အဝမျိုခိုင်းမည်
Vol. 86 Ch. 1199
နတ်ဘုရားပိုးကောင်များ ကုန်သွားပြီဖြစ်၍ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရားဝိညာဉ်ကို စုစည်းနိုင်မည့် အခြားနည်းလမ်းကို ရှာရတော့သည်။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲရှိ ရတနာအားလုံးကို ရှာပြီးနောက်တွင်ပင် ရတနာများနှင့် လက်နက်များကိုသာ တွေ့ခဲ့သည်။ ဝိညာဉ်ဆေးပင်များက အနည်းငယ်သာ ရှိသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ ဝိညာဉ်ဆေးပင်များက ပုပ်ဆွေးသွားခဲ့ခြင်း ဖြစ်နိုင်သည်။
‘ဟုတ်သား... စမ်းချောင်းဝါလမ်းကြောင်း’
ကျန်းရီသည် ရုတ်တရက် သူ့ခေါင်းသူ ရိုက်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ဝိညာဉ်ဆေးပင် အနည်းငယ်သာ ရှိသော်လည်း ဝိညာဉ်ဝါးမျိုမိကျောင်းများစွာ ရှိသည်။ စမ်းချောင်းဝါလမ်းကြောင်း၌ သက်တန့်ဝိညာဉ်လှံက ဝိညာဉ်ဝါးမျိုမိကျောင်းများကို တိုက်ခိုက်ခဲ့စဉ်တွင် သူ၏ မူလစိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်နှုန်းဖြင့် တိုးတက်ခဲ့သည်။
“ချန်အာလေး... သွားကြစို့”
ကျန်းရီ အော်ပြောလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူတို့နှစ်ယောက်သည် စမ်းချောင်းဝါလမ်းကြောင်းသို့ ရောက်ရှိသွားသည်။ ရီချန်က ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး လျှပ်စီးတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ဤစမ်းချောင်းဝါလမ်းကြောင်းရှိ ဝိညာဉ်ဝါးမျိုမိကျောင်းများက ကြောက်မက်ဖွယ်ကောင်းသည်။
“ဟင်းဟင်း... မစိုးရိမ်ပါနဲ့။ သူတို့က မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး”
ပတ်ဝန်းကျင်တွင် လေခွင်းသံများ ထွက်ပေါ်လာသည်။ ကျန်းရီက လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဝါးမျိုမိကျောင်းများသည် သူ့ထံသို့ ဦးတည်လာကြသည်။ ၎င်းတို့သည် သူ့မျက်ခုံးအလယ်ထဲသို့ ဝင်သွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာချီသော ဝိညာဉ်ဝါးမျိုမိကျောင်းများက သူ့စိတ်ဝိညာဉ်အတွင်းသို့ ဝင်သွားပေပြီ။ သို့သော် တစ်ကောင်မှ ရီချန်ကို မတိုက်ခိုက်ခဲ့ပေ။
“အာ...”
ရီချန် အံ့အားသင့်သွားသည်။ ကျန်းရီက ဘာကိုလုပ်ရန် ကြိုးစားနေခြင်းနည်း။ သူ၏ စိတ်ဝိညာဉ်က ဝိညာဉ်ဝါးမျိုမိကျောင်းများစွာ ဝင်လာသည်ကို တောင့်ခံနိုင်ပါမည်လော။ တောင်ခံနိုင်လျှင်ပင် နာကျင်ဒဏ်ကို ခံစားရမည် မဟုတ်လော။
မကြာခင်မှာပင် ရီချန် ရှင်းပြချက် တစ်ခုကို ရလိုက်သည်။ သက်တန့်ဝိညာဉ်လှံက ထပ်မံထွက်ပေါ်လာပြီး ဝိညာဉ်ဝါးမျိုမိကျောင်းများနောက်သို့ ၎င်းဘာသာ ပျံလိုက်နေသည်။ ကျန်းရီသည် သူ၏မူလစိတ်ဝိညာဉ်က သူ့စိတ်ဝိညာဉ်အတွင်းသို့ ဝင်လာသော ဝိညာဉ်ဝါးမျိုမိကျောင်းများ၏ စွမ်းအင်အနည်းငယ်ကိုသာ ရကြောင်း သိလိုက်၏။ သက်တန့်ဝိညာဉ်လှံက ဆရာကြီးပင်။ ၎င်းသည် ရနိုင်သမျှ ဝိညာဉ်စွမ်းအင်များကို ဝါးမျိုပစ်သည်။ ၎င်း၏ ဝါးမျိုနှုန်းက သူ၏ မူလစိတ်ဝိညာဉ်ထက် အဆတစ်ရာ ပိုမြန်ပေသည်။
“မင်းက ဝိညာဉ်တွေကို ဝါးမျိုရတာ အဲ့လောက်ကြိုက်မှတော့ အဝမျိုခိုင်းမယ်”
ကျန်းရီ တီးတိုး ရေရွတ်လိုက်သည်။ သူသည် သူ၏မူလစိတ်ဝိညာဉ်ကို အာရုံမစိုက်တော့ပေ။ ထိုသက်တန့်ဝိညာဉ်လှံက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပျံသန်း၍ ရောက်လာသမျှ ဝိညာဉ်ဝါးမျိုမိကျောင်းများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပြီး ၎င်းတို့၏ စွမ်းအင်ကို ဝါးမျိုပစ်လိုက်သည်။ သက်တန့်ဝိညာဉ်လှံက မည်မျှ ဝါးမျိုပြီးမှ ရပ်မည်ကို သူ သိလိုနေသည်။
“ဝိညာဉ်ဝါးမျိုမိကျောင်းတွေ ဒီကို လာကြ”
ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်သဖြင့် နန်းတော်ထဲရှိ ဝိညာဉ်ဝါးမျိုမိကျောင်းများကိုလည်း ထိန်းချုပ်နိုင်ပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် အခက်အခဲအဆင့် သုံးဆင့် ရှိသော်လည်း နေရာများမှာ အတူတူသာဖြစ်သည်။ စိန်ခေါ်မှုများကို ဖြတ်ကျော်ရသည့် လူများကတော့ မသိနိုင်သော်လည်း အခက်အခဲအဆင့် သုံးဆင့်၏ စမ်းချောင်းဝါးလမ်းကြောင်း သုံးခုက တစ်နေရာတည်းတွင် ဖြစ်သည်။ ဖုန်းတုမြို့ သုံးမြို့ကလည်း တစ်နေရာတည်းမှာပင်။ အကန့်အသတ်အစီအရင်များက ခွဲခြားပေးထားသဖြင့် ယှဉ်ပြိုင်သူများက မမြင်နိုင်ကြခြင်းဖြစ်သည်။
ကျန်းရီသည် ဝိညာဉ်ဝါးမျိုမိကျောင်းအားလုံးကို သူ့ထံသို့ ဆင့်ခေါ်လိုက်သည်။ ၎င်းမိကျောင်းများကို သူ အချိန်မရွေး ရပ်တန့်နိုင်သည်။ ထို့ကြောင့် အန္တရာယ်ဖြစ်မည်ကို မကြောက်ပေ။ ရီချန်မှာမူ ကြောက်ရွံ့နေသည်။ အဆုံးမရှိသော ဝိညာဉ်ဝါးမျိုမိကျောင်းအုပ်ကြီးကို မြင်ရသောအခါ သူမသည် ကျန်းရီ၏ လက်ကို ကြောက်ရွံ့တကြီး ဆွဲကိုင်လိုက်သည်။
“ဟီးဟီး... မကြောက်ပါနဲ့။ ငါက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက အရာအားလုံးကို ထိန်းချုပ်နိုင်ပါတယ်”
ကျန်းရီက ရီချန်ကို လှည့်ကြည့်၍ သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ ထို့နောက် ခေါင်းကိုပွတ်ပေးရန် လက်လှမ်းလိုက်သည်။ ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် တရင်းတနှီး ဖြစ်ပြီးကတည်းက သူတို့၏ ဆက်ဆံရေးက တိုးတက်လာခဲ့သည်။ ဤတစ်ခေါက်တွင် ရီချန်သည် ကျန်းရီ၏ ပွတ်သပ်မှုကို မရှောင်လိုက်ပေ။ ထိုအစား လေထဲတွင် လှည့်ပတ်ပျံသန်း၍ ဝိညာဉ်ဝါးမျိုမိကျောင်းများကို အလွယ်တကူ သတ်ဖြတ်နေသော သက်တန့်ဝိညာဉ်လှံကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။
“ကျန်းရီ ရှင် ဘာလုပ်နေတာလဲ။ ရှင် အဲ့ရုပ်ဆိုးဆိုးမိစ္ဆာတွေ အကုန်လုံးကို သတ်ပစ်လိုက်ရင် သိုင်းသမားတွေက အဆင့်တွေကို ဘယ်လို ဖြတ်ကျော်ရတော့မှာလဲ”
“ဟားဟားဟား”
အချစ်စိတ်မွှန်နေသော မိန်းမများက အမှန်ပင် စဉ်းစားဉာဏ်မဲ့သွားတတ်ပေသည်။ ကျန်းရီက ရီချန်၏ နှာခေါင်းလေးကို ချစ်စနိုးဖြင့် ဆွဲလိမ်၍ ပြောလိုက်သည်။
“ချန်အာလေး... ဘာလို့ အဲ့လောက်တုံးရတာလဲ။ အခု ဆန်းကြယ်နတ်ဘုရားနန်းတော်က ငါ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီလေ။ တခြားသိုင်းသမားတွေက ဘာလို့ စိန်ခေါ်မှုအဆင့်တွေကို ဖြတ်ကျော်ရဦးမှာလဲ။ တကယ်လို့ ငါ့မျိုးဆက်တွေက အဆင့်တွေကို ဖြတ်ကျော်ပြီး လေ့ကျင့်ချင်တယ်ဆိုရင်လည်း စမ်းချောင်းဝါရဲ့စွမ်းအားက ဝိညာဉ်ဝါးမျိုမိကျောင်းတွေကို အလိုအလျောက် ပြန်ဖန်တီးပေးနိုင်ပါတယ်။ ဆန်းကြယ်ဧကရာဇ်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ”
“ကျွန်မ နာမည်က ချန်အာလေး မဟုတ်ပါဘူး”
ရီချန်က မျက်လုံးပင့်ကာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ပြီးတော့ ကျွန်မ အဖေနဲ့ အဘိုးပဲ ကျွန်မကို အဲ့လိုခေါ်နိုင်တယ်။ ရှင် ခေါ်ခွင့်မရှိဘူး”
“ဟားဟားဟား...”
ကျန်းရီ တဟားဟား ရယ်လိုက်သည်။ ရီချန်က ကလေးတစ်ယောက်ကဲ့သို့ စိတ်ကောက်တတ်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ သူမက အလွန်ကလေးဆန်လိမ့်မည်ဟု မည်သူက တွေးမိခဲ့မည်နည်း။
ရီချန်သည် အပြင်လူများအပေါ်တွင် အေးစက်စက် ဆက်ဆံခဲ့သည်။ မည်သူ့ကိုမှ အရေးမစိုက်ခဲ့။ ထို့ကြောင့် သူမ၏ ကလေးဆန်မှုလေးကို ခံရခြင်းအတွက် ကျန်းရီ ဂုဏ်ယူနေမိသည်။ သူသည် လောကနံပါတ်(၂) အလှပဂေးလေး၏ အချစ်ကို ရရှိထားသည်။ သူမက သူ့အရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ပြုမူတတ်သည်။ မည်သည့်ယောက်ျားက ယင်းအတွက် ဂုဏ်မယူဘဲ ရှိပါမည်နည်း။
ကျန်းရီနှင့် ရီချန်တို့ အကြည်စိုက်နေချိန်တွင် သက်တန့်ဝိညာဉ်လှံက ဝိညာဉ်ဝါးမျိုမိကျောင်း ထောင်ကျော်ကို သတ်ပစ်လိုက်ပြီဖြစ်သည်။ ၎င်းက ပို၍ ပို၍ တောက်ပလာသည်။ ထို့ကြောင့် စမ်းချောင်းဝါလမ်းကြောင်းတစ်ခုလုံး လင်းထိန်နေသည်။ တဖြည်းဖြည်းဖြင့် လှံက အရွယ်သေးလာသည်။ ၎င်းသည် နောက်တစ်ဆင့်သို့ တက်ရန် အသင့်ပြင်နေခြင်းပင်။
ကျန်းရီသည် သက်တန့်ဝိညာဉ်လှံအပေါ်တွင် မျှော်လင့်ချက်များစွာ မရှိပေ။ ၎င်းအား ဝိညာဉ်ဝါးမျိုမိကျောင်းများကို ဝါးမျိုစေခဲ့ခြင်းမှာ ၎င်း ဝသွားစေရန် ဖြစ်သည်။ ၎င်းက သူ့မူလစိတ်ဝိညာဉ်အတွက် ရည်ရွယ်သော စွမ်းအင်များကို ထပ်လုယူမည်ကို သူ မလိုလားပေ။ ယခု နတ်ဘုရားဇီဝိန်ခြွေနှင့် မီးနဂါးဓားတို့ ရှိနေပြီဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန်သာ လိုတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလျှင် နတ်ဘုရားအသုံးအဆောင်များနှင့် ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်က ပို၍ စွမ်းအားကြီးလာပေလိမ့်မည်။ ထို့ကြောင့် သက်တန့်ဝိညာဉ်လှံ၏ စွမ်းအားက များစွာ အရေးမပါပေ။ နတ်ဘုရားဝိညာဉ် ရှိနေသော နတ်ဘုရားတစ်ပိုင်းများအတွက် စိတ်ဝိညာဉ်တိုက်ခိုက်မှုများမှာ ပမွှားလေးများသာ ဖြစ်သည်။
“ချန်အာလေး... ရှင်းမုန့်ဝမ်က ကြိုးကိုင်သူ ဖြစ်နေလိမ့်မယ်လို့ မင်းထင်လား။ ဘာလို့ ကောင်းကင်တမလွန်ဂိုဏ်းမှာ နတ်ဘုရား အသုံးအဆောင် ရှိနေရတာလဲ။ သူတို့က အဲ့ဒါကို ဘယ်က ရခဲ့တာလဲ”
ကျန်းရီသည် လုပ်စရာ မရှိသဖြင့် ရီချန်ကို ခေါ်ကာ စမ်းချောင်းဝါလမ်းကြောင်းဘေးရှိ မြက်ခင်းပြင်ပေါ်တွင် သွားထိုင်လိုက်သည်။ သူသည် အခြေအနေကို သူမနှင့်အတူ သုံးသပ်လိုနေသည်။
ရီချန်က ကျန်းရီကို မှီ၍ သူ၏ဆံပင်နီများနှင့် ဆော့ကစားနေသည်။ ထို့နောက် သူမ တွေးတောကာ ပြောလိုက်သည်။
“ကောင်းကင်တမလွန်ဂိုဏ်းက တကယ်ပဲ သံသယဖြစ်စရာ ကောင်းတယ်။ နတ်ဘုရားအသုံးအဆောင်ကို ဘယ်ကရခဲ့လဲဆိုတာကို သူတို့ပဲ သိလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကနေ သူတို့ ဘာအကျိုးအမြတ်ရမလဲဆိုတာကို ကျွန်မ မတွေးနိုင်သေးဘူး။ ဘာလို့ သူတို့က လူသားတွေနဲ့ မိစ္ဆာတွေ စစ်ဖြစ်အောင် လုပ်ပြီး လူသန်းထောင်ချီကို သတ်ရမှာလဲ။ အဲ့ဒါတွေက သူတို့အတွက် ဘာအကျိုးမှ မရှိစေဘူး။ ဒါပေမဲ့ သူတို့က တစ်လောကလုံးကို အုပ်စိုးပြီး အင်အားကြီးနိုင်ငံတော်တစ်ခုကို ထူထောင်ချင်တာဆိုရင်တော့ တစ်မျိုးပေါ့...”
“အင်း... အဲ့ဒါက အဓိပ္ပာယ်ရှိတယ်...”
ကျန်းရီက ရီချန်၏ ခရမ်းရောင်ဆံနွယ်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ မကြာမကြာဆိုသလို သူသည် ဆံနွယ်စုလေးများကို သူ့မျက်နှာဆီသို့ ဆွဲယူ၍ နမ်းရှိုက်နေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သူတို့က လောကကြီးကို အုပ်စိုးချင်တာဆိုရင် လောကထဲမှာ ပရမ်းပတာ ဖြစ်လာအောင် လုပ်ဖို့ လိုလိမ့်မယ်။ စွမ်းအားကြီး သိုင်းပညာရှင်တွေ သေဖို့လိုတယ်။ မင်းရဲ့ အဘိုးနဲ့ တခြားသူတွေက ပင်လယ်နက်ထဲမှာ ပိတ်မိနေတုန်းပဲ။ အပြစ်သားကျွန်းက စွမ်းအားကြီး သိုင်းပညာရှင်တွေ အကုန်လုံးလည်း သေသွားပြီ။ နတ်ဘုရားတစ်ပိုင်း တော်တော်များများကလည်း အဆုံးမဲ့ပင်လယ်နက်မှာ သေခဲ့တယ်။ အဲ့ဒါတွေက သူတို့ကို လောကကြီးကို ထိန်းချုပ်နိုင်အောင် အထောက်အကူပြုမှာပဲ”
“တကယ်တော့ ကောင်းကင်တမလွန်ဂိုဏ်းက အာဏာကို လိုချင်တာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်”
ရီချန်က တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ခေါင်းခါကာ ပြောလိုက်သည်။
“သမိုင်းတစ်လျှောက်မှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အန္တရာယ်တွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဥပမာအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက သွေးဧကရာဇ်ကိုပဲကြည့်... အဲ့တုန်းက သွေးဧကရာဇ်က အရမ်းအင်အားကြီးခဲ့တာ။ သူရဲ့စွမ်းအားက ဧကရာဇ်ကိုးပါးနဲ့တောင် ယှဉ်နိုင်ခဲ့တယ်။ သွေးဧကရာဇ်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားအောင် လုပ်ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုက နတ်ဘုရားတစ်ပိုင်းတွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မတို့က သွေးဧကရာဇ်ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် အရှေ့ဘက် တော်ဝင်နယ်မြေက နတ်ဘုရားတစ်ပိုင်း တစ်ဝက်လောက် သေခဲ့ရတယ်...”
“တကယ်လို့ ကောင်းကင်တမလွန်ဂိုဏ်းကသာ လောကကြီးကို အုပ်စိုးချင်တာဆိုရင် အဲ့ကတည်းက အောင်အောင်မြင်မြင် အုပ်စိုးနိုင်ခဲ့လောက်ပြီ။ သမိုင်းမှတ်တမ်းတွေအရ အဲ့အချိန်တုန်းက ကောင်းကင်တမလွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သွေးဧကရာဇ်လောက် စွမ်းအားကြီးတယ်လို့ သိရတယ်။ ပြီးတော့ ဂိုဏ်းထဲမှာလည်း နတ်ဘုရားတစ်ပိုင်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့က လောကကြီးကို အုပ်စိုးဖို့ မကြိုးစားခဲ့ကြဘူး။ အဲ့အစား ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို သွေးဧကရာဇ်ကို နှိမ်နင်းနိုင်ဖို့ ကူညီပေးခဲ့တယ်...”
“အာ...”
ကျန်းရီ ခေါင်းရှုပ်သွားသည်။ ရီချန်က ဆက်ပြောသည်။
“ကောင်းကင်တမလွန်ဂိုဏ်းက အရမ်းထူးဆန်းတယ်။ သူတို့က ပုံမှန်ဆိုရင် မျက်နှာထွက်မပြတတ်ဘူး။ အလွန်ဆုံးမှ သူတို့ရဲ့ အပျိုစင်ကပဲ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ ဆက်သွယ်တယ်။ သူတို့က လောကကြီး ဒုက္ခတွေ့နေမှ ထွက်ပေါ်လာတတ်တယ်။ သမိုင်းတစ်လျှောက်မှာ သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် သူတို့ဂိုဏ်းက သိုသိပ်တဲ့ဂိုဏ်းလို့ ဆိုနိုင်တယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုဝင်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့က ကြိုးကိုင်သူလို့ ကျွန်မ မထင်ဘူး...”
“အရင်တုန်းက ကျွန်မရဲ့ အဘိုးက တစ်ခု ပြောခဲ့ဖူးတယ်။ ကောင်းကင်တမလွန်ဂိုဏ်းက ဂိုဏ်းအားလုံးထဲမှာ စည်းကမ်း အတင်းကြပ်ဆုံးတဲ့။ သူတို့ရဲ့ ဂိုဏ်းစည်းမျဉ်းတွေက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ မျိုးနွယ်စည်းမျဉ်းတွေထက်တောင် တင်းကြပ်သေးတယ်။ တကယ်လို့ ဂိုဏ်းချုပ်က ပြဿနာရှာရင် ဂိုဏ်းချုပ်ရာထူးကပဲ ဆင်းပေးရမှာမဟုတ်ဘူး... ချက်ချင်း ကွပ်မျက်ခံလိုက်ရမှာ”
***