← Chapters

ရွှေရောင်ဆေးအိုးငယ်

Vol. 15 Ch. 212

ရွှေရောင်ဆေးအိုးငယ်

Vol. 15 Ch. 212

ယဲ့ချန်သည် ပိုးအင်္ကျီ၏အပေါ်တွင် သာမန်အဝတ်အစားများကို ထပ်၍ဝတ်ဆင်လိုက်သည်။ ဤသို့ဖြင့် သူက အစွမ်းထက်ကာကွယ်ရေးရတနာတစ်ခုကို ဝတ်ဆင်ထားကြောင်း ရန်သူများ မြင်နိုင်တော့မည် မဟုတ်ပေ။

ယဲ့ချန်သည် ဝူစီကို ပျော်ရွှင်စွာချီးကျူးကာ ဝိညာဥ်အခြေတည်ဆေးလုံးများ ဆုချလိုက်သည်။ နက်ခရိုရေကန်အတွင်း နောက်ထပ်ရတနာများ ရှိဦးမည်ဖြစ်ကြောင်း သူက သေချာနေခဲ့သည်။ ထို့​ကြောင့် ယဲ့ချန်သည် ဝူစီကို ရတနာများရှာဖွေရန် ထပ်မံတာဝန်ပေးလိုက်ပြီး ကမ်းခြေတွင် ကျင့်ကြံရင်း စောင့်ဆိုင်းလိုက်သည်။

ဤတစ်ခေါက်တွင် ဝူစီက အချိန်တိုအတွင်း ပြန်လည်ထွက်ပေါ်မလာခဲ့ပေ။ ယဲ့ချန်သည် ကျောက်တုံးကြီးတစ်ခု၏ မျက်နှာပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်၍ သူ၏ကျင့်ကြံခြင်း အတွေ့အကြုံများကို ပြန်လည်သုံးသပ်နေခဲ့သည်။ သူ၏စိတ်ထဲတွင် ဝိညာဥ်စစ်သည်တော်သည်လည်း ကောင်းကင်ချီကဲ့သို့ စွမ်းအင်ပုံစံတစ်မျိုး ဖြစ်နိုင်သည်ဟူသော အတွေးက ရုတ်တရက်ထွက်ပေါ်လာသည်။

ထို့ကြောင့် ဓားပျံမှ ထွက်ပေါ်လာသော ကောင်းကင်ချီများက ဝိညာဥ်စစ်သည်တော်ကို ပြန်လည်ကောင်းမွန်စေနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ အမွေးပွလေး၏ ဝိညာဥ်အသိစိတ်ကလည်း တူညီသော စွမ်းအင်ဖြစ်၍ သူ၏ဝိညာဥ်စစ်သည်တော်ကို ပိုမိုအစွမ်းထက်လာစေရန် ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်နိုင်သည်။

ကောင်းကင်ချီနှင့်ယှဥ်လျှင် ဝိညာဥ်စွမ်းအင်က ပိုမိုသိမ်မွေ့ကာ နားလည်ရခက်ခဲပေသည်။ ယဲ့ချန်က သူနှင့်အမွေးပွလေး၏ ဝိညာဥ်ပေါင်းစပ်နှုန်း တိုးတက်လာစေနိုင်သော နည်းလမ်းများကို စဥ်းစားလိုက်သည်။

အမွေးပွလေး၏ ဝိညာဥ်အသိစိတ်က သူ၏ဝိညာဥ်စစ်သည်တော်နှင့် ပေါင်းစပ်နိုင်ခြင်းမှာ တူညီ၍ဖြစ်သည်။ တစ်နည်းဆိုလျှင် ကြိမ်နှုန်းများ တူညီစွာထုတ်လွှတ်နေသော ဝိညာဥ်အသိစိတ်များက ပေါင်းစပ်နိုင်ချေရှိသည်။

ဤအရာက ယဲ့ချန်၏ ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဥ်အသိစိတ်ပေါင်းစပ်ခြင်း၏ သော့ချက်ကို ရှာဖွေရပေလိမ့်မည်။ သို့မှသာ သူနှင့် အမွေးပွလေး၏ ဝိညာဥ်ပေါင်းစပ်နိုင်သော ရာခိုင်နှုန်းက တိုးလာမည်ဖြစ်သည်။

နန်းတော်အတွင်း ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်၍ ကျင့်ကြံရန်မဖြစ်နိုင်ခြင်းက နှမြောစရာပင်ဖြစ်သည်။ ယဲ့ချန်အနေဖြင့် အချိန်ရလျှင် တိတ်တဆိတ်ကျင့်ကြံနိုင်သော သီးသန့်နေရာတစ်ခု ရှာဖွေရပေလိမ့်မည်။

လက်ရှိတွင် ယဲ့ချန်က မြေဝိဇ္ဇာအလယ်အဆင့်သို့ ရောက်ရှိနေကာ ကျင့်ကြံခြင်းအုတ်မြစ်က အလွန်ခိုင်မာပေသည်။ ယဲ့ချန်ကျင့်ကြံနေစဥ် သူ၏ခန္ဓာထက်တွင် အဖြူရောင်အလင်းစများ လှုပ်ရှားထွက်ပေါ်နေသဖြင့် အဝေးမှကြည့်လျှင် ကြယ်ကောင်းကင်တစ်ခုနှင့်ပင် တူညီနေခဲ့သည်။

ယဲ့ချန်က ထိုအချိန်တွင် ရေနတ်ဘုရားကျင့်စဥ်ကို လည်ပတ်လိုက်သောအခါ ပင်လယ်ကြီးတစ်ခုအတွင်း ရောက်သွားသယောင် ခံစားလိုက်ရသည်။ သူ၏ဝိညာဥ်အသိစိတ်ဖြင့် ကြည့်ရှုလိုက်သောအခါ နက်ခရိုရေကန်နေရာတွင် ကောင်းကင်ချီများ လှိုင်းထန်နေသည့် ရေကန်ကြီးတစ်ခု ရောက်နေသည်ကို တွေ့လိုက်ရသည်။

ဤကား နက်ခရိုရေကန်၏ အစစ်အမှန်သွင်ပြင်ဖြစ်ကာ ရေအမျိုးအစား အထူးကောင်းကင်ချီတစ်မျိုး ဖြစ်နေခဲ့သည်။ ၎င်းတို့က ရေများပမာ သိပ်သည်းနေပြီး ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိကြသည်။ ရေချီများ လေထဲသို့ အငွေ့ပျံသွားသောအခါ လေတိုက်ခတ်သည့်အချိန်တိုင်း ပျောက်ကွယ်လွင့်ပြယ်ကုန်သည်။

ဤမြင်ကွင်းမှတဆင့် ယဲ့ချန်က တစ်ခုခုကို ဉာဏ်အလင်းပေါက်သွားခဲ့သည်။ ဤကမ္ဘာတွင် အရာအားလုံးက ဓာတ်ကြီးငါးပါး(သတ္တု၊မီး၊ရေ၊လေ၊မြေ)မှ အစပြုဖြစ်တည်လာကြသည်။ အဆုံးတွင် ဓာတ်ကြီးငါးပါးက ကောင်းကင်ချီအဖြစ် ပြောင်းလဲသွားကြသည်။ ကောင်းကင်ချီများမှတဆင့် အရာဝတ္ထုများ ပြန်လည်ထွက်ပေါ်လာသည်။ ဓာတ်ကြီးငါးပါး၏ သံသရာစက်ကွင်းက အဆုံးမရှိပေ။

ဤကား ကျင့်ကြံခြင်းလောက၏နိယာမ ဖြစ်လေသည်။

ယဲ့ချန်က ဤအတွေးကြောင့် နားလည်မှုအသစ်များ ဖြစ်တည်လာသည်။ သူ၏ကျင့်ကြံခြင်းက အဆင့်တစ်ခုသို့ရောက်သွားလျှင် ဓာတ်ကြီးငါးပါးကို ကောင်းကင်ချီများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလာနိုင်သည်။ သူ၏အတွေးသက်သက်သာဖြစ်ပြီး လက်ရှိတွင် ထိုသို့စွမ်းဆောင်နိုင်ခြင်း မရှိပေ။

"စုစည်းစမ်း"

ယဲ့ချန်၏မြင်ကွင်းက လက်ရှိကမ္ဘာသို့ ပြန်ရောက်လာကာ ရေနတ်ဘုရားကျင့်စဥ်ကို အစွမ်းကုန်လည်ပတ်လိုက်သည်။ ထိုကျင့်စဥ်၏ထိန်းချုပ်မှုဖြင့် နက်ခရိုရေကန်အထက်တွင် ရှိနေသော ကောင်းကင်ချီများက အချင်းမီတာရာချီရှိသော ဝဲဂယက်တစ်ခုအဖြစ် စုစည်းလာကြသည်။

နက်ခရိုရေကန်၏ ကောင်းကင်ချီများက အလွန်သန့်စင်သည်။ ၎င်းကို လေထုအတွင်း အလဟဿဖြစ်စေခြင်းက အလွန်နှမြောစရာကောင်းသည်။

ယဲ့ချန်က ရေနတ်ဘုရားကျင့်စဥ်ဖြင့် ချီများကို စုစည်းနိုင်သော်လည်း ဤမျှများပြားသော ပမာဏကို စုပ်ယူရန်က စိန်ခေါ်မှုကြီးမားသည်။ သူ၏ဒန်တန်က ဤပမာဏကို လက်ခံနိုင်မည်မဟုတ်ပေ။

သို့သော် မီတာရာချီကြီးမားသော ဝဲဂယက်အတွင်းမှ သေးငယ်သောချီပမာဏကို စုပ်ယူနိုင်လျှင် အဖိုးတန်ဆေးလုံးများထက် ပို၍အကျိုးဖြစ်မည်ဟု ယဲ့ချန်က တွေးလိုက်မိသည်။

"လာစမ်း"

ထို့နောက် ယဲ့ချန်က သူ၏ပါးစပ်ကိုဟ၍ ကောင်းကင်ချီဝဲကို စတင်စုပ်ယူလိုက်သည်။ သူ၏ပါးစပ်အတွင်း ကောင်းကင်ချီစီးကြောင်းများ အရှိန်ပြင်းပြင်း ဝင်ရောက်လာနေသဖြင့် ဝေလငါးကြီးတစ်ကောင်က ပင်လယ်ရေများကို စုပ်ယူနေပုံနှင့် ဆင်တူနေခဲ့သည်။

ကောင်းကင်ချီများက ခန္ဓာကိုယ်အတွင်း ရောက်သည်နှင့် ဒန်ထန်ထံ စီးဆင်းသွားကြ၏။ ယဲ့ချန်၏ဒန်တန်က ပူဖောင်းတစ်ခုပမာ လျင်မြန်စွာဖောင်းကားလာသည်။ ခဏအတွင်း ၎င်းက ပေါက်ကွဲထွက်ခါနီး အခြေအနေသို့ ရောက်လာခဲ့သည်။

ယဲ့ချန်က ဆက်လက်စုပ်ယူနေလျှင် သူ၏ခန္ဓာကိုယ်က လက်မခံနိုင်တော့ပေ။ လုံလောက်နေပြီဖြစ်သည်။

ယဲ့ချန်သည် ကောင်းကင်ရှိချီဝဲကြီးကို ကြည့်လိုက်သည်။ သူ စုပ်ယူလိုက်သော ပမာဏမှာ ၎င်း၏၁ရာခိုင်နှုန်းပင် မရှိချေ။

ယဲ့ချန်က သူ၏ပါးစပ်ကိုပိတ်၍ ချီစုပ်ယူမှုကို ရပ်တန့်ခါနီးတွင် စိတ်အတွင်းရှိ ဓားပျံက စတင်လင်းလက်လာသည်။ ပိရှို့၏အထက်တွင် ဝဲတစ်ခု ချက်ချင်းဖြစ်ပေါ်လာ၍ ယဲ့ချန်၏ဒန်တန်နှင့် သွေး​ကြောအတွင်းရှိ ကောင်းကင်ချီများကို စုပ်ယူသွားခဲ့သည်။

"ဟမ်"

ယဲ့ချန်က အလွန်အံ့သြသွားသည်။ မူလတွင် သူက ဓားပျံသည် ကောင်းကင်ချီကို ထုတ်လုပ်ပေးခြင်းသာ တတ်နိုင်သည်ဟု ထင်ထားခဲ့သည်။ ၎င်းက ကောင်းကင်ချီကို စုပ်ယူနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထို့နောက် ယဲ့ချန်က ပါးစပ်ကို ဆက်ဖွင့်ထားပြီး ကောင်းကင်ချီများကို စုပ်ယူနေခဲ့သည်။ ကောင်းကင်ချီများက ယဲ့ချန်၏ကိုယ်တွင်း ရောက်သောအခါ ဓားပျံက ပိုမိုတောက်ပလာသည်။ ကောင်းကင်ချီလှိုင်းများက ၎င်းထံ ဆက်တိုက်စီးဝင်နေပြီး ဆယ်မိနစ်အကြာတွင် ကောင်းကင်ထက်ရှိ မီတာရာချီအချင်းနှင့် ချီဝဲဂယက်က ယဲ့ချန်၏ပါးစပ်တွင် ပျောက်ကွယ်သွားလေသည်။

ဓားပျံသည်လည်း ကောင်းကင်ချီများကို စုပ်ယူပြီးနောက် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ယဲ့ချန်သည် ရေနတ်ဘုရားကျင့်စဥ်ကို ရပ်တန့်၍ ကြောင်အအဖြစ်နေခဲ့သည်။ သူက နောက်ဆုံးတွင် ဓားပျံအတွင်း အဆုံးမဲ့ကောင်းကင်ချီသမုဒ္ဒရာ ရှိနေသော အကြောင်းအရင်းကို နားလည်ခဲ့သည်။ ဓားပျံ၏ပိုင်ရှင်က ဤမျှများပြားလှသော ကောင်းကင်ချီများကို စုစည်းထားခဲ့သဖြင့် ယဲ့ချန် မည်မျှအသုံးပြုသည်ဖြစ်စေ ၎င်းတို့က ကုန်ခမ်းသွားခြင်းမရှိပေ။

ယခုတစ်ခေါက်တွေ့ရှိမှုက ယဲ့ချန်ကို အလွန်ပျော်ရွှင်သွားစေသည်။ အတိတ်တွင် သူက ဓားပျံအတွင်းရှိ ကောင်းကင်ချီများ ကုန်ဆုံးမည့်အချက်ကို တွေးပူနေခဲ့ရသည်။ သို့သော် ၎င်းက ကောင်းကင်ချီကို စုပ်ယူနိုင်သောအခါ သူ့အတွက် စိုးရိမ်စရာမရှိချေ။

ယဲ့ချန်က ကောင်းကင်ချီများကို တည်ငြိမ်စေပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ဘေးတွင် ရှောင်ရိနှင့် အမွေးပွလေးက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

"အစ်ကိုကြီးက အရမ်းအစွမ်းထက်တာပဲ"

ရှောင်ရိက လေးစားစွာချီးကျုးလိုက်သည်။ သူက မှော်သားရဲတစ်ကောင်ဖြစ်သော်လည်း ဤမျှများပြားသော စွမ်းအင်များကို တစ်ချက်တည်း မဝါးမျိုရဲပေ။ နတ်ဘုရင်တစ်ယောက်၏ သန်မာသော ရုပ်ခန္ဓာသည်ပင် ကောင်းကင်ချီပမာဏကို စုပ်ယူပြီးနောက် အချိန်မီမချေဖျက်နိုင်လျှင် ပေါက်ကွဲသေဆုံးနိုင်သည်။ သို့သော် ယဲ့ချန်က အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

အမွေးပွလေးသည်လည်း တအံ့တသြဖြစ်နေခဲ့သည်။ သူမက ယဲ့ချန်အနေဖြင့် ကောင်းကင်ချီများစွာကို အဘယ်ကြောင့် စုပ်ယူနိုင်ကြောင်း နားမလည်ခဲ့ပေ။

ယဲ့ချန်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။ အမှန်တရားတွင် သူက အစွမ်းထက်ခြင်းမရှိဘဲ ပိရှို့ကသာ အစွမ်းထက်ခြင်းဖြစ်သည်။ သူ၏စိတ်အတွင်း ဓားပျံတစ်ချောင်းရှိနေခြင်းကို ယဲ့ချန်က အမွေးပွလေးနှင့်ရှောင်ရိကို မရှင်းပြတတ်ပေ။ သူက ရှင်းပြလျှင်ပင် စိတ်ထဲ၌ ဓားတစ်ချောင်းရှိနေခြင်းကို မည်သူမှယုံမည် မဟုတ်ပေ။

နက်ခရိုရေကန်မှ စုပ်ယူထားသော ကောင်းကင်ချီများက ဓားပျံအတွင်းရှိ ချီပင်လယ်ကို အနည်းငယ်ပင်မလှုပ်ခတ်စေခဲ့ပေ။ ရာဝင်အိုးအတွင်း ကျလာသော ရေတစ်ပေါက်ပမာဏ ဖြစ်နေ၍ ယဲ့ချန်က ၎င်းတို့ကို ထပ်မံစုပ်ယူရန် မလိုတော့ပေ။

လက်ရှိတွင် အရေးကြီးဆုံးမှာ သူ၏ခွန်အားကို မြှင့်တင်ရန်သာဖြစ်သည်။ ပိရှို့အတွက် ကောင်းကင်ချီ ဖြည့်တင်းပေးရန် မလိုအပ်သေးပေ။

ယဲ့ချန်က ဆက်လက်ကျင့်ကြံနေပြီး တစ်နာရီအကြာတွင် ဝူစီ ပြန်ရောက်လာခဲ့သည်။ လက်ရှိတွင် သူက ရွှေရောင်ဆေးအိုးလေးတစ်ခုကို သယ်ဆောင်လာသည်။ ၎င်းက လူတစ်ယောက်၏ လက်ဖဝါးပမာဏသာရှိပြီး သာမန်ဆေးအိုးများ၏ ပုံစံငယ်တစ်ခု ဖြစ်သည်။ ၎င်းက အညစ်အကြေးများဖုံးအုပ်ပြီး အရောင်မထွက်သဖြင့် နက်ခရိုရေကန်အတွင်းမှ ရရှိလာခြင်းမဟုတ်လျှင် ယဲ့ချန်က လမ်းဘေးပစ္စည်းတစ်ခုဟု ထင်မြင်ပေလိမ့်မည်။

ဆေးအိုးကို ကောင်းကင်ရေစင်ဖြင့် သန့်စင်ပြီး ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ခဲ့ပေ။ ထို့ကြောင့် သူက ၎င်းကို အနာဂတ်၌ အသေးစိတ်စစ်ဆေးရန် လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်၏။

ထိုအချိန်တွင် ကောင်းကင်ထက်မှ အရုဏ်ဦးနေခြည် ကျဆင်းလာခဲ့သည်။ ယဲ့ချန်က ဤညတွင်ရခဲ့သော ရတနာများကြောင့် ကျေနပ်၍ ဝူစီကို ရတနာအမဲလိုက်ခြင်းအား တားမြစ်လိုက်သည်။

ယဲ့ချန်က အမွေးပွလေး၊ ရှောင်ရိ၊ ဝူစီတို့နှင့်အတူ နန်းတော်ထံ ပြန်လာခဲ့ကြသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ ဆရာရွှမ်းယီနှင့် ဆရာတူအစ်ကိုလီရှုက ဆေးလုံးများ ဖော်စပ်နေသည်ကို တွေ့ခဲ့ရသည်။

ရွှမ်းယီဖြစ်စေ လီရှုဖြစ်စေ ဆေးပညာကို စွဲလန်းနေသူများဖြစ်ကြသည်။ သူတို့က အပြင်လူများနှင့် ဆက်ဆံရမည့်အစား ဆေးဖော်စပ်ခြင်းကို ရွေးချယ်ပေလိမ့်မည်။

ယဲ့ချန်သည် ရွှမ်းယီနှင့်လီရှု၏ စေတနာကြောင့် ကျေးဇူးပြန်ဆပ်ရန် တွေးလိုက်မိသည်။ ဆေးပညာမဟာလမ်းစဥ်စာအုပ်က သူ့ခေါင်းအတွင်း ဝင်ရောက်လာခဲ့သည်။ ၎င်းအတွင်း၌ အဆင့်မြင့်ဆေးပညာများ မှတ်တမ်းတင်ထားသည်။ ထိုနည်းလမ်းများက ရှေးဟောင်းဆေးပညာကို မယှဥ်နိုင်သော်လည်း ရွှမ်းယီနှင့်လီရှုအတွက် အလွန်အသုံးဝင်နိုင်သည်။ ယဲ့ချန်အနေဖြင့် ရှေးဟောင်းဆေးပညာကို လက်ဆင့်ကမ်းလျှင်လည်း လီရှုနှင့်ရွှမ်းယီက အစစ်အမှန်ယန်မီးတောက်ကို မရှာနိုင်ပါက ကောင်းကျိုးရှိမည် မဟုတ်ပေ။ ကျန်တစ်ဖက်တွင် ဆေးပညာမဟာလမ်းစဥ်က သူတို့အတွက် အလိုအပ်ဆုံးဖြစ်နေခဲ့သည်။

ယဲ့ချန်က အနာဂတ်တွင် ဆေးဖော်စပ်ရာ၌ လေ့လာရန် မဟာဆေးလမ်းစဥ်စာအုပ်ကို လက်မောင်းကာအတွင်း အမြဲသိမ်းဆည်းထားခဲ့၏။ သူက ၎င်းကို ဆရာရွှမ်းယီထံငှားရမ်း၍ နောက်ထပ်စာအုပ်တစ်အုပ် ကူးယူစေမည်ဖြစ်သည်။

"ဆရာ အစ်ကိုလီ "

ယဲ့ချန်က ဆေးဖော်စပ်ခန်းအတွင်း ဝင်ရောက်၍ ရွှမ်းယီနှင့်လီရှုကို ဂါရဝပြုလိုက်သည်။

"ယဲ့ချန် မင်းရောက်လာပြီလား။ ငါက မင်းဖမ်းမိသမျှ ငါးတွေကို ဆေးဖော်စပ်ပြီးပြီ။ ငါ့ဆေးပညာလည်း အများကြီးတိုးတက်လာလို့ ကုန်ကြမ်းတွေအတွက် ကျေးဇူးတင်ပါတယ်"

ရွှမ်းယီက ဝမ်းမြောက်စွာဖြင့် ကြိုဆိုလိုက်၏။

အတိတ်တွင် ယဲ့ချန်သည် ရွှမ်းယီ၌ သက်တမ်းနှစ်၂၀နေထိုင်ရန်သာ ကျန်ရှိသော်လည်း အနားမယူဘဲ ဆေးပညာကို မနားမနေလေ့ကျင်နေသည်ကို နားမလည်ပေ။ ဆရာရွှမ်းယီ၌ ရင်သွေးမရှိသောကြောင့် အနီးကပ်ဆုံးဆွေမျိုးမှာ သူ၏တပည့်များသာ ဖြစ်သည်။

ဤဘဝတွင် ရွှမ်းယီအနှစ်သက်ဆုံးမှာ ဆေးပညာဖြစ်နိုင်သည်။ သူ့ကြောင့် အခြားလူများ အကျိုးဖြစ်မည်ကိုလည်း မနာလိုစိတ်မထားပေ။ ရွှမ်းယီက သူ၏ဝါသနာကို နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်ဦးမည် ဖြစ်လေသည်။

***

All Chapters