တိုက်ပွဲတစ်ပွဲပြီးနောက် ကျော်ကြားသွားခြင်း
Vol. 86 Ch. 1195
ကျန်းရီက အခြားသူများကို ထပ်မသတ်တော့ပေ။ ထိုအစား လူသားစစ်တပ်ကို ပြန်ဆုတ်ရန် ပြောလိုက်သည်။ ထို့ကြောင့် မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ ထန်ရှန်းကျိနှင့် အခြားသူများအားလုံး အံ့အားသင့်သွားသည်။ ကျန်းရီ၏ အကျင့်စရိုက်အရဆိုလျှင် မိစ္ဆာဧကရာဇ်ကို သတ်ပြီးသည်နှင့် သူတို့အားလုံးကို လိုက်သတ်မည်လိမ့်ဟု ထင်ခဲ့သည်။ အနည်းဆုံးတော့ သားရဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် အခြားမျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများကို လိုက်သတ်လိမ့်မည်ဟု တွေးခဲ့ကြသည်။
အနက်ရောင်နတ်ဘုရားနှင့် အရိပ်ဧကရာဇ်တို့၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူတို့သည် ကျန်းရီထံသို့ အသံပို့လွှတ်၍ နတ်ဘုရားတစ်ပိုင်း အနည်းငယ်ကို ထပ်သတ်ရန် ပြောလိုနေသည်။ သို့သော် အောင်းလုက သူတို့ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။ မည်သူမှ မလှုပ်ဝံ့တော့ပေ။ ထိုနေရာရှိ လူအားလုံးထဲတွင် ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က ကျန်းရီကို နားအလည်ဆုံးဖြစ်သည်။ ကျန်းရီက လူများကို သတ်ဖြတ်ရသည်ကို မနှစ်သက်ကြောင်း သူတို့ သိသည်။ ယနေ့တွင် လူများစွာ သေဆုံးပြီးခဲ့ပေပြီ။ ကျန်းရီသည် လူသားမျိုးနွယ်ကို လက်ကျန်အင်အားတစ်ခုဖြင့် ပြန်ဆုတ်သွားစေလိုသည်။ သူက ရက်စက်သော မျိုးမစစ်တစ်ယောက် မဟုတ်သလို မိစ္ဆာတစ်ကောင်လည်း မဟုတ်ပေ။
“ကျန်းရီ... ဒီနေ့ မင်းလုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်”
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က အကြည့်ချင်းဖလှယ်၍ ကျန်းရီကို လှမ်းပြောလိုက်ကြသည်။
“ပြန်ဆုတ်ကြ...”
ရွှီး...ရွှီး...
ကောင်းကင်ကံကြမ္မာသင်္ဘောများ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ လူသားမျိုးနွယ်မှ သိုင်းသမားများသည် ဆက်တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။ သူတို့အားလုံး ကောင်းကင်ကံကြမ္မာသင်္ဘောများဆီသို့ ဦးတည်သွားလိုက်ကြသည်။ အောင်းလုက မိစ္ဆာများကို သူတို့နောက် လိုက်ရန် အမိန့်မပေးခဲ့ပေ။ ထိုအစား မိစ္ဆာများကို ပင်လယ်ထဲသို့သာ ပြန်ဝင်စေလိုက်သည်။
“ရှောင်ဖေး... ညှို့ထားတာကို ဖျက်ပေးလိုက်”
ကျန်းရီသည် ရှောင်ဖေးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှနေ၍ အပြင်သို့ ထုတ်ပေးလိုက်သည်။ ထို့နောက် ကောင်းကင်ဧကရာဇ် ရာကျော်အား ညှို့ထားသည်ကို ဖျက်ပေးရန် ပြောလိုက်သည်။ ရှောင်ဖေးက ကျန်းရီ၏ စကားကို အလွန်နာခံသည်။ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ပန်းရောင်အလင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ခန္ဓာကိုယ်မှနေ၍ မီးခိုးတန်းတစ်ခု ထွက်လာကာ ညှို့ခံထားရသော လူများကို ထပ်မံ လွှမ်းခြုံသွားသည်။ ချက်ချင်းဆိုသလို သူတို့ အသိစိတ် ပြန်ဝင်သွားကြပြီး ကောင်းကင်ကံကြမ္မာသင်္ဘောများဆီသို့ ပြေးသွားကြသည်။
ဒဏ်ရာရထားသူများ အများအပြား ရှိနေသည်။ ထန်ရှန်းကျိသည် ဒဏ်ရာရသူများကို သင်္ဘောများဆီသို့ တွဲခေါ်ခဲ့ရန် အမိန့်ပေးလိုက်သည်။ မိနစ်အနည်းငယ် အတွင်း ဒဏ်ရာရထားသူများ သင်္ဘောပေါ်သို့ ရောက်သွားကြသည်။ ကျန်လူများသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ ကျန်းရီနှင့် အောင်းလုကို ကြည့်နေကြသည်။ သူတို့၏ အကြည့်များထဲတွင် ခံစားချက်များ ရောယှက်နေသည်။ အမုန်းတရား၊ အကြောက်တရား၊ စိတ်မသက်သာမှု၊ စိတ်ရှုပ်ထွေးမှုနှင့် လေးစားအားကျမှုတို့ ရောပြွန်းနေသည်။
လူတစ်ယောက်၏ စွမ်းအားက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကြားမှ တိုက်ပွဲကြီးကို ရပ်တန့်နိုင်ခဲ့သည်။
ကျန်းရီသည် သူရဲကောင်းဖြစ်စေ၊ မိစ္ဆာဖြစ်စေ သူ့အမည်က သမိုင်းတွင်သွားတော့မည်သာ။ ဆန်းကြယ်ဧကရာဇ်၏ ဆက်ခံသူက ဆိုးသွမ်းသူဟုလည်းကောင်း၊ ဖြောင့်မတ်သူဟုလည်းကောင်း ထင်ရသော်လည်း ပါရမီနှင့် တိုက်ခိုက်စွမ်းအားကတော့ ပြိုင်ဘက်ကင်းပေသည်။
အသက်(၂၅)နှစ်အရွယ် လူငယ်လေးတစ်ယောက်သည် သူ၏စွမ်းအားကို အသုံးပြု၍ သန်းဆယ်ချီသော တပ်သားများဖြင့် ဖွဲ့စည်းထားသည့် လူသားစစ်တပ်ကို ဖိနှိပ်နိုင်ခဲ့သည်။ ထို့ပြင် ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သော မိစ္ဆာဧကရာဇ်ကိုလည်း သတ်နိုင်ခဲ့သည်။
လူသားတပ်သား သန်းဆယ်ချီထဲတွင် နတ်ဘုရားတစ်ပိုင်းများ ရာနှင့်ချီ၍ ပါသည်။ ကြယ်ခုနစ်ပွင့်နှင့် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များမှာလည်း ဆယ်ဂဏန်းရှိသည်။ ကြယ်ကိုးပွင့်အဆင့် ပညာရှင်နှစ်ယောက်လည်း ပါသည်။ ထို့ပြင် အစီအရင်အမျိုးမျိုးကို သိ၍ နတ်ဘုရား အသုံးအဆောင် စစ်ချပ်ဝတ်ကို ပိုင်ဆိုင်ထားသော ဆန်းကြယ်သည့် မိန်းမလှလေးကလည်း ဝင်ကူခဲ့သေးသည်။
ဆန်းကြယ်ဧကရာဇ်မှလွဲ၍ ကျန်းရီသည်သာ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်သည်။ ဆန်းကြယ်ဧကရာဇ်၏ ဆက်ခံသူက ဆန်းကြယ်ဧကရာဇ်ကို အရှက်မရစေခဲ့ပေ။
ယနေ့တွင် ကျန်းရီ အောင်နိုင်ခဲ့ခြင်းမှာ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် မီးနဂါးဓားတို့ကြောင့်သာဖြစ်သည်။ သူ့တွင် ထိုလက်နက်နှစ်ခု မရှိပါက မိစ္ဆာဧကရာဇ်ကို နတ်ဘုရားဇီဝိန်ခြွေနှင့် သတ်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုအစား တိုက်ပွဲဧကရာဇ်က သတ်ဖြတ်သည်ကိုသာ ခံလိုက်ရမည်ဖြစ်သည်။
မီးနဂါးဓားက ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုခဲ့သည်။ ထိုကြောင့် ၎င်းက ယခုတွင် အလွန်စွမ်းအားကြီးနေခြင်းပင်။ ကျန်းရီ ဆန်းကြယ်နတ်ဘုရားဓားကို သန့်စင်၍ သုံးခဲ့လျှင်ပင် နတ်ဘုရားဇီဝိန်ခြွေက ယခုလောက် စွမ်းအားကြီးမည် မဟုတ်ချေ။ မိစ္ဆာဧကရာဇ်လည်း မသေခဲ့လောက်ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းရီ၏ အဆင့်က နိမ့်နေသေး၍ ဖြစ်သည်။ သူက နတ်ဘုရားတစ်ပိုင်း မဖြစ်သေးပေ။ သို့ဖြစ်ရာ သူ့တွင် စွမ်းအားကြီး တာအိုပုံသဏ္ဌာန်ရှိလျှင်ပင် လိုက်ဖက်သော လက်နက်များ မရှိပါက တာအိုပုံသဏ္ဌာန်၏ စွမ်းအားကို အပြည့်အဝ သုံးနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် အဝေးသို့ ပျံသန်း ပျောက်ကွယ်သွားသော ကောင်းကင်ကံကြမ္မာသင်္ဘောများကို ကြည့်ကာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တွင် ပြောစရာမရှိတော့ပေ။ သင်္ဘောအားလုံး ပျောက်ကွယ်သွားမည်ကိုသာ စောင့်နေလိုက်သည်။ ဆယ်မိနစ်ကြာပြီးမှ သူ ပါးစပ်ဟလိုက်သည်။ သူသည် သွေး အဆက်မပြတ်အန်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့သည်။
“သခင်လေး” “အစ်ကိုကြီး” “ခေါင်းဆောင်” “ကျန်းရီ”
ကျန်းရှောင်နူ၊ ရှောင်ဖေး၊ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ တုန်လှုပ်သွားသည်။ ကျန်းရှောင်နူက အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ ပျံသန်းသွားကာ ကျန်းရီကို စီးဖမ်းလိုက်သည်။ အခြားသူများကလည်း ပျံသန်းလာကြသည်။ ထိုအခါမှ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့သည် အဘယ်ကြောင့် ကျန်းရီက အစောတွင် ဆက်မသတ်ဖြတ်တော့ကြောင်းကို သိလိုက်သည်။ သူက အပြင်းအထန် ဒဏ်ရာရထားပေသည်။
“အရိပ်ဧကရာဇ်”
အောင်းလုက လေသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။ အရိပ်ဧကရာဇ်က သေလုနီးပါး ဖြစ်နေသော်လည်း မတ်မတ်ရပ်ကာ ပြန်ပြောလိုက်သည်။
“အရှင်...”
“လူသားစစ်တပ်က အဆုံးမဲ့ပင်လယ်နက်ထဲကနေ တကယ်ထွက်သွားလားဆိုတာကို သွားအတည်ပြုလိုက်ပါ”
အောင်းလုသည် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ အရိပ်ဧကရာဇ်က လေထဲတွင် ပျောက်ကွယ်သွားလေသည်။ ထို့နောက် အောင်းလုသည် မိစ္ဆာများအား အခြေအနေကို ထိန်းချုပ်ရန်နှင့် ဒဏ်ရာရထားသူများကို ကုသပေးရန် အမိန့်ပေးလိုက်သည်။ နောက်ဆုံးမှ သူ ကျန်းရှောင်နူကို ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ သခင်လေးကို ဆန်းကြယ်သိုင်းမြို့ကို ခေါ်ခဲ့။ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက အပြင်းအထန် ဒဏ်ရာရထားလောက်တယ်”
ကျန်းရီက သတိမေ့နေပေပြီ။ ထို့ကြောင့် ကျန်းရှောင်နူက သူ့ကို သယ်၍ ဆန်းကြယ်သိုင်းမြို့ဆီသို့ ပျံသန်းသွားလိုက်သည်။ အောင်းလုလည်း ပြန်သွားသည်။ သူလည်း ဒဏ်ရာအပြင်းအထန် ရထားသည် မဟုတ်လော။ အသက်ရှင်ခဲ့သည်မှာပင် ကံကောင်း၍ဖြစ်သည်။
အောင်းလုသည် သတိမေ့နေသော ကျန်းရီကို လှမ်းကြည့်ကာ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ထိုကောင်လေး၏ အဆင့်က အမှန်ပင် နိမ့်ပေသည်။ သူ့တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သေးသည်။ သို့သော် သူသည် မပြိုလဲခင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့သည်။ စိတ်ဓာတ်ကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မာကြောသူပင်။
***
ကျန်းရီသည် ငါးရက်၊ ငါးညတိုင်တိုင် သတိမေ့နေခဲ့သည်။ တိုက်ပွဲသတင်းက သုံးရက်အတွင်းမှာပင် အရှေ့ဘက် တော်ဝင်နယ်မြေ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ သတင်းက ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်တွင်ပါ ပျံ့နှံ့သွားသော်လည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အချက်အလက်တချို့ကို ပြောင်းလဲခဲ့သည်။
လူသားစစ်တပ်က အလွန်အင်အားကြီးခဲ့သည်။ မိစ္ဆာများစွာကို သတ်၍ လူသားသန်းထောင်ချီ သေခဲ့ရသော ကိစ္စများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ အောင်းလုကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ မိစ္ဆာအရှင် အများစုလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
မိစ္ဆာမျိုးနွယ်ကို အပြီးပိုင် ရှင်းမပစ်နိုင်သေးခင်တွင် လူသားမျိုးနွယ်၏ သစ္စာဖောက် ကျန်းရီ ထွက်ပေါ်လာခဲ့သည်။ သူက မိစ္ဆာများကို ကူညီကာ လူသားများကို တိုက်ခိုက်ခဲ့သည်။ မိစ္ဆာဧကရာဇ်ကို သတ်ပစ်ခဲ့သည်။ တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွား၍ လူသားများ ပြန်ဆုတ်ခဲ့ရသည်။
အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် လူသားမျိုးနွယ်၏ အောင်ပွဲသတင်းကို စောင့်နေခဲ့သော်လည်း အထက်ပါ သတင်းကိုသာ ရခဲ့သည်။
နယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မိစ္ဆာများက အလွန်အင်အားကြီးနေသဖြင် လူသားများက ရှုံးခဲ့ခြင်းဆိုလျှင် သူတို့ ဘာမှပြောစရာရှိမည် မဟုတ်ပေ။ သို့သော် သူတို့ ရှုံးနိမ့်ခဲ့သော အကြောင်းမှာ လူသားမျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်ကြောင့် ဖြစ်နေသည်။ လူတိုင်း ကျန်းရီအပေါ် ဒေါသထွက်နေကြသည်။ ကျိန်ဆဲနေကြသည်။
သစ္စာဖောက်၊ မိစ္ဆာကောင်၊ ရွံ့စရာကောင်၊ မျိုးမစစ်...
လူသားမျိုးနွယ်သည် ကျန်းရီကို အမည်အမျိုးမျိုး သမုတ်ကြသည်။ အချို့လူများဆိုလျှင် ကျန်းရီ၏ ရုပ်တုများ ထုလုပ်၍ မြို့လယ်သို့ ယူသွားကာ လူများအား ရုပ်တုကို တံတွေးဖြင့် ထွေးစေသည်။ ခဲဖြင့်ပေါက်စေသည်။ ရိုက်နှက်စေသည်။
မိစ္ဆာအင်ပါယာက မိစ္ဆာဧကရာဇ်အဖြစ် ဆက်ခံရသည်။ ရှီးမျိုးနွယ်က ကျန်းရီကို ကမ္ဘာ့ရန်ဘက်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရှီးမျိုးနွယ်ဝင်တိုင်းက ကျန်းရီကို သတ်နိုင်ရန် အကောင်းဆုံး ကြိုးစားကြမည်ဖြစ်သည်။
ရှင်းမုန့်ဝမ်ကလည်း တိုက်ပွဲတစ်ပွဲပြီးနောက်တွင် ကျော်ကြားလာခဲ့သည်။ လောကနံပါတ်(၁) အလှပဂေးလေးက ယခုတွင် လူတိုင်း၏ နှုတ်ဖျား၌ ရေပန်းစားနေသည်။ ရှင်းမုန့်ဝမ်က အဆုံးမဲ့ပင်လယ်နက်မှ တိုက်ပွဲတွင် အစွမ်းအစများ ထုတ်ပြခဲ့သည်။ သူမက ယောက်ျားများ၏ နှလုံးသားထဲမှ နတ်မိမယ်လေးဖြစ်သွားခဲ့သည်။ သူမသည် ရီချန်နှင့် ယဉ်ရို့ပင်းတို့ထက်ပင် ပို၍ကျော်ကြားနေပြီဖြစ်သည်။
ဆိုရလျှင် ယခုတွင် ရီချန်နှင့် ယဉ်ရို့ပင်းတို့က ကျိန်ဆဲခံနေရပေပြီ။ သူမတို့နှစ်ယောက်က ကျန်းရီနှင့် ပူးပေါင်းခဲ့သည်။ ယဉ်ရို့ပင်းဆိုလျှင် ကျန်းရီ၏မိန်းမပင် ဖြစ်သွားသေးသည်။ မနာလိုဖြစ်နေသော သခင်လေးများသည် သူမကို စတင် ကျိန်ဆဲကြသည်။ သူမက လမ်းမှားလိုက်ကာ မိစ္ဆာတစ်ကောင် ဖြစ်သွားပြီဖြစ်၍ ယခင်ကကဲ့သို့ လှပသော ပန်းနတ်သမီးလေး မဟုတ်တော့ကြောင်း ပြောကြသည်။ စပျစ်သီးက ချဉ်လေပြီ။
ဤတစ်ခေါက်တွင် ရီချန်က ထွက်မတိုက်ခဲ့ပေ။ ကျန်းရီနောက်သို့ လိုက်သွားသည်သာ ရှိသည်။ သို့သော်လည်း ရီချန်၏ ဂုဏ်သတင်းကတော့ ထိခိုက်သွားသေးသည်။
ဗုဒ္ဓဧကရာဇ်၊ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများက ပျောက်ဆုံးနေဆဲပင်။ ရီမျိုးနွယ်က ကျန်းရီနှင့် မိစ္ဆာများနှင့် ပူးပေါင်းလိုက်ပြီဆိုသော ကောလာဟလများ စတင် ပျံ့နှံ့လာသည်။ ရီမျိုးနွယ်က သူတို့ကို နောက်ကွယ်မှ ကူညီပေးနေသည်ဟု ဆိုလာကြသည်။ မရေမတွက်နိုင်သော လူများသည် ကျန်နေသေးသော မျိုးနွယ်များ ပူးပေါင်း၍ ရီမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် အကြံပြုလာသည်။
အသံလှိုင်းဧကရာဇ်က အချိန်မီ ရှောင်ထွက်နို်ငခဲ့သည်။ ချန်မျိုးနွယ်က နှင်းဒေသသို့ ရွှေ့ပြောင်းသွားပြီဆိုသော သတင်းလည်း နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ထို့ကြောင့် အသံလှိုင်းဧကရာဇ်နှင့် ချန်မျိုးနွယ်လည်း ကျော်ကြားလာသည်။ ကျန်မျိုးနွယ်က ယင်းကို အခွင့်ကောင်းယူကာ ကျန်းရီက အသံလှိုင်းဧကရာဇ်၏ တပည့်ဟူသော သတင်းကို ဖြန့်သည်။ သို့ဖြင့် ချန်မျိုးနွယ်၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားတော့သည်။ သူတို့ကလည်း သစ္စာဖောက်များ ဖြစ်သွားပေပြီ။
ထို့ပြင် ကျန်မျိုးနွယ်သည် ကျန်ဝူရွှမ်းက ကျန်မျိုးနွယ်နှင့် မသက်ဆိုင်တော့ကြောင်းလည်း ကြေညာခဲ့သည်။ သူက သစ္စာဖောက်တစ်သာဖြစ်သည်။ သူ့ကို မျိုးနွယ်ထဲသို့ ပြန်အဝင်ခံတော့မည် မဟုတ်။ သူ အရှေ့ဘက် တော်ဝင်နယ်မြေတွင် မျက်နှာလာပြဝံ့လျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီနှင့် ပတ်သတ်သူမှန်သမျှ ကျော်ကြားသွားသည်။ သူတို့သည် သမိုင်းစာအုပ်များထဲတွင် မျိုးရိုးစဉ်ဆက် ကျိန်ဆဲခံရမည့်၊ တံတွေးထွေးခံရမည့် လူများအဖြစ် မှတ်တမ်းဝင်သွားတော့သည်။
***