နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်
Vol. 86 Ch. 1193
ရှင်းမုန့်ဝမ်၏ အမိန့်အရ ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်က စတင် လှုပ်ရှားကြသည်။ သို့သော် ဤတစ်ကြိမ်တွင် အစီအရင်က ထပ်မံ ပြောင်းလဲသွားသည်။ ၎င်းက ယခုတွင် အဝိုင်းပုံစံ ဖြစ်နေပေပြီ။ သူတို့အားလုံး၏ ခန္ဓာကိုယ်များ လင်းလက်လာသည်။ အနောက်မှ လူက အရှေ့လူ၏ နောက်ကျောထဲသို့ အတွင်းအား ထည့်ပေးနေသည်။ အရှေ့လူသည် ထိုအတွင်းအားကို စုစည်းကာ သူ့အရှေ့လူ၏ နောက်ကျောထဲသို့ ထပ်ထည့်ပေးသည်။ နောက်ဆုံးတွင် အားလုံး၏ အတွင်းအားက ရှင်းမုန့်ဝမ်၏ ခန္ဓာကိုယ်ထဲတွင် စုဝေးသွားသည်။
တစ်ချိန်တည်းမှာပင် ရှင်းမုန့်ဝမ်က အမိန့်ပေးလိုက်သည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်သည် ရှင်းမုန့်ဝမ်နှင့် ကျန်းရီတို့ ကြားတွင် ဝင်ရပ်လိုက်၏။ သူတို့က ကြယ်ခြောက်ပွင့်အဆင့် ပညာရှင်များဖြစ်ကြသည်။ သူတို့သည် သေရမည်ကို လုံးဝမကြောက်ဘဲ ကျန်းရီထံသို့ ပျံသန်းသွားသည်။
ကျန်းရီသည် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ ညှာတော့မည် မဟုတ်ပေ။ ယနေ့တွင် လူအနည်းငယ်ကို သတ်မပြလျှင် လူသားစစ်တပ်က ပြန်ဆုတ်မည့်ပုံ မပေါ်ချေ။ သို့သော် စစ်ပွဲစလျှင် စွမ်းအားကြီး လူသားသိုင်းပညာရှင်များ ပိုသေရပေမည်။ အောင်းလုက အစွမ်းကုန်ထုတ်၍ တိုက်လျှင်လည်း အနည်းဆုံး လူတစ်သန်းလောက် သေပေလိမ့်မည်။ ထို အသက်ခုနစ်သိန်းကျော်ရှိသော မိစ္ဆာအိုကြီး၏ အစွမ်းကို ကျန်းရီ တစ်ခါမှ သံသယ မဖြစ်ဖူးပေ။
ကျန်းရီ ရှင်းမုန့်ဝမ်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းတွင် အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ သူနှင့် ရှောင်နူတို့က ခံစားချက်တူနေသည်။ ထိုရှင်းမုန့်ဝမ်က သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။ အကြောင်းအချို့ကြောင့် သူ ရှင်းမုန့်ဝမ်ကို အရိုးထိအောင် မုန်းနေမိသည်။
ထိုခံစားချက်က အလွန်ထူးဆန်းသည်။ ရှင်းမုန့်ဝမ်က အလွန်လှပသော မိန်းမပျိုတစ်ယောက်ဖြစ်ပြီး တိုင်းပြည်များ၊ မြို့များကို ဦးဆောင်နိုင်လောက်သော အရည်အချင်းရှိသူလည်းဖြစ်သည်။ မည်သည့်ယောက်ျားကမဆို သူမကို လိုချင်တပ်မက်ကြမည်သာ။ သို့သော် သူ သူမကို မုန်းနေမိသည်။ သူက အခြားသူများကို အလွယ်တကူ မုန်းတတ်သူတစ်ယောက်မဟုတ်ပေ။
ကျန်းရီသည် ကိစ္စများကို လုပ်ဆောင်ရာတွင် သူ၏ခံစားချက်ကို အရေးထားခဲ့သည်။ ကောင်းကင်တမလွန်ဂိုဏ်းက ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲတွင် နံပါတ်(၁)ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းထက်ပင် ပိုကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ သို့သော် သူ များစွာတွေးတောမနေနိုင်ပေ။ အရင်ဆုံး သတ်ဖြတ်ရပေမည်။
“သေပေတော့...”
ကျန်းရီ ကျယ်လောင်စွာ အော်လိုက်သည်။ မီးနဂါးဓားက ခုတ်ပိုင်းရန် အသင့်ဖြစ်နေသည်။ နတ်ဘုရားဇီဝိန်ခြွေကိုလည်း ထုတ်လွှတ်လိုက်သည်။ မီးနဂါးသုံးကောင်က ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်က ကျန်းရီကို တိုက်ခိုက်လိုက်ကြသည်။ အလင်းဓားတစ်ချောင်း၊ ကြောက်မက်ဖွယ် လက်ချပ်စည်းတစ်ခုနှင့် ရွှေရောင်အလင်းတန်းတစ်တန်းတို့ ပျံဝင်လာသည်။
မီးနဂါးများက အစစ်နှင့်တူသည်။ လုံးဝ ဝိညာဉ်ပုံရိပ် မဟုတ်ပေ။ နဂါးများပေါ်တွင် အနီရောင်အလင်း တောက်ပနေရာ ၎င်းတို့က ချော်ရည်မှ ဖြစ်တည်လာသည်ဟုပင် ထင်ရသည်။ မီးနဂါးများက ပို၍ ပို၍ မြန်လာသည်။ ၎င်းတို့သည် ပစ်မှတ်များကို ရှာ၍ ကောင်းကင်ကိုဖြတ်ကာ ပျံသန်းနေကြသည်။ ၎င်းတို့၏ အရှိန်အဝါများနှင့်ပင် ကောင်းကင်ဧကရာဇ်များနှင့် မိစ္ဆာများ ကြောက်ရွံ့သွားကြသည်။ အနီးပတ်ဝန်းကျင်မှ ကောင်းကင်ဧကရာဇ်များနှင့် မိစ္ဆာများ ကြောက်လန့်တကြား ထွက်ပြေးကြသည်။
မီးနဂါးသုံးကောင်နှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်၏ တိုက်ခိုက်မှုများ တစ်ချိန်တည်း ထိတိုက်သွားသည်။ သို့သော် မည်သည့်အသံ၊ မည်သည့်အဟုန်မှ ထွက်ပေါ်မလာသဖြင့် အားလုံး အံ့အားသင့်သွားသည်။ နတ်ဘုရားတစ်ပိုင်းများ၏ တိုက်ခိုက်မှုသုံးခုက အလွယ်တကူ ဝါးမျိုခံလိုက်ရသည်။ တိုက်ခိုက်မှုများသည် မီးနဂါးများကို ထိခိုက်အောင် မလုပ်နိုင်လိုက်ဘဲ လေထဲတွင် တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ ဘေးမှ ကြည့်နေသူများ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားကြသည်။
“အဲ့ဒါက နတ်ဘုရားဝိညာဉ်တိုက်ခိုက်မှုလား။ ကျန်းရီက ဆန်းကြယ်ဧကရာဇ်ရဲ့ အစွမ်းကို ရသွားပြီလား”
ထန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် အော်ပြောလိုက်သည်။ မီးနဂါးသုံးကောင်က နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ကို ဝါးမျိုသွားသည်ကို မြင်လိုက်ရသည်။ ထိုသုံးယောက်၏ အရိုးပင် ကျန်တော့မည် မဟုတ်ကြောင်း ကြည့်စရာမလိုဘဲနှင့် သူ သိသည်။
ဝုန်း...ဝုန်း...ဝုန်း...
အမှန်ပင် ပေါက်ကွဲသံ သုံးသံ ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားပေပြီ။ သူတို့၏ ခန္ဓာကိုယ်များကလည်း အမှုန့်ဖြစ်သွားသည်။ အရိုးပင် မကျန်ခဲ့ချေ။ ပေါက်ကွဲမှုများအလယ်တွင် တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ဧကရာဇ်များနှင့် မိစ္ဆာများ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ ပင်လယ်ပြင်တွင်လည်း လှိုင်းလုံးများ ထန်လာသည်။
“ကျန်းရီက အဲ့လောက် စွမ်းအားမကြီးဘူး... သူက နတ်ဘုရားတစ်ပိုင်းအဆင့်တောင် မရောက်သေးဘူး”
ထန်ရှန်းကျိက မျက်နှာထားတည်တည်ဖြင့် ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အခု သူ့ရဲ့ တိုက်ခိုက်စွမ်းအားက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်နေတယ်။ သူက ဆန်းကြယ်ဧကရာဇ်ရဲ့ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန် နတ်ဘုရားဇီဝိန်ခြွေကို သိမြင်နားလည်သွားခဲ့တာပဲ။ အဲ့ဒါကို နတ်ဘုရားအသုံးအဆောင်နဲ့ ပေါင်းလိုက်တော့ သူ့ရဲ့ တိုက်ခိုက်စွမ်းအားက ကြယ်ကိုးပွင့်အဆင့် ဖြစ်သွားတာ။ ဒီအသက်အရွယ်မှာ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ခဲ့တယ်... သူ့ရဲ့ ပါရမီက တကယ်ကို ဆန်းကြယ်ဧကရာဇ်ရဲ့ ပါရမီနဲ့ ယှဉ်နိုင်တာပဲ။ ဒါပေမဲ့ သူက လမ်းမှားကို လိုက်ခဲ့တာ နှမြောစရာပဲ”
“ဆန်းကြယ်ဧကရာဇ်ရဲ့ နတ်ဘုရားအသုံးအဆောင်က ဆန်းကြယ်နတ်ဘုရားဓား မဟုတ်ဘူးလား။ ဘယ်တုန်းက အဲ့လိုဓားကြီး ဖြစ်သွားတာလဲ”
ထန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က မေးလိုက်သည်။ သူတို့ထဲမှ အချို့ကလည်း ဝေခွဲမရဖြစ်နေကြသည်။
“မျိုးနွယ်ခေါင်းဆောင်.. ကျုပ်တို့ ဘာလုပ်သင့်လဲ။ ကျန်းရီကို တိုက်ကြမလား၊ ဒါမှမဟုတ် အောင်းလုကိုပဲ သွားသတ်ရမလား”
“အခုလောလောဆယ် ဘာမှ မလုပ်ကြနဲ့ဦး။ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ် မိစ္ဆာဧကရာဇ်နဲ့ သားရဲဧကရာဇ်တို့က လှုပ်ရှားနေပြီ။ ငါတို့ ဝင်မပါလည်း ရသေးတယ်”
ထန်ရှန်းကျိက ခေါင်းခါကာ ပြောလိုက်သည်။
“အရင်ဆုံး အခြေအနေကို စောင့်ကြည့်တာပေါ့။ ကျန်းရီကို ငါတို့အပေါ် ဒေါသဖြစ်သွားအောင် မလုပ်ချင်ဘူး။ သူ ဒေါသူပုန်ထသွားပြီး ဟိုကောင်မလေးရယ်၊ မြေခွေးလေးရယ်နဲ့ ပေါင်းတိုက်ရင် ငါတို့တော်တော်များများ ဒီနေရာမှာ သေရလိမ့်မယ်”
မိစ္ဆာဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က အမှန်ပင် လှုပ်ရှားနေပေပြီ။ အစောက အသတ်ခံလိုက်ရသော နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောင်မှာ ဝူမျိုးနွယ်မှ ဖြစ်သည်။
အခြားမျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများလည်း ဒေါသထွက်သွားကြသည်။ ကျန်းရီက သူတို့ ကျော်ကြားရမည့်အရေးကို တားလိုနေသည်။ ထို့ကြောင့် သူတို့ ကျန်းရီကို ရှင်းပစ်လိုခြင်းမှာ သဘာဝကျသည်။ ယနေ့တွင် ကျန်းရီကို မသတ်နိုင်လျှင် နောင်တွင် ကျန်းရီထံ၌ အညံ့ခံရပေလိမ့်မည်။ ကျန်းရီ စိတ်မကြည်သည့်ရက်များတွင် သူတို့က သေချာပေါက် နှိပ်စက်ခံရပေလိမ့်မည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေကို နှစ်ပေါင်းခုနစ်သိန်းကျော် အုပ်စိုးခဲ့သည်။ ထို့ကြောင့် အခြားတစ်ယောက်ထံတွင် လက်အောက်ခံရမည်ကို သူတို့ သည်းမခံနိုင်ပေ။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းများက သူ့ကို ပစ်မှတ်ထားနေကြောင်း သိသည်။ သို့သော် သူ အနည်းငယ်ပင် မစိုးရိမ်ချေ။ သူသည် သက်တန့်အလင်းတန်းတစ်ခုအလား ရှင်းမုန့်ဝမ်ဆီသို့သာ သွားနေသည်။ မီးနဂါးဓားက ထပ်မံ ခုတ်ပိုင်းရန် အသင့်ဖြစ်နေပေပြီ။ နတ်ဘုရားဇီဝန်ခြွေကို ထပ်ထုတ်ရန်လည်း အသင့်ပေ။ သူ၏တိုက်ခိုက်မှုက ရှင်းမုန့်ဝမ်နှင့် သူမ၏ လူတစ်ဝက်လောက်ကို သတ်ပစ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
ဝှစ်...ဝှစ်...
ကျန်းရှောင်နူကလည်း ပျံသန်းလာသည်။ သူမသည် ဝိညာဉ်ပုံရိပ်တစ်ခုအလား ဝူမျိုးနွယ်၊ ရှီးမျိုးနွယ်၊ ထူမျိုးနွယ်နှင့် ကျန်မျိုးနွယ်တို့မှ နတ်ဘုရားတစ်ပိုင်းများထံ ဦးတည်သွားလိုက်သည်။ ကျန်းရီက သူမထံသို့ အသံပို့လွှတ်၍ ထိုနတ်ဘုရားတစ်ပိုင်းများကို တားရန် ခိုင်းလိုက်ခြင်းဖြစ်သည်။ သူက ရှင်းမုန့်ဝမ်ကို သတ်ရန်သာ အာရုံစိုက်ရပေမည်။ ကျန်းရှောင်နူသည် ကျန်းရီ၏ အမိန့်ကို မထမ်းဆောင်ရသေးခင်မှာပင် ကျန်ဝူရွှမ်းထံမှ အသံပို့လွှတ်မှုတစ်ခုကို ရလိုက်သည်။ ကျန်ဝူရွှမ်းက သူမအား ကျန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကို တတ်နိုင်သ၍ မသတ်ရန် မှာသည်။ သူတို့က သူနှင့် ဆွေမျိုးတော်ကြသည် မဟုတ်ပါလား။
ကျန်းရှောင်နူသည် မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် အခြားဧကရာဇ်များကို မတိုက်သေးဘဲ ကြယ်ခြောက်ပွင့်အဆင့်၊ ကြယ်ခုနစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများကိုသာ ပစ်မှတ်ထားလိုက်သည်။ သူမ၏လှုပ်ရှားမှုများက အလွန်လျင်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်သည်းစိမ်းများက နတ်ဘုရားတစ်ပိုင်းများ၏ အရှေ့တွင် ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်းများသည် ခုခံရန်ပင် အချိန်မရလိုက်ကြပေ။ သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားပြီး သူတို့၏ ဦးခေါင်းများ ပြတ်ထွက်သွားသည်။ သူတို့ ရုတ်ခြည်း သေသွားကြပေသည်။
“အဲ့ကောင်မလေးကို အရေးမစိုက်နဲ့။ အရင်ဆုံး ကျန်းရီကို သတ်ကြ”
မြောက်ဘက်ဧကရာဇ်သည် သားရဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် အခြားသူများက ဒေါသအလျောက် ကျန်းရှောင်နူအား သတ်ရန် ဟန်ပြင်နေကြသည်ကို တွေ့လိုက်၍ အလောတကြီး အော်ပြောလိုက်သည်။ သူတို့ပတ်ပတ်လည်တွင် လူများစွာ ရှိနေသည်။ ကျန်းရှောင်နူကလည်း အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ သို့ဖြစ်ရာ သူတို့ သတိမထားပါက ကျန်းရှောင်နူကို မသတ်နိုင်သည်အပြင် သူတို့လူများကိုပင် ထိခိုက်မိသွားစေပေလိမ့်မည်။
“ဟင်းဟင်း...”
ကျန်းရီက နီးကပ်၍လာသည်။ ရှင်းမုန့်ဝမ်သည် လုံးဝမတုန်လှုပ်သွားဘဲ ခပ်သဲ့သဲ့ ရယ်၍ လက်နှစ်ဘက်စလုံး မြှောက်ကာ လေထဲတွင် စက်ဝိုင်းခြမ်းသဏ္ဌာန်ဆွဲလိုက်သည်။ သက်တန့်အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး သူမတို့ဆယ်ယောက်ကို လွှမ်းခြုံသွားသည်။ အလင်းလွှာက မည်သည့် အရှိန်အဝါမှ ထုတ်မနေဘဲ လှပသော ပူဖောင်းတစ်လုံးနှင့်ပင် တူနေသည်။ အလင်းလွှာပေါ်ရှိ သက်တန့်ရောင်စဉ်လေးများက အသက်ရှူမှားဖွယ်ပင်။
ရှင်းမုန့်ဝမ် စတင် ကခုန်လိုက်သည်။ သူမ၏ခန္ဓာကိုယ်က စည်းချက်ကျကျ လှုပ်ရှားသွားသည်။ အသက်ရှူမှားဖွယ်ပင်။ သူမက ပန်းခြံတစ်ခုထဲတွင် ကခုန်နေသော နတ်မိမယ်လေးတစ်ပါး အလား ထင်မှတ်မှားရသည်။ ထိုမြင်ကွင်းက ညှို့အားကောင်းသည်။ မည်သူမှ သူမ၏ ကခုန်မှုကို မနှောင့်ယှက်လိုကြပေ။
“သေပေတော့...”
ကျန်းရီ၏ နှလုံးသားက ကျောက်တုံးကဲ့သို့ မာကြောသည်။ သူ အနည်းငယ်ပင် မတုံ့ဆိုင်းဘဲ နတ်ဘုရားဇီဝိန်ခြွေကို ထပ်မံထုတ်လွှတ်လိုက်သည်။ ချော်ရည်ပူများမှ ဖြစ်တည်လာသည်ဟု ထင်ရသော မီးနဂါးသုံးကောင်က သက်တန့်အလင်းလွှာဆီသို့ အားကောင်းသော အဖျက်စွမ်းအားနှင့်အတူ ပျံသန်းသွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီး သုံးသံ ထွက်ပေါ်လာသည်။ မီးနဂါးသုံးကောင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သက်တန့်အလင်းလွှာလည်း ပျက်စီးသွားသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်လည်း သွေးအန်သွားသည်။
ရှင်းမုန့်ဝမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှပသော အဖြူရောင်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာ၏။ သူမသည် အဟုန်ကြောင့် တစ်ချက်ပင် တွန့်မသွားချေ။ ထိုအစား သူမ၏လက်ထဲမှ အနီရောင်ကြာပွတ်က ကျန်းရီထံသို့ အဆိပ်ပြင်းမြွေတစ်ကောင်အလား ပျံဝင်သွားပြီး ရှုပ်ထွေးမှုများအကြား ကျန်းရီ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
ထိုအခိုက်တွင် မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ အပြေးအလွှား ရောက်လာကြသည်။ ကျန်းရီက ချုပ်နှောင်ခံလိုက်ရပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ မျက်လုံးများ အရောင်တလက်လက် ဖြစ်သွားသည်။ သူတို့အားလုံးသည် ကျန်းရီကို တစ်ချက်တည်းဖြင့် သတ်ရန် စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။
မည်မျှကြောက်မက်ဖွယ်ကောင်းသော ဗျူဟာပေနည်း။
ကျန်းရီ အံ့အားသင့်နေသည်။ သူ၏ စွမ်းအားအကြီးဆုံး တိုက်ကွက်က လူတစ်ယောက်ကိုမှ မသတ်နိုင်လိုက်သည်လော။ ရှင်းမုန့်ဝမ်က ခြေတစ်လှမ်းပင် ဆုတ်မသွားခဲ့သည်လော။ ရှင်းမုန့်ဝမ်၏ ကိုယ်ပေါ်ရှိ အဖြူရောင်စစ်ချပ်ဝတ်ကို သူ မျက်နှာတည်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုစစ်ချပ်ဝတ်ထံမှနေ၍ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ထံမှ ခံစားခဲ့ရသည့် တူညီသော အရှိန်အဝါကို သူ ခံစားနေရသည်။
ထိုအဖြူရောင်စစ်ချပ်ဝတ်က နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။
***