွေးပွလေး၏ အကြည့်များကလည်း ဤဓားထံ ကျရောက်လာသည်။

"အစ်ကိုကြီး ဒါက အဖိုးတန်လား"

ဤကား ရတနာတစ်ခုကို ရှာတွေ့ချိန်တိုင်း ရှောင်ရိမေးတတ်သော မေးခွန်းဖြစ်သည်။ ယဲ့ချန်က ခေါင်းညိတ်ပြ၍ ဓားမြှောင်ကို ကောက်ကိုင်လိုက်သည်။ ဓားမြှောင်က သူ၏လက်ထဲမှ ရုန်းကန်လိုဟန်ဖြင့် အဆက်မပြတ်တုန်ခါနေသည်။

"တော်တော်သန်မာတဲ့ လက်နက်ဝိညာဥ်ပါလား။ ကြည့်ရတာ လက်နက်ဝိညာဥ်က အသိစိတ်ရှိနေပြီထင်တယ်"

ဓားမြှောင်၏ ပုံစံကလည်း အလွန်ထူးခြားနေသည်။ လက်ကိုင်တွင် ကျောက်မျက်ရတနာများ တပ်ဆင်ထား၍ အစိမ်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ဓား၏ထိပ်ဖျားက ချိတ်ကောက်တစ်ခုပမာ ကွေးကောက်နေသည်။ ဓားသွားက အလွန်ထက်ရှပြီး အရိုးကွဲလောက်အောင်အေးသော ရေခဲချီများကို ထုတ်လွှတ်နေခဲ့သည်။

ဤဓားမြှောင်က သေချာပေါက်အဖိုးတန်ပြီး ငရဲဖြိုခွဲဓားထက်ပင် ပို၍အဆင့်မြင့်နေနိုင်သည်။

အနီးကပ်ကြည့်ရှုလိုက်သောအခါ ဓားသွားပေါ်တွင် နဂါးပြာ ဟူသောအမည်ကို ရှေးဟောင်းဘာသာစကားဖြင့် ရေးထွင်းထားသည်အား ယဲ့ချန်က တွေ့ရှိလိုက်သည်။

"တော်တယ် ဝူစီ"

ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဝိညာဥ်တည်ဆောက်ခြင်းဆေးလုံးများကို ဝူစီအား ဆုချရန်ထုတ်ပေးလို​က်သည်။ ဝူစီက ဆေးလုံးများကို တစ်ချက်တည်းဝါးမျိုလိုက်ပြီး ကျေနပ်သော အမူအရာ ဖြစ်နေခဲ့သည်။

ဝိညာဥ်တည်ဆောက်ခြင်းဆေးများကို သာမန်ကျင့်ကြံသူများက နှစ်လုံးထက်ပို၍ တစ်ချိန်တည်းမစားနိုင်ကြပေ။ ဝူစီနှင့်ရှောင်ရိကဲ့သို့ အစွမ်းထက်မှော်သားရဲများသာ ဆယ်လုံးခန့်ကို စားသောက်နိုင်စွမ်းရှိသည်။ ထို့အပြင် ဆေးလုံးများကို အစာချေရန်လည်း တစ်နာရီခန့်သာ လိုအပ်လေသည်။

ဝိညာဥ်တည်ဆောက်ခြင်းဆေးများကို စားပြီးနောက် ဝူစီက ရေကန်အတွင်း ပျော်ရွှင်စွာခုန်ချသွားပြန်သည်။ သူက ဆုလာဘ်၏သဘောကို သိပြီးနောက် ရတနာရှာဖွေရာတွင် ပို၍စိတ်ပါလာပုံပေါ်သည်။

နောက်ထပ်တစ်နာရီအကြာတွင် ဝူစီက ပိုးအင်္ကျီတစ်ထည်ကို သယ်ဆောင်၍ ပြန်ရောက်လာခဲ့သည်။ ၎င်းကို သန့်စင်လိုက်သောအခါ နက်ခရိုရေကန်အောက်တွင် အကောင်းပကတိအတိုင်းရှိခဲ့သောကြောင့် ယဲ့ချန်က အလွန်အံ့သြသွားသည်။ အင်္ကျီထက်တွင် သေးငယ်သော အပေါက်တစ်ခုပင်မရှိဘဲ အသစ်အတိုင်း သစ်လွင်တောက်ပနေသည်။

ယဲ့ချန်သည် အင်္ကျီကိုလုပ်ထားသော ပိုးချည်အကြောင်း မသိသော်လည်း ၎င်းက အလွန်နူးညံ့လေသည်။ ခဏတာစစ်ဆေးပြီးနောက် သူက ငရဲဖြိုခွဲဓားဖြင့် အင်္ကျီ၏အောက်ထောင့်ကို ပိုင်းဖြတ်ကြည့်သည်။ ငရဲဖြိုခွဲဓားပင် အင်္ကျီကို ပြတ်တောက်သွားအောင် မစွမ်းနိုင်ပေ။

ဤပိုးအင်္ကျီက လက်နက်များကိုခုခံနိုင်ပြီး အဆင့်မြင့်ဝိညာဥ်လက်နက်ပင် ၎င်းကို မထိုးဖောကိနိုင်ပေ။ ၎င်းက ဝိညာဥ်လက်နက်မဟုတ်သော်လည်း ပြုလုပ်ထားသော ကုန်ကြမ်း​ကြောင့် အလွန်ထူးခြားနေသည်။ တန်ဖိုးက အဆင့်ခြောက် ဝိညာဥ်လက်နက်များအောက် မနိမ့်သည့်အပြင် ပို၍အဖိုးတန်နေနိုင်သည်။

အင်္ကျီက သေးငယ်ပုံပေါ်သော်လည်း ဆွဲဆန့်နိုင်စွမ်းရှိသောကြောင့် ယဲ့ချန်အနေဖြင့် ဝတ်ဆင်နိုင်သည်။ ရှောင်ရိ၏ရုပ်ခန္ဓာက အလွန်မာကျောသောကြောင့် ကာကွယ်ရေးရတနာကို မလိုအပ်ပေ။ အမွေးပွလေးနှင့် ဝူစီကမူ လူအသွင်မပြောင်းနိုင်သဖြင့် အင်္ကျီကို မဝတ်ဆင်နိုင်ကြပေ။ ထို့ကြောင့် ယဲ့ချန်က အပေါ်အင်္ကျီကိုချွတ်၍ ပိုးအင်္ကျီကို အောက်ခံအနေဖြင့် ဝတ်ဆင်လိုက်သည်။ သက်တောင့်သက်သာရှိသည့်အပြင် အင်္ကျီက ယဲ့ချန်၏ခန္ဓာကိုယ်နှင့် ကွက်တိကျနေခဲ့သည်။

ပိုးအင်္ကျီ၏ခုခံနိုင်စွမ်းက လက်မောင်းကာအောက် အနည်းငယ်သာနိမ့်ကျသော်လည်း တစ်ကိုယ်လုံးကို ကာကွယ်မပေးနိုင်ပေ။

သို့သော် ၎င်းက ခန္ဓာကိုယ်အထက်ပိုင်းကို ကာကွယ်ပေးနိုင်သဖြင့် အသက်ကယ်ရတနာတစ်ခု ဖြစ်လေသည်။

***

All Chapters