ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်
Vol. 86 Ch. 1188
“အမြီးခြောက်ချောင်း နတ်မြေခွေး”
အောင်းလု၏ မည်းမှောင်နေသော မျက်နှာထားက ရုတ်ခြည်း ဝင်းပသွားသည်။ ဤကဲ့သို့ အရေးကြီးနေသည့် အချိန်တွင် ထိုကဲ့သို့ စွမ်းအားကြီးစစ်ကူတစ်ယောက်က မိစ္ဆာမျိုးနွယ်ကို လာကူညီလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
အောင်းလုသည် ကောင်းကင်မြေခွေးမျိုးနွယ်ကို ယခင်ကတည်းက သိခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအတွင်း ကောင်းကင်မြေခွေးမျိုးနွယ်က စွမ်းအားကြီးမိစ္ဆာတစ်ကောင်ပင် မွေးထုတ်မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ကောင်းကင်မြေခွေးမျိုးနွယ်ကို စစ်ပွဲတွင် ပါဝင်ရန် မစည်းရုံးခဲ့ခြင်းပင်။ သို့သော် မမျှော်လင့်ထားပါဘဲနှင့် နတ်မြေခွေးတစ်ကောင်က လာရောက်ကူညီနေပေပြီ။ ထို့ပြင် ၎င်းမြေခွေးက အလွန်ငယ်ရွယ်ပေသည်။
ကောင်းကင်မြေခွေးမျိုးနွယ်မှ မြေခွေးများက အမြီးသုံးချောင်းနှင့် မွေးဖွာလာကြသည်။ ၎င်းတို့၏ အင်အားက မိစ္ဆာသားရဲများအကြားတွင် အကြီးဆုံးဟု ဆိုနိုင်သည်။ ထို့ပြင် အမြီးတစ်ချောင်း ထပ်ထွက်လာတိုင်း အင်အားက တစ်ဆင့် ပိုမြင့်သွားကြသည်။ အမြီးလေးချောင်းမြေခွေးက မိစ္ဆာဘုရင်များနှင့် အဆင့်တူသည်။ အမြီးငါးချောင်းမှာမူ မိစ္ဆာဧကရာဇ်ဖြစ်သည်။ အမြီးခြောက်ချောင်းမြေခွေးဆိုလျှင် နတ်မြေခွေးဖြစ်သွားကာ မိစ္ဆာအရှင်အဆင့်သို့ ရောက်သွားသည်။
ကောင်းကင်မြေခွေးများက ရန်သူအုပ်စုကို တစ်ချိန်တည်း တိုက်ခိုက်နိုင်သော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာအတတ်တစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ထိုမိစ္ဆာအတတ်ကို စိတ်ညှို့အတတ်ဟု ခေါ်သည်။ ကောင်းကင်မြေခွေးများသည် ထူးခြားသော ရနံ့တစ်ခုကို ထုတ်လွှတ်၍ လူများကို ညှို့နိုင်သည်။ အညှို့ခံလိုက်ရသူသည် ကောင်းကင်မြေခွေး၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားမည်ဖြစ်သည်။
မိစ္ဆာအရှင်အဆင့်ရှိသော ကောင်းကင်မြေခွေးတစ်ကောင်က မည်မျှ စွမ်းအားကြီးမည်နည်း။
အောင်းလုသည် ထိုမြေခွေးတစ်ကောင်ဖြင့်ပင် အခြေအနေကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်သည်။ ကောင်းကင်ဧကရာဇ် ဆယ်သန်းလောက်ကို ညှို့နိုင်လိုက်လျှင် သေချာပေါက် ရှုံးနိမ့်ရတော့မည့်အဖြစ်မှ ပြန်နိုင်သွားနိုင်သည်။ ထို့ကြောင့် အောင်းလုက အသက်ရှင်ကျန်နေသေးသော ဂုဏ်ပုဒ်ရ မိစ္ဆာအရှင်များထံသို့ အသံပို့လွှတ်လိုက်သည်။
“မင်းတို့အကုန်လုံး အဲ့မြေခွေးလေးကို ချက်ချင်း သွားကာကွယ်ကြ”
ဝှစ်...ဝှစ်...ဝှစ်...
အနက်ရောင်နတ်ဘုရားသည် အပြင်းအထန် ဒဏ်ရာရထားသော်လည်း ရှောင်ဖေးဆီသို့ ချက်ချင်း သွားလိုက်သည်။ ထိခိုက်ထားသော အရိပ်ဧကရာဇ်သည်လည်း အရိပ်နက်တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ဖေးထံ ပျံသန်းသွားသည်။ မိစ္ဆာအရှင် တစ်ဒါဇင်လောက်ကလည်း ရှောင်ဖေးထံ ဦးတည်သွားကြသည်။
ရှောင်ဖေးသည် မြေခွေးပုံစံ ပြောင်းပြီးသည်နှင့် မိစ္ဆာအတတ်ကို ထုတ်လိုက်သည်။ အလွန်သိပ်သည်းသော ပန်းရောင်မြူခိုးများ ထွက်လာသည်။ ထိုမြူခိုးများက ကီလိုမီတာရာကျော် အဝန်းအဝိုင်းကို လွှမ်းခြုံသွားသည်။ ထိုအဝန်းအဝိုင်းအတွင်းရှိ လူသား ကောင်းကင်ဧကရာဇ်အားလုံး မလှုပ်မရှားနိုင်ဖြစ်သွားသည်။ သို့သော် မိစ္ဆာမျိုးနွယ်များကမူ သက်ရောက်မှု မခံရပေ။
“အဲ့မြေခွေးလေးကို သတ်”
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် ကောင်းကင်ဧကရာဇ် တစ်သန်းက မလှုပ်နိုင်ဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကို တွေ့လိုက်သောအခါ ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုမြေခွေးလေးသာ ဆက်၍ တိုက်ခိုက်နေပါက ကောင်းကင်ဧကရာဇ် အားလုံး သေသွားပေလိမ့်မည်။ ထိုအခါကျလျှင် မရေမတွက်နိုင်သော မိစ္ဆာများ၏ ဝိုင်းတိုက်မှုကို ခံရကာ ထိုနေရာရှိ လူသားအားလုံး သေသွားမည်ဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
နတ်ဘုရားတစ်ပိုင်း အားလုံးက ရှောင်ဖေးဆီသို့ ပျံသန်းသွားလိုက်ကြသည်။ သူတို့ ထိုမြေခွေးလေးကို မသတ်နိုင်လျှင် သန်းဆယ်ချီသော လူသားတပ်သားများက အဆုံးမဲ့ပင်လယ်နက်ထဲတွင် သေရပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်း အားလုံးသည် အစွမ်းကုန်သုံးကာ တာအိုပုံသဏ္ဌာန်အမျိုးမျိုးကို အရှေ့သို့ အဆက်မပြတ် ပစ်လွှတ်လိုက်သည်။
“သေပေတော့...”
နောက်ဆုံးတွင် မြောက်ဘက်ဧကရာဇ်ကလည်း အစွမ်းကုန် ထုတ်လိုက်သည်။ သူ့လက်ထဲမှ ဓားရှည်က အဖြူရောင်အလင်း တောက်ပလာသည်။ ဓားယိမ်းသွားသောအခါ ပတ်ဝန်းကျင်မှ လေထုက တုန်ခါလာသည်။ စံအိမ်ကြီးတစ်ခု ပြိုကျ၍ အရပ်မျက်နှာအနှံ့သို့ အပျက်အစီးများ ကျဆင်းသွားသကဲ့သို့ပင်။ မြောက်ဘက်ဧကရာဇ်သည် အေးစက်စက် မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
“အာကာသအချုပ်အနှောင်... အကုန် သေပေတော့”
မြောက်ဘက်ဧကရာဇ်သည် ယခုမှ သူ၏ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ကို ပထမဆုံးအကြိမ် ထုတ်သုံးခြင်းဖြစ်သည်။ ယင်းမှာ မိုးမြေအမျိုးအစား အာကာသတာအိုပုံသဏ္ဌာန်ဖြစ်သည်။ ကြောက်စရာအကောင်းဆုံး အာကာသတာအိုပုံသဏ္ဌာန်လည်း ဖြစ်သည်။
ရုတ်တရက် ဓားရှည်က အရှေ့သို့ ပိုင်းချလိုက်သည်။ တုန်ခါနေသော အာကာပြင်ထဲတွင် ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ အာကာပြင်ပြိုပျက်နှုန်းက လျင်မြန်စွာ တိုးလာသဖြင့် အနက်ရောင်နတ်ဘုရား၊ အရိပ်ဧကရာဇ်၊ ရှောင်ဖေးနှင့် ဂုဏ်ပုဒ်ရ မိစ္ဆာအရှင် တစ်ဒါဇင်တို့က အချိန်မီ ပျံမပြေးနိုင် ဖြစ်သွားသည်။ သူတို့အားလုံး တွင်းနက်ကြီးထဲတွင် ပိတ်မိသွားကြသည်။
စွမ်းအားကြီး သိုင်းသမားများ၏ တိုက်ခိုက်မှုများက အာကာပြင်ကို စုတ်ဖြဲနိုင်ရာ နတ်ဘုရားတစ်ပိုင်းများက အာကာပြင်ထဲတွင် အာကာသတွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာအောင် လုပ်နိုင်သည်မှာ သဘာဝကျပေသည်။ အာကာပြင်က ၎င်းဘာသာ ပြန်ကောင်းလာနိုင်သည်။ ယင်းမှာ မိုးမြေစွမ်းအားနှင့် ဤလောကကို ကာကွယ်သည့် အာကာသစည်းမျဉ်းတို့ကြားမှ မျှခြေကြောင့်ဖြစ်သည်။ အကယ်၍ အာကာပြင်သာ ဆက်၍ စုတ်ပြဲသွားလျှင် တစ်လောကလုံး ပျက်စီးသွားမည် မဟုတ်ပါလော။
သို့သော်...
မြောက်ဘက်ဧကရာဇ်၏ တာအိုပုံသဏ္ဌန်ကြောင့် ဖြစ်ပေါ်လာသော အာကာသတွင်းနက်ကြီးက မပျောက်ကွယ်သွားသေးပေ။ ရှောင်ဖေး၊ အရိပ်ဧကရာဇ်၊ အနက်ရောင်နတ်ဘုရားနှင့် မိစ္ဆာအရှင် တစ်ဒါဇင်တို့က တွင်းနက်ထဲတွင် မလှုပ်မရှားနိုင်ဘဲ ပိတ်မိနေကြသည်။ ပတ်ဝန်းကျင်မှ အာကာပြင်ကလည်း ချုပ်နှောင်ခံထားရပုံပေါ်သည်။
“တိုက်ကြ... သူတို့အကုန်လုံးကို သတ်ပစ်ကြ”
မြောက်ဘက်ဧကရာဇ်က အော်၍အမိန့်ပေးလိုက်သည်။ နတ်ဘုရားတစ်ပိုင်းများက တိုက်ခိုက်မှုများကို ဆက်၍ ထုတ်လွှတ်လိုက်ကြသည်။ တွင်းနက်ထဲတွင် ပိတ်မိနေသူများက သက်ရှိပစ်မှတ်များ ဖြစ်လာပြီဖြစ်၍ ယခုက သူတို့ကို သတ်ပစ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
“ဟွန်း...”
အောင်းလုက နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်အလင်း တောက်ပလာသည်။ ထို့နောက် ဧရာမလိပ်အိုကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။
လိပ်အိုကြီး၏ ဦးခေါင်းနှင့် ခြေလက်များက လိပ်ခွံထဲသို့ ဝင်သွားသည်။ ပေတစ်ထောင်ကျယ်သော လိပ်ခွံကြီးက ဧရာမဒိုင်းကြီးတစ်ခုအလား အောက်ဘက်သို့ ကျဆင်းသွားသည်။ ၎င်းက တွင်းနက်အရှေ့တွင် ပိတ်ဆို့လိုက်ပြီး လူသားများ၏ တိုက်ခိုက်မှုအားလုံးကို ခံရန် ဟန်ပြင်လိုက်သည်။
“ဟားဟားဟား... အောင်းလု... နောက်ဆုံးတော့ ခင်ဗျားရဲ့ ပုံစံအစစ်အမှန်ကို ထုတ်ပြပြီပေါ့။ အရမ်းကောင်းတယ်... ကျုပ်လည်း စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို သုံးမယ်။ ခင်ဗျားရဲ့ အခွံက ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့”
တိုက်ပွဲဧကရာဇ်က အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ လက်ထဲတွင်လည်း အနက်ရောင်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ လှံက ဆယ်ပေရှည်ကာ ငွေရောင်တောက်ပနေသည်။ ၎င်းကို ရှေးဟောင်း တာအိုပုံသဏ္ဌာန်များက လွှမ်းခြုံထား၍ ၎င်းထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်နေသည်။ တိုက်ပွဲဧကရာဇ်က လှံကို ယမ်းလိုက်ရာ ပတ်ဝန်းကျင် အာကာပြင်က တုန်ခါသွားသည်။ အံ့အားသင့်ဖွယ်ပင်။
“ထိပ်တန်းမူလရတနာ ဆယ်ခုထဲက စွမ်းအားအကြီးဆုံး ကမ္ဘာဦးနတ်ဘုရားလှံ”
ထိုနေရာရှိ နတ်ဘုရားတစ်ပိုင်းအချို့ စိတ်လှုပ်ရှားသွားသည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ထိပ်တန်းမူလရတနာဆယ်ခုရှိသည်အထဲမှ ကမ္ဘာဦးနတ်ဘုရားလှံက စွမ်းအားအကြီးဆုံးဖြစ်သည်။ ထိုလှံက ဆန်းကြယ်ဧကရာဇ်၏ ဆရာသခင် အသုံးပြုခဲ့သော လက်နက်ဖြစ်သည်။ ၎င်းက စွမ်းအားအကြီးဆုံး ရှေးဟောင်းအသုံးအဆောင်ပင်။
သို့သော် ထိုလှံသည် ဆန်းကြယ်နတ်ဘုရားဓားလောက်တော့ စွမ်းအားမကြီးသေးပေ။ ဆန်းကြယ်နတ်ဘုရားဓားက မတူကွဲပြားသော နတ်ဘုရားအသုံးအဆောင်ဖြစ်သည်။
တိုက်ပွဲဧကရာဇ်၏လှံက ယိမ်းထိုးနေသည်။ လေများ၊ တိမ်များ စုဝေးလာသည်။ ကောင်းကင်မြည်ဟည်းသံကြီးလည်း ထွက်ပေါ်လာကာ ပင်လယ်ပြင်တွင် လှိုင်းထန်သွားသည်။ တိုက်ပွဲဧကရာဇ်နှင့် လှံသည် အနက်ရောင်အလင်းတန်းတစ်ခု ဖြစ်သွားပြီး အောင်းလု၏ လိပ်ခွံကြီးဆီသို့ ပျံသန်းသွားသည်။ တိုက်ပွဲဧကရာဇ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မိစ္ဆာဖျက်လှံ...”
ဝုန်း...ဝုန်း...ဝုန်း....
ထိုမိစ္ဆာဖျက်လှံက မိုးမြေအမျိုးအစား အဖျက်တာအိုပုံသဏ္ဌာန်ဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အနက်ရောင်အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာအားလုံး ပျက်စီးသွားသည်။ သို့သော် အာကာပြင်တွင် မည်သည့်အက်ကြောင်းမှ ထင်မလာပေ။ ထိုလှံက နတ်ဘုရားတစ်ပိုင်း အားလုံးကို ရင်တုန်သွားစေသည်။ ၎င်းက အရာအားလုံးကို ဖျက်ဆီးနိုင်သကဲ့သို့ပင်။
အဖျက်တာအိုပုံသဏ္ဌာန်များ၏ တိုက်ခိုက်စွမ်းအားက အကြမ်းတမ်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော တိုက်ခိုက်မှုအားလုံးက အရာအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်၍ပင်။ ထို့ပြင် ၎င်းက ကြယ်ကိုးပွင့်အဆင့် ဖြစ်သည်။ အဖျက်တာအိုပုံသဏ္ဌာန်များထဲတွင် စွမ်းအားအကြီးဆုံးပင်။ ၎င်းသည် အဖျက်တာအိုပုံသဏ္ဌာန်အားလုံး၏ နောက်ကွယ်မှ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ကို ဖော်ဆောင်သည်။
ထိုအခိုက်တွင် တိုက်ပွဲတစ်ခုလုံး ရပ်တန့်သွားသလိုပင်။
မိစ္ဆာများနှင့် လူသားများသည် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန် မေ့လျော့သွားကြပြီး တိုက်ခိုက်မှုများကို ရပ်လိုက်ကြသည်။ သူတို့၏အကြည့်က ထိုကြောက်မက်ဖွယ်လှံပေါ်တွင် သံမှိုဆွဲထားသည်။ အောင်းလုသာ ထိုတိုက်ခိုက်မှုကို မခုခံနိုင်လျှင် သေချာပေါက် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ အရိပ်ဧကရာဇ်၊ ရှောင်ဖေးနှင့် အခြားသူများအားလုံးလည်း သေသွားမည်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်လည်း အဆုံးသတ်သွားပေမည်။
ဝုန်း...
အနက်ရောင်အလင်းတန်းက အောင်းလု၏ လိပ်ခွံကြီးကို ထိမှန်သွားသည်။ ထိုအခိုက်တွင် အားလုံးသည် ရင်ထဲ မအီမသာ ဖြစ်သွားကြသည်။ ယင်းမှာ ပေါက်ကွဲသံကြောင့်မဟုတ်။ ခံစားချက်တစ်ခုသာ။ သူတို့သည် ဧရာမ တောင်ကြီးတစ်လုံးက ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်က သူတို့၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။
ဖျစ်...ဖျစ်...
လိပ်ခွံကြီး၏ တစ်စိတ်တစ်ပိုင်းက အနက်ရောင်အလင်းတန်း ထိမှန်ခံလိုက်ရ၍ အက်ကြောင်းများ ထင်လာသည်။ အက်ကြောင်းများက လိပ်ခွံအဆုံးသို့ပင် ရောက်သွားသည်။ အနက်ရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး တိုက်ပွဲဧကရာဇ်က သူ့မူလနေရာတွင် ပြန်ပေါ်လာသည်။ သို့သော် လိပ်ခွံကြီးက မကွဲသွားသေးပေ။
“မယုံနိုင်စရာပဲ”
မိစ္ဆာမျိုးနွယ်သာမက လူသားမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများအားလုံး ရင်ခုန်ရပ်သွားကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် လှံချက်ကို အောင်းလုက ခုခံနိုင်ခဲ့သည်လော။ လိပ်ခွံကြီးက အက်ကြောင်းများထင်သွားသော်လည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်မသွားပေ။ အခြားသူသာဆိုလျှင် ထိုလှံချက်ကို ခံနိုင်မည် မဟုတ်ချေ။
ဝုန်း...ဝုန်း...ဝုန်း...
မိစ္ဆာဧကရာဇ်၊ ဓားဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြား နတ်ဘုရားတစ်ပိုင်း အားလုံး၏ တိုက်ခိုက်မှုများကလည်း လိပ်ခွံကြီးထံ ရောက်ရှိသွားသည်။ သို့သော် လိပ်ခွံကြီးက ကွဲမကွာသေးချေ။ အက်ကြောင်းများကတော့ ပိုနက်လာသည်။ နောက်တစ်ချက် ထိမှန်ခံလိုက်ရလျှင် ကွဲထွက်သွားတော့မလိုပင်။
“ဖူး...”
ဧရာမလိပ်ခွံကြီးက အနက်ရောင်အလင်း လက်ကာ ပျောက်ကွယ်သွားပြီး အောင်းလု ပြန်ထွက်ပေါ်လာသည်။ သူက သွေးအန်လိုက်ပြီး တိုက်ပွဲဧကရာဇ်ကို သရော်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ်... ခင်ဗျားရဲ့ တိုက်ခိုက်မှုက နည်းနည်းလိုနေသေးတယ်။ ခင်ဗျားက အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နံပါတ်(၁)ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူးပဲ”
“ဟားဟားဟား...”
တိုက်ပွဲဧကရာဇ်က ခွက်ထိုးခွက်လန် ရယ်လိုက်သည်။ သူ့လက်ထဲမှ ကမ္ဘာဦးနတ်ဘုရားလှံကလည်း ထပ်မံ လင်းလက်လာသည်။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။
“အောင်းလု... ခင်ဗျားရဲ့ လိပ်ခွံကြီးက အက်နေပြီ။ ခင်ဗျား တိုက်ခိုက်မှု ဘယ်နှစ်ခုလောက် ထပ်ခံနိုင်ဦးမှာလဲ”
ဝုန်း...
အောင်းလုက သူ့အနောက်ရှိ တွင်းနက်ကြီးဆီသို့ လက်ဝါးရိုက်ချက်တစ်ချက် ရိုက်လွှတ်လိုက်သည်။ ထိုတွင်းနက်ကြီးက စွမ်းအားကြီး မိစ္ဆာများစွာကို ချုပ်နှောင်ထားသည်။ အောင်းလု၏ လက်ဝါးရိုက်ချက် ရောက်သွားသောအခါ တွင်းနက်ကြီးက လုံးဝပျက်စီးသွားလေသည်။ ထို့နောက် အောင်းလုက ခပ်သဲ့သဲ့ ပြုံးကာ ပြောလိုက်သည်။
“မခံနိုင်ရင်လည်း သေလိုက်ရုံပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်ကို ရှင်းပစ်ချင်တယ်ဆိုရင် ကျုပ်တို့နဲ့ အတူ လိုက်သေဖို့ ပြင်ဆင်ထားပေတော့”
***