← Chapters

နှစ်သောင်းချီ အရှက်ရ ရမည်

Vol. 86 Ch. 1191

နှစ်သောင်းချီ အရှက်ရ ရမည်

Vol. 86 Ch. 1191

ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် စွမ်းအင် အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးဝံ့ခဲ့။ မဟုတ်လျှင် ရက်အနည်းငယ် ပိုစော၍ ရောက်လာမည်ဖြစ်သည်။ သို့သော် မတတ်နိုင်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် လူများစွာ ရှိနေသည်။ ၎င်းသာ ပေါက်ကွဲသွားလျှင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို စိတ်ပျက်စေရုံသာမက သူ့ မိသားစုနှင့် မိတ်ဆွေများကိုလည်း သေလမ်းပို့လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကျန်းရီသည် အခြေအနေများကို သုံးသပ်ပြီးနောက် ကိစ္စအချို့ကို သေချာသွားသည်။ အောင်းလုအပေါ် ရှိနေသည့် သံသယများလည်း သိသိသာသာ လျော့နည်းသွားသည်။ အောင်းလုက နှစ်ပေါင်းခုနစ်သိန်းကျော် နေခဲ့သူဖြစ်၍ အလွန်အမြော်အမြင်ရှိပေလိမ့်မည်။ သူက အမှန်ပင် ကြိုးကိုင်သူဖြစ်လျှင် လွန်ခဲ့သော နှစ်ခုနစ်သိန်းအတွင်း အချည်းနှီး ငြိမ်သက်နေခဲ့မည် မဟုတ်ပေ။ သူသာ အရာအားလုံးကို စီစဉ်ထားခြင်းဆိုပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်ပေမည်။

နေရာအနှံ့တွင် အလောင်းများ ရှိနေသည်။ အများစုမှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်သည်။ အောင်းလု၏ မျက်နှာက ဖြူဖျော့နေပြီး အရိပ်ဧကရာဇ်၊ အနက်ရောင်နတ်ဘုရားနှင့် ဂုဏ်ပုဒ်ရ မိစ္ဆာအရှင်အချို့က အပြင်းအထန် ဒဏ်ရာရထားကြသည်။ မိစ္ဆာတော်တော်များများက သေလုနီးပါး ဖြစ်နေကြသည်။ ကျန်းရီသာ နာရီအနည်းငယ် နောက်ကျပြီးမှ ရောက်လာပါက အဆုံးမဲ့ပင်လယ်နက်ထဲရှိ မိစ္ဆာအားလုံး သေဆုံးသွားပေလိမ့်မည်။

ကျန်းရီသည် ရှင်းမုန့်ဝမ်ကို ကြည့်လိုက်၏။ သူမက အလွန်လှပသူတစ်ယောက် ဖြစ်ကြောင်း မငြင်းနိုင်ပေ။ သန့်စင်မှုနှင့်‌ ကြော့ရှင်းမှုကလည်း ပြီးပြည့်စုံသည်။ သူမကို ကြည့်မိသူတိုင်း ရင်ခုန်သွားမည်သာ။ ထို့ပြင် သူမက နတ်ဘုရားတစ်ပိုင်းလော။ သူမ၏ ကျောထောက်နောက်ခံက သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ လက်ရှိတွင် ကျန်းရီသည် ဝဲဆောင်တစ်ခုထဲတွင် ရှိနေသည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ နံရံတစ်ခုပေါ်တွင် ပုံရိပ်တစ်ခု လာပေါ်သည်။ ထို့နောက် သူ ရီချန်၊ မိုယောင်အာနှင့် စုလောရွှယ်တို့ကို မေးလိုက်သည်။

“အဲ့မိန်းမက ဘယ်သူလဲ။ မင်းတို့ သူ့ကို သိကြလား”

“ဟင့်အင်း... မသိဘူး”

ယဉ်ရို့ပင်းက အခန်းအောင်းကျင့်ကြံနေဆဲဖြစ်၍ မိုယောင်အာနှင့် စုလောရွှယ်တို့ကိုသာ ထိုအခန်းထဲသို့ ခေါ်ခဲ့သည်။ သို့သော် သူမတို့နှစ်ယောက်က ရှင်းမုန့်ဝမ်ကို မသိပေ။ ရီချန်ကမူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူ့နာမည်က ရှင်းမုန့်ဝမ်တဲ့။ သူက ကောင်းကင်တမလွန်ဂိုဏ်းရဲ့ လက်ရှိအပျိုစင်ပဲ။ ပြီးတော့ ကြယ်ခုနစ်ပွင့်အဆင့် ရှိတယ်... အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ ထိပ်တန်းအလှပဂေးဆယ်ယောက်ထဲက နံပါတ်(၁)အဖြစ်လည်း သတ်မှတ်ခံထားရတယ်”

ရီချန်သည် ရှင်းပြပြီးနောက် နားမလည်ဟန်ဖြင့် ဆက်ပြောလိုက်သည်။

“ရှင်းမုန့်ဝမ်က အိမ်ပြန်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ သူက အဆုံးမဲ့ပင်လယ်နက်မှာ ပြန်ပေါ်လာရတာလဲ။ ကောင်းကင်တမလွန်ဂိုဏ်းက အမြဲ သိုသိုသိပ်သိပ်နေခဲ့တာ... ပဋိပက္ခတွေမှာ တစ်ခါမှ ဝင်မပါဘူး။ အခုမှ ဘာလို့ ဝင်ပါနေရတာလဲ”

“အဲ့ဒါက အရေးမကြီးပါဘူး။ အရင်ဆုံး ငါ ရှောင်နူကို ကယ်ရမယ်”

ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်လာပြီး ဝဲဆောင်ထဲမှ ပျောက်ကွယ်သွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်ဘက်ရှိ ဝိညာဉ်ပုံရိပ်လည်း ပျောက်သွားသည်။ ထို့နောက် အဖြူရောင်အလင်းတစ်ချက် လက်သွားကာ နန်းတော်အပြင်တွင် ကျန်းရီ ထွက်ပေါ်လာသည်။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်လာပြီး သူ့ကိုယ်ပေါ်တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ပေါ်လာသည်။ ပြီးနောက် သူသည် သက်တန့်အလင်းတန်းတစ်ခုအလား ကျန်းရှောင်နူထံ ဦးတည်ပျံသန်းသွားလိုက်သည်။

“အာ...”

အားလုံး မှင်တက်သွားသည်။ ကျန်းရီက သူ၏ အကြီးမားဆုံး အထောက်အပံ့ဖြစ်သည့် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ အမှန်ပင် ထွက်လာခဲ့သည်လော။ ထို့ပြင် ပေါ်ပေါ်လာချင်း ကျန်းရှောင်နူထံသို့ ပျံသန်းသွားသည်လော။ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားသူများ ရှိနေသည်ကိုပင် အရေးမစိုက်ရလောက်အောင် သူက ရူးနေသည်လော။

အနက်ရောင်နတ်ဘုရား၊ အရိပ်ဧကရာဇ်နှင့် အခြားမိစ္ဆာများလည်း အံ့အားသင့်သွားသည်။ သို့သော် အောင်းလုသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် မီးနဂါးဓားတို့ကို ကြည့်ကာ ပြုံးလိုက်သည်။

“အစ်ကိုကြီး”

ရှောင်ဖေးက ကျန်းရီကို မြင်လိုက်သောအခါ သူ့ထံသို့ ပျော်ရွှင်စွာ ပျံသန်းသွားသည်။ ‌မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ကလည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါများ ပိုအားကောင်းလာသည်။ ထို့နောက် အော်ပြောလိုက်ကြသည်။

“ကျန်းရီကို သတ်”

“ခင်ဗျားတို့ကလား”

ကျန်းရီသည် အေးစက်စက် ကြည့်လိုက်၏။ မီးနဂါးဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့က တစ်ချိန်တည်း လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါ ထွက်လာသည်။ ထို့နောက် သူ လေးနက်စွာ ပြောလိုက်သည်။

“တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်... ကျွန်တော်သာ ခင်ဗျားတို့နေရာမှာဆိုရင် အလျင်စလို လုပ်မှာ မဟုတ်ဘူး။ မဟုတ်ရင် ခင်ဗျားတို့ အကျိုးဆက်ကို ခံရလိမ့်မယ်”

“ဆန်းကြယ်နတ်ဘုရားချပ်ဝတ်လား၊ အဲ့ဓားရဲ့ အရှိန်အဝါကလည်း မယုံနိုင်စရာပဲ... နတ်ဘုရားအသုံးအဆောင်လား။ ဆန်းကြယ်နတ်ဘုရားဓားတော့ မဟုတ်ဘူး...”

တိုက်ပွဲဧကရာဇ် ရပ်တန့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် သံသယများ ပြည့်နှက်သွားသည်။ ဆန်းကြယ်ဧကရာဇ်၏ နတ်ဘုရားအသုံးအဆောင်များ၏ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း သိသည်။ ထို့ပြင် ကျန်းရီကလည်း အစီအရင်ထဲမှ ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။ ယခင်တွင် ကျန်းရီက ဆန်းကြယ်ဧကရာဇ်မြို့တွင် သောင်းကျန်းခဲ့သည်။ ထို့ကြောင့် ယခုတွင် တိုက်ပွဲဧကရာဇ်သည် ထပ်မံ မစွန့်စားဝံ့ ဖြစ်နေသည်။

သို့သော် မြောက်ဘက်ဧကရာဇ်က ကျန်းရီကို လုံးဝမယုံပေ။ သူ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။ ကျန်းရီကို ချုပ်နှောင်ရန် အာကာသအချုပ်အနှောင်ကို ထုတ်‌တော့ပေမည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ ထွက်လာခဲ့သည်။ ယခုက သူ့ကို သတ်ဖြတ်ရန် အချိန်ကောင်းမဟုတ်လျှင် မည်သည့်အချိန်က အချိန်ကောင်းဖြစ်တော့မည်နည်း။ မြောက်ဘက်ဧကရာဇ်နှင့် ကျန်းရီကြားမှ ရန်ငြိုးက ဘယ်တော့မှ ပြေနိုင်မည် မဟုတ်။ အနှေးနှင့် အမြန်ဆိုသလို ကျန်းရီက မြောက်ဘက်ဧကရာဇ်မြို့တော်ထဲသို့ ဝင်ရောက် သတ်ဖြတ်မည်ဖြစ်သည်။

“ဟွန်း... မင်းက ကိုယ့်သေတွင်း ကိုယ်တူးမှတော့ အသက်ဆက်မရှင်စေရဘူး”

ကျန်းရီက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး မီးနဂါးဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင်အာကာပြင်က စတင် တုန်ခါလာသည်။ ကောင်းကင်ထက်မှနေ၍လည်း လျှပ်စီးတန်းများ ကျဆင်းလာသည်။ ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်းရှိ မိုးမြေအတွင်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ကျဆင်းလာသော လျှပ်စီးတန်းများကလည်း သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်။ သို့သော် ခန္ဓာကိုယ်က အနည်းငယ်ပင် ထိခိုက်မသွားပေ။ ထိုအစား မီးနဂါးဓားကသာ လျှပ်စီးတောက်ပလာသည်။ အရှိန်အဝါကလည်း မယုံနိုင်လောက်အောင် အားကောင်းသွားသည်။

“မိုးမြေစွမ်းအားကို စုပ်ယူတာလား... အဲ့ဒါက...”

တိုက်ပွဲဧကရာဇ်သည် မျက်မှောင်ကြုတ်၍ လျင်မြန်စွာ ပြန်ဆုတ်လိုက်၏။ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် အခြားသူများကလည်း ပျာပျာသလဲဖြင့် နောက်ဆုတ်လိုက်ကြသည်။ အောင်းလုက ရယ်လိုက်ပြီး ခံစားချက်များနှင့် သက်ပြင်းချကာ ပြောလိုက်သည်။

“အဲ့ကောင်လေးက တကယ့်ကို အာဂပဲ။ အချိန်တိုလေးအတွင်းမှာ နတ်ဘုရားဇီဝိန်ခြွေကို သိမြင်နားလည်သွားတယ်။ သူ အဲ့အစီအရင်ထဲက ဖောက်ထွက်လာနိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး”

“မြောက်ဘက်ဧကရာဇ် ပြန်ဆုတ်...”

ရှင်းမုန့်ဝမ်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... ရပ်လိုက်။ ကျွန်မ ရှင့်ကို ရှင့်ရဲ့အစေခံ ပြန်ပေးမယ်”

ဝှစ်...

ရှင်းမုန့်ဝမ်၏ ကြာပွတ်က လှုပ်ယမ်းသွားပြီး ကျန်းရှောင်နူကို ကျန်းရီထံ ပစ်ပေးလိုက်သည်။ ကျန်းရီသည် မြောက်ဘက်ဧကရာဇ်က အလျင်အမြန် ပြန်ဆုတ်သွားပြီး ကျန်းရှောင်နူကလည်း သူ့ထံသို့ လွင့်လာသည်ကို တွေ့လိုက်၍ တိုက်ခိုက်မှုကို လျင်မြန်စွာ ရပ်တန့်လိုက်ကာ ကျန်းရှောင်နူနှင့် ရှင်းမုန့်ဝမ်ထံ ပျံသန်းသွားလိုက်သည်။ ကျန်းရီအတွက် အသက်ကယ်ခြင်းက လက်စားချေခြင်းထက် ပိုအရေးကြီးသည်။ သတ်စရာရှိသည်ကို နောက်ပိုင်းမှ အေးအေးဆေးဆေး သတ်နိုင်ပေသည်။

“သခင်လေး...”

ကျန်းရှောင်နူက အစိမ်းရောင်အရိပ်အဖြစ် ပြောင်းကာ ကျန်းရီထံသို့ လှစ်ခနဲ ပျံသွားလိုက်သည်။ ထို့နောက် သူမ ကျန်းရီကို တင်းကြပ်စွာ ဖက်လိုက်သည်။ သူမသည် မျက်ရည်များ စီးကျလာပြီး ခန္ဓာကိုယ်လည်း တုန်ယင်နေသည်။

ငါးနှစ်ကျော်ခဲ့ပေပြီ။ ထိုအတောအတွင်း ကျန်းရှောင်နူသည် အဆုံးမဲ့ပင်လယ်နက်တွင် တစ်ယောက်တည်း နေခဲ့ရသည်။ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ ကျန်းရီ၏ဘေးသို့ ပြန်သွားလိုခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဆန္ဒပြည့်ပေပြီ။ ထိုအခိုက်တွင် သူမခံစားနေရသော ခံစားချက်များကို တွေးကြည့်၍ပင် မရနိုင်ပေ။

“ရှောင်နူ... မငိုပါနဲ့တော့။ ငါ မင်းကို ဘယ်တော့မှ ထပ်ထားခဲ့တော့မှာ မဟုတ်ပါဘူး”

ကျန်းရီသည် စစ်နတ်ဘုရားမနှင့် တူနေသော ကျန်းရှောင်နူကို ကြည့်ကာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ ရှောင်နူကို လက်တစ်ဘက်ဖြင့် ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။ မြေခွေးလေးကလည်း ပျံသန်းလာပြီး သူတို့နှစ်ယောက်ကြား တိုးဝင်လိုက်သည်။ သူမ၏ အမွေးထူသော လက်များက ကျန်းရီ၏ မျက်နှာကို ထိကိုင်လိုက်သည်။ ထို့နောက် သူမ ရှိုက်သံလေးဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး... ရှောင်ဖေးက အစ်ကိုကြီးကို အရမ်းလွမ်းနေခဲ့တာ။ အခုကစပြီး ရှောင်ဖေးကို အစ်ကိုကြီးနဲ့အတူ ခေါ်သွားရမယ်နော်”

“အင်းပါ...အင်းပါ”

ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ထို့နောက် သူ့မျက်နှာက ပြန်တည်သွားသည်။

“ကောင်းပြီ... မင်းတို့နှစ်ယောက် ငိုမနေကြနဲ့တော့။ အရင်ဆုံး ငါ့ကို ဒီကကိစ္စတွေကို ကိုင်တွယ်ခွင့် ပေးပါဦး”

ကျန်းရှောင်နူက မျက်ရည်များ သုတ်လိုက်ပြီး ကျန်းရီဘေးတွင် ရပ်လိုက်သည်။ ရှောင်ဖေးက ကျန်းရီ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ကျန်းရှောင်နူသည် ရှင်းမုန့်ဝမ်၊ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်နှင့် အခြားသူများကို ကြည့်၍ ပြောလိုက်သည်။

“သခင်‌လေး... အစောတုန်းက အဲ့လူစုက ကျွန်မကို သတ်ချင်ခဲ့တာ”

ရှောင်ဖေးကလည်း ရှိုက်၍ ပြောလိုက်သည်။

“အစ်ကိုကြီး... အဲ့လူတွေက လူဆိုးတွေ။ သူတို့ကို အတူတူ သတ်ကြမယ်”

ကျန်းရီ မည်သို့မှ မပြောလိုက်ပေ။ သို့သော် ရှင်းမုန့်ဝမ်က ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မ ရှင့်ကို သိတယ်။ ရှင်က ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ကျွန်မ တစ်ခု သိချင်တယ်... ရှင် ဒီနေ့ ဒီကို ရောက်လာတာ မိစ္ဆာမျိုးနွယ်ကို ကူညီပြီး လူသားမျိုးနွယ်ကို သတ်ဖို့လား”

ကျန်းရီ ခေါင်းငုံ့ကာ စဉ်းစားလိုက်၏။ အတန်ကြာမှ ပြန်ဖြေလိုက်သည်။

“အဲ့ဒါကို... ငါ အခုထိ မဆုံးဖြတ်ရသေးဘူး”

“...”

ထိုနေရာရှိ လူသားအားလုံးနှင့် မိစ္ဆာအားလုံး မျက်လုံးပင့်သွားသည်။ သို့သော် နှစ်ဘက်စလုံးမှ တော်တော်များများ မျက်လုံးအရောင်လက်သွားကြသည်။ ကျန်းရီက မည်သည့်ဘက်တွင် နေမည်ဖြစ်စေ ထိုဘက်က အနိုင်ရပေလိမ့်မည်။

ထန်ရှန်းကျိက လှမ်းကြည့်ကာ ပြောသည်။

“ကျန်းရီ... မင်း ဒီကိစ္စကို သေချာ စဉ်းစားရမယ်။ မင်းက လူသားတစ်ယောက်ပဲ။ ကောင်းကင်ကြယ်တာရာနယ်မြေမှာ သန်းရာချီတဲ့ လူသားတွေ အသက်ဆုံးရှုံးခဲ့ရတယ်။ မင်း သူတို့အတွက် လက်စားမချေတော့ဘူးလား။ အရှေ့ဘက် တော်ဝင်နယ်မြေမှာလည်း လူတွေအများကြီး သေခဲ့တယ်။ အဲ့ကိစ္စအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက အောင်းလုပဲ။ မင်းက ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူဆိုတော့ ဆန်းကြယ်ဧကရာဇ်ကိုယ်စား လူသားမျိုးနွယ်ကို ကာကွယ်သင့်တယ်။ တကယ်လို့ ဒီစစ်ပွဲမှာ လူသားတွေ ရှုံးနိမ့်သွားရင် လူသားမျိုးနွယ် ပျက်သုဉ်းသွားလိမ့်မယ်။ မင်း အဲ့ဒါကို သိလား”

ဓားဧကရာဇ်ကလည်း ဝင်ပြောသည်။

“ကျန်းရီ... အရင်တုန်းက ငါတို့နဲ့ မင်းကြားမှာ ရန်ငြိုးတွေ ရှိခဲ့ပေမယ့် အဲ့ဒါက လူသားတွေကြားက ကိစ္စပဲ။ မင်း လက်စားချေချင်တယ်ဆိုရင်တောင် ငါတို့က အညှိုးထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကိစ္စက လူသားတွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲ။ တကယ်လို့ ဒီတစ်ခေါက်မှာ မင်း မိစ္ဆာတွေဘက်က ရပ်တည်မယ်ဆိုရင်တော့ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက် ဖြစ်သွားလိမ့်မယ်။ နှစ်သောင်းချီ အရှက်ရ ရလိမ့်မယ်”

တိုက်ပွဲဧကရာဇ် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ကျန်းရီ... ငါတို့ကြားက ရန်ငြိုးတွေကို ဖြည်းဖြည်းချင်း ရှင်းလို့ရတယ်။ မင်း လူသားမျိုးနွယ်ကို မကူညီဘူးဆိုရင်တောင် မိစ္ဆာမျိုးနွယ်ကိုလည်း မကူညီရဘူး။ မင်း ကြားနေအဖြစ် နေရမယ်။ အဲ့လိုဆို ကောင်းကင်ကြယ်တာရာနယ်နမိတ်က သန်းထောင်ချီတဲ့ လူသားတွေက မင်းကို ကျေးဇူးတင်မှာပါ”

အနက်ရောင်နတ်ဘုရားနှင့် အရိပ်ဧကရာဇ်တို့က တစ်စုံတစ်ခုပြောလိုနေ၏။ သို့သော် အောင်းလုက လက်ယမ်းကာ မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို ဘာမှ ဝင်မပြောရန် နှုတ်ပိတ်လိုက်သည်။ အောင်းလုကိုယ်တိုင်လည်း နှုတ်ဆိတ်နေပြီး ကျန်းရီကို တိတ်တဆိတ် ကြည့်နေသည်။

ကျန်းရီ တွေးတောနေသည်။ နေရာတစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။ သန်းဆယ်ချီသော မျက်လုံးများက ကျန်းရီအပေါ်တွင် ရှိနေသည်။ ကျန်းရီ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

***

All Chapters