ကောင်းကင်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး
Vol. 86 Ch. 1189
“တိုက်ခိုက်ကြ”
မြောက်ဘက်ဧကရာဇ်က ဓားရှည်ကို ယမ်း၍ အော်ပြောလိုက်ပြီး တွင်းနက်ကြီးနောက်တစ်တွင်းကို ထပ်မံဖန်တီးလိုက်သည်။ အောင်းလုက အစောမှ တိုက်ခိုက်မှုကို ခံနိုင်ခဲ့သည်။ သို့သော် သူ အကြိမ်မည်မျှ ဆက်ခံနိုင်ပါမည်နည်း။ မြောက်ဘက်ဧကရာဇ်က ရှောင်ဖေး၊ အရိပ်ဧကရာဇ်နှင့် အခြားသူများကို ချုပ်နှောင်၍ သက်ရှိပစ်မှတ်များအဖြစ် ပြောင်းပစ်ရန် အာကာသအချုပ်အနှောင်ကို အဆက်မပြတ် ဖန်တီးနိုင်သည်။ တိုက်ပွဲဧကရာဇ်ကလည်း မရပ်မနား တိုက်ခိုက်နိုင်သည်။ အောင်းလုက တိုက်ခိုက်မှုများကို အကြိမ်မည်မျှ ခုခံနိုင်မည်နည်း။
ရွှီး...ရွှီး...
အာကာပြင်ထဲတွင် ဧရာမတွင်းနက်ကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ မြောက်ဘက်ဧကရာဇ်သည် အောင်းလုကို မချုပ်နှောင်လိုပေ။ အောင်းလုက ၎င်းကို အလွယ်တကူ ဖောက်ထွက်နိုင်သဖြင့် အပိုသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှောင်ဖေး၊ အရိပ်ဧကရာဇ်နှင့် အခြားသူများကိုသာ ဆက်၍ ပစ်မှတ်ထားလိုက်သည်။ အောင်းလုက တိုက်ခိုက်မှုများကို ဝင်ကာမပေးနိုင်လျှင် ရှောင်ဖေး သေသွားမည်ဖြစ်သည်။ ရှောင်ဖေးသေလျှင် စစ်ပွဲပြီးပေပြီ။
အောင်းလုသည် မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့၏ အကြံအစည်ကို သိ၏။ သို့သော် သူ ဘာများလုပ်နိုင်မည်နည်း။ အနက်ရောင်နတ်ဘုရား၊ အရိပ်ဧကရာဇ်နှင့် အခြားမိစ္ဆာအရှင်များအားလုံးက အပြင်းအထန် ဒဏ်ရာရထားကြသည်။ မြေခွေးလေးကလည်း အလွန်ငယ်သေးသည်။ ရှောင်ဖေးက မိစ္ဆာအရှင်အဆင့်သို့ ရောက်ခါစသာ ရှိလောက်သေးသည်။ သူမ၏ တိုက်ခိုက်စွမ်းအားနှင့် တိုက်ပွဲအတွေ့အကြုံက လိုအပ်ချက်များစွာ ရှိနေသည်။ အောင်းလုသာ သူမကို ကာကွယ်ပေးမနေပါက သူမ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပေလိမ့်မည်။ ရှောင်ဖေးသေသွားလျှင် မည်သည့်မျှော်လင့်ချက်မှ ကျန်တော့မည် မဟုတ်ပေ။
ကူကယ်ရာမဲ့နေပေပြီ။
လူသားနတ်ဘုရားတစ်ပိုင်းများက အဆက်မပြတ် တိုက်ခိုက်နေကြသည်။ မြောက်ဘက်ဧကရာဇ်ကလည်း အာကာသအချုပ်အနှောင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ထုတ်နေသည်။ အောင်းလုသည် သူ၏ခန္ဓာကိုယ်အစစ်ကို သုံး၍သာ အားလုံးကို ကာပေးထားရသည်။ သို့သော် အစောတွင် လိပ်ခွံကြီးက အက်ကြောင်းထင်ခဲ့ပြီးဖြစ်သည်။ အချို့အက်ကြောင်းများက ပြန်ကောင်းလာပြီဖြစ်သော်လည်း လိပ်ခွံ၏ ခုခံစွမ်းအားကတော့ သိသိသာသာ လျော့ကျသွားသည်။ တိုက်ပွဲဧကရာဇ်၏ ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန် တိုက်ခိုက်မှုများနှင့် ကျန်နတ်ဘုရားတစ်ပိုင်းများ၏ တိုက်ခိုက်မှုများကို သုံးကြိမ် ခံပြီးနောက်တွင် လိပ်ခွံကြီးက ကွဲထွက်လုနီးပါး ဖြစ်လာသည်။
လိပ်ခွံအတွင်းမှာ အသားကိုပင် မြင်လာရပေပြီ။ ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန် တိုက်ခိုက်မှုနှင့် ကြယ်ခုနစ်ပွင့်၊ ရှစ်ပွင့် နတ်ဘုရားတစ်ပိုင်းများ၏ တိုက်ခိုက်မှုများကို သုံးချီခံနိုင်ခဲ့သည်ကို ကြည့်၍ အောင်းလု၏ ခံစစ်က အမှန်ပင် နံပါတ်(၁)ဟု ဆိုနိုင်သည်။ သို့သော် အောင်းလုတစ်ယောက် ထပ်မခံနိုင်တော့ပေ။ လိပ်ခွံက အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်နှင့် သူ သေရပေလိမ့်မည်။ အောင်းလု သေလျှင် စစ်ပွဲက အနည်းနှင့်အများဆိုသလို ပြီးဆုံးသွားမည်ဖြစ်သည်။
“အားလုံး ဖြန့်ကျက်ပြီး သတ်နိုင်သမျှ သတ်ကြ”
အောင်းလုသည် ဆန်းကြယ်သိုင်းမြို့သို့ ထပ်၍ ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထို့နောက် ရှောင်ဖေးတို့ကို ချုပ်နှောင်ထားသော အာကာသအချုပ်အနှောင်ကို ဖျက်ဆီးလိုက်ပြီး တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများထံ ပျံသန်းသွားလိုက်သည်။ သူသည် သတ်နိုင်သမျှ သတ်၍ အသေခံရန် ဆုံးဖြတ်လိုက်ပေပြီ။
“အာ...”
ပေထောင်ကျော် ပျံသန်းပြီးနောက်တွင် အောင်းလု၏ ဧရာမလိပ်ခေါင်းကြီးက ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်သည်။ နွားတစ်ကောင်ထက် ကြီးသော မျက်ဝန်းများထဲတွင် ဝမ်းသာမှုဖြင့် ပြည့်နှက်သွားသည်။ သူ ရယ်ကာ ပြောလိုက်လေသည်။
“ဟားဟားဟား... မိစ္ဆာမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိသေးတယ်။ နောက်ဆုံးတော့ အဲ့ကောင်မလေးက အခန်းအောင်း ကျင့်ကြံတာကနေ ထွက်လာပြီပေါ့”
“အန်...”
ဖြန့်ကျက်ရန် ဟန်ပြင်နေကြသော အနက်ရောင်နတ်ဘုရားတို့သည် အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်ကြ၏။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများကလည်း အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ မကြာခင်မှာပင် သူတို့ မျက်မှောင်ကြုတ်သွားသည်။ တိုက်ပွဲဧကရာဇ်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
“အဲ့အမြန်နှုန်း... လူသားတစ်ယောက်က တကယ်ပဲ အဲ့လောက်မြန်နိုင်တယ်လား”
ရှောင်ဖေးကလည်း လှည့်ကြည့်လိုက်သည်။ သူမ၏မျက်နှာကလေး ဝင်းပသွားသည်။ သူမ လက်နှစ်ဘက် ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“မမရှောင်နူ... သမီးက ရှောင်ဖေးပါ”
ဝှစ်...
အရှေ့ဘက်မှနေ၍ အစိမ်းရောင်အရိပ်တစ်ခု ပျံသန်းလာသည်။ ထိုအရိပ်သည် အစောတွင် ကီလိုမီတာငါးထောင်အကွာတွင် ရှိနေခဲ့သော်လည်း ယခုတွင် အားလုံး၏ မြင်ကွင်းထဲသို့ ရောက်လာသည်။ အရိပ်စိမ်းကလည်း တဖြည်းဖြည်း ရှင်းလင်းလာသည်။
ထိုအရိပ်စိမ်းမှာ အလွန်လှပသော မိန်းမပျိုလေးတစ်ယောက်ပင်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ နောက်ကျောတွင် ဧရာမ အစိမ်းရောင်တောင်ပံကြီးတစ်စုံရှိနေပြီး ဆံပင်ကလည်း အစိမ်းရင့်ရောင်ဖြစ်သည်။ မျက်လုံးများက အစိမ်းရောင်အလင်း တောက်ပနေသည်။ လက်နှစ်ဘက်လုံးမှ လက်သည်းများကလည်း အစိမ်းရောင်အလင်း ထုတ်လွှတ်နေသည်။ ကြည့်မိသူတိုင်း ရင်တုန်သွားရသည်။
ကျန်းရှောင်နူက အခန်းအောင်း ကျင့်ကြံရာမှ ထွက်လာပေပြီ။
ဝှစ်...
ကျန်းရှောင်နူသည် အလွန်လျင်မြန်စွာ ပျံသန်းလာ၏။ ထိုအမြန်နှုန်းက မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်နှင့် အောင်းလု၏ အမြန်နှုန်းတို့ထက် ပိုမြန်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမက ရှောင်ဖေးအနီးသို့ ရောက်သွားပြီး ရှောင်ဖေးကို ပွေ့သယ်လိုက်သည်။ ထို့နောက် အောင်းလုကို ကြည့်ကာ ပြောလိုက်သည်။
“အရှင်အောင်းလု... ကျွန်မ အခန်းအောင်း ကျင့်ကြံတာကနေ ထွက်လာပါပြီ။ အခု သခင်လေး ဘယ်မှာရှိနေလဲဆိုတာကို ကျွန်မကို ပြောပြလို့ရပြီလား”
“အာ...”
အောင်းလုသည် ကျန်းရှောင်နူက ယခုကဲ့သို့သော အချိန်တွင် ထိုမေးခွန်းကို မေးလိမ့်မည်ဟု မျှော်လင့်မထားပေ။ လက်ရှိအခြေအနေက မည်မျှ အရေးကြီးနေပါသနည်း။ ထိုမေးခွန်းကို မမေးခင် အခြေအနေများ တည်ငြိမ်သွားသည်အထိ မစောင့်နိုင်သလော။ ထိုကောင်မလေးသည် အသက်အနည်းငယ် ကြီးလာသော်လည်း အကျင့်မှာ ယခင်ကအတိုင်းပင်။
“အဲ့ကောင်မလေးကို သတ်ကြ”
မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့က အကြည့်ချင်းဖလှယ်လိုက်၏။ ကျန်းရှောင်နူထံမှ အန္တရာယ်အငွေ့အသက်များ ရနေပေသည်။ ထို့ကြောင့် နှစ်ယောက်စလုံး အော်ကာ အမိန့်ပေးလိုက်သည်။ မြောက်ဘက်ဧကရာဇ်က အာကာသအချုပ်အနှောင်ကို ထုတ်လွှတ်လိုက်ပြီး ကျန်းရှောင်နူနှင့် ရှောင်ဖေးတို့နှစ်ယောက်စလုံးကို ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ တိုက်ပွဲဧကရာဇ်ကလည်း ထိုနှစ်ယောက်ကို သတ်ရန် ဟန်ပြင်လိုက်သည်။
အာကာပြင်က ထပ်မံ တုန်ခါလာပြီး အက်ကြောင်းများ ထလာသည်။ အက်ကြောင်းများက ကျန်းရှောင်နူထံသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ပြန့်ကားသွားသည်။ ကျန်းရှောင်နူက အေးစက်စက် မျက်နှာထားဖြင့် အတောင်ပံများ ဖြန့်ကာ အစိမ်းရောင်အလင်းတန်းတစ်ခုအလား ရှောင်ထွက်သွားသည်။ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်သည်ပင် သူမကို မထိမှန်ခဲ့ပေ။
“မမရှောင်နူ... သူတို့က လူဆိုးတွေ၊ သူတို့အားလုံးကို သတ်လိုက်ပါ”
ရှောင်ဖေး၏ အသံစူးစူးလေး ထွက်ပေါ်လာသည်။ ကျန်းရှောင်နူက ငါးဆယ်ကီလိုမီတာအကွာသို့ ရောက်သွားသည်။ သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများ ရှိနေသည်။ သူမ၏ဦးနှောက်လေးက ကိစ္စများစွာကို မတွေးတောလိုပေ။ တစ်ယောက်ယောက်က သူမကို သတ်ရန် လုပ်လျှင် သူမက ထိုသူကို ညှာမည်မဟုတ်။ အကယ်၍ တစ်စုံတစ်ယောက်က ကျန်းရီကို တိုက်ခိုက်မည်ဆိုလျှင် သူမသည် လေဖြုန်းမနေတော့ဘဲ အရင်သတ်ကာ နောက်မှပြောမည်ဖြစ်သည်။
ဝှစ်...ဝှစ်...
ထိုအခိုက်တွင် ကျန်းရှောင်နူသည် စကားတစ်ခွန်းမှ မပြောဘဲ အစိမ်းရောင်အရိပ်အဖြစ် ထပ်မံပြောင်းလဲ၍ လူသားစစ်တပ်ထဲသို့ ပျံဝင်သွားသည်။ အမြန်နှုန်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အရိပ်ကို လှစ်ခနဲသာ မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ အရှေ့တွင် သူမ ပြန်ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်းအနေဖြင့် ပြန်ပင် မတုံ့ပြန်နိုင်လိုက်ပေ။ သူမ၏ ထက်ရှသော လက်သည်းများက သူ့နတ်ဘုရားဒိုင်းကို စုတ်ဖြဲသွားပေပြီ။
ရွှက်...ရွှက်...
ကျန်းရှောင်နူ၏ အစိမ်းရောင် တောက်ပနေသော လက်သည်းချက်တစ်ချက်က နတ်ဘုရားတစ်ပိုင်း၏ နတ်ဘုရားဒိုင်းကို လင်းလက်သွားစေသည်။ သို့သော် ထိုအလင်းက ချက်ချင်း ပြန်မှိတ်သွားပြီး နတ်ဘုရားဒိုင်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ နတ်ဘုရားတစ်ပိုင်းသည် တိုက်ကွက်ပြင်ရန်ပင် အချိန်မရလိုက်ဘဲ ကျန်းရှောင်နူ၏ လက်သည်းစာမိကာ ခေါင်းပြတ်သွားသည်။
ရှူး...
ပင့်သက်ရှိုက်သံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ နှစ်ယောက်စလုံး ကျောစိမ့်သွားသည်။ ကျန်းရှောင်နူ၏ ပျံသန်းနှုန်းက အလွန်မြန်သည်။ တိုက်ခိုက်မှုက ပိုပင် မြန်သည်။ လက်သည်းများကလည်း သေစေနိုင်သည်။ ထိုနတ်ဘုရားတစ်ပိုင်းက ကြယ်ခြောက်ပွင့်အဆင့်သာ ရှိသော်လည်း သူ့နတ်ဘုရာဒိုင်း၏ စွမ်းအားက မဆိုးလှပေ။ သို့သော် ၎င်းသည် ကျန်းရှောင်နူ၏ လက်သည်းချက်အောက်တွင် ပါးလျသောစက္ကူစလေးတစ်စအလား စုတ်ပြဲသွားသည်။
ဝှစ်...
ကျန်းရှောင်နူသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို သတ်လိုက်သော်လည်း တစ်ချက်မှ မျက်နှာထားပြောင်းမသွားပေ။ သူမသည် အစိမ်းရောင်အရိပ်အဖြစ် ပြောင်းလဲကာ နောက်ထပ်ပစ်မှတ်တစ်ခုထံသို့ ဦးတည်သွားလိုက်သည်။ သူမက ရိုးသားသော်လည်း အရူးမဟုတ်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့က အလွန်အန္တရာယ်များကြောင်း သိသည်။ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားဧကရာဇ်များကိုလည်း သတ်ရန် လွယ်မည်မဟုတ်ပေ။ ထို့ကြောင့် ကြယ်ခြောက်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများကိုသာ ပစ်မှတ်ထားလိုက်သည်။
ဝုန်း...ဝုန်း...
ဆယ့်ငါးစက္ကန့်အတွင်းမှာပင် အခြားနတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် အသတ်ခံလိုက်ရသည်။ ကျန်းရှောင်နူ၏ အစိမ်းရောက် လက်သည်းများက သေမင်း၏ တံစဉ်ကြီးကဲ့သို့ပင်။ အလွန်ကြောက်မက်ဖွယ်ကောင်းကာ တားဆီး၍ မရပေ။
“ပြန်ဆုတ်ကြ...”
လူသားနတ်ဘုရားတစ်ပိုင်းများ တုန်လှုပ်နေကြသည်။ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားသူများပင် ကြောက်ရွံ့နေကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် သေစေလောက်သော တိုက်ခိုက်မှုများကို မည်သူက ခုခံနိုင်မည်နည်း။ လူများသည် ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရဘဲ အသတ်ခံနေရသည်။
ကျန်းရှောင်နူ၏ ပွေ့ချီမှုကို ခံထားရသော ရှောင်ဖေးကလည်း စတင် တိုက်ခိုက်လိုက်သည်။ သူမသည် အမြီးခြောက်ချောင်းကို ယမ်းကာ ပန်းရောင်မြူခိုးများ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ဧကရာဇ်များသည် နတ်ဘုရားဒိုင်းများ ထုတ်ထားသော်လည်း ပန်းရောင်မြူခိုး၏ လွှမ်းခြုံမှုကို ခံလိုက်ရသောအခါ မလှုပ်နိုင်ကြတော့ပေ။
ဤတစ်ခေါက်တွင် နတ်ဘုရားတစ်ပိုင်းများသာမက လူသားစစ်တပ်တစ်ခုလုံး ရှုပ်ထွေးသွားသည်။ ကျန်းရှောင်နူနှင့် ရှောင်ဖေး၊ လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင်၊ သူမတို့က လူသားစစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။ သို့ဖြစ်ရာ မည်သည့်တိုက်ပွဲကို တိုက်ရဦးမည်နည်း။ ကောင်းကင်ဧကရာဇ်အားလုံး အညှို့ခံလိုက်ရလျှင် သူတို့သည် မြေခွေးလေး၏ ရုပ်သေများ ဖြစ်သွားကာ လူသားများကို ပြန်တိုက်ခိုက်မည်ဖြစ်သည်။
မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သက်တန့်အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲကာ ကျန်းရှောင်နူနောက်သို့ လိုက်သွားကြ၏။ သူတို့နှစ်ယောက်သည် အောင်းလု၊ အနက်ရောင်နတ်ဘုရားနှင့် အခြားမိစ္ဆာအရှင်များကို သတ်ရန် အာရုံမထားတော့ပေ။ ကျန်းရှောင်နူနှင့် ရှောင်ဖေးကို သတ်နိုင်မှာ တိုက်ပွဲကို ဆက်နိုင်မည် ဖြစ်သည်။
သို့သော်...
နှစ်ယောက်သား စတင် လိုက်လိုက်သည်နှင့် အံ့အားသင့်သွားရသည်။ သူတို့၏ အမြန်နှုန်းက ကျန်းရှောင်နူကို မမီပေ။ ထို့ပြင် ကျန်းရှောင်နူက လူသားစစ်တပ်ကြားတွင် ရှိနေသဖြင့် သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်၍ မရဖြစ်နေသည်။ မဟုတ်လျှင် လူသားစစ်တပ်က မြေစာပင် ဖြစ်သွားပေလိမ့်မည်။
‘ငါတို့တော့ သွားပြီ’
သူတို့နှစ်ယောက်သည် ကီလိုမီတာ ဒါဇင်အနည်းငယ် လိုက်ပြီးတော့ လက်လျှော့လိုက်ကြသည်။ အနိုင်က လက်တစ်ကမ်းအကွာတွင် ရှိနေချိန်တွင် မိန်းမပျိုလေးတစ်ယောက်နှင့် မြေခွေးလေးတစ်ကောင်ကြောင့် အခြေအနေတစ်ခုလုံး ပြောင်းပြန်လှည့်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားပေ။
“ကျန်းရှောင်နူ ရပ်လိုက်”
မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာနှင့် အခြားစွမ်းအားကြီး သိုင်းပညာရှင်များက ကူကယ်ရာမဲ့နေချိန်တွင် အနောက်ဘက်မှနေ၍ နူးညံ့သော မိန်းမအသံလေးတစ်သံ ထွက်ပေါ်လာသည်။ ရှင်းမုန့်ဝမ်က ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်ကို ခေါ်၍ ရုတ်တရက် ရောက်လာသည်။ သူမက အလွန်လှပပြီး သူမ၏ မျက်နှာလေးမှနေ၍ နူးညံ့သိမ်မွေ့သော အရောင်အဝါ တောက်ပနေသည်။ သူမ၏ ဝတ်စုံဖြူကလည်း တဖျပ်ဖျပ် ဝဲလွင့်နေသည်။ သူမသည် ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးကဲ့သို့ပင်။
ရှင်းမုန့်ဝမ်က တိုက်ပွဲအလယ်သို့ သွား၍ ကျန်းရှောင်နူကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“လူသားတစ်ယောက်အနေနဲ့ မင်းက မိစ္ဆာမျိုးနွယ်ကို ကူညီပြီး ကိုယ့်မျိုးနွယ်ကို ပြန်သတ်နေတာလား။ မင်းက သစ္စာဖောက်တဲ့ လုပ်ရပ်ကို ကျူးလွန်ပြီး ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ တကယ်လို့ မင်း နောင်တမရဘူးဆိုရင် ကောင်းကင်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
***