အဲ့ပိုးကောင်တွေက ငါ့ဟာ...
Vol. 86 Ch. 1198
နတ်ဘုရားပိုးကောင်များကို သန့်စင်ရန် လွယ်ကူသည်။ ကျန်းရီသည် ထိုပိုးကောင်များကို ယခင်က သန့်စင်ခဲ့ဖူးသည်။ သို့သော် သူသည် အပြစ်ဆေးကြောဒေသထဲမှ မှတ်ဉာဏ်များကို မေ့လျော့သွားပြီဖြစ်သည်။
ထို့ကြောင့် ရီချန်၏ ညွှန်ပြမှုဖြင့် နတ်ဘုရားပိုးကောင်များကို သန့်စင်ရမည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ဗုဒ္ဓဧကရာဇ်မြို့ဆီသို့ ဦးတည်သွားနေသည်။ ထို့ကြောင့် ကျန်းရီသည် နန်းတော်ကို ထိန်းချုပ်ရန် မလိုပေ။ ထို့ပြင် ပိုးကောင်များကို သန့်စင်ရန် အချိန်များစွာ လိုမည် မဟုတ်။ အကယ်၍ လမ်းတွင် တစ်ခုခု ဖြစ်ခဲ့လျှင် သူ ရုတ်ခြည်း တုံ့ပြန်နိုင်မည်ဖြစ်သည်။
ကျန်းရီနှင့် ရီချန်တို့ ဆန်းကြယ်ဧကရာဇ်စံအိမ်အတွင်းသို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ရီချန်က ကျောက်စိမ်းဘူးကို ဖွင့်လိုက်သောအခါ နတ်ဘုရားပိုးကောင်ဆယ်ကောင် ချက်ချင်း ပျံထွက်လာသည်။ ရီချန်၏ လက်ထဲတွင် လက်အိတ်နက်တစ်စုံ ထွက်ပေါ်လာသည်။ သူမသည် ပိုးကောင်တစ်ကောင်ကို အလွယ်တကူ ဖမ်းလိုက်ပြီး အတွင်းအားသုံးကာ ကျန်းရီထံ ပို့လိုက်သည်။
ကျန်းရီကလည်း ပိုးကောင်ကို အတွင်းအားဖြင့် ဖမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သော စွမ်းအင် စီးဝင်သွားပြီး စိတ်ဝိညာဉ်အတွင်းအထိ ဝင်ရောက်သွားသည်။ ထို့နောက် အံ့အားသင့်ဖွယ်ကိစ္စတစ်ခု ဖြစ်လာသည်။ စွမ်းအင်က သူ့စိတ်ဝိညာဉ်အတွင်းသို့ ဝင်သွားသည့်အခိုက်တွင် သက်တန့်ဝိညာဉ်လှံက ပျံထွက်လာပြီး စွမ်းအင်အားလုံးကို စုပ်ယူသွားသည်။
ရွှီး...
သက်တန့်ဝိညာဉ်လှံ လင်းလက်လာသည်။ ၎င်း၏ အရှိန်အဝါကလည်း ပိုအားကောင်းလာသည်။ ကျန်းရီ ဒေါသထွက်သွား၏။ ထိုစွမ်းအင်က သက်တန့်ဝိညာဉ်လှံအတွက် မဟုတ်။ သူ၏ မူလဝိညာဉ်အတွက် ဖြစ်သည်။ ယခင်တစ်ခေါက်တွင်လည်း သက်တန့်ဝိညာဉ်လှံက မိစ္ဆာဘုရင်၏ အမြုတေကို ဝါးမျိုခဲ့သည်။ သူ ယင်းကို ခွင့်ပြုခဲ့ရခြင်းမှာ ရွေးချယ်စရာ မရှိခဲ့၍ ဖြစ်သည်။ ဤတစ်ခေါက်တွင်တော့ လှံက နတ်ဘုရားပိုးကောင်၏ စွမ်အင်ကို စုပ်ယူမည်ကို သူ ခွင့်မပြုနိုင်။
“ထွက်စမ်း...”
ကျန်းရီ အော်လိုက်ပြီး သက်တန့်ဝိညာဉ်လှံကို သူ၏ စိတ်ဝိညာဉ်ထဲမှ ထုတ်လိုက်သည်။ လှံက အပြင်သို့ ရောက်နေလျှင် ပိုးကောင်များထံမှ စွမ်းအင်ကို စုပ်ယူနိုင်မည် မဟုတ်ပေ။
သို့သော်...
ကျန်းရီနှင့် ရီချန်တို့ကို ဆွံ့အားသွားစေသော ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။ သက်တန့်ဝိညာဉ်လှံသည် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်လာသည်နှင့် လင်းလက်လာပြီး လေထဲတွင် ဝဲနေသော နတ်ဘုရားပိုးကောင်များထံ ပျံသန်းသွားလိုက်သည်။
ဝှစ်...ဝှစ်...
သက်တန့်ဝိညာဉ်လှံသည် အလင်းတန်းတစ်ခုအလား ပိုးကောင်များကို ထိုးဖောက်သွားသည်။ လှံကထိုးဖောက်သွားလျှင် ပိုးကောင်သည် တဖြည်းဖြည်း သေးသွားသည်။ နောက်ဆုံးတွင် လေထဲ၌ ပျောက်ကွယ်သွားတော့သည်။ သက်တန့်ဝိညာဉ်လှံကမူ တောက်ပနေပြီး အရှိန်အဝါလည်း ပိုအားကောင်းလာသည်။
ဝှစ်...ဝှစ်...ဝှစ်...
သက်တန့်ဝိညာဉ်လှံက အလွန်လျင်မြန်လွန်းသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရားပိုးကောင် သုံးကောင် ပျောက်သွားသည်။ ရီချန်နှင့် ကျန်းရီတို့ သတိဝင်လာချိန်တွင် လေးကောင်မြောက် နတ်ဘုရားပိုးကောင် ပျောက်ကွယ်သွားသည်။
“လခွမ်းနဲ့... ရပ်လိုက်တော့။ အဲ့ပိုးကောင်တွေက ငါ့ဟာ...”
ကျန်းရီ စတင်၍ စိတ်လှုပ်ရှားလာသည်။ သူသည် မျက်ထောင့်နီကြီးဖြင့် အစွမ်းကုန်သုံး၍ သက်တန့်ဝိညာဉ်လှံကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် လှံကို ထိန်းချုပ်၍ မရပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လှံက လေထဲရှိ နတ်ဘုရားပိုးကောင်အားလုံးကို ဝါးမျိုလိုက်သည်။ ပြီးမှ ရပ်တန့်သွားသည်။ သက်တန့်ဝိညာဉ်လှံသည် ဖျက်ဆီး၍ မရနိုင်သော နတ်ဘုရားလှံတစ်စင်းကဲ့သို့ တောက်ပနေသည်။ ၎င်း၏ အရှိန်အဝါကလည်း နှစ်ဆပိုအားကောင်းနေပေပြီ။
“လခွမ်း... အဲ့လှံက ဘာစောက်ရူးထတာလဲဟ”
ကျန်းရီ ငိုချင်စိတ်ပင် ပေါက်သွားသည်။ သူက သူ့လှံကို မထိန်းချုပ်နိုင်သည်လော။ သူသည် နတ်ဘုရားပိုးကောင်များကို သုံး၍ သူ၏မူလဝိညာဉ်ကို သန်မာအောင် လုပ်လိုခဲ့သည်။ သို့သော် သက်တန့်ဝိညာဉ်လှံက ထိုပိုးကောင်များကို သူ့ထံမှ လုသွားသည်။ ထို့ကြောင့် သူ မချင့်မရဲဖြစ်ကာ သွေးအန်မိမလိုပင် ဖြစ်နေသည်။
“ကျန်း..ကျန်းရီ အဲ့ဒါက ဘာလဲ”
ရီချန်ကလည်း မျက်ကလူးဆန်ပျာနှင့် လေထဲတွင် ရပ်နေသော သက်တန့်ဝိညာဉ်လှံကို လက်ညှိုးထိုးကာ မေးလိုက်သည်။ သူမ လုံးဝ ကြောက်ရွံ့နေသည်။ အကယ်၍ ထိုလှံက သူမကို တိုက်ခိုက်ရန် ကြိုးစားလျှင် သူမ၏ဝိညာဉ်ကို မည်သို့မှ ကာကွယ်နိုင်မည် မဟုတ်ပေ။
“ငါလည်း မသိဘူး...”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ သူသည် သက်တန့်ဝိညာဉ်လှံကို ပြန်ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း သူ့စိတ်ဝိညာဉ်ထဲသို့ ပြန်မထည့်ဝံ့သေးပေ။ ၎င်းလှံက သူ ထိန်းချုပ်၍ မရနိုင်သော နှစ်ဘက်သွားဓားတစ်ချောင်းကဲ့သို့ပင်။ ဆိုရလျှင် သူသည် ၎င်းကို ဖျက်ဆီးပစ်ချင်စိတ်ပင် ပေါက်နေသည်။
သက်တန့်ဝိညာဉ်လှံက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စမ်းချောင်းဝါလမ်းကြောင်းတွင် စတင်၍ ဗွေဖောက်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကျန်းရီသည် ၎င်းကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပေ။ သို့သော် ၎င်းသည် ပိုင်ရှင်ကို ပြန်တိုက်ခိုက်ရန်တော့ တစ်ခါမှ မကြိုးစားခဲ့ချေ။ မဟုတ်လျှင် သူ ၎င်းကို ဖျက်ဆီးပြီးနေလောက်ပေပြီ။
ရီချန်က စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“အဲ့ဒါက ဘယ်လိုလုပ် နတ်ဘုရားပိုးကောင်တွေကို သူ့ဘာသာ ဝါးမျိုပစ်ရတာလဲ။ အဲ့လှံက ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိတာလား။ ကျန်းရီ... ကျွန်မ ကြောက်တယ်။ ကျွန်မတို့ အဲ့လှံကို ဖျက်ဆီးပစ်ကြမလား”
“မကြောက်ပါနဲ့”
ကျန်းရီက ရီချန်၏ လက်ကို ကိုင်၍ ပြတ်သားစွာ ပြောလိုက်သည်။
“ငါ့ စိတ်ဝိညာဉ်အတွက် ရည်ရွယ်ထားတဲ့ စွမ်းအင်တွေကို လုသွားတာကလွဲလို့ အဲ့ဒါက တစ်ချိန်လုံး ငါ့ ထိန်းချုပ်မှုအောက်မှာပါပဲ။ ရီချန်... ငါ မင်းကို လျှို့ဝှက်မထားတော့ပါဘူး။ အဲ့လှံက ငါ့ရဲ့ မူလစိတ်ဝိညာဉ်ကနေ ဖြစ်တည်လာတာ။ အဲ့ဒါက ငါ ကျင့်ကြံတဲ့ ကျင့်စဉ်နဲ့ သက်ဆိုင်လိမ့်မယ်လို့ ငါ ထင်တယ်...”
“အဲ့လှံက ရှင့်ရဲ့ မူလစိတ်ဝိညာဉ်ကနေ ဖြစ်တည်လာတာလား။ ရှင့်ရဲ့ စိတ်ဝိညာဉ်က အဲ့နတ်ဘုရားလှံကို ဖန်တီးနိုင်တယ်ပေါ့လေ”
ရီချန်တစ်ယောက် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး ကျန်းရီကို သူက မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။ ထို့နောက် စိတ်ဝင်စားစွာ မေးလိုက်သည်။
“ကျင့်စဉ်... ကျန်းရီ ရှင်က ဘာကျင့်စဉ်ကို ကျင့်နေတာလဲ”
ကျန်းရီ ပြောရနိုး၊ မပြောရနိုး ဖြစ်သွားသည်။ ယခုမှတော့ ဖုံးကွယ်နေ၍ မရတော့ပေ။ ထို့ကြောင့် သူသည် ငယ်စဉ်က ဒန်တျန်ချိပ်ပိတ်ခံခဲ့ရကြောင်း၊ အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံမှ ချိပ်စည်းပွင့်သွားကြောင်းတို့ကို ပြောပြလိုက်သည်။ နောက်ပိုင်းတွင် သူ၏ ဒန်တျန်က သန္ဓေပြောင်းလဲသွားပြီး သူ့စိတ်ဝိညာဉ်က ကွဲထွက်သွားကြောင်းကိုလည်း ရှင်းပြလိုက်သည်။
“အာ...”
ရီချန်သည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူမသည် အတော်ကြာသည်အထိ နှုတ်ဆိတ်သွားပြီးမှ မျက်ဝန်းများ ရုတ်တရက် တောက်ပလာကာ ပြောလိုက်သည်။
“ဟုတ်သား... ရှင့်ရဲ့ အမေက အထက်ဘုံကမလား။ သူက အဲ့ကျင့်စဉ်ကို ချန်ခဲ့တာလား”
“မသေချာဘူး”
ကျန်းရီ၏ အကြည့်များ မှိုင်းသွားသည်။
“ငါက ဆန်းကြယ်တဲ့ကိစ္စတွေ၊ ထူးဆန်းတဲ့ကိစ္စတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ကိစ္စတွေအကြောင်းကို ငါ့အမေ့ကို ရှာတွေ့မှ သိရမယ်ထင်တယ်။ ဒါပေမဲ့ ငါ့အမေက အထက်ဘုံမှာ။ ငါက အထက်ဘုံကို တက်လှမ်းနိုင်မလားဆိုတာတောင် မသေချာသေးဘူး။ ငါ တက်လှမ်းနိုင်ခဲ့ရင်တောင် ငါ့အမေကို ရှာတွေ့နိုင်ပါ့မလား။ ဒီတစ်သက် သူ့ကို ထပ်မတွေ့နိုင်တော့တာလည်း ဖြစ်နိုင်တာပဲ”
“ကျန်းရီ... ရှင်က သိပ်သနားစရာ ကောင်းတာပဲ”
ရီချန်၏ မိခင်စိတ်ဓာတ် ထွက်ပေါ်လာသည်။ သူမသည် ကျန်းရီကို သနားဟန်ဖြင့် ကြည့်ကာ သူ့လက်များကို ကိုင်၍ အနည်းငယ် နွေးထွေးမှု ပေးလိုက်သည်။ ကျန်းရီသည် ရီချန်၏ လက်များကို ဆွဲလိုက်ပြီး ရီချန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
“ငါက သနားစရာ မကောင်းပါဘူး။ ငါ့ဘဝထဲမှာ မင်းတို့ ရှိနေတာနဲ့တင် ငါကျေနပ်ပါတယ်။ ဘဝဆိုတာ ရေစီးတစ်ခါ၊ ရေသာတစ်လှည့်ပေါ့။ ဒါပေမဲ့ အောင်းလု ပြောတာ မှန်တယ်။ ငါ အများကြီး တောင်းဆိုလို့ မရဘူး။ ငါ လုပ်နိုင်တာက ကိုယ့်လိပ်ပြာကိုယ်လုံအောင် ထိန်းထားဖို့ပဲ”
“အင်း...”
ရီချန်တစ်ယောက် တုန်ယင်နေ၏။ သူမ ရုန်းလိုသော်လည်း ကျန်းရီ၏ စကားများက သူမကို ရစ်နှောင်ထားသည်။ သူမသည် ကျန်းရီ၏ ပေါ်လွင်သော မျက်နှာကို မော့ကြည့်ကာ ပြုံးလိုက်သည်။
ဟုတ်၏။
ဘဝကို ပြီးပြည့်စုံအောင် မျှော်လင့်နေလျှင် အမြဲ ပင်ပန်းနေရပေလိမ့်မည်။ ကျန်းရီတွင် ကောင်းကွက်များစွာ ရှိသလို ဆိုးကွက်များလည်း ရှိသည်။ ဥပမာအားဖြင့် သူ၏နှလုံသားက မိန်းကလေးများစွာထံ ဆောင်တော်ကူးနေတတ်သည်။ ထို့ကြောင့် သူမ သူ့အပေါ် စိတ်ဆိုးမိသည်။
သို့သော် ကျန်းရီက မည်မျှ ထူးချွန်ကြောင်းကိုလည်း သူမ တွေးမဆုံးနိုင်ပါ။ သူ့ကို သဘောမကျသော မိန်းကလေးဟူ၍ ရှားပေလိမ့်မည်။ စံနှုန်းကို မြင့်မြင့်ထားတတ်သည့် သူမကဲ့သို့ မိန်းမပျိုလေးသည်ပင် သူ့ကို သဘောကျမိခဲ့သည် မဟုတ်လော။ ဆန်းကြယ်ဧကရာဇ်၏ဘေးတွင်လည်း မိန်းကလေးများစွာ ရှိခဲ့သည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ် အစရှိသော စွမ်းအားကြီး သိုင်းပညာရှင်များစွာတွင်လည်း မိန်းမများ၊ ကိုယ်လုပ်တောင်များ အများအပြား ရှိသည် မဟုတ်လော။
ဤလောကကြီးတွင် မိန်းမများက ဈေးပေါလွန်းသည်။
ရီချန်သည် ရုတ်တရက် သူမကိုယ်သူမ အားငယ် မိသွားသည်။ သာမန်ယောက်ျားများက သူမအတွက် အဆင့်မမီပေ။ သို့သော် သူမသည် ယောက်ျားကောင်းကို အခြားမိန်းကလေးများနှင့် မျှဝေနေရသည်။ နောက်ဆုံး ကောက်ချက်ချရလျှင်တော့ ယောက်ျားများက မကောင်းသော နှာဘူးများသာ ဖြစ်ပေသည်။ မိန်းမများက အမြဲပင် အနစ်နာခံရသည်။ ယင်းမှာ မိန်းမအများစု၏ ကံကြမ္မာပင် ဖြစ်နိုင်လေသည်။
ရီချန်သည် အတွေးနက်နေရင်း ကျန်းရီက သူမကို ငုံ့ကြည့်နေကြောင်း သိလိုက်ရသည်။ သူသည် သူ၏နှုတ်ခမ်းတစ်စုံကို သူမ၏ နီထွေးထွေး နှုတ်ခမ်းပါးလေးများပေါ်သို့ ဖိချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကြီးများက သူမ၏ အဝတ်အစားများအောက်သို့ မြွေတစ်ကောင်အလား လျှောဝင်သွားသည်။
“အာ...”
ရီချန်တစ်ယောက် တုန်ယင်သွားသည်။ သူမသည် ကိုယ်လေးကို တွန့်လိမ်၍ ရုန်း၏။ သို့သော် ကျန်းရီက အကြမ်းဘုရင်တစ်ပါး ကဲ့သို့ပင်။ သူ၏လက်တစ်ဘက်က သူမ၏ မေးစေ့လေးကို ကိုင်ထားပြီး ကျန်တစ်ဘက်က သူမ၏ အဝတ်အစားများအောက်သို့ နယ်ချဲ့နေသည်။ သူမ မတ်မတ်ပင် မရပ်နိုင်တော့ပါ။
တဖြည်းဖြည်းဖြင့် ရီချန်သည် ကျန်းရီ၏ အကိုင်အတွယ်များမှ မရုန်းတော့ပေ။ နောက်ဆုံးတွင် လူသားသဘာဝက သူမကို လွှမ်းမိုးသွားပေပြီ။ သူမသည် တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ကျန်းရီ ပြုသမျှ နုလိုက်တော့သည်။ သူ၏လက်တစ်ဘက်က သူမ၏ တစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။
ရင်ဘတ်က လေအေးကို ခံစားလိုက်ရမှ အဝတ်အစားများက ပြေလျော့နေပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။ သူမသည် နောက်ဆုံးလက်ကျန် အားကို စု၍ ကျန်းရီအား တွန်းထုတ်လိုက်သည်။ ထို့နောက် သူမ အခန်းအပြင်သို့ ပြေးထွက်လိုက်သည်။ တံခါးဝကို ရောက်သောအခါ ကျန်းရီကို လှည့်ကြည့်၍ ပြောလိုက်သည်။
“မကောင်းတဲ့လူ... လက်မထပ်ရသေးဘဲ ကျွန်မကို လာရှုပ်ဖို့ မစဉ်းစားနဲ့။ ရီချန်က လွယ်တဲ့မိန်းမစားမျိုး မဟုတ်ဘူး”
“ဟီးဟီး...”
ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်လိုက်သည်။ မျက်နှာထားကတော့ စိတ်ပျက်နေသည့်ပုံ။
“ချန်အာလေး... မင်းကတော့ အများကြီးတွေ လျှောက်တွေးနေပါပြီ။ ငါက မင်းကို ထိချင်ကိုင်ချင် ရုံပါ။ ငါကလည်း လွယ်တဲ့ယောက်ျားမျိုး မဟုတ်ပါဘူး”
“ထွီ...”
***