← Chapters

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ

Vol. 84 Ch. 1168

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ

Vol. 84 Ch. 1168

မဟာဖျက်စီးရေး ပညာရပ် ထုတ်ဖော်ပြီးသောကြောင့် မိုဝူကျိက ထိုနေရာသို့ မဝင်သွားလိုတော့ပေ။ ပျက်စီးနေသည့် စည်းမျည်းများနှင့် နေရာတစ်ခုအတွင်း သူ ဝင်သွားသည်နှင့် တစ်ခါတည်း ဆွဲခေါ်သွားမည်ကို မည်သူ သိမည်နည်း။ အကယ်၍ အချိန်စက်ဝန်းပြားက သူ့တည်နေရာကို ပြသနိုင်သေးလျှင် အဆင်ပြေဦးမည် ဖြစ်သော်လည်း အချိန်စက်ဝန်းပြားက မလုပ်နိုင်လျှင် ဟင်းလင်းပြင်အတွင်း နှစ်များစွာ ကျင်လည်နေရလိမ့်မည်။

မိုဝူကျိက တစ်ယောက်တည်းဆိုပါက ဟင်းလင်းပြင်အတွင်း နှစ်များစွာ လျှောက်သွားဖို့ရာ စိတ်ထဲ မထားပေ။ သူ မည်သည့်နေရာသို့ သွားသွား ကျင့်ကြံနိုင်၍ ဖြစ်သည်။ သို့သော်လည်း သူ့ကို စောင့်ဆိုင်းနေသည့် ကိစ္စများစွာ ရှိနေသေး၏။ ဝိဇ္ဇာထန်းဟန်၏ ကပ်ဘေးတစ်ခုတည်းက သူ့အား နတ်ဘုရားကမ္ဘာမှ ထွက်မသွားစေဖို့ လုံလောက်နေလေပြီ။

ဤသို့ အကျိုးအကြောင်းမဆင်ခြင်သည့် ဝိဇ္ဇာထန်းဟန် ရှိနေခြင်းက ဂိုဏ်းတစ်ခု ဒါမှမဟုတ် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့ရာ  ပြဿနာ မဟုတ်ပေ။

သို့သော်လည်း ကောင်းကင်တိုင်းတာ သစ်မြစ်သည် အလွန်အားကောင်းနေပေသည်။ မိုဝူကျိပင် ရယူလိုသည့် ဆန္ဒကို မထိန်းချုပ်နိုင်ပေ။

မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းမှ  စိတ်စွမ်းအားက ကောင်းကင်တိုင်းတာ သစ်မြစ်အား ရစ်ပတ်ထားလိုက်၏။ သူက ကောင်းကင်တိုင်းတာ သစ်မြစ်ကို ရယူဖို့ မြေကျုံ့ပညာရပ်ကို မသုံးခင် ဟိန်ကျိုးလည်း အပြေးအလွှား ဝင်လာသည်။

သူက မိုဝူကျိနှင့် မတူပေ။ ဟိန်ကျိုးက ပျက်စီးနေပြီ ဖြစ်သည့် စည်းမျည်းများကြောင့် အဆုံးမဲ့ ဟင်းလင်းပြင်ထဲ ဆွဲခေါ်ခံရလျှင်ပင် သူက ကောင်းကင်တိုင်းတာ သစ်မြစ်အား လက်လျော့ဖို့ စိတ်ကူး မရှိပေ။

မိုဝူကျိက စိတ်စွမ်းအားမျှသာ ထုတ်လွှင့်စဉ် ဟိန်ကျိုးက လူကိုယ်တိုင် လှုပ်ရှားနေလေပြီ။ မိုဝူကျိအနေနှင့် ယခုအချိန် ဟိန်ကျိုးအား လုပ်ကြံလျှင် ခက်ခဲမည် မဟုတ်ပေ။ သူ လုပ်ဖို့လိုအပ်သည်က စိတ်စွမ်းအင်မြှားတချို့ ပစ်လွှတ်လိုက်ရုံဖြင့် ဟိန်ကျိုးက ဒဏ်ရာအပြင်းအထန် ရသွားပေမည်။ သို့သော်လည်း သူက ဤသို့မျိုးလုပ်ပါက ကောင်းကင်တိုင်းတာ သစ်မြစ်ကို ယူနိုင်တော့မည် မဟုတ်ပေ။

မိုဝူကျိက အနည်းငယ် တွေဝေနေပြီးနောက် ကောင်းကင်တိုင်းတာ သစ်မြစ်နှင့် ဟိန်ကျိုးအပေါ် လုပ်ကြံမှုအား  လက်လျော့ဖို့ ဆုံးဖြတ်လိုက်သည်။ မိုဝူကျိက သူ့ကိုယ်တိုင် အကျိုးမရှိဘဲဖြင့် တစ်ဖက်လူအား မထိခိုက်စေလိုပေ။

ဟိန်ကျိုးက အာကာြပင် အက်ကြောင်းထဲ ပါသွားစဉ် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက မိုဝူကျိ လုပ်ကြံခဲ့လျှင် ဖြစ်လာမည့် အခြေအနေအတွက် ပြင်ဆင်ထားလေ၏။ မိုဝူကျိသာ သူ့အား လုပ်ကြံသည်နှင့် မိုဝူကျိ ထွက်သွားမည့် ကူးသန်းရေး အစီအရင်အား ဖျက်စီးပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

မိုဝူကျိက သူ့အား မလုပ်ကြံသောကြောင့် သူလည်း ကူးသန်းရေး အစီအရင်ကို မဖျက်စီးတော့ပေ။

မဟာဖျက်စီးရေး ပညာရပ်သည် ဟိန်ကျိုးအား အဝေးသို့ ပို့လွှတ်လိုက်ပြီး ဖျက်စီးခံရသည့် နယ်ပယ်သည် မိုဝူကျိနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ထိုစဉ် မိုဝူကျိက သူ့လော့ကျမ်းစာရွက်ကို ထုတ်ယူကာ အစီအရင်ဂိတ်ပေါက်ထဲ ခုန်ဝင်လိုက်သည်။

မိုဝူကျိ ကျောက်တုံးတောအုပ်ဆီ ပြန်ရောက်လာသည့်အခါ ကူးသန်းရေး အစီအရင် အငွေ့အသက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။ ဤသည်မှာ သူ သုံးလာသည့် ကူးသန်းရေး အစီအရင်သည်လည်း မဟာဖျက်စီးရေး ပညာရပ်အောက် ကျရောက်သွားကြောင်း ပြသနေခြင်း ဖြစ်၏။

မိုဝူကျိက ရှီနန်မော့အား ကမ္ဘာမှ ထုတ်လိုက်ပြီးနောက် မေးခွန်း မေးလိုက်သည်  “ နန်မော့  … မင်း အခုဘာဆက်လုပ်မှာလဲ ”

မိုဝူကျိက ရှီနန်မော့တွင် အနာဂတ် အစီအစဉ် မရှိကြောင်း ဖြေလာပါက လူသားဂိုဏ်းသို့ ခေါ်သွားရန် စီစဉ်ထားသည်။

ယခင်နှင့် ယှဉ်လျှင် ရှီနန်မော့က ပို၍ စိတ်အေးသွားဟန်ပေါ်သည်။ သူမက မိုဝူကျိအား ဦးညွှတ်လိုက်ပြီးနောက်  “ အစ်ကိုကြီးမို … ကျွန်မ အရူးအမူး ကျင့်ကြံလာတာက ကျွန်မမျိုးနွယ်အတွက် လက်စားချေနိုင်အောင်လို့ပါ။ အခု လက်စားချေပြီးပြီဆိုတော့ ပခုံးပေါ်က ဝန်ထုပ်ကြီး ပျောက်သွားသလိုပဲ။ အရင်တုန်းက အဖေက လျှပ်စီးဓားအိမ်တော်အတွက် စိတ်ရောကိုယ်ပါ ရင်းပြီး မြှပ်နှံထားခဲ့တယ်။ အဲဒါကြောင့် ကျွန်မ လျှပ်စီးဓားအိမ်တော်ကို ပြန်လည် တည်ဆောက်ချင်တယ်။ ကျွန်မတို့ ရှီမျိုးနွယ်က အသက်ရှင်ကျန်ရစ်သူ ရှိနေနိုင်သေးတယ် … ”

ထိုစဉ် ရှီနန်မော့က ယခင်နှစ်များသည် မိုဝူကျိအတွက် လွယ်ကူမည် မဟုတ်ကြောင်း သေချာသိလိုက်သည်။ မဟုတ်ပါက အချိန်တိုအတွင်း ဤမျှ အားကောင်းလာမည် မဟုတ်ပေ။

မိုဝူကျိက ရှီနန်မော့ အစီအစဉ်ကို မနှောင့်ယှက်ဘဲ သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလိုက်သည်

“ ဟုန်မုန့်သဲကို ကူရှာပေးတာ ကျေးဇူးပါ။ ဟုန်မုန့်သဲက ငါ့အတွက် အတော်လေး အရေးကြီးတယ်။ ဒီသိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေနဲ့ လျှပ်စီးဓားအိမ်တော်ကို ပြန်လည် ထူထောင်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်။ ငါလည်း နိဗာန တိတ်ဆိတ်မှုပင်လယ်နားမှာ လူသားဂိုဏ်းဆိုပြီး တည်ထောင်ထားတယ်။ နောင်ကျ တစ်ခုခု ပြဿနာဖြစ်ရင် ငါ့ဂိုဏ်းကို လာရှာလို့ ရတယ် ”

***

ရှီနန်မော့ ထွက်သွားပြီးနောက် မိုဝူကျိက အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်သည်။ သူက ချိန်စုယင်နှင့် ချူယို့တို့ ထွက်သွားသည့်နေရာကို ရှာရန် နတ်ဘုရားသင်္ချိုုင်းတောင်ကြားဆီ တစ်ချက်သွားကြည့်ဖို့ ရည်ရွယ်ထားသည်။ လွန်ခဲ့သည့်နှစ်များဆီက ယီရှန်းဆီမှ စုယင်နှင့် ချူယို့တို့သည် အဖြူရောင် ပိအန်းပန်းကို သုံးကာ ထွက်သွားကြောင်း ကြားခဲ့၏။ သူ့တွင် အနီရောင် ပိအန်းအပိုင်းအစ ရှိထားပြီး ထိုအရာကို အသုံးချကာ စုယင်နှင့် ချူယို့တို့ တည်နေရာကို ရှာနိုင်သည် ဖြစ်စေ၊ မရှာနိုင်သည် ဖြစ်စေ တစ်ချက်တော့ သွားကြည့်ဖို့ လိုသေးသည်။

အချိန်စက်ဝန်းပြားက အချိန်စည်းမျည်းကို ဖြတ်သန်း၍ ဟင်းလင်းပြင်တစ်ခွင် သွားလာနိုင်သည်။ တစ်ရက်တည်းဖြင့် မိုဝူကျိက နတ်ဘုရားသင်္ချိုုင်းတောင်ကြားဆီ ရောက်ရှိလာ၏။

သူ ပထမဆုံး ရောက်လာစဉ်က သူ့ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေသေး၏။ ထို့ကြောင့် သူက ဤနေရာ၌ ဖိနှိပ်ခံခဲ့ရသည်။ ယနေ့ သူက ဝိဇ္ဇာတပိုင်းအဆင့်ဖြင့် ရောက်လာသည်ဖြစ်ရာ ထိုဖိနှိပ်အားမှာ သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

လက်ရှိ မိုဝူကျိကိုယ်တိုင်က  သူ့ကိုယ်ပိုင် စည်းမျည်းများနှင့် ကမ္ဘာ ဖြစ်၏။ တခြားသော အာကာပြင် သို့မဟုတ် ပတ်ဝန်းကျင်မျိုးက သူ့တည်ရှိမှုအပေါ် မသက်ရောက်နိုင်ပေ၊

မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း မည်သူကိုမှ အာရုံမခံမိပေ။

ယခင်က သူသည် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ လက်ထဲမှ မနည်း ထွက်ပြေးခဲ့ရသည်။ ယနေ့တွင် မိုဝူကျိက သူမကို အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးဖို့ရာ ခက်ခဲမည် မဟုတ်ကြောင်း ထင်မိသည်။

မိုဝူကျိက သူ့အား လျူရှင်းဟု အထင်မှားသည့် ယီရှန်းတစ်ယောက် ဘာလုပ်နေမလဲဟု တွေးမိသွားသည်။

သိပ်မကြာခင် မိုဝူကျိက ထိုအတွေးများကို ရှင်းထုတ်လိုက်၏။ သူက ပိအန်းအပိုင်းအစလေးကို ထုတ်ကာ စိုက်ကြည့်လိုက်သည်။ သူက လွန်ခဲ့သည့် နှစ်များစွာက အဖြူရောင် ပိအန်းပန်းကို အာရုံခံဖို့ ကြိုးစားကြည့်နေခြင်း ဖြစ်၏။ မိုဝူကျိကို စိတ်ပျက်သွားစေသည်က ဘာမှမခံစားမိပေ။

မိုဝူကျိက စွမ်းအားကို မခံစားမိသရွေ့ စုယင်နှင့် ချူယို့တို့ ဘယ်ရောက်သွားကြောင်း ရှာနိုင်မည် မဟုတ်ပေ။

နတ်ဘုရားသင်္ချိုင်းတောင်ကြား အောက်ခြေသည် အေးစက်ကာ လူသူကင်းမဲ့နေသည်။ ပိအန်းပန်းကို ကိုင်ကာ လျှောက်လာပြီးနောက် မိုဝူကျိက စွမ်းအားအရိပ်အယောင်ပင် မရှာနိုင်သေးပေ။ ရက်များစွာကြာပြီးနောက် မိုဝူကျိ၏ စိတ်စွမ်းအားက နတ်ဘုရားနားခိုရာ နယ်မြေသည် ဦးတည်ထားသည့် ကူးသန်းရေး အစီအရင်ကို တွေ့သွားသည်။

ကူးသန်းရေး အစီအရင်ဝန်းကျင်၌ တာအိုအရှိန်အဝါများ လှည့်ပတ်နေသည်။ မိုဝူကျိကို အံ့အားသင့်သွားစေသည်က ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မကိုလည်း မတွေ့သလို ယီရှန်းကိုလည်း မမြင်မိပေ။

 ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဂိတ်ပေါက်ကို ဖွင့်နိုင်သွားပြီလား … မဟုတ်လျှင် သူမ ဘယ်ရောက်သွားတာလဲ …

မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသည် နတ်ဘုရားကမ္ဘာတွင် မရှိတော့ကြောင်း သတိထားမိသည်. သူမသာ နတ်ဘုရားကမ္ဘာထဲ ရှိနေသေးပါက မိုဝူကျိအား လွှတ်ထားမည် မဟုတ်ပေ။

မိုဝူကျိက အစီအရင်ဂိတ်ပေါက်ရှေ့ ဆင်းသက်လိုက်သည်။ သူက ဂိတ်ပေါက်ကို သေချာလေ့လာလိုက်သော်လည်း ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ နတ်ဘုရားနားခိုရာနယ်မြေသည် ဝင်သွားလား၊ မဝင်သွားလား ခွဲခြားမရသေးပေ။

သူက ဤနေရာသို့ ရောက်နေပြီ ဖြစ်၍ နတ်ဘုရားနားခိုရာနယ်မြေ၏  ဝိဇ္ဇာတုမင်ယွမ်နှင့် ကိစ္စတချို့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။  မင်ယွမ်သာ ဝိဇ္ဇာဖြစ်မလာသရွေ့ မိုဝူကျိက သူ့အား မကြောက်ပေ။

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်စဉ် ဤနေရာရှိ စည်းမျည်းများက အနည်းငယ် တုန်ခါသွားကြောင်း ခံစားမိလိုက်၏။ သူက ဘာမှမလုပ်ဘဲ ခဏရပ်နေလိုက်သည်။ သူက စိတ်စွမ်းအားကို ဖြန့်ကျက်တော့မည့်အချိန် ခပ်တိုးတိုး အသံလေးကို ကြားလိုက်ရသည်  “ တာအိုရောင်းရင်း လျူရှင်း … ”

မပြီးပြည့်စုံတဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်လား ….

မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သိပ်မကြာခင် သူက ရင်းနှီးပြီးသား ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်ကြောင်း အာရုံခံမိသွားသည်။

“ ခင်ဗျားက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ မလား ” နောက်ဆုံးတွင် မိုဝူကျိက ထိုခပ်မှိန်မှိန် ကမ္ဘာဦး စိတ်ဝိညာဉ်ကို မှတ်မိသွားလေသည်။

ကမ္ဘာဦး စိတ်ဝိညာဉ်က တုန်တုန်ယင်ယင် ဖြစ်သွားပြီး အသံပင် ထွက်မလာတော့ပေ။ ထို့အစား သူမက စိတ်ဆန္ဒဖြင့် မိုဝူကျိအား ဆက်သွယ်နေခြင်း ဖြစ်၏

“ ဟုတ်ပါတယ်။ ငါက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မပါ။ မင်းကို လျူရှင်းလို့ ထင်ခဲ့မိတဲ့အတွက် အားနာပါတယ်။ မင်းက လျူရှင်း မဟုတ်တာကို အခုမှ သတိထားမိတာပါ ”

မိုဝူကျိက ထိုနားလည်မှု လွဲသည့်ကိစ္စအား ဘယ်လိုမှ စိတ်ထဲ မထားပေ။ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသည် မိုဝူကျိ အကြောက်ဆုံးသူ ဖြစ်၏။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအား ဤသို့ ကမ္ဘာဦး စိတ်ဝိညာဉ် အသေးဆုံးလေး ကျန်သည့်အထိ မည်သူကများ ရှင်းထုတ်နိုင်ခဲ့တာလဲ ….

အကယ်၍ တစ်ဖက်လူသာ ဝိဇ္ဇာသူတော်စင်မအား အလွယ်လေး ရှင်းထုတ်နိုင်လျှင် ဤနေရာကို ဝိဇ္ဇာတပိုင်းအဆင့်ဖြင့် ရောက်လာခြင်းက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်မနေဘူးလား။

မိုဝူကျိက ထိုအတွေးဖြင့် စိတ်ထဲ လေးလံသွားသည်။ သူက နောက်ဆုတ်ဖို့ လမ်းကြောင်းပင် စတင် ရှာထားလိုက်သည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက အလွန်အားကောင်းသော်လည်း မိုဝူကျိက သူမသည် ကလိမ်မကျတတ်ကြောင်း သိထားသည်။ မဟုတ်လျှင် မိုဝူကျိက သူမဆီမှ ထွက်ပြေးနိုင်ခဲ့မည် မဟုတ်ပေ။

ယခု ဤနေရာ၌  ဝိဇ္ဇာသူတော်စင်မထက် အားကောင်းသည့် တစ်စုံတစ်ယောက် ရှိနေလေရာ သူက မည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသည် ဆက်လက် ဆက်သွယ်ကာ ပြောလိုက်သည်

“ ငါလည်း မင်းနဲ့အတူတူပါပဲ။ မင်းက စမ်းသပ်လေ့လာနေတုန်း မင်းချစ်တဲ့ အမျိုးသမီးရဲ့ လုပ်ကြံတာကို ခံလိုက်ရတယ်။ ငါကျ ငါ ကယ်ထားတဲ့ တပည့်လက်ချက်နဲ့ အဆုံးသတ်ခံလိုက်ရတယ် … ”

“ ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ ” မိုဝူကျိက အံ့ဩသွားကာ စိတ်စွမ်းအားဖြင့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအား လွှမ်းခြုံထားလိုက်သည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ယခုလက်ရှိ၌ သူက သူမအား အသက်တစ်ရှိုက်စာအတွင်း အလွယ်တကူ သတ်ပစ်နိုင်သည်။

“ တာအိုရောင်းရင်း …. ကျွန်မကို ကူညီပေးပါ။ ကြာပန်းနီက မင်းရဲ့ ကြင်နာမှုကို မမေ့ပါဘူး ” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ အားနည်းဖျော့တော့လှသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က ဦးညွှတ်လိုက်သည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ ထိပ်တန်း ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခုကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူက ဟုန်မုန့်စွမ်းအင် တစ်ပုလင်းကိုလည်း ပစ်ပေးကာ   “ မြန်မြန် ပြန်ကောင်းလာအောင် လုပ်လိုက် … ကျုပ်က အလျှင်လိုနေလို့ ”

အကယ်၍ တခြားကျင့်ကြံသူ ဖြစ်နေပါက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ သေခြင်းရှင်ခြင်းအား ဂရုစိုက်နေမည် မဟုတ်ပေ။ သူ့စွမ်းအားဖြင့် ဖိနှိပ်၍ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအား မည်သို့သိခဲ့ကြောင်း အတင်းအကျပ် မေးပေလိမ့်မည်။

မိုဝူကျိက ကမ္ဘာမြေမှ ဖြစ်၍ ဤသို့ကိစ္စမျိုး တကယ် မလုပ်ချင်ပေ။

“ အာ …” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိ ပစ်ပေးလိုက်သည့် နတ်ဝိညာဉ်သွေးကြောအား ကြောင်အမ်းအမ်း ကြည့်နေမိသည်။ ထို့နောက် သူမက ဟုန်မုန့်စွမ်းအင် ပုလင်းကိုလည်း တအံ့တဩ ကြည့်လိုက်မိသည်။

ဘာတွေ ဖြစ်သွားတာလဲ ….

သူမက မိုဝူကျိသည် သူမအား အတင်းကျပ် မေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမက သူမ သိသမျှအား အချိန်တိုအတွင်း ပြောပြဖို့ရာ ပြင်ဆင်ထားခဲ၏။ ထို့နောက် သူမအား ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ရန် ကူညီပေးဖို့ တောင်းဆိုမည်။

သို့သော်လည်း မိုဝူကျိက ဘာကိုမှ မမေးပေ။ သူက နတ်ဝိညာဉ်သွေးကြောကိုပင် ထုတ်ပေးနေသေး၏။

ခဏ … ကြည့်ရတာ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးလား ….

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ထိုခရမ်းရောင်စွမ်းအားအား ပြန်ကြည့်လိုက်မိသည်။

ဟုန်မုန့်စွမ်းအင်လား ….

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက တကယ်ကို တအံ့တဩ ဖြစ်နေမိသည်။ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောနှင့် ဟုန်မုန့်စွမ်းအင်တို့သည် သူမအတွက် အလွန်အရေးပါ၏။ မိုဝူကျိက ထိုအရာများကို သာမာန်ကာလျှံကာ ထုတ်ပေးနေသည်။

မိုဝူကျိက မည်မျှ ချမ်းသာသည်ကို မပြောလျှင်ပင် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဤမျှ ရက်ရောသည့်သူကို တစ်ခါမှ မမြင်ဖူးချေ။

“ တာအိုရောင်းရင်း ကျေးဇူးပါ ” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက စိတ်လှုပ်ရှားလွန်း၍ တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူမက ဟုန်မုန့်စွမ်းအင် ပုလင်းအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောပေါ်တွင် ထိုင်လိုက်သည်။

ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောနှင့် ဟုန်မုန့်စွမ်းအင်တို့ဖြင့် သူမသည် နတ်ဘုရားဘုရင်အဆင့်အထိ ပြန်လည် ရောက်ရှိလာလိမ့်မည်။ သူမက ဤမျှအထိ ကောင်းလာလျှင် ခန္ဓာကိုယ်ကောင်းကောင်း ရနိုင်လေပြီ။

***

All Chapters