မိစ္ဆာဧကရာဇ်၊ သေပြီ
Vol. 86 Ch. 1194
နတ်ဘုရား အသုံးအဆောင်များက အနည်းငယ်သာ ရှိသည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့ကိုသာ ရမထားလျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်၌ နတ်ဘုရား အသုံးအဆောင်များ ရှိသည်ဟု ယုံမည် မဟုတ်ပေ။ ထိုအခိုက်တွင် လောကနံပါတ်(၁) မိန်းမလှလေး၏ ကိုယ်ပေါ်၌ နတ်ဘုရား အသုံးအဆာင် စစ်ချပ်ဝတ်တစ်ထည် ရှိနေသည်။ သို့ဖြစ်ရာ သူ မည်သို့ အံ့အားမသင့်ဘဲ နေပါမည်နည်း။
သို့သော် ကျန်းရီသည် နောက်ဆုံးတွင် ရှင်းမုန့်ဝမ်၏ စွမ်းအားကို နားလည်သွားသည်။ သူမက အစီအရင်နှင့် နတ်ဘုရား အသုံးအဆောင် စစ်ချပ်ဝတ်ကို အသုံးပြု၍ သူ၏ တိုက်ခိုက်မှုများကို ခုခံခဲ့ခြင်းပင်။ ထို့နောက် သူမသည် သူ့ကို တုံ့ပြန်ရန် အချိန်မပေးဘဲ ဖမ်းချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအခါ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် အခြားဧကရာဇ်များက သူ့ကို လာတိုက်ခိုက်ကြပေလိမ့်မည်။
ရှင်းမုန့်ဝမ်သည် ကျန်းရီဟူသော ငါးကြီးကို ဖမ်းမိရင် သူမကိုယ်သူမ ငါးစာအဖြစ် အသုံးချခဲ့ခြင်းပင်။ အရာအားလုံးက သူမ၏ လက်ခုပ်ထဲတွင်ရှိသည်။ နောက်ဆုံးတွင် ကျန်းရီသည် အဘယ်ကြောင့် သူက ရှင်းမုန့်ဝမ်ကို မုန်းနေခဲ့ရကြောင်း နားလည်သွားသည်။ သူသည် ထိုကဲ့သို့သော လူစားမျိုးကို အမုန်းဆုံးပင်။ အရာရာတိုင်းကို တွက်ချက်၍ စီစဉ်ထားသည့်အတိုင်း ဖြစ်စေရန် လှည့်စားတတ်သူများကို သူ မုန်းသည်။ ရှင်းမုန့်ဝမ်က သူ့အား ကျီထင်ယွီကို ချက်ချင်း အမှတ်ရသွားစေသည်။
ရွှစ်...ရွှစ်...ဝုန်း...ဝုန်း...
တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များက ကျန်းရီကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။ တိုက်ပွဲဧကရာဇ်က သူ၏ စွမ်းအားအကြီးဆုံး ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန် မိစ္ဆာဖျက်လှံကို ထုတ်လွှတ်လိုက်သည်။ မိစ္ဆာဧကရာဇ်က ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန် ဝိညာဉ်ခွဲမြားကို ပစ်လွှတ်လိုက်သည်။ သားရဲဧကရာဇ်မှာမူ ဝိညာဉ်ဖမ်းပုလွေကို မှုတ်လိုက်သည်။ ဝိညာဉ်ခွဲမြားနှင့် ဝိညာဉ်ဖမ်းပုလွေတို့က ကျန်းရီ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ကာ သူ့ကိုယ်သူ မခုခံနိုင်တော့အောင် လုပ်ရန်သာဖြစ်သည်။ သားရဲဧကရာဇ်သည် ကျန်းရီကို ကိုယ်ထိလက်ရောက် မတိုက်ခိုက်ရဲတော့ပေ။ ကျန်ဧကရာဇ်များက စွမ်းအားကြီး တာအိုပုံသဏ္ဌာန်များကို သုံးနေသည် မဟုတ်ပါလား။ သူ ကျန်းရီ အနားသို့ ကပ်သွားလိုက်လျှင် မြေစာပင် ဖြစ်သွားပေလိမ့်မည်။
မြောက်ဘက်ဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန် အာကာပြင်အချုပ်အနှောင်ကို သုံးလိုက်သည်။ ထိုမှ ကျန်းရီ ထွက်မပြေးနိုင်မည် ဖြစ်သည်။
အမျိုးမျိုးသော တာအိုပုံသဏ္ဌာန်များက ကျန်းရီ၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ကျန်းရီသည် ဖမ်းချုပ်မခံရခင်လေးတွင် မြေခွေးလေးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထံသို့ ပို့နိုင်ခဲ့သည်။ မဟုတ်လျှင် မြေခွေးလေးက အမှုန့် ဖြစ်သွားပေလိမ့်မည်။ သူကိုယ်တိုင်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်နိုင်ခဲ့သည်။ သို့သော် လက်ရှိတွင် နန်းတော်၏ စွမ်းအင်က အလွန်နည်းနေသည်။ ထို့ကြောင့် တိုက်ခိုက်မှုများကို မခံနိုင်မှာ သူ စိုးရိမ်သည်။ နန်းတော် ပျက်စီးသွားလျှင် ရီချန်၊ မိုယောင်အာ၊ စုလောရွှယ်၊ ကျန်းယွင်ဟိုင်နှင့် အခြားသူများ သေချာပေါက် သေရပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ၎င်းက နတ်ဘုရား အသုံးအဆောင်တစ်ခု မဟုတ်လော။ ၎င်းက ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်များကို မခံနိုင်လျှင် အတိတ်တွင် ဆန်းကြယ်ဧကရာဇ်က လောကကြီးကို မည်သို့ အုပ်စိုးနိုင်ခဲ့မည်နည်း။
မိစ္ဆာဖျက်လှံက အနက်ရောင်အလင်းတန်းတစ်ခုအလား ကျန်းရီ၏ နောက်ကျောကို ထိုးဖောက်သွားသည်။ ဝိညာဉ်ဖမ်းပုလွေသံက သူ၏ စိတ်ဝိညာဉ်အတွင်း ဝင်သွားသည်။ မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ခွဲမြားကလည်း တိုက်ခိုက်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီကို ဗဟိုပြု၍ သုံးမီတာပတ်လည်အတွင်းရှိ အာကာပြင်က စုတ်ပြဲသွားသည်။ မြောက်ဘက်ဧကရာဇ်၏ အာကာသအချုပ်အနှောင်က ပတ်ဝန်းကျင် အာကာပြင်ကို တွန့်ခေါက်နေစေသည်။ တိုက်ခိုက်မှုများ၏ အဟုန်များကလည်း ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ငါးကီလိုမီတာ အဝန်းအဝိုင်းအတွင်းရှိ မိစ္ဆာများနှင့် လူသားများ အားလုံး ထပ်မံ ထွက်ပြေးကြရသည်။ သူတို့သည် ထွက်ပြေးရင်းမှာပင် သွေးအန်ကုန်ကြသည်။ မျက်လုံးရှေ့မှ မြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
“သခင်လေး” “ကျန်းရီ” “ခေါင်းဆောင်”
ကျန်းရှောင်နူ၊ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့က စိုးရိမ်တကြီး အော်ခေါ်လိုက်ကြသည်။ အနက်ရောင်နတ်ဘုရားနှင့် အရိပ်ဧကရာဇ်တို့လည်း တုန်လှုပ်သွားသည်။ ကျန်းရီ သေလျှင် မိစ္ဆာမျိုးနွယ်အတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
“ဟင်းဟင်း”
အောင်းလုကမူ စိုးရိမ်ဟန်မရှိဘဲ ပြုံးလိုက်သည်။ ထို့နောက် ခေါင်းခါကာ ပြောသည်။
“မပူပါနဲ့... ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို အဲ့လောက်လွယ်လွယ်နဲ့ ဖျက်ဆီးလို့မရပါဘူး။ မဟုတ်ရင် ဘယ်လိုလုပ် ဆန်းကြယ်ဧကရာဇ်ရဲ့ ချပ်ဝတ်ဆိုပြီး ကျော်ကြားမှာလဲ။ အဲ့ချပ်ဝတ်က နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်ရုံတင်မကဘူး စွမ်းအားကြီး ခုခံတာအိုပုံသဏ္ဌာန်တစ်ခုလည်း ဖြစ်တယ်။ ကျန်းရီက မသေပါဘူး... ဒါပေမဲ့ ဒဏ်ရာတော့ ရသွားလိမ့်မယ်”
“ဖူး...”
အာကာပြင်ထဲတွင် တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ တွင်းနက်၏ အလယ်တွင် ကျန်းရီရှိနေသည်။ သူက သွေးအန်လိုက်သည်။ သူ့မျက်နှာတွင် သွေးရောင်မရှိတော့။ နောက်ကျောနှင့် ရင်ဘတ်တွင် ဒဏ်ရာများကို တွေ့ရသည်။ အရိုးအချို့ ကျိုးသွားပြီး အတွင်းဒဏ်ရာများ ရသွားသည်။ သူ့ခေါင်းကလည်း အရှေ့၊ အနောက် ယိမ်းထိုးနေသည်။ ဦးနှောက်ပါ ဒဏ်ရာရသွားပုံပင်။
“ကျွန်တော်က ခင်ဗျားတို့ကို မသတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့က တစ်ကြိမ်ပြီး တစ်ကြိမ် ကျွန်တော့်ကို ရန်သူလို ဆက်ဆံခဲ့တယ်။ ခင်ဗျားတို့က ရန်သူဖြစ်ချင်တယ်ဆိုရင်လည်း ကောင်းပြီ... ကျွန်တော် ထပ်ပြီး ညှာတော့မှာ မဟုတ်ဘူး”
ကျန်းရီ၏ မျက်ဝန်းများ နီရဲလာသည်။ သူ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ကို လှမ်းကြည့်လိုက်သည်။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်ကိုမူ မည်သို့သတ်ရမည်ဖြစ်ကြောင်း မသိသေးပေ။ သို့သော် မိစ္ဆာဧကရာဇ်တို့ သုံးပါးကိုမူ ရှင်းပစ်နိုင်လောက်သည်။ ရန်လိုခက်ထန်သော အရှိန်အဝါက ကျန်းရီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူ့ကို ချုပ်နှောင်ထားသော ကြာပွတ်က အစောမှ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့ပေပြီ။ သူ မီးနဂါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ပထမဆုံးပစ်မှတ်မှာ မိစ္ဆာဧကရာဇ်တည်း။
“ပြေးကြ...”
မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့သည် ကျန်းရီ၏ အကြည့်ကြောင့် တုန်ယင်သွား၏။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ခံရပြီးသည်ပင် ကျန်းရီက အဘယ်သို့ အသက်ရှင်နေနိုင်သေးခြင်းနည်း။ သူတို့သည် အမှန်ပင် ရင်ထဲမှ ကြောက်ရွံ့သွားကြသည်။ အကြောက်ဆုံးသူမှာ မိစ္ဆာဧကရာဇ်ပင်။ ထိုအခိုက်တွင် သူသည် လိပ်ပြာလွင့်တော့မလိုပင် ခံစားနေရသည်။ မီးနဂါးသုံးကောင်က သူ့နောက်သို့ လိုက်နေသည် မဟုတ်လော။
“ခင်ဗျားက ပြေးနိုင်သေးတယ်ပေါ့”
ကျန်းရီ လှောင်ပြောင် ရယ်မောလိုက်သည်။ နတ်ဘုရားဇီဝိန်ခြွေသည် မိုးမြွေစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နိုင်ရုံသာမက ဖိလည်းဖိနှိပ်နိုင်သည်။ ကျန်းရီ လက်ဟန်ပြုလိုက်၏။ ပုံသဏ္ဌာန်မရှိသော ဖိအားတစ်ခုက မိစ္ဆာဧကရာဇ်ပေါ် ကျဆင်းလာသည်။ သူ မလှုပ်နိုင်တော့။ ထို့ကြောင့် မီးနဂါးသုံးကောင်က သူ့ထံသို့ ပျံသန်းလာသည်ကို ရပ်၍သာ ကြည့်နေနိုင်တော့သည်။
“မဖြစ်ဘူး...”
မိစ္ဆာဧကရာဇ်သည် သူ အသက်အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူ ဒေါသဖြစ်ခြင်း၊ မချင့်မရဲဖြစ်ခြင်းတို့နှင့် အော်လိုက်၏။ ထိုအခြင်းအရာကို မြင်သောအခါ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ တိုက်ပွဲဧကရာဇ် အော်ပြောလိုက်သည်။
“ကျန်းရီ... မင်း မိစ္ဆာဧကရာဇ်ကို သတ်ရင် တကယ်ပဲ လူသားမျိုးနွယ်ရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မင်း မသေမချင်း လက်လျှော့မှာ မဟုတ်ဘူး”
“ဟားဟားဟား”
ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်ပြီး ပြန်အော်ပြောလိုက်သည်။
“တိုက်ပွဲဧကရာဇ် စောက်ပိုတွေ ပြောမနေနဲ့တော့။ ဧကရာဇ်ကိုးပါးကတော့ ကြိုက်တဲ့သူကို သတ်လို့ရတယ်၊ သူများတွေကတော့ ဧကရာဇ်ကိုးပါးကို သတ်လို့မရဘူး.. အဲ့လိုလား။ အဲ့ဒါက ဘယ်လို သဘောတရားမျိုးလဲ။ မိစ္ဆာဧကရာဇ် သေပေတော့”
ကျန်းရီသည် မီးနဂါးသုံးကောင်ကို ထိန်းချုပ်၍ မိစ္ဆာဧကရာဇ်ဆီသို့ ပျံသန်းသွားစေလိုက်၏။ မျက်စိကျိန်းဖွယ် အဖြူရောင်အလင်း တောက်ပလာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည်လည်း နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ မိစ္ဆာဧကရာဇ်က လေထဲတွင် တွန့်လိမ်နေသည်။ သူ့နတ်ဘုရားဒိုင်းကလည်း စက္ကန့်နှင့်အမျှ မှိန်လာပြီး နောက်ဆုံးတွင် ပျက်စီးသွားတော့သည်။ မိစ္ဆာဧကရာဇ်သည် မီးနဂါး၏ ဝါးမျိုးမှုကို ခံလိုက်ရသည်။ ထို့နောက် အသွေးအသားနှင့် အရိုးများက အရပ်မျက်နှာအနှံ့သို့ လွင့်ပျံထွက်သွားလေသည်။
မိစ္ဆာဧကရာဇ်၊ သေပြီ။
ထိုနေရာတွင် မရဏအငွေ့အသက် ဖုံးလွှမ်းသွားသည်။ လှိုင်းပုတ်သံများနှင့် ပေါက်ကွဲသံများကို ကြားနေရသေးသော်လည်း အားလုံးသည် သေခြင်း၏ ဆိတ်ငြိမ်မှုကို ခံစားလိုက်ရသည်။ ရုတ်တရက် သူတို့ မည်သည့်အသံကိုမှ မကြားနိုင်တော့ပေ။ လူသားများသည် မိမိတို့၏မျက်လုံးကို မယုံနိုင်ဖြစ်နေကြသည်။ မိစ္ဆာဧကရာဇ်၏ အပိုင်းပိုင်း ပြတ်သွားသော ခန္ဓာကိုယ်အပိုင်းအစများကို ကြည့်ကာ အိပ်မက်မက်နေသည်ဟု ခံစားနေကြရသည်။
ဧကရာဇ်ကိုးပါး...
ဧကရာဇ်ကိုးပါးသည် လူသားမျိုးနွယ်၏ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်များ ဖြစ်ကြသည်။ လူသားမျိုးနွယ်၏ ခေါင်းဆောင်များလည်း ဖြစ်သည်။ အထွတ်အထိပ် ဖြစ်တည်မှုများပင်။
နှစ်ပေါင်းခုနစ်သိန်းတိုင် ဧကရာဇ်ကိုးပါး၏ စွမ်းအားက လူအားလုံး၏ စိတ်ဝိညာဉ်ထဲတွင် အမြစ်တွယ်နေသည်။ ဧကရာဇ်ကိုးပါးက ပြိုင်ဘက်ကင်းဟု အားလုံး ခံယူထားသည်။ သူတို့သည် ကောင်းကင်ကိုးဘုံအထက်ရှိ နတ်ဘုရားဝိညာဉ်များကဲ့သို့ပင်။ လူများသည် သူတို့က မည်သည့်အခါတွင်မှ သေလိမ့်မည်ဟု မဟုတ်ဟု တွေးခဲ့ကြသည်။
သို့သော် ယနေ့တွင် သန်းဆယ်ချီသော လူသားများသည် ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သော မိစ္ဆာဧကရာဇ် သေသွားသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး မီးလောင်ကျွမ်းနေသည်။
ဧကရာဇ်ကိုးပါးက ပြိုင်ဘက်ကင်းဟူသော အယူအဆက နောက်ဆုံးတွင် ပျက်စီးသွားပေပြီ။ လောက၏ နံပါတ်(၁) စည်းမျဉ်းက ကျိုးပျက်သွားသကဲ့သို့ပင်။ လူများစွာသည် လောကအဆုံးသတ်ကို မြင်လိုက်ရသလိုပင် ခံစားလိုက်ကြရသည်။ စစ်တပ်၏ စိတ်ဓာတ်က အောက်ဆုံးအထိ ကျဆင်းသွားပေပြီ။ အခြားနတ်ဘုရားတစ်ပိုင်းများ အသတ်ခံရခြင်းဆိုလျှင် မည်သူမှ မည်သို့မှ ခံစားရမည် မဟုတ်။ သို့သော် မိစ္ဆာဧကရာဇ်၏ သေခြင်းက သူတို့အားလုံးကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
‘အာ... ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အရမ်းစွမ်းအားကြီးလွန်းတယ်။ ဆန်းကြယ်ဧကရာဇ်က အဲ့ချပ်ဝတ်ထဲမှာ ကြယ်ရှစ်ပွင့်အဆင့် မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခု ဝှက်ခဲ့တယ် ထင်တယ်’
ရှင်းမုန့်ဝမ်၏ လှပသော မျက်ဝန်းကလေးများ အတန်ငယ် ပြူးကျယ်သွားသည်။ သူမသည် သူမလက်ထဲရှိ ပြတ်သွားသော ကြာပွတ်ကို ကြည့်လိုက်သည်။ ထို့နောက် မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်အပိုင်းအစများကို ဆက်ကြည့်သည်။ ပြီးမှ သူမ စိတ်ပျက်စွာ ခေါင်းခါလိုက်ပြီး သိမ်မွေ့စွာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သွားကြစို့... တိုက်ပွဲဧကရာဇ်နဲ့ မြောက်ဘက်ဧကရာဇ်က ကျန်းရီကို မသတ်နိုင်ဘူး။ ဒီမှာ ဆက်နေလည်း အကျိုးမရှိတော့ဘူး။ ကျွန်မတို့ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီပဲ။ ကောင်းကင်တမလွန်ဂိုဏ်းကို ပြန်ကြတာပေါ့”
နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်က ရှင်းမုန့်ဝမ်ကို ကာကွယ်ရန် လျင်မြန်စွာ ပျံသန်းလာကြသည်။ ထို့နောက် သူမတို့သည် အဝေးသို့ ပျံသန်းသွားကြလေသည်။ တုံ့ဆိုင်းမှုတစ်ခုပင် မရှိခဲ့။ ရောက်လာခဲ့စဉ်ကကဲ့သို့ပင် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ ထိုသို့ဖြင့်ပင် သူမတို့သည် ဝင်မပါတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။
သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က ရှင်းမုန့်ဝမ်တို့အုပ်စု ပျံသန်းသွားသည်ကို ကြည့်နေကြသည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ အပျိုစင်က အခြေအနေ မဟန်တော့သည်နှင့် ချက်ချင်း ရှောင်ပြေးပေပြီ။ သူမသည် သူတို့၏ အသက်များကို အရေးမစိုက်ခဲ့ပေ။ မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ လူများ ထွက်သွားပြီဆိုလျှင် ထိုစစ်ပွဲကို ဆက်တိုက်နိုင်တော့မည် မဟုတ်ပေ။
“ရှင်က ထွက်ပြေးချင်တာလား”
ကျန်းရှောင်နူ၏ အကြည့်က ခက်ထန်သွားသည်။ သူမသည် အစိမ်းရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ရှင်းမုန့်ဝမ်တို့နောက်သို့ လိုက်သွားလိုက်သည်။ သူမက ရှင်းမုန့်ဝမ်တို့ထက် များစွာ ပိုမြန်သည်။ ထို့ကြောင့် အလွယ်တူပင် မီသွားသည်။
“ရှောင်နူ... ပြန်လာခဲ့”
ကျန်းရီက ကျယ်လောင်ပြတ်သားစွာ အော်ပြောလိုက်သည်။ ရှင်းမုန့်ဝမ်၏ ကိုယ်ပေါ်တွင် နတ်ဘုရား အသုံးအဆောင် စစ်ချပ်ဝတ်ရှိနေသည်။ ထို့ပြင် သူမတွင် ထူးဆန်းသော အစီအရင်များလည်း ရှိသည်။ ထိုမိန်းမက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူမတို့နောက်သို့ လိုက်သွားလျှင် ကျန်းရှောင်နူသည် မိမိကိုယ်ကို အန္တရာယ်တောထဲ ပို့သလိုသာ ဖြစ်နေပေလိမ့်မည်။
ကျန်းရီသည် ကျန်းရှောင်နူကို လှမ်းခေါ်ပြီးနောက် နောက်တစ်ယောက်ကို ဆက်မသတ်လိုက်ဘဲ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ မီးနဂါးဓားကို ဝှေ့ယမ်းကာ အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။
“ခင်ဗျားတို့ ပြန်ဆုတ်မှာလား၊ မဆုတ်ဘူးလား။ မဆုတ်ရင်တော့ ကျွန်တော့်ကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”
***