← Chapters

အဲ့ကောင်မလေးနဲ့ ရန်သူမဖြစ်စေနဲ့

Vol. 86 Ch. 1196

အဲ့ကောင်မလေးနဲ့ ရန်သူမဖြစ်စေနဲ့

Vol. 86 Ch. 1196

ဤတစ်ကြိမ်တွင် ကျန်းရီတစ်ယောက် အမှန်ပင် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်၏ ခုခံစွမ်းအားက တုန်လှုပ်ဖွယ်ကောင်းသည်။ မည်သည့်သာမန်လူကမှ ၎င်းကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်က ၎င်းချပ်ဝတ်ထဲတွင် စွမ်းအားကြီး ခုခံတာအိုပုံသဏ္ဌာန်တစ်ခုကိုလည်း ထည့်သွင်းခဲ့သည်။ သို့သော် ချပ်ဝတ်ကို အသုံးပြုသူက အလွန်အဆင့်နိမ့်နေခြင်းမှာ နှမြောစရာပင်။ ယင်းအပြင် တိုက်ပွဲဧကရာဇ်တို့၏ တိုက်ခိုက်မှုများက အလွန်စွမ်းအားကြီးခဲ့သည်။ ကျန်းရီက အရိုးဆယ်ချောင်းကျော် ကျိုးသွားသည်။ ကိုယ်တွင်းအင်္ဂါအားလုံးလည်း ထိခိုက်သွားသည်။

ကျန်းရီသည် ခြောက်ရက်မြောက်နေ့တွင် သတိလည်လာသည်။ မျက်နှာကတော့ ဖြူဖျော့နေဆဲပင်။ မေးမြန်းပြီးနောက် လူသားစစ်တပ်က အပြစ်သားကျွန်းဆီသို့ ပြန်ဆုတ်သွားကြောင်း သူ သိလိုက်ရသည်။ အပြစ်သားကျွန်းတွင် တပ်တစ်စုသာ ကျန်ခဲ့သည်။ ကျန်တပ်သားအားလုံးက အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်သွားပြီဖြစ်သည်။ ကျန်းရီသည် အခြေအနေကို သိရပြီးနောက် ပြန်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သည်။

ရှစ်ရက်မြောက်နေ့တွင် ကျန်းရီ ပြန်နိုးလာသည်။ ဤတစ်ခေါက်တွင်မူ သူ အပြည့်အဝ ပြန်ကောင်းလုပြီဖြစ်သည်။ လှုပ်လိုက်တိုင်း ခန္ဓာကိုယ်က နာကျင်မနေတော့ပေ။

ကျန်းရှောင်နူက ကျန်းရီဘေးတွင် နေ့ညမပြတ် စောင့်နေခဲ့သည်။ ရှောင်ဖေးကလည်း ထိုသို့ လုပ်ရန် ကြိုးစားခဲ့သော်လည်း မကြာမကြာ အိပ်ပျော်သွားခဲ့သည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က ဘေးတွင်ထိုင်၍ တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေကြသည်။ ချမ်ချမ်နှင့် အောင်းလုတို့ကိုမူ အရိပ်အယောင်ပင် မတွေ့ရချေ။

“သခင်လေး နိုးလာပြီလား”

ရှောင်နူသည် ကျန်းရီ နိုးလာသည်ကို တွေ့လိုက်၍ ဝမ်းသာအားရ အော်ပြောလိုက်သည်။ ကျန်းရီ၏ နှုတ်ခမ်းစွန်းများ အနည်းငယ် တွန့်သွားသည်။ သူသည် ကျန်းရှောင်နူကို ကြည့်၍ ခံစားချက်များ ရောပြွန်းသွားသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် မတွေ့ခဲ့ရသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပေပြီ။ ယခုတွင် ရှောင်နူက အရွယ်ရောက်နေပေပြီ။ ဆယ်ကျော်သက်အရွယ် ကောင်မလေး မဟုတ်တော့ဘဲ အလွန်လှပနေသည်။ သို့သော် သူမ၏ မျက်နှာလေးက ယခင်ကကဲ့သို့ပင် သန့်စင်သော ကြာပန်းလေးတစ်ပွင့်အလား ကြည်လင်ချိုမြနေသည်။ ထိုအခိုက်တွင် သူမသည် ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေသည်။ ထိုမြင်ကွင်းကို ကြည့်မိသူတိုင်း နွေးထွေးမှုကို ခံစားလိုက်ရမည်သာ။

ကျန်းရှောင်နူသည် ပုံစံမပြောင်းထားလျှင် ကြောက်မက်ဖွယ်မကောင်းပေ။ သူမကို ကြည့်မိသူတိုင်း စိတ်အေးချမ်း သွားမည်သာ။ သူမသည် ဆောင်းတွင်းချိန်မှ ရေပူစမ်းတစ်ခုကဲ့သို့ပင်။ သို့သော် ပုံစံပြောင်းလိုက်သော အခါတွင်မူ လုံးဝကွဲပြားသွားသည်။ သူမက အေးစက်လာကာ စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်သွားသည်။

“ရှောင်နူ... ဒီနှစ်တွေထဲ မင်း ဒုက္ခခံခဲ့ရပြီ။ အကုန်လုံး သခင်လေးရဲ့ အပြစ်တွေပါပဲ”

ကျန်းရီက အပြစ်ရှိစွာ ပြောလိုက်သည်။ ကျန်းရှောင်နူ ခေါင်းခါသည်။

“ရှောင်နူ ဒုက္ခမခံခဲ့ရပါဘူး။ သခင်လေးကသာ ဒုက္ခခံခဲ့ရတာပါ။ ရှောင်နူက သခင်လေးကို မကူညီနိုင်ခဲ့လိုသာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ”

“ဟင်းဟင်း... ရှောင်နူ.. မင်းက အခု အရမ်းစွမ်အားကြီး နေပြီ။ သခင်လေးနဲ့ သိပ်မကွာလောက်တော့ဘူး”

ကျန်းရီသည် ကျန်းရှောင်နူက နတ်ဘုရားတစ်ပိုင်းများကို ပုရွက်ဆိတ်သတ်သကဲ့သို့ အလွယ်တကူ သတ်ခဲ့ပုံကို ပြန်တွေ့လိုက်သည်။ ထို့နောက် စိတ်အေးသွားဟန်ဖြင့် သူ ပြောလိုက်သည်။

“ကောင်းကင်တောင်ပံမြို့က ကောင်မလေးက နတ်ဘုရားတစ်ပိုင်းတွေကို သတ်နိုင်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ”

ကျန်းရှောင်နူက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“အနိုင်ကျင့်ခံရပြီး ကြီးပြင်းလာခဲ့ရတဲ့ သခင်လေး ကျန်းရီက မိစ္ဆာဧကရာဇ်ကို သတ်နိုင်လိမ့်မယ်လို့ရော ဘယ်သူက ထင်ခဲ့မှာလဲ”

“ဟားဟားဟား...”

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က လျှောက်လာကြသည်။ ချမ်ဝမ်ကွမ်းက ရယ်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်၊ ညီမလေးရှောင်နူ အချင်းချင်းတွေ ပြန်ပြီး မြှောက်မနေကြနဲ့တော့။ ခေါင်းဆောင်တို့နှစ်ယောက် ပြောတာကို ကြားရတာနဲ့ ကျုပ် ကြက်သီးတွေ ထတယ်”

ကျန်ဝူရွှမ်းကလည်း တောက်ပစွာ ပြုံးလိုက်သည်။ ထိုစဉ် သူ တစ်စုံတစ်ခုကို အမှတ်ရသွား၍ ပြောလိုက်သည်။

“ကျန်းရီ... အဖေနဲ့ တခြားသူတွေရော...”

“သူတို့က ဆန်းကြယ်နတ်ဘုရားနန်းတော် ထဲမှာ”

ကျန်းရီ၏လက်မှ လက်စွပ်က လင်းလက်လာသည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာကာ ကျန်းယွင်ဟိုင်တို့ အပြင်သို့ တည်နေရာပြောင်းရွှေ့ ခံလိုက်ရသည်။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့လည်း ပေါ်လာသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ မျက်နှာထားတည်သွားပြီး ဒူးထောက်လိုက်ကြသည်။ ကျန်းရှောင်နူသည်လည်း ကျန်းယွင်ဟိုင်ကို မြင်လိုက်သောအခါ မျက်ရည်များ စီးကျလာပြီး ဒူးထောက်ကာ ရှိုက်၍ ပြောလိုက်သည်။

“ဘိုးဘိုး”

“ရှောင်နူလား...” “ဝမ်ကွမ်း” “ဝူရွှမ်း”

ကျန်းယွင်ဟိုင်တို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် အနားယူကာ ကျင့်ကြံနေခဲ့ကြသည်။ ထို့ကြောင့် ရုတ်တရက်ကြီး တည်နေရာပြောင်းရွှေ့ ခံလိုက်ရသောအခါ လန့်သွားကြသည်။ သို့သော် အပြင်မှ လူများကို မြင်လိုက်ရသောအခါ သူတို့ ဝမ်းမြောက်သွားသည်။ ကျန်းယွင်ဟိုင်က ကျန်းရှောင်နူကို ထူပေးလိုက်သည်။ ထို့နောက် မျက်ရည်စများနှင့် ပြောလိုက်သည်။

“ရှောင်နူ... လိမ္မာတဲ့ကလေးမလေး... ထပါ။ ငါ့ရဲ့ ကလေးမလေးက အရွယ်ရောက်နေပြီပဲ... မင်း အရမ်းလှလာတယ်”

ချမ်ကွေ့နှင့် ကျန်ရီမင်တို့လည်း ငိုကြွေးလိုက်ကြသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်တို့က ကျန်းရီနောက်သို့ လိုက်သွားခဲ့စဉ်က သူတို့ စိတ်မကောင်းဖြစ်ခဲ့ရသည်။ နှစ်များစွာ ကြာခဲ့ပေပြီ။ ယခုတွင် သူတို့၏ သားများက အရွယ်ရောက်နေပြီဖြစ်သည်။ ယင်းကို မြင်ရသောအခါ သူတို့ စိတ်အေးသွားကြသည်။ ကျန်ဝူရွှမ်းက ယွင်ချန်းထျန်းကိုလည်း ဒူးထောက်အရိုအသေပေးလိုက်သည်။ ယွင်ဖေးက နှင်းဒေသသို့ ရောက်နေသည်မှာ စိတ်မကောင်းစရာပေ။ ယွင်ချန်းထျန်းက နာကျင်နေပုံပေါ်သည်။

ရှပ်...ရှပ်...ရှပ်...

ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ အောင်းလုနှင့် ချမ်ချမ်တို့ ဝင်လာကြသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းက သူတို့ကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူတို့သည် ကျန်ရီမင်တို့အား အောင်းလုတို့နှင့် မိတ်ဆက်ပေးလိုက်သည်။

“သူကတော့ အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေရဲ့ ဧကရာဇ် အရှင်အောင်းလုပါ။ သူကတော့ မင်းသမီးချမ်ချမ်ပါ”

“အို့...အို့... နှုတ်ခွန်းဆက်ပါတယ် အရှင်၊ နှုတ်ခွန်းဆက်ပါတယ် မင်းသမီး”

ကျန်းယွင်ဟိုင်နှင့် အခြားသူများ တုန်လှုပ်သွားသည်။ အောင်းလု၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလော။ သူတို့သည် အဆုံးမဲ့ပင်လယ်နက်က ဘာဆိုသည်ကို မသိသော်လည်း ‘မိစ္ဆာများ၏ ဧကရာဇ်’ဟူသော ဂုဏ်ပုဒ်က ကြောက်မက်ဖွယ်ကောင်းကာ အရေးပါသည်ဟု ခံစားရပေသည်။ လူများသည် တွေ့ကရာလူကို ‘ဧကရာဇ်’ဟု မခေါ်ပေ။

“ဟင်းဟင်း... ချမ်ချမ်က အားလုံးကို ဆန်းကြယ်သိုင်းမြို့ထဲ လှည့်ပတ်ပြပေးပါလိမ့်မယ်။ ကျုပ် ကျန်းရီနဲ့ စကားပြောချင်သေးတယ်”

အောင်းလုက ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ချမ်ချမ်သည် အုပ်စုကို အပြင်သို့ ခေါ်သွားသည်။ ကျန်းရီက ခေါင်းညိတ်ပြကာ ကျန်းရှောင်နူကို ထွက်သွားစေလိုက်သည်။ ကျန်းရှောင်နူသည် အိပ်ပျော်နေသော ရှောင်ဖေးကို ချီကာ အပြင်သို့ ထွက်သွားသည်။

“ကျန်းရီ... မင်း သက်သာလာပြီလား”

အောင်းလုက ပြုံး၍ ကုတင်ဘေးတွင် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ သူသည်လည်း ရက်အနည်းငယ် အနားယူပြီးနောက် သက်သာလာပြီဖြစ်သည်။ ကျန်းရီက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ အောင်းလု ဆက်ပြောသည်။

“အခု မင်းက အ‌ရှေ့ဘက် တော်ဝင်နယ်မြေရဲ့ အလိုအရှိဆုံး အပြစ်သားဖြစ်နေပြီလို့ အရိပ်ဧကရာဇ်က သတင်းလှမ်းပို့တယ်။ မင်း မိစ္ဆာတွေကို ကူညီခဲ့တာအတွက် နောင်တရလား”

ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။

“အရှင်အောင်းလု... အရှင်က ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိမှာပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ လုပ်ရပ်တွေအတွက် ဘယ်တုန်းကမှ နောင်တမရဘူး။ ကျွန်တော် လိပ်ပြာလုံတယ်”

“မင်းရဲ့ အကျင့်စရိုက်က ဆန်းကြယ်ဧကရာဇ်နဲ့ တူလွန်းတယ်”

အောင်းလုသည် အတိတ်ကို ပြန်တွေးတောက မျက်လုံးများ ဝေဝါးသွားသည်။ ရုတ်တရက် သူ သက်ပြင်းချလိုက်သည်။

“ငါ မင်းကို ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားယူခိုင်းခဲ့တာက မင်း အောင်မြင်မယ်ဆိုတာကို သိလို့ပဲ။ ဆန်းကြယ်ဧကရာဇ်က လူတွေရဲ့ အကျင့်စရိုက်ကို အမြဲတန်ဖိုးထားခဲ့တယ်။ သူ သဘောမကျတဲ့ လူက ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ သူ့ရဲ့ ဆက်ခံသူ ဖြစ်နိုင်မှာ မဟုတ်ဘူး”

ကျန်းရီသည် ထိုစကားကို ကြားလိုက်သောအခါ မျက်ဝန်းများ တောက်ပသွားသည်။ ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်သည်။

“အရှင်အောင်းလု... ကျွန်တော် နားမလည်တာတစ်ခု ရှိပါတယ်။ အရှင်က စေတီမြို့က အစီအရင်ကို မဖျက်နိုင်ဘူးလား။ ဒါပေမဲ့ ဘာလို့ ကျွန်တော်က တစ်ချက်တည်းနဲ့ ဖျက်နိုင်ခဲ့တာလဲ”

“အင်း.. ငါ အဲ့အစီအရင်ကို လျှို့ဝှက်လေ့လာခဲ့တယ်။ အဲ့ဒါကို ငါ တကယ်ပဲ မဖျက်နိုင်ဘူး။ မြောက်ဘက်ဧကရာဇ်နဲ့ တိုက်ပွဲဧကရာဇ်လည်း မဖျက်နိုင်ဘူး”

အောင်းလုက ခေါင်းညိတ်ကာ ရှင်းပြသည်။

“မင်းက ဘာလို့ ဖျက်နိုင်ခဲ့တာလည်း ဆိုတာကိုတော့ နားလည်ဖို့ လွယ်ပါတယ်။ နတ်ဘုရားဇီဝိန်ခြွေက မဟာတာအိုပုံသဏ္ဌာန်တစ်ခုပဲ။ အဲ့တာအိုပုံသဏ္ဌာန်က မိုးမြေစွမ်းအားကို တိုက်ရိုက်သုံးတာ မလား။ တွေးကြည့်ပါ... အဲ့မိုးကြိုးအစီအရင်ကလည်း မိုးမြေစွမ်းအားကို သုံးတာ။ အဲ့တော့ မင်း နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လိုက်တဲ့အချိန်မှာ အစီအရင်ထဲက မိုးမြေစွမ်းအားက အသုံးခံလိုက်ရတာပေါ့။ အဲ့မှာ အစီအရင်က စွမ်းအင်ကုန်ပြီး ပျက်သွားတာပဲ။ အဲ့ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်က ဆန်းကြယ်ဧကရာဇ်ရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်အတတ်တွေထဲက တစ်ခုပဲ။ အရမ်းကြောက်စရာကောင်းတယ်”

“ဪ...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားသည်။ သို့သော် သူ ထပ်မေးလိုက်သည်။

“အရှင်အောင်း... အဲ့နတ်ဘုရားဇီဝိန်ခြွေက အရမ်းခက်ထန်တယ်။ ဘာလို့ ကျွန်တော်က ‘ညပင်လယ်’ ပန်းချီကားကို သိမြင်နားလည်သွားတာနဲ့ အဲ့တာအိုပုံသဏ္ဌာန်ကို တတ်သွားရတာလဲ။ ဆန်းကြယ်ဧကရာဇ်က ကျွန်တော့်ကို တစ်နည်းနည်းနဲ့ ကူညီပေးခဲ့တာလား။ ပြီးတော့ ဘာလို့ ကျွန်တော် အဲ့တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားတာနဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အလိုလို သန့်စင်ပြီးသား ဖြစ်သွားရတာလဲ”

“မဖြစ်နိုင်ဘူး...”

အောင်းလုက ယုံကြည်မှုရှိရှိ ဖြေလိုက်သည်။

“မင်း တာအိုပုံသဏ္ဌာန်တွေကို သိမြင်နားလည်သွားအောင် ဘယ်သူကမှ ကူညီမပေးနိုင်ဘူး။ မင်း နားလည်နိုင်ခဲ့တာက မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစကြောင့်ပဲ။ မင်းရဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်ကြောင့်လည်း ဖြစ်တော့ဖြစ်နိုင်တယ်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အလိုလို သန့်စင်သွားတာကတော့ နတ်ဘုရားဇီဝိန်ခြွေကြောင့် ဖြစ်နိုင်တယ်။ နတ်ဘုရားအသုံးအဆောင်တွေက ပိုင်ရှင်ကို သိနိုင်ကြတယ်။ နတ်ဘုရားဇီဝိန်ခြွေဆိုတာ ဆန်းကြယ်ဧကရာဇ်ရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်အတတ်တွေထဲက တစ်ခုပဲ။ မင်းက နတ်ဘုရားဇီဝိန်ခြွေ တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားတော့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က မင်းကို သူ့ရဲ့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်တာ နေမှာပေါ့”

“ထူးဆန်းတဲ့ခန္ဓာကိုယ်လား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ သူ ထိုအကြောင်းကို ဆက်မဆွေးနွေးလိုပေ။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

“အရှင်အောင်း... ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။ ရှင်းမုန့်ဝမ်ကရော ဘယ်သူလဲ။ ဘာလို့ သူ့မှာ နတ်ဘုရား အသုံးအဆောင် ရှိနေရတာလဲ။ စေတီမြို့မှာ မိုးကြိုးအစီအရင် ဆင်ခဲ့တဲ့သူက သူလား”

ဆန်းကြယ်သော မိန်းမပျို၊ မယုံနိုင်လောက်သော တိုက်ပွဲအစီအရင်၊ နတ်ဘုရားအသုံးအဆောင်တစ်ခု... ထို့ပြင် သူမက ဤစစ်ပွဲ စတော့မည့် အချိန်တွင် အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

အရာအားလုံးသည် ထိုမိန်းမပျိုလေးနှင့် ကောင်းကင်တမလွန်ဂိုဏ်းက အလွန်သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြသနေသည်။ ထို့ပြင် သူမက အလွန်ဉာဏ်ကောင်းသည်။ သူမ၏ စကားအနည်းငယ်က လူသားစစ်တပ်ကို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားစေခဲ့သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည်ပင် ရွေးချယ်စရာမရှိတော့ဘဲ တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် ကျန်းရီသည် သူမကို ပို၍ သံသယဝင်နေသည်။

“ငါလည်း မသိဘူး”

အောင်းလုသည် သက်သေမရှိဘဲ ကောက်ချက်ချတတ်သူ မဟုတ်ပေ။ ထိုအစား သူ သုံးသပ်လိုက်သည်။

“ဆန်းကြယ်ဧကရာဇ်ရဲ့ ပြောစကားအရတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ နတ်ဘုရား အသုံးအဆောင် နှစ်ခုပဲ ရှိတယ်လို့ သိရတယ်။ သူတောင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်မှာ ခက်ခက်ခဲခဲနဲ့ ရတနာတွေ လိုက်ရှာပြီးမှ အဲ့နတ်ဘုရား အသုံးအဆောင် နှစ်ခုကို ဖန်တီးနိုင်ခဲ့တာ။ အခြားလူတွေက သူ့လို နတ်ဘုရား အသုံးအ‌ဆောင် ဖန်တီးဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကုန်ကြမ်းတွေက မရှိတော့ဘူး။ အဲ့ကောင်မလေးက နတ်ဘုရား အသုံးအဆောင်ကို ဘယ်က ရလာတာလဲ။ ငါလည်း မသိဘူး...”

“ပြီးတော့ သူ့ရဲ့ တိုက်ပွဲအစီအရင်တွေကို ငါတောင် ချီးကျူးရတယ်။ ငါက အစီအရင်တွေအများကြီးကို လေ့လာခဲ့တယ်... ဒါပေမဲ့ သူ သုံးခဲ့တဲ့ အစီအရင်မျိုးတွေကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အဲ့အစီအရင်တွေက ဆန်းကြယ်ဧကရာဇ်ရဲ့ အစီအရင်တွေထက်တောင် ပိုသာပုံပဲ။ ကျန်းရီ... မင်း ဒီကိစ္စမှာ ဝင်မပါသင့်ဘူးလို့ ငါထင်တယ်။ ကျင့်ကြံတာမှာပဲ အာရုံဆက်ပြီး မြန်နိုင်သမျှမြန်မြန် အဆင့်တက်ဖို့ပဲ ကြိုးစားပါ။ အဲ့ကောင်မလေးနဲ့ ရန်သူ မဖြစ်စေနဲ့။ အဲ့ကောင်မလေးကို သွားရှုပ်လို့ရတဲ့သူတစ်ယောက် မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်”

***

All Chapters