← Chapters

မင်းရဲ့ သခင်လေးလား

Vol. 86 Ch. 1190

မင်းရဲ့ သခင်လေးလား

Vol. 86 Ch. 1190

‘ရှင်းမုန့်ဝမ်လား... ကောင်းကင်တမလွန်ဂိုဏ်းက လူတွေလား’

တိုက်ပွဲဧကရာဇ်သည် အတန်ငယ် နားမလည်နိုင်ဖြစ်သွား၏။ ကောင်းကင်တမလွန်ဂိုဏ်းက ပြီးခဲ့သော နှစ်သိန်းချီအတွင်း သိုသိုသိပ်သိပ် နေခဲ့သည်။ မည်သည့် ပဋိပက္ခများကြားတွင်မှ ဝင်မပါခဲ့။ မကြာသေးခင်ကလည်း အပြစ်သားကျွန်း၏ အစီအရင်ကို ဖျက်ဆီးပြီးနောက် အိမ်ပြန်သွားခဲ့ကြသည်။ အဘယ်ကြောင့် သူတို့က ယခုတွင် ဤနေရာ၌ ရုတ်တရက် ထွက်ပေါ်လာရသနည်း။ မဟာမိတ်စစ်တပ်ကို ကူညီရန်လော။ သို့သော် အဘယ်ကြောင့် ဆယ်ယောက်သာ လာခဲ့ရသနည်း။

ကျန်းရှောင်နူက သတ်ဖြတ်မှုများကို ရပ်လိုက်ပြီး အဝေးရှိ ရှင်းမုန့်ဝမ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် မေးလိုက်သည်။

“ရှင်က ကျွန်မ နာမည်ကို ဘယ်လိုသိတာလဲ။ ရှင် ဘယ်သူလဲ။ ဘာလို့ ကျွန်မကိစ္စကို ဝင်ရှုပ်နေရတာလဲ”

“ငါ ဘယ်သူဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ငါက လူသားတစ်ယောက် ဆိုတာပဲ”

ရှင်းမုန့်ဝမ်၏ တည်ငြိမ်သိမ်မွေ့သော အသံ ထွက်ပေါ်လာသည်။ အသံက နူးညံ့သော်လည်း လူတိုင်း ကြားလိုက်ရသည်။ ခေတ္တနေပြီးနောက် ဆက်ပြောသည်။

“မင်းရဲ့နာမည်ကိုတော့ ငါ့အဖေက ငါ့ကို ပြောခဲ့တာပဲ။ ငါတို့က ဒီကိစ္စထဲ ဝင်မပါချင်လို့ အိမ်ပြန်နေခဲ့ပြီ။ ဒါပေမဲ့ လူသားမျိုးနွယ်က အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်လိမ့်မယ်၊ ငါတို့ လူသားမျိုးနွယ်အတွက် တစ်ထောင့်တစ်နေရာကနေ ဝင်ကူရမယ်လို့ ငါ့အဖေက ပြောခဲ့လို့ နောက်ပြန်လှည့်လာရတာပဲ...”

“ကျန်းရှောင်နူ... တိုက်ခိုက်တာကို အခု မရပ်ဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်။ အခုရပ်မယ်ဆိုရင် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နဲ့ တခြားသူတွေက မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးမှာပါ။ လူသားတွေနဲ့ မိစ္ဆာတွေက ကမ္ဘာ့ရန်ဘက်တွေပဲ။ မိစ္ဆာတွေက လူသားမျိုးနွယ်ကို သတ်ဖြတ်တာကို မင်း တကယ်ပဲ မြင်ချင်လို့လား”

တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်တမလွန်ဂိုဏ်းက ခြွင်းချက်တစ်ခု လုပ်လိုက်ပေပြီ။ အားလုံးသည် ကောင်းကင်တမလွန်ဂိုဏ်းချုပ်၏ ဆန်းကြယ်သော စွမ်းရည်များကိုလည်း အံ့အားသင့်သွားသည်။

ကောင်းကင်တမလွန်ဂိုဏ်းချုပ်သည် မဟာမိတ်စစ်တပ်က အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရမည်ကို အမှန်ပင် ကြိုခန့်မှန်းနိုင်ခဲ့သည်လော။ ရှင်းမုန့်ဝမ်တို့သည် အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ ဤသို့ ရောက်လာရန် အနည်းဆုံး လဝက်ကြာ မရပ်မနား လာရပေလိမ့်မည်။ အဓိပ္ပာယ်မှာ လွန်ခဲ့သော လဝက်ကတည်းက ကောင်းကင်တမလွန်ဂိုဏ်းချုပ်သည် အရာအားလုံးကို ခန့်မှန်းကာ ရှင်းမုန့်ဝမ်တို့ကို သွားရောက် အကူအညီပေးရန် ခိုင်းခဲ့သည်ဟုပင်။ ထို့ပြင် သူက ကျန်းရှောင်နူ၏ အမည်ကိုပင် သိခဲ့သည်လော။

အမှန်တွင်...

တိုက်ပွဲဧကရာဇ်သည်ပင် ကောင်းကင်တမလွန်ဂိုဏ်းချုပ်ကို မမြင်ဖူးပေ။ ဂိုဏ်းတည်နေရာကိုသာ အကြမ်းဖျင်သိထားသည်။ ကောင်းကင်တမလွန်ဂိုဏ်းက အလွန်အင်အားကြီးပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့်ပင် ယှဉ်နိုင်သည်ဟုလည်း သိထားသည်။

မြောက်ဘက်ဧကရာဇ်က ကောင်းကင်တမလွန်ဂိုဏ်းချုပ်က မြင်ဖူး၊ မမြင်ဖူးကိုမူ တိုက်ပွဲဧကရာဇ် မသိပေ။ မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်က ကောင်းကင်တမလွန်ဂိုဏ်းနှင့် လက်ထပ်မဟာမိတ်ဖွဲ့ထားသည်။ မြောက်ဘက်အင်ပါယာ၏ ဇနီး၊ ဝူနီ၏အမေမှာလည်း ကောင်းကင်တမလွန်ဂိုဏ်း၏ ယခင်မျိုးဆက်မှ အပျိုစင်ဖြစ်သည်။ ထို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးက အလွန်ကောင်းသည်။

ကျန်းရှောင်နူ နှုတ်ဆိတ်သွားသည်။ သူမသည် စက္ကန့်ပိုင်းမျှ ဦးနှောက်လေးကို ဖျစ်ညှစ်တွေးတောလိုက်ပြီး ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“ကျွန်မက လူသားမျိုးနွယ်ကိုရော မိစ္ဆာမျိုးနွယ်ကိုရော အရေးမစိုက်ဘူး။ အဲ့လူစုက ကျွန်မကို သတ်ချင်နေတယ်... အဲ့တော့ သူတို့ကို ပြန်သတ်ရမယ်။ သခင်လေးနဲ့ ကျွန်မက အရှင်အောင်းလုအပေါ် အကြွေးတင်နေတယ်။ ပြီးတော့ မင်းသမီးချမ်ချမ်က ကျွန်မရဲ့ မိတ်ဆွေပဲ။ အဲ့တော့ သူတို့ကို ကူညီရမယ်။ ဘာလို့... ရှင်တို့ စစ်တပ်က ပြန်မဆုတ်သွားတာလဲ။ အဲ့လိုဆို ကျွန်မ ရှင်တို့ကို လိုက်သတ်မှာ မဟုတ်ပါဘူး”

တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး တုံ့ဆိုင်းသွားကြသည်။ သူတို့ထဲမှ အချို့က အမှန်ပင် ယာယီပြန်ဆုတ်လိုနေကြသည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ ဆယ်ယောက်သာ ရောက်လာခဲ့သည် မဟုတ်ပါလား။ ထိုအရေအတွက်က ကျန်းရှောင်နူကို သတ်ရန် မလုံလောက်ပေ။

“ဟင်းဟင်း...”

သို့သော် ရှင်းမုန့်ဝမ်က ရယ်၍ ‌ခေါင်းခါကာ ပြောလိုက်သည်။

“ကျန်းရှောင်နူ... ငါတို့က မင်းကို မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။ ငါက မင်းကို မသတ်ချင်လို့ ဖျောင်းဖျနေတာ။ ဒီတိုက်ပွဲမှာ လူသားဘယ်လောက် သေခဲ့ပြီလဲ။ ငါတို့က မင်းပြောတာနဲ့ပဲ ပြန်ဆုတ်သွားရမှာလား။ အဲ့မိစ္ဆာတွေကို ကြည့်လိုက်စမ်း... သူတို့က လူသားမျိုးနွယ်ကို အလွတ်ပေးပါ့မလား။ ငါတို့ အခု ပြန်ဆုတ်သွားလိုက်ရင် အရှေ့ဘက် တော်ဝင်နယ်မြေက သေချာပေါက် လက်စားချေခံရမှာပဲ။ အဲ့ကျရင် လူသားတွေအများကြီး ထပ်သေရလိမ့်မယ်။ ကျန်းရှောင်နူ... မင်း အခုနောက်ဆုတ်မယ်ဆိုရင် ငါတို့ ဒီကိစ္စကို မေ့ပစ်လိုက်မယ်လို့ အာမခံတယ်။ မဆုတ်ရင်တော့... သေရမယ်”

“အာ...”

အားလုံး အံ့အားသင့်သွားသည်။ ရှင်းမုန့်ဝမ်ကဲ့သို့သော မိန်းမပျိုလေးက ခြိမ်းခြောက်စကား ဆိုလိုက်ပေပြီ။ သူမက ကျန်းရှောင်နူကို အမှန်ပင် သတ်နိုင်သည်လော။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်ပင် မသတ်နိုင်ခဲ့ပေ။ သူမတို့ဆယ်ယောက်က အမှန်တကယ် သတ်နိုင်မည်လော။

“ဟွန်း...”

ကျန်းရှောင်နူ ဒေါသထွက်သွားသည်။ အကြောင်းတစ်ခုကြောင့် သူမ ရှင်းမုန့်ဝမ်ကို အမြင်ကပ်နေသည်။ ထိုမိန်းမပျိုလေးက ချောမောလှပကာ အထက်တန်းဆန်သည့် အငွေ့အသက် ရှိသော်လည်း၊ စကားများက ချိုသာကာ လူများကို သက်တောင့်သက်သာ ဖြစ်သွားစေသော်လည်း တစ်စုံတစ်ခု မူမမှန်ဟု ကျန်းရှောင်နူ ခံစားနေရသည်။ ထို့ကြောင့် ရှင်းမုန့်ဝမ်၏ စကားကို လုပ်ရပ်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။

ဝှစ်...

ကျန်းရှောင်နူသည် အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရှင်းမုန့်ဝမ်ဆီသို့ ပျံသန်းသွားသည်။ ရှင်းမုန့်ဝမ်က အစောကတည်းမှ သတ်ဖြတ်အရှိန်အဝါကို ထုတ်ထားပြီးဖြစ်သည်။ ကျန်းရှောင်နူ ထိုအရှိန်အဝါကို ခံစားခဲ့ရသည်။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁) အလှပဂေးကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

“ဟင်းဟင်း... မင်းက ကိုယ့်စွမ်းရည်ကိုကိုယ် အထင်ကြီးနေတာပဲ”

ရှင်းမုန့်ဝမ်က ရယ်ကာ လက်ဟန်ပြလိုက်သည်။

“အစီအရင် ဆင်ကြ”

သူမအနောက်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်က ချက်ချင်း နေရာအသီးသီး ယူလိုက်ကြသည်။ ဤတစ်ခေါက် အစီအရင်က မက်မွန်ကြယ်အစီအရင် မဟုတ်ဘဲ ထူးဆန်းသော ပဉ္စဂံအစီအရင်တစ်ခုပင်။ ဤတစ်ကြိမ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်က ရှင်းမုန့်ဝမ်ကို ဝန်းရံလိုက်သည်။ သူတို့အားလုံးက သူတို့၏ အတွင်းအားများကို ရှင်းမုန့်ဝမ်ကိုယ်ထဲသို့ ထည့်ပေးလိုက်ကြသည်။

ရွှီ...ရွှီ...

အတွင်းအားတန်း ကိုးတန်း ပျံထွက်သွားသည်။ ရှင်းမုန့်ဝမ်က နတ်ဘုရားဒိုင်းကို မထုတ်။ ထိုအတွင်းအားတန်းများက သူမကို မနာကျင်စေပေ။ ထို့ပြင် သူမ၏ အင်အားကိုပင် ဆတိုး တိုးလာစေပြီး ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်သွားစေသည်။

“အဲ့ဒါက...”

မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျောစိမ့်သွားကြသည်။ ထိုအခိုက်တွင် ရှင်းမုန့်ဝမ်၏ အရှိန်အဝါက ကြယ်ရှစ်ပွင့်အဆင့် ရှိနေပြီး ဆက်၍ တိုးတက်နေသည်။ နောက်ဆုံးတွင် ကြယ်ကိုးပွင့်အဆင့်သို့ ရောက်သွားသည်။ ထို့နောက် သူမသည် အနီရောင်ကြာပွတ်တစ်ချောင်းကို ထုတ်ကာ အရှေ့သို့ ပျံသန်းသွားသည်။

‘ကြယ်ကိုးပွင့်လား... ပြီးတော့ အဲ့ကြာပွတ်ရဲ့ အရှိန်အဝါကလည်း မယုံနိုင်လောက်အောင်ပဲ။ အဲ့ဒါက ကျန်အဘိုးကြီးရဲ့ ကမ္ဘာဦးနတ်ဘုရားလှံနဲ့ အဆင့်အတူတူပဲ။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

မိစ္ဆာဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ ပို၍ပင် အံ့အားသင့်သွားကြသည်။ ရှေးဟောင်းအသုံးအဆောင်များက ရှေးခေတ်မှ စွမ်းအားကြီး သိုင်းသမားများ ပြုလုပ်ခဲ့သော အရာများပင်။ သိုင်းသမား၏ စွမ်းအားက ပိုကြီးလေလေ၊ ရှေးဟောင်းအသုံးအဆောင်က ပိုစွမ်းအားကြီးလေလေဖြစ်သည်။ ရှေးဟောင်းအသုံးအဆောင်များ၏ စွမ်းအားမှာ ၎င်းတို့ထဲရှိ တာအိုပုံသဏ္ဌာန်များအပေါ်တွင် မူတည်သည်။ သမိုင်းတစ်လျှောက်ရှိ ကျော်ကြားသော ရှေးဟောင်းအသုံးအဆောင်များမှာ စွမ်းအားကြီး သိုင်းပညာရှင်များ ပိုင်ဆိုင်ခဲ့သော ပစ္စည်းများဖြစ်ကြသည်။ ထိုအသုံးအဆောင်များအကြောင်းကို မျိုးနွယ်ကြီးများ၏ မှတ်တမ်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည်။ ထိုကြာပွတ်က အလွန်စွမ်းအားကြီးသည်။ သို့သော် မည်သူကမှ ၎င်းကို မသိကြပေ။

ရွှက်...ရွှက်...

ကြာပွတ်က အကန့်အသတ်မရှိ ဆန့်တန်းသွားပြီး သောင်းချီသော အရိပ်များကို ဖန်တီးလိုက်သည်။ ထိုကြာပွတ်ရိပ်များက ကျန်းရှောင်နူကို လွှမ်းခြုံသွားသည်။ ၎င်း၏ အရှိန်အဝါကလည်း အံ့အားသင့်ဖွယ်ကောင်းသည်။ အာကာပြင်သည် ပင်လယ်လှိုင်းထန်သကဲ့သို့ တွန့်ခေါက်တုန်ခါနေသည်။ ပတ်ဝန်းကျင်မှ ကောင်းကင်ဧကရာဇ်များသည် ချက်ချင်းပင် လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။ သူတို့အားလုံး အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရပေသည်။

“ပြန်ဆုတ်ကြ...”

ကျန်းရှောင်နူသည်လည်း အန္တရာယ်ကို ခံစားလိုက်ရသည်။ သူမ အတောင်ဖြန့်၍ ထွက်ပြေးရန် ကြိုးစွားလိုက်သည်။ သို့သော် ပတ်ဝန်းကျင်မှ အာကာပြင်က အလွန်တုန်ခါနေ၍ သူမ၏အရှိန် ‌‌နှေးသွားသည်။ ကြာပွတ်၏အရှိန်မှာကား မြန်လာသည်။ ထိုအရှိန်က ကျန်းရှောင်နူ၏ အထွတ်အထိပ်အရှိန်နှင့်ပင် ယှဉ်နိုင်လောက်သည်။ ကျန်းရှောင်နူသည် သောင်းချီသော ကြာပွတ်ရိပ်များက သူမအား ရစ်ပတ်လိုက်သည်ကို ကြည့်၍သာ နေနိုင်သည်။

“ဟွန်း...”

နတ်ဘုရားတစ်ပိုင်း၏ နတ်ဘုရားဒိုင်းကိုပင် စုတ်ဖြဲပစ်နိုင်ခဲ့သော ကျန်းရှောင်နူ၏ လက်သည်းများသည်ပင် ထိုကြာပွတ်ကို မဖျက်ဆီးနိုင်ပေ။ ကျန်းရှောင်နူသည် သူမထံ ဝင်လာသော ကြာပွတ်ရိပ်များကို လက်သည်းဖြင့် မကြောက်မရွံ့ ကုတ်လိုက်သည်။

သို့သော် ကြာပွတ်ရိပ်များက အလွန်များလွန်းသည်။ မည်သည်က အရိပ်၊ မည်သည်က အစစ်ဖြစ်ကြောင်း မခွဲနိုင်ပေ။ ရုတ်တရက် ကျန်းရှောင်နူသည် သူမ၏ ခြေထောက်က ချုပ်နှောင်ခံလိုက်ရကြောင်း ခံစားလိုက်သည်။ ကြာပွတ်အစစ်က ခြေထောက်မှာပင်။ ထိုကြာပွတ်ကို လက်သည်းဖြင့် လျင်မြန်စွာ ကုတ်လိုက်သည်။

ထန်...ထန်...

သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာပြီး မီးပွားများ ထသွားသည်။ ဖြစ်ပျက်သွားသော အရာကြောင့် ကျန်းရှောင်နူ လန့်သွားသည်။ သူမ၏ လက်သည်းများက ကြာပွတ်ကို မဖျက်ဆီးနိုင်ခဲ့။ ထိုကြာပွတ်က အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ သူမ၏ကိုယ်အောက်ပိုင်းကို ရစ်နှောင်ကာ တ‌ရွေ့ရွေ့ဖြင့် ကိုယ်အထက်ပိုင်းသို့ တက်လာသည်။

‘ဘယ်လိုတောင် စွမ်းအားကြီးတဲ့ ကြာပွတ်လဲ’

အောင်းလု သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သူ၏ စိတ်ပျက်နေသော မျက်ဝန်းများက ရှင်းမုန့်ဝမ်ကို ကြည့်နေသည်။ ကျန်းရှောင်နူ အချုပ်နှောင်ခံထားရလျှင် တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်‌တော့မည် မဟုတ်ပေ။

“ရှောင်ဖေး... ပြေးတော့”

ကျန်းရှောင်နူသည် လက်သည်းများဖြင့် အကြိမ်အနည်းငယ် ကုတ်လိုက်သော်လည်း ကြာပွတ်ကို မဖျက်ဆီးနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ရှောင်ဖေးကို ပြေးစေလိုက်သည်။ သူမတစ်ကိုယ်လုံးနီးပါက ရစ်နှောင်ခံထားရပြီဖြစ်သည်။ ကြာပွတ်မှ ထွက်လာသော အန္တရာယ်အငွေ့အသက်ကိုလည်း ခံစားနေရသည်။ သူမ ရှင်းမုန့်ဝမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ရှင်က ကျွန်မကို သတ်ရဲတယ်လား။ ကျွန်မရဲ့ သခင်လေးက ရှင့်ကို အလွတ်ပေးမယ် မထင်နဲ့”

“ခစ်ခစ်...”

ရှင်းမုန့်ဝမ်က ထူးဆန်းသော လက်ဟန်များ ပြုလုပ်နေသည်။ သို့သော် ထိုအခိုက်တွင် သူမ၏အရှိန်အဝါက ကြယ်ခုနစ်ပွင့်အဆင့်သို့ ပြန်လျော့ကျသွားသည်။ အစီအရင်က သူမ၏စွမ်းအားကို ကြယ်ကိုးပွင့်အဆင့်သို့ ခေတ္တမျှသာ တိုးမြှင့်ပေးနိုင်ကြောင်း ထင်ရှားသည်။ တစ်ချီတိုက်ခိုက်စာမျှသာ ခံသည်။

ရှင်းမုန့်ဝမ်သည် ကျန်းရှောင်နူ၏ ဒေါသခိုးများဝေနေသော မျက်ဝန်းများကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“မင်းရဲ့ သခင်လေးလား။ မင်းက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မိစ္ဆာတွေနဲ့ ပူးပေါင်းခဲ့တယ်၊ လူသားတွေကို သတ်ဖြတ်ခဲ့တယ်။ မင်းရဲ့သခင်လေး မပြောနဲ့ မသေမျိုးတစ်ပါး ဆင်းလာမယ်ဆိုရင်တောင် ဒီနေ့မှာ ကောင်းကင်ရဲ့ကိုယ်စား ငါ မင်းကို ကွပ်မျက်ရမှာပဲ”

“အဲ့လိုလား”

ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ ရေခဲတမျှအေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အာကာပြင်က တုန်ခါသွားသည်။ အာကာပြင်အက်ကြောင်းကြီးတစ်ခု ပေါ်လာကာ အက်ကြောင်းထဲမှနေ၍ အနက်ရောင်နန်းတော်တစ်ခု ပျံထွက်လာသည်။

နန်းတော်အထက်မှ လေနှင့်တိမ်များ ရွေ့လျားသွားပြီး ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်ကြီး၏ အေးစက်စက် မျက်ဝန်းများက ရှင်းမုန့်ဝမ်ကို စိုက်ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။

“ငါက သူ့ရဲ့ သခင်လေးပဲ။ မင်းက ငါ့ရဲ့ အစေခံကို သတ်မှာ သေချာလား”

နောက်ဆုံးတွင် ကျန်းရီ ထွက်ပေါ်လာပေပြီ။

***

All Chapters