ဓူဝံကြယ်ကို ဆွတ်မည့်သူ
Vol. 86 Ch. 1197
“ဟွန်း...”
ကျန်းရီသည် အောင်းလုနှင့် သဘောမတိုက်ဆိုင်ပေ။ သူ ခေါင်းခါကာ ပြောလိုက်သည်။
“ဘယ်လိုလုပ် ကောင်းကင်ကြယ်တာရာနယ်နမိတ်က သေသွားတဲ့ လူသန်းထောင်ချီအတွက် လက်စားမချေဘဲနဲ့ ထိုင်နေနိုင်မှာလဲ။ ပြီးတော့ ကျွန်တော်က သူ့ကို သွားရှုပ်တာ မဟုတ်ဘူး။ သူက တကယ်ပဲ ကြိုးကိုင်သူဆိုရင် ကျွန်တော့်ကို လာရှုပ်မှာပဲ။ သူက ဘယ်လောက်ပဲ တော်တော်၊ ကောင်းကင်တမလွန်ဂိုဏ်းက ဘယ်လောက်စွမ်းအားကြီးကြီး... ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ နတ်ဘုရားအစစ်အမှန် တစ်ပါးမှ မရှိဘူးမလား။ ကျွန်တော်က ဆန်းကြယ်ဧကရာဇ်နဲ့ စွမ်းအားတူသွားမယ်ဆိုရင် သူ့ကို မသတ်နိုင်လောက်ဘူးလား”
“ဟင်းဟင်း...”
အောင်းလုက ပြုံးလိုက်ပြီး ကျန်းရီနှင့် ငြင်းခုန်မနေတော့ပေ။ ထို့နောက် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ကျန်းရီ... ငါ့မှာ စိတ်ဖတ်အတတ်လို့ ခေါ်တဲ့ ဆန်းကြယ်တဲ့ စွမ်းရည်တစ်ခု ရှိတယ်။ မင်း အဲ့ဒါကို ကြားဖူးတယ်မလား”
“ကြားဖူးပါတယ်”
ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
“အရှင်အောင်း... အရှင်က အဲ့စွမ်းရည်ကို သုံးခဲ့တာလား။ အဲ့စွမ်းရည်ကို သုံးပြီး ကြိုးကိုင်သူကို ရှာလို့ရလား”
“မရဘူး”
အောင်းလုက ခါးသက်သက် ရယ်လိုက်သည်။
“ငါက ငါ့ထက် စွမ်းအားအဆင့်နိမ့်တဲ့သူတွေရဲ့ စိတ်ကိုပဲ ဖတ်နိုင်တာ။ ငါနဲ့ အဆင့်တူတဲ့ တိုက်ပွဲဧကရာဇ်နဲ့ မြောက်ဘက်ဧကရာဇ်ရဲ့ စိတ်ကိုတောင် မဖတ်နိုင်ဘူး။ ငါပြောနိုင်တာကတော့ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်၊ ထန်ရှန်းကျိနဲ့ တခြားလူတွေက ဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူးဆိုတာပဲ။ ငါ မင်းကို ဟိုကောင်မလေးနဲ့ ခပ်ဝေးဝေး နေစေချင်တယ်။ သူ ဘာတွေ တွေးနေတယ်ဆိုတာကို ငါ မဖတ်နိုင်ဘူး။ ငါ ကောင်းကင်တမလွန်ဂိုဏ်းက နတ်ဘုရားတစ်ပိုင်းတွေရဲ့ စိတ်ကိုလည်း ဖတ်ခဲ့သေးတယ်... ဒါပေမဲ့ မဖတ်နိုင်ခဲ့ဘူး”
“တကယ်ပဲ သူတို့များလား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန် ထွက်လာသည်။
အောင်းလု လက်ဝှေ့ယမ်းလိုက်သည်။
“ကျန်းရီ... မင်း အဲ့လို အလွယ်တကူ ကောက်ချက်ချလို့ မရဘူး။ သက်သေမရှိရင် မင်းက ရန်သူတွေ ပိုတိုးအောင် လုပ်သလိုပဲ ဖြစ်နေမှာ။ ဘာပဲပြောပြော မင်းက လူသားတစ်ယောက်ပဲ။ ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူ... မင်း လူသားမျိုးနွယ်ကို ကာကွယ်ရမယ်။ လူသားမျိုးနွယ်ရဲ့ စွမ်းအားကြီး သိုင်းပညာရှင်တွေကို သတ်ပစ်လို့ မဖြစ်ဘူး။ သံသယရှိတဲ့ လူတိုင်းကို လိုက်သတ်နေလို့ မဖြစ်ဘူး...”
“မင်း လူသားမျိုးနွယ်ကို အမှန်တကယ် ဒေါသဖြစ်စေရင် မင်း သေရလိမ့်မယ်။ ရေက လှေကို သယ်နိုင်သလို နှစ်လည်းနှစ်ပစ်နိုင်တယ်။ လူသားတွေကို ဆန့်ကျင်တဲ့ သူတိုင်း ဇာတ်သိမ်းမလှဘူးဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီးပြီ။ မင်းရဲ့ နှလုံးသားကို လက်စားချေလိုစိတ် လွှမ်းမိုးမသွားစေနဲ့...”
မိစ္ဆာဖြစ်သော အောင်းလုက ကျန်းရီအား လူသားများကို ကာကွယ်ရန် ဖျောင်းဖျနေသည်။ ယင်းက ထူးဆန်းသော်လည်း ကျန်းရီသည် အောင်းလုကို ရင်ထဲအသည်းထဲက ပိုယုံသွားသည်။ သူ စိတ်လည်း ပြန်တည်ငြိမ်လာသည်။ အတော်ကြာ တွေးတောပြီးနောက်မှ သူ ခေါင်းညိတ်လိုက်သည်။
“အရှင်အောင်းလု... အရှင်ပြောတာ မှန်ပါတယ်။ ကျွန်တော် စိတ်ရိုင်းဝင်ခဲ့မိတာပါ”
“ကလေးတစ်ယောက်ရဲ့ အကြီးမားဆုံး ကောင်းကွက်က သင်ပေးလို့ ရနိုင်သေးတာပဲ”
အောင်းလုက ပြုံးကာ ထရပ်လိုက်သည်။
“အရာအားလုံးက ဖြစ်ပြီးရင် ပျက်ရမှာပဲ။ သက်ရှိတိုင်း ကိုယ့်ကံကြမ္မာနဲ့ကိုယ် လျှောက်လှမ်းရမယ်။ ငါတို့ လုပ်နိုင်တာက ကိုယ့်လိပ်ပြာလုံအောင် အကောင်းဆုံး ကြိုးစားဖို့ပဲ။ တခြားအရာတွေကို ငါတို့ မထိန်းချုပ်နိုင်ဘူး။ ကျန်းရီ... မင်း အခုလုပ်ရမှာက လက်စားချေဖို့ မဟုတ်ဘူး၊ ကျင့်ကြံရမှာ။ မင်း လုံလောက်အောင် သန်မာမှ ကာကွယ်ရမယ့်အရာတွေကို ကာကွယ်နိုင်လိမ့်မယ်။ အရင်ဆုံး နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းပါ။ ကျန်တဲ့ကိစ္စတွေကို အဲ့နောက်မှ ပြောကျတောပေါ့။ ဓမ္မက အဓမ္မကို အမြဲ အနိုင်မရနိုင်ဘူးဆိုပေမယ့် အားတင်းပြီး ဓမ္မဘက်မှာ ဆက်နေနိုင်ရင် နောက်ဆုံးကျ အဓမ္မက မင်းကို လမ်းဖယ်ပေးရမှာပဲ”
အောင်းလုသည် ဆုံးမစကားပြောပြီးနောက် ထွက်သွားသည်။ ကျန်းရီသည် အောင်းလုပြောသွားခဲ့သော စကားများကို အကြိမ်ကြိမ် ပြန်တွေးတောလိုက်သည်။ အောင်းလုက တစ်စုံတစ်ခုကို ခန့်မှန်းပြီးသော်လည်း သက်သေမရှိသေးသဖြင့် ခန့်မှန်းချက်ကို ထုတ်မပြောလိုသေးခြင်း ဖြစ်မည်ဟု သူ ခံစားနေရသည်။ တွေးလေလေ၊ အောင်းလုက မှန်သည်ဟု ပိုခံစားလာရလေလေပင်။ လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံးမှာ ကျင့်ကြံရန်ဖြစ်သည်။ အခြားအရာများကို မပြောခင် အရင်ဆုံး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရမည်။ လက်ရှိတွင် သူ၏စွမ်းအားက မလုံလောက်သေး။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့ကို မသတ်နိုင်သေး။ အခြားကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များနှင့်လည်း မယှဉ်နိုင်သေး။
ကျန်းရီဿည် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ကုသရန် အာရုံစိုက်လိုက်သည်။ သူ အပြည့်အဝ ပြန်ကောင်းသွားသည်နှင့် နှင်းဒေသသို့ တစ်ခေါက်သွားကြည့်လိုသည်။ ထို့ပြင် အခြားလုပ်စရာတစ်ခုလည်း ရှိသေးသည်။ ပင်လယ်နက်သို့ သွားရန်ပင်။ ရီချန်က မည်သို့မှ မပြောသော်လည်း ပင်လယ်နက်သို့ သွားကြည့်လိုနေကြောင်း သူသိသည်။ သူမက ဗုဒ္ဓဧကရာဇ်တို့ အသက်ရှင်နေသေးသလော၊ အမှန်ပင် သေသွားပြီလောကို အတည်ပြုလိုနေသည်။
ကျန်းရီသည် အောင်းလုအတွက်မူ လုံးဝစိတ်အေးသွားပြီဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်ထံတွင် ကျိန်ဆိုခဲ့ရ၍ အောင်းလုသည် လူသားမျိုးနွယ်ကို အကြောင်းမရှိဘဲ တိုက်ခိုက်မည် မဟုတ်ပေ။ ထို့ပြင် လက်ရှိ၌ မိစ္ဆာများက အပြင်းအထန် ဒဏ်ရာရထားကြသည်။ အနည်းဆုံး နှစ်တစ်သိန်းလောက်အထိ သူတို့ နလံပြန်ထူနိုင်မည် မဟုတ်ပေ။ ထိုအချိန်အတောအတွင်း မိစ္ဆာများက လူသားများကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
သုံးရက်ကြာပြီးနောက် ကျန်းရီသည် စုလောရွှယ်ကို အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်၏။ အောင်းလုအား သူမ၏ စိတ်ဝိညာဉ်အတွင်းရှိ အဆောင်အဆိပ်ကို စစ်ဆေးပေးရန် သူ အကူအညီတောင်းလိုက်သည်။ အောင်းလုက သူမကို ကူညီနိုင်မည့် နည်းလမ်းတစ်ခု ရှာပေးနိုင်ပါစေဟု ကျန်းရီ အမှန်ပင် မျှော်လင့်နေမိပေသည်။
သို့သော် တစ်နာရီကြာ စစ်ဆေးပြီးနောက်တွင် အောင်းလုက စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ သူသည် ထိုအဆောင်အဆိပ်အကြောင်းကို မသိပေ။ ထိုအဆိပ်က ချမ်ချမ် မိခဲ့သော အဆိပ်ထက် များစွာ ပိုပြင်းသည်။ ထို့ပြင် အဆိပ်သည် စုလောရွှယ်၏ စိတ်ဝိညာဉ်ထဲတွင် ဖြစ်နေသည်။ အဆိပ်ကို အတင်းဖယ်ထုတ်မည်ဆိုလျှင် သူမ၏ စိတ်ဝိညာဉ် ထိခိုက်သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ အောင်းလုသည် ချမ်ချမ်အား စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည့် ဝိညာဉ်ဆေးပင်များကို ယူလာစေလိုက်သည်။ ထိုဆေးပင်များက စုလောရွှယ်၏ စိတ်ဝိညာဉ်ကို သန်မာလာစေနိုင်သည်။ အောင်းလု၏ သုံးသပ်ချက်အရ စုလောရွှယ်၏ စိတ်ဝိညာဉ်မှာ နတ်ဘုရားဝိညာဉ် စုစည်းနိုင်လောက်သည်အထိ သန်မာလာနိုင်ကြောင်း သိရသည်။ အကယ်၍ နတ်ဘုရားဝိညာဉ် စုစည်းနိုင်လိုက်လျှင် အဆိပ်ကို သူမဘာသာ ညှစ်ထုတ်ပစ်နိုင်လောက်သည်။
“ကောင်းကင်တမလွန်ဂိုဏ်း”
ကျန်းရီသည် ကောင်းကင်တမလွန်ဂိုဏ်းကို များစွာပို၍ မုန်းတီးလာသည်။ သို့သော် စွန့်စားကာ လက်စားသွားချေ၍ မဖြစ်သေးပေ။ သို့သော် ကောင်းကင်တမလွန်ဂိုဏ်းက စုလောရွှယ် အဆိပ်မိနေသည်ကို သိချင်မှလည်း သိမည်။ ကျီထင်ယွီက သေသွားပြီဖြစ်သည်။ ထိုအဆိပ်အကြောင်းကို သိသူမှာ သူမတစ်ယောက်တည်းရှိခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ ကောင်းကင်တမလွန်ဂိုဏ်းသို့ သွားလျှင်လည်း သူတို့က ထိုအချက်ဖြင့် သူ့ကို ငြင်းနိုင်သည်။ ထို့ပြင် သူသည် ကောင်းကင်တမလွန်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်လောက်အောင် စွမ်းအားမကြီးသေးပေ။ ရှင်းမုန့်ဝမ်တစ်ယောက်သည်ပင် သူ့ကို ဒုက္ခများသွားစေနိုင်သည်။
ငါးရက်ကြာပြီးနောက်...
ကျန်းရီက အပြည့်အဝ ပြန်ကောင်းလုပြီ ဖြစ်သည်။ သူသည် ဆန်းကြယ်သိုင်းမြို့ကို အမှန်တကယ် သဘောကျ၏။ သို့သော် ကျန်းယွင်ဟိုင်တို့၏ စွမ်းအားအဆင့်က နိမ့်လွန်းသည်။ သူတို့သာ ဆန်းကြယ်သိုင်းမြို့ထဲတွင် ကြာရှည်နေလိုက်ပါက မိစ္ဆာအရှိန်အဝါက သူတို့ကို လွှမ်းမိုးသွားနိုင်သည်။ ထို့ပြင် ကျန်းရီသည် နှင်းဒေသမှ လူများ၏ အခြေအနေကိုလည်း မသိပေ။ ထို့ကြောင့် နှင်းဒေသသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် ကျန်းယွင်ဟိုင်တို့ကို အရင်သွားစေလိုက်သည်။
အောင်းလု၊ ချမ်ချမ်၊ အရိပ်ဧကရာဇ်နှင့် အခြားသူများက ကျန်းရီတို့ကို ဆန်းကြယ်သိုင်းမြို့အပြင်အထိ လိုက်ပို့ကြသည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်သွားသောအခါ ချမ်ချမ်၏ မျက်နှာလေး ညိုသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်ခွာသွားသောအခါ အောင်းလုက ခေါင်းယမ်း၍ ပြောလိုက်သည်။
“ချမ်ချမ်... လူသားတွေနဲ့ မိစ္ဆာတွေဆိုတာ ပေါင်းဖက်ဖို့ မဖြစ်နိုင်ဘူး။ သမီးအတွက် တစ်ခုတည်းသော နည်းလမ်းက မိစ္ဆာနတ်ဘုရားမတစ်ပါး ဖြစ်လာဖို့ပဲ... ကိုယ်ပိုင် မိစ္ဆာအမြုတေကို ဖန်တီးပြီး နတ်ဘုရားအစစ်အမှန်တစ်ပါးအဖြစ် တက်လှမ်းရမယ်။ အဲ့ကျမှ သမီး ကျန်းရီနဲ့ ပေါင်းဖက်နိုင်လိမ့်မယ်။ မဟုတ်ရင် သမီးရဲ့ မိစ္ဆာခန္ဓာက လူသားတစ်ယောက်နဲ့ ပေါင်းဖက်နိုင်မှာ မဟုတ်ဘူး”
“မိစ္ဆာနတ်ဘုရားမလား”
ချမ်ချမ်က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ခါးသီးသော လေသံဖြင့် ပြောလိုက်သည်။
“သမိုင်းမှာ အဲ့အဆင့်ကို ရောက်နိုင်ခဲ့တဲ့မိစ္ဆာ တစ်ကောင်မှ မရှိသေးဘူး။ ချမ်ချမ်က အဲ့အဆင့်ကို ရောက်နိုင်ပါ့မလား”
“ဖြစ်ချင်စိတ်ရှိရင် နည်းလမ်းရှိတယ်”
အောင်းလုက ပြုံးကာ ပြောလိုက်ပြီး အရိပ်ဧကရာဇ်နှင့် အခြားသူများကို ဦးဆောင်၍ အဝေးသို့ ပျံသန်းသွားလိုက်သည်။ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ သူ ချမ်ချမ်ကို ခေါင်းငဲ့ကြည့်လိုက်သည်။
“သမီးသာ လုံလောက်အောင် ကြိုးစားမယ်ဆိုရင် ရလဒ်က အရေးမကြီးပါဘူး။ သမီးက လူသားပဲ ဖြစ်ဖြစ်၊ မိစ္ဆာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိပ်မက်တွေကို ဆုပ်ကိုင်ထားရမယ်။ မဟုတ်ရင် သမီးက ငါးဆားနယ်တစ်ကောင်နဲ့ ဘာမှ ကွာခြားတော့မှာ မဟုတ်ဘူး...”
“အွန်း...”
ချမ်ချမ် အလေးအနက် ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးလေးများက တောက်ပနေပြီး အစိမ်းရောင်ဆံစလေးများက လေထဲတွင် ဝဲလွင့်နေသည်။
ချမ်ချမ်သည် ဧရာမ ဆန်းကြယ်သိုင်းမြို့ အပြင်ဘက်တွင် တစ်ယောက်တည်း ရပ်နေသည်။ ထိုမြင်ကွင်းမှာ အသက်ရှူမှားဖွယ်ပင်။
***
ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်ခွာခဲ့သည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် အားလုံးကို လကြေးမုံကန်ထဲသို့ ပို့ထားသည်။ ကျန်ဝူရွှမ်၏ နည်းလမ်းက အလွန်အလုပ်ဖြစ်သည်။ ရီချန်၊ မိုယောင်အာနှင့် စုလောရွှယ်တို့က အတော်လေး အဆင်ပြေနေကြသည်။ ရီချန်၏ အငွေ့အသက်က အခြားသူများအပေါ် လွှမ်းမိုးနိုင်သည်။ မိုယောင်အာနှင့် စုလောရွှယ်တို့က ရီချန်၏ စကားကို နာခံကြသည်။ သူမတို့သည် ရီချန်ကို လေးစားချစ်ခင်ကြသည်။
ကျန်းရီသည် ရှောင်ဖေးကိုလည်း ခေါ်လာခဲ့သည်။ ထို့ပြင် မိစ္ဆာဧကရီကို ဆန်းကြယ်သိုင်းမြို့ထဲသို့ ခေါ်ထားပေးရန် အောင်းလုကို တောင်းဆိုခဲ့သည်။ အောင်းလုက သူတောင်းဆိုသည့်အတိုင်း လုပ်ပေးခဲ့သည်။
ရှောင်ဖေးက ငယ်ရွယ်သေးသော်လည်း အလွန်အစွမ်းထက်သည့် သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ရှောင်ဖေးကို အဆုံးမဲ့ပင်လယ်နက်တွင် ထားခဲ့လျှင် လူသားများအပေါ် မုန်းတီးစိတ် ဝင်အောင် သင်ကြားပေးခံရမည်ကို ကျန်းရီ စိုးရိမ်သည်။ အရိပ်ဧကရာဇ်က သူမကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ လျှို့ဝှက်ပို့ဆောင်ကာ တိုက်ခိုက်စေလိုက်လျှင် မရေမတွက်နိုင်သော မြို့များ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် ရှောင်ဖေးကို သူနှင့်အတူ ခေါ်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှောင်ဖေးကလည်း သူနှင့် လိုက်လိုခဲ့သည်။ ထိုအခွင့်အရေးကို အသုံးချ၍ သူသည် ရှောင်ဖေးကို သူ၏အတွေးအမြင်များ သင်ကြားပေးနိုင်သည်။ ထိုမှ သူမက လူသားမျိုးနွယ်ကို အသားလွတ် မမုန်းတော့မည်ဖြစ်သည်။
“ဟိုးဟိုး... မမရှောင်နူ... မြန်မြန်လာ။ ရေကူးကြမယ်”
ယခုတွင် ရှောင်ဖေးက ပန်းရောင်ဝတ်စုံလေး ဝတ်ဆင်ထားသော လူသားကလေးမလေးပုံစံနှင့် ဖြစ်သည်။ သူမသည် လကြေးမုံကန်ဘေးတွင် ဆော့ကစားနေသည်။ ကျန်းရှောင်နူ၊ စုလောရွှယ်နှင့် မိုယောင်အာတို့က သူမကို အလွန်ချစ်ခင်ကြသည်။ ရီချန်နှင့် ကျန်းရီတို့က အပန်းဖြေအဆောက်အအုံထဲတွင် ထိုင်ကာ သူမတို့ ဆော့ကစားနေသည်ကို ပြုံး၍ ကြည့်နေကြသည်။
“ရီချန်... နတ်ဘုရားဝိညာဉ်ကို ဘယ်လိုစုစည်းရမှာလဲ”
ကျန်းရီသည် ရီချန်နှင့် အရေးကြီးသော ကိစ္စများ ပြောလိုနေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် နတ်ဘုရားဝိညာဉ်ကို စုစည်းရမည်ဖြစ်သည်။ ထို့ကြောင့် သူ အလေးအနက် ပြောလိုက်သည်။
“ငါတို့ နှင်းဒေသကို မသွားခင် ဗုဒ္ဓဧကရာဇ်မြို့ကို အရင်သွားလို့ရတယ်။ ပင်လယ်နက်ကိုတော့ နောက်ဆုံးကျမှ သွားကြတာပေါ့။ ငါတို့ ပင်လယ်နက်ကို မရောက်ခင် ငါ နတ်ဘုရားတစ်ပိုင်း ဖြစ်ချင်တယ်”
“အဲ့ဒါက ရိုးရှင်းပါတယ်”
ရီချန်၏ လက်စွပ်က တောက်ပလာပြီး လက်စွပ်ထဲမှ ကျောက်စိမ်းဘူးတစ်ဘူး ထွက်လာသည်။ သူမက ကျောက်စိမ်းဘူးကို ကျန်းရီအား ပေးလိုက်သည်။
“အဲ့ဘူးထဲမှာ နတ်ဘုရားပိုးကောင် ဆယ်ကောင်ရှိတယ်။ အဘိုးက အထူးနည်းလမ်းတစ်ခုကို သုံးပြီး သူတို့ကို ဖမ်းထားတာ။ ရှင် အဲ့ နတ်ဘုရားပိုးကောင်တွေကို သုံးရင် စိတ်ဝိညာဉ်သန်မာလာလိမ့်မယ်။ နောက်မှ နတ်ဘုရားဝိညာဉ်ကို ဘယ်လို စုစည်းရမယ်ဆိုတာကို ကျွန်မ ရှင့်ကို သင်ပေးမယ်”
“အဲ့ဒါက...”
ကျန်းရီ မျက်ခုံးပင့်လိုက်သည်။
“အဲ့ဒါက မင်း အဆင့်တက်နိုင်အောင် မင်းအဘိုးက ပေးထားတဲ့ ပိုးကောင်တွေမလား။ ငါက မင်းဟာကို ဘယ်လိုလုပ်...”
“ခစ်ခစ်...”
ရီချန်က ရယ်လိုက်ပြီး ရှက်ရွံစွာ ခေါင်းငုံ့၍ ပြောလိုက်သည်။
“ကျွန်မဟာက ရှင့်ဟာပေါ့။ ဘာလို့ ကျွန်မတို့ကြားမှာ အဲ့လောက် တွက်ချက်နေရမှာလဲ”
ကျန်းရီ ရင်ခုန်မြန်ကာ စိတ်လှုပ်ရှားသွားသည်။ ယောက်ျားတစ်ယောက်သည် သူ အကြွေးတင်နေသော မိန်းမလှတစ်ယောက်အတွက် မည်သို့ အကောင်းဆုံး မကြိုးစားဘဲ နေနိုင်ပါမည်နည်း။ ထိုမိန်းမလှအတွက်ဆိုလျှင် ဓူဝံကြယ်ကိုပင် ဆွတ်နိုင်ပေသည်။
***