← Chapters

သူ့ကို အသက်ရှင်ခွင့်ပေး၍ မဖြစ်

Vol. 86 Ch. 1192

သူ့ကို အသက်ရှင်ခွင့်ပေး၍ မဖြစ်

Vol. 86 Ch. 1192

ထိုအခိုက်တွင် ကျန်းရီ ဆုံးဖြတ်ရခက်နေသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက်၊ ဆန်းကြယ်ဧကရာဇ်၏ ဆက်ခံသူတစ်ယောက် အနေဖြင့် လူသားမျိုးနွယ်ကို ကာကွယ်ရန် တာဝန်ရှိသည်။ တစ်ဘက်တွင်လည်း မိစ္ဆာမျိုးနွယ်ဖြစ်သော အောင်းလုနဲ့ ချမ်ချမ်အပေါ် သူ အကြွေးတင်နေသည်။ မည်သည့်ဘက်တွင် ရပ်သည်ဖြစ်စေ၊ ကြားနေအဖြစ် နေလိုက်သည်ပင် ဖြစ်စေ မှားယွင်းသော ဆုံးဖြတ်ချက်သာ ဖြစ်ပေလိမ့်ဦးမည်။

ဤတစ်ခေါက်တွင် ကျန်းရီသည် ရှောင်နူ၊ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ကို ကယ်တင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ ရှောင်နူက လုံခြုံသွားပေပြီ။ သူမက ဘေးကင်းရာ အခြားနှစ်ယောက်လည်း အန္တရာယ်နှင့် မကြုံရလောက်ပေ။

‘ကျန်းရီ... ကျွန်မသာ ရှင့်နေရာမှာဆိုရင် မိစ္ဆာတွေကို ကူညီပြီး စစ်ပွဲကို အဆုံးသတ်မှာ။ အောင်းလုက ကြိုးကိုင်သူ မဟုတ်ဘူးဆိုရင် ကြိုးကိုင်သူက သေချာပေါက် လူသားဖြစ်ရမယ်။ ကြိုးကိုင်သူရဲ့ မကောင်းတဲ့ အကြံအစည် အထမြောက်သွားလို့ မဖြစ်ဘူး။ သူက နှစ်ဘက်ကို အချင်းချင်း သတ်ကြအောင် စစ်ပွဲဖန်တီးချင်နေတာ။ ရှင် နှစ်ဘက်စလုံး ဆက်မတိုက်တော့အောင် လုပ်သင့်တယ်။ အဲ့ဒါမှ ကြိုးကိုင်သူရဲ့ အကြံအစည်တွေကို ဖျက်နိုင်မှာ... လူသားမျိုးနွယ်ရဲ့ အင်အားကိုလည်း ထိန်းထားနိုင်မှာ...’

ကျန်းရီသည် ရီချန်ပြောခဲ့သော စကားများကို ရုတ်တရက် ပြန်တွေးမိသွားပြီး စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ ထို့နောက် ချက်ချင်းပင် အောင်းလုကို လှမ်းကြည့်လိုက်သည်။

ဖုန်း...ဖုန်း...

ကျန်းရီနှင့် အောင်းလုတို့ အကြည့်ချင်း၊ အတွေးချင်း ဖလှယ်လိုက်ကြသည်။ ထိုအခိုက်တွင် အဝေးရှိ ပင်လယ်ပြင်က ရုတ်တရက် ပေါက်ကွဲသွားသည်။ ချမ်ချမ်၊ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့က ရေထဲမှ ထွက်လာသည်။ ချမ်ဝမ်ကွမ်းက ဝမ်းသာအားရ အော်ပြောလိုက်သည်။

“ခေါင်းဆောင်...”

“ကျန်းရီ...”

ကျန်ဝူရွှမ်းက အော်ခေါ်ပြီးနောက် ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... အောင်းလုက ကြိုးကိုင်သူ မဟုတ်ဘူး။ သူက အ‌ကြောင်းမရှိဘဲ လူသားမျိုးနွယ်ကို မတိုက်ခိုက်ပါဘူးလို့ ဆန်းကြယ်ဧကရာဇ်ဆီမှာ သစ္စာဆိုခဲ့ရတယ်... ဒီကိစ္စနောက်ကွယ်ကသူက တခြားတစ်ယောက် ဖြစ်လိမ့်မယ်။ ဒီစစ်ပွဲကလည်း ကြိုးကိုင်သူရဲ့ အကြံအစည်ပဲ။ မင်း ဒီစစ်ပွဲကို ရပ်ရမယ်”

ကျန်ဝူရွှမ်းက သတိမပေးလျှင်ပင် ကျန်းရီနှင့် အောင်းလုတို့က အကြည့်ချင်း ဖလှယ်ပြီးပြီဖြစ်သည်။ ကျန်းရီသည် အောင်းလုက ကြိုးကိုင်သူမဟုတ်ကြောင်း သေချာသွားပေပြီ။ ဆန်းကြယ်ဧကရာဇ်သည် လူသားမျိုးနွယ်ကို သတ်ဖြတ်မည့် မိစ္ဆာတစ်ကောင်ကို လောကထဲ ပြန်မလွှတ်ပေးလောက်ပေ။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်နှင့် အောင်းလုကို ယုံကြည်ပေသည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများကို ဓားဖြင့် ချိန်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ တပ်ပြန်ဆုတ်လိုက်ပါ။ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ကိုရော လူသားနယ်မြေတွေကိုရော မတိုက်ခိုက်စေရဘူးလို့ ကျွန်တော် အာမခံတယ်။ သူတို့ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော့်ကို အရင် ရင်ဆိုင်ရလိမ့်မယ်။ ဒီတစ်ခေါက်ကိစ္စရဲ့ ကြိုးကိုင်သူက အောင်းလု မဟုတ်ဘူး။ ကျွန်တော် ကြိုးကိုင်သူအစစ်ကို ရအောင်ရှာပြီး သတ်ပစ်မှာပါ။ သေဆုံးသွားခဲ့တဲ့ လူသား သန်းရာချီအတွက် လက်စားချေပေးမှာပါ”

“ဝိုး...”

ထိုနေရာတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကျန်းရီက မိစ္ဆာမျိုးနွယ်ဘက်မှ ရပ်တည်၍ လူသားစစ်တပ်ကို ပြန်ဆုတ်ခိုင်းနေသည်လော။ မ‌ရေမတွက်နိုင်သော မျက်ဝန်းများထဲတွင် ဒေါသခိုးများ ပြည့်နှက်သွားသည်။ ဤစစ်ပွဲတွင် လူသားမျိုးနွယ်မှ လူသန်းဆယ်ချီ ကျဆုံးခဲ့ပြီဖြစ်သည်။ ဒဏ်ရာရသူများလည်း ရှိသည်။ ကျန်းရီ၏ စကားတစ်ခွန်းအတွက်နှင့် သူတို့က ပြန်ဆုတ်မည်လော။ မိစ္ဆာမျိုးနွယ်၏ ပျက်သုဉ်းခြင်းက လက်တစ်ကမ်းအကွာတွင် ရှိနေပေပြီ။ ထိုအချိန်တွင် လူသားတစ်ယောက်က စစ်ပွဲကို တားသင့်သလော။

သားရဲဧကရာဇ်က စိတ်ဆတ်သူတစ်ယောက် ဖြစ်သည်။ သူ ချက်ချင်းပင် ကျန်းရီကို ကြိမ်းမောင်းလိုက်သည်။

“ကျန်းရီ... မင်းက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ။ မင်းက အကောင်းနဲ့အဆိုး၊ အဖြူနဲ့အမည်းကို မခွဲတတ်ဘူး။ ဆန်းကြယ်ဧကရာဇ်က မင်းကို ဆက်ခံသူအဖြစ် ရွေးခဲ့တာ အမြင်ကွယ်နေလို့ပဲ ဖြစ်မယ်”

မြောက်ဘက်ဧကရာဇ်ကလည်း အေးစက်စက် ပြုံးကာ ဆိုသည်။

“ကျန်းရီက အရင်ကတည်းက သစ္စာဖောက်တစ်ယောက်ပဲ။ ဘယ်လူသားက မိစ္ဆာဧကရာဇ်တစ်ပါးနဲ့ မိတ်ဆွေဖွဲ့မှာလဲ။ သူ့ဆီက ဘာတွေများ မျှော်လင့်လို့ရမှာလဲ”

ထန်ရှန်းကျိက သက်ပြင်းလေးလေးတစ်ချက် ချကာ ပြောလိုက်သည်။

“ကျန်းရီ... ဒီနေ့ မင်းရဲ့ လုပ်ရပ်က မင်းကို တစ်ဘဝလုံး အရှက်ရစေလိမ့်မယ်။ မင်းက တကယ်ပဲ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက် ဖြစ်သွားလိမ့်မယ်။ နှစ်သောင်းနဲ့ချီ ကျိန်ဆဲ ခံရလိမ့်မယ်။ အမှားကို ပြင်ဖို့ နောက်မကျသေးပါဘူး”

“ဘာကကောင်းတာလဲ၊ ဘာကဆိုးတာလဲ”

ကျန်းရီက စိတ်မယိမ်းယိုင်ဘဲ အလွန်ပြတ်သားနေသည်။

“မိစ္ဆာမျိုးနွယ်က သေချာပေါက် ဆိုးရမှာလား။ လူသားမျိုးနွယ်က သေချာပေါက် ကောင်းရမှာလား။ တကယ်လို့ ဒီတစ်ခေါက် လူသန်းချီ သေစေခဲ့တဲ့ ကိစ္စရဲ့ ကြိုးကိုင်သူက လူသားတစ်ယောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူကလည်း ကောင်းတာပဲလား။ ဒီကိစ္စကို စေ့စေ့စပ်စပ် မစုံစမ်းရသေးဘူး။ ကျွန်တော်တို့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် အသက်တွေ ပိုဆုံးရှုံးရတာပဲ ရှိမယ်။ ပြီးတော့ ကျွန်တော်တို့က ကြိုးကိုင်သူ ဖြစ်စေချင်တဲ့အတိုင်း လိုက်လုပ်ပေးသလို ဖြစ်သွားလိမ့်မယ်...”

“ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာရင် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြီး လူသားမျိုးနွယ် ပျက်သုဉ်းလိမ့်မယ်။ ကပ်ဘေးဆိုတာ ဘာလဲ။ ဒီစစ်ပွဲမှာ လူတွေအများကြီး သေခဲ့ရတယ်၊ သိုင်းသမားတွေ အများကြီး သေခဲ့ရတယ်။ အဲ့ဒါက ကပ်ဘေးပဲ မဟုတ်ဘူးလား။ လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားတဲ့အထိ စောင့်ပြီးမှ အဲ့ဒါကို ကပ်လေးလို့ သတ်မှတ်မှာလား။ ကျွန်တော် ဒီနေရာမှာရှိတဲ့ အားလုံးကို မေးချင်ပါတယ်။ တကယ်လို့ ဒီနေ့မှာ ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် နောက်ကျမှ ကြိုးကိုင်သူအစစ် ထွက်ပေါ်လာတယ်ဆိုရင် အဲ့အခါကျ လူသားမျိုးနွယ်ကို ဘယ်သူက ကာကွယ်မှာလဲ။ အဲ့ကျရင် လူသားမျိုးနွယ်က တကယ်ပဲ အဆုံးသတ်သွားရလိမ့်မယ်...”

“ခင်ဗျားတို့ ကျွန်တော့်ကို သစ္စာဖောက်လို့ ခေါ်နိုင်တယ်... ခင်ဗျားတို့ စိတ်ကြိုက် ကျိန်ဆဲနိုင်တယ်၊ အရူးတစ်ယောက်လို့ သတ်မှတ်နိုင်တယ်၊ ဒါပေမဲ့ ကျွန်တော် လိပ်ပြာလုံတယ်။ ဒီနေ့ ဆက်တိုက်ခိုက်ချင်တဲ့ ဘယ်သူမဆို ကျွန်တော်နဲ့ တိုက်ရမယ်။ ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်ကို ဖျက်ဆီးချင်ရင် ကျွန်တော့်အလောင်းကို ကျော်သွားရမယ်”

ကျန်းရီက အရာအားလုံးကို ရင်းရန် အဆင်သင့် ဖြစ်နေပေပြီ။ အောင်းလု၊ ချမ်ချမ်၊ အနက်ရောင်နတ်ဘုရားနှင့် အခြားသူများ အသတ်ခံရမည်ကို ရပ်ကြည့်မနေနိုင်။ ကြိုးကိုင်သူ၏ အကြံအစည် အကောင်အထည်ပေါ်သွားမည်ကိုလည်း လက်မခံနိုင်ပေ။

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေမှာကလည်းက အခြားသူများ၏ ကျိန်ဆဲမှု၊ ရှုံ့ချမှုများကို ခံရသည်ကို အသားကျနေပြီဖြစ်သည်။ နောက်ပိုင်းတွင် သူသည် အပြစ်သားကျွန်း၏ သူလျှို၊ လူသားမျိုးနွယ်၏ သစ္စာဖောက်အဖြစ်လည်း သမုတ်ခံခဲ့ရသည်။ ထို့ကြောင့် ဆက်၍ ရှုံ့ချခံရမည်ဆိုလျှင် မှုစရာမရှိတော့ပေ။ သူ လိပ်ပြာလုံသည်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ကို အနာဂတ်မျိုးဆက်များကသာ ဆုံးဖြတ်ပါစေ။

“ကျန်းရီ...”

ရုတ်တရက် ရှင်းမုန့်ဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင်က နောက်ကွယ်က ကြိုးကိုင်သူ အကြောင်းကို ပြောခဲ့တယ်နော်။ ကျွန်မ ရှင့်ကို မေးပါဦးမယ်... ကြိုးကိုင်သူက အောင်းလု မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မလဲ။ အောင်းလု မဟုတ်ဘူးဆိုတာ ရှင့်မှာ သက်သေရှိလား။ သန်းထောင်ချီတဲ့ လူသားတွေ သေခဲ့ရပြီ... အဲ့ကိစ္စကနေ ဘယ်သူက အကျိုးအမြတ်ရမလဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတော့ မဖြစ်နိုင်ဘူးမလား။ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုလည်း မဖြစ်နိုင်ဘူး... ဟုတ်တယ်မလား”

“ဟုတ်တယ်...”

သားရဲဧကရာဇ်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောသည်။

“လူသားမျိုးနွယ် ပျက်သုဉ်းသွားရင် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၊ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုလည်း ဆက်ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။ ငါတို့နဲ့ အောင်းလုအပြင် ဘယ်သူက အဲ့လိုကိစ္စကြီးမျိုးကို လုပ်နိုင်သလဲ။ ကျန်းရီ... အောင်းလုက ကြိုးကိုင်သူ မဟုတ်ဘူးလို့ မင်း သက်သေပြနိုင်ရင် ငါတို့ ချက်ချင်း ပြန်ဆုတ်သွားမယ်”

“သက်သေလား”

ကျန်းရီ မည်သို့ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွားသည်။ သူ့တွင် မည်သည့်သက်သေမှ မရှိပေ။ အောင်းလု၏စကားနှင့် သူ၏ခံစားချက်ကို သက်သေအဖြစ် သုံး၍ မရချေ။ ယင်းတို့က ရှင်းပြ၍ရသော အရာမဟုတ်။ လူများကလည်း ယုံမည်မဟုတ်။ သို့ဖြစ်ရာ သူ သက်သေကို မည်သို့ ရှာရမည်နည်း။

ထို့ကြောင့် ကျန်းရီသည် ခေါင်းမာစွာသာ ပြောလိုက်ရသည်။

“ကျွန်တော့်မှာ ဘာသက်သေမှာ မရှိဘူး။ ကြိုးကိုင်သူကို ရှာဖို့ အစွမ်းကုန် ကြိုးစားမှာပါလို့တော့ ကျွန်တော် အာမခံနိုင်တယ်။ ကဲပါ... အပိုတွေ ပြောမနေတော့ဘူး။ ခင်ဗျားတို့ ချမှာလား ဆုတ်မှာလား”

“ဟင်းဟင်း...”

မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်နှင့် အခြားသူများက တိတ်ဆိတ်သွားသည်။ သို့သော် ရှင်းမုန့်ဝမ်က ပြုံးကာ ခေါင်းခါ၍ ပြောလိုက်သည်။

“ကျန်းရီ... ရှင်က လမ်းမှားကို ဆက်လိုက်ချင်မှတော့ ကျွန်မတို့လည်း ရွေးစရာမရှိတော့ဘဲ သေတဲ့အထိ တိုက်ခိုက်ရတော့မှာပေါ့။ ကျွန်မတို့က အနိုင်ရဖို့ နီးနေပြီ... သန်းထောင်ချီတဲ့ လူသားတွေရဲ့ အသက်အတွက်လည်း လက်စားချေနိုင်တော့မှာ။ မိစ္ဆာတွေရဲ့ အန္တရာယ်ကလည်း ထာဝရပျောက်ကွယ်သွားတော့မယ်။ အဲ့ဒါကို ရှင်က ကျွန်မတို့ကို တားချင်တာလား။ ရှင်က ကောင်းကင်ကို ဆန့်ကျင်ချင်မှတော့ ရှင့်ကို ရှင်းပစ်ရတော့မှာပေါ့။ အစီအရင်ဆင်ကြ...”

“တိုက်ခိုက်ကြ...”

မြောက်ဘက်ဧကရာဇ်ကလည်း အံကြိတ်ကာ အော်လိုက်သည်။ တိုက်ပွဲဧကရာဇ်က လှံကို မြှောက်လိုက်ပြီး သားရဲဧကရာဇ်က ထပ်မံ၍ ပုံစံပြောင်းလိုက်သည်။

ရှင်းမုန့်ဝမ်၏ စကားလုံးများက လူအားလုံးကို ညီညွတ်သွားစေသည်။ ယခုမှတော့ လူသားစစ်တပ်အနေဖြင့် ပြန်ဆုတ်စရာအကြောင်း မရှိပေ။ လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းပညာရှင်များကို နောက်တစ်ခေါက် ထပ်မံ စုစည်းရန် အလွန်ခက်ပေလိမ့်မည်။ အရေးအကြီးဆုံးမှာ ယခုစစ်ပွဲတွင် အောင်နိုင်လိုက်လျှင် သူတို့အားလုံးက လူသားသမိုင်းတွင် သူရဲကောင်းများ ဖြစ်သွားမည် ဖြစ်ခြင်းပင်။ သူတို့၏ အောင်မြင်မှုက ဆန်းကြယ်ဧကရာဇ်၏ အောင်မြင်မှုပြီးလျှင် ဒုတိယလိုက်ပေလိမ့်မည်။ သူတို့သည် သန်းထောင်ချီသော လူများ၏ ရိုသေလေးစားမှုကို ခံရလိမ့်မည်။ သူတို့၏ စွမ်းဆောင်ချက်များကလည်း သမိုင်းဝင်ကာ မျိုးရိုးစဉ်ဆက်တိုင်အောင် ကျော်ကြားနေပေမည်။ ထိုဆွဲဆောင်မှုများက အလွန်အားကောင်းပေသည်။

‘အဲ့ လောကနံပါတ်(၁) အလှပဂေးက ကြောက်စရာကောင်းတာပဲ’

ကျန်းရီ၏ မျက်လုံးများ အေးစက်သွားသည်။ ရှင်းမုန့်ဝမ်၏ စကားအနည်းငယ်က မဟာမိတ်စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်လိုစိတ် ကြွသွားစေသည်။ ယခုတွင် မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့သည် ‌ရွေးချယ်စရာ မရှိတော့သဖြင့် တိုက်ခိုက်ရပေတော့မည်။ ထို့ပြင် သူမသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကြယ်ခုနစ်ပွင့်အဆင့်သို့ ရောက်ခဲ့ပြီး အခြေအနေတစ်ခုလုံးကို အလွယ်တကူ ခြယ်လှယ်နိုင်သည်။ သူမက ကျန်းရှောင်နူကိုလည်း သတ်ရန် လုပ်ခဲ့သည်။

‘သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး’

ကျန်းရီ၏ မျက်ဝန်းများက သတ်ဖြတ်အရှိန်အဝါ တောက်ပသွားသည်။ ထို့နောက် သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သူသည် သက်တန့်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ရှင်းမုန့်ဝမ်ထံ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပဲ သူ ကျန်းရှောင်နူကို ‌အော်ပြောလိုက်သည်။

“ရှောင်နူ... သူ့ကို အတူ သတ်ကြစို့။ သူ မသေရင် တိုက်ပွဲက ရပ်မှာ မဟုတ်ဘူး”

“ဟုတ်ကဲ...”

ကျန်းရှောင်နူသည် ကျန်းရီ၏ အမိန့်များကို တစ်ခါမှ မေးခွန်းပြန်မထုတ်ခဲ့ဖူးပေ။ သူမသည် အစိမ်း‌ရောင်အရိပ်အဖြစ် ပြောင်းလဲကာ ရှင်းမုန့်ဝမ်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ကျန်းရီ၏ လက်ထဲမှ မီးနဂါးဓားကလည်း လင်းလက်လာသည်။ ပတ်ဝန်းကျင်မှ လေများ၊ တိမ်များ ‌ရွေ့လျားသွားကာ ကောင်းကင်ထက်မှနေ၍ လျှပ်စီးတန်း ထပ်မံကျဆင်းလာသည်။ ကျန်းရီသည် ခက်ထန်သော ကျားရိုင်းတစ်ကောင်အလား အရှေ့သို့ ပျံသန်းသွားပြီး သူ့လမ်းကို ပိတ်နေသော နတ်ဘုရားတစ်ပိုင်းအုပ်စုကို အော်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်။ အကုန်လုံး ဘေးဖယ်ကြ...”

***

All Chapters