← Chapters

နတ်ဘုရားဝိညာဉ် စုစည်းခြင်း

Vol. 86 Ch. 1200

နတ်ဘုရားဝိညာဉ် စုစည်းခြင်း

Vol. 86 Ch. 1200

“အဲ့လောက်တောင် တင်းကြပ်တယ်လား”

ကျန်းရီ မျက်ခုံးပင့်လိုက်သည်။ ဗုဒ္ဓဧကရာဇ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် တင်းကြပ်သော စည်းမျဉ်းများရှိကြောင်း သူ့အား ပြောပြခဲ့ဖူးသည်။ အကယ်၍ ဧကရာဇ်တစ်ပါးက တရားလက်လွန် ပြုမိလျှင် မျိုးနွယ်မှ ‌‌မောင်းထုတ်ခံရမည်ဖြစ်သည်။ ထိုစည်းမျဉ်းမှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မကောင်းသော ခေါင်းဆောင်တစ်ယောက်ကြောင့် မပျက်စီးရအောင် ချမှတ်ထားသော စည်းမျဉ်းပင်။ ထိုကဲ့သို့သော စည်းမျဉ်းတစ်ခုက မျိုးနွယ်များကို နှစ်သန်းနှင့်ချီအောင် ဂုဏ်ရှိန်ပြောင်ဖို့ ကူညီပေးနိုင်သည်။

မျိုးနွယ်ကြီးများမှ အကြီးအကဲများသည် မျိုးနွယ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည့် တာဝန်အပေါ် သစ္စာစောင့်သိကြသည်။ သူတို့သည် သူတို့၏မျိုးနွယ် ပျက်သုဉ်းရမည်ကို အဖြစ်ခံကြမည် မဟုတ်ပေ။ ထို့ကြောင့် လျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုတို့က နှစ်ပေါင်းခုနစ်သိန်းကျော် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လူတစ်ယောက်၊ နှစ်ယောက်လောက်က အမှားလုပ်မိနိုင်သည်။ သို့သော် မျိုးနွယ်စည်းမျဉ်း၊ စည်းကမ်းများက အမှားမလုပ်ပေ။ ထို့ကြောင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထက်ပင် စည်းကမ်းတင်းကြပ်သော ကောင်းကင်တမလွန်ဂိုဏ်း၏ ဂိုဏ်းချုပ်က တရားလက်လွန် မလုပ်ဝံ့လောက်ချေ။ သူလုပ်လျှင်လည်း ဂိုဏ်းအကြီးအကဲများက ခွင့်ပြုမည် မဟုတ်ပေ။

“ကောင်းကင်တမလွန်ဂိုဏ်း မဟုတ်ဘူးဆိုရင် ဘယ်သူ ဖြစ်နိုင်လဲ။ ဘယ်သူ့မှာ အခုလို ကိစ္စကြီးတစ်ခုကို လုပ်နိုင်တဲ့ အင်အားရှိလဲ”

ကျန်းရီ ခေါင်းရှုပ်နေပေပြီ။ လောကထဲတွင် အင်အားကြီး မျိုးနွယ်များစွာ ရှိသည်။ သို့သော် ယခုကဲ့သို့သော ကိစ္စကြီးမျိုးကို လုပ်နိုင်သည်မှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၊ အောင်းလု၊ အပြစ်သားကျွန်း၊ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ကောင်းကင်တမလွန်ဂိုဏ်းတို့သာ ရှိသည်။ အခြားမျိုးနွယ်များက ထိုမျှ အင်အားကြီးမည် မဟုတ်ပေ။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် အောင်းလုတို့ကို သံသယစာရင်းမှ ဖယ်ထုတ်ထားပြီးဖြစ်သည်။ အပြစ်သားကျွန်းက ဖျက်ဆီးခံလိုက်ရပေပြီ။ ယခုတွင် ကောင်းကင်တမလွန်ဂိုဏ်းကိုလည်း ဖယ်ထုတ်ရမလို ဖြစ်နေသည်။ သို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းပေလော။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသကို အုပ်စိုးသော ဂိုဏ်းဖြစ်သည်။ ထို့ကြောင့် အရာအားလုံးကို ထိန်းချုပ်နိုင်သော အင်အားရှိသည်။

“မဖြစ်နိုင်ဘူး...”

သူတော်စင်ဧကရီက ရီဖျောင်ဖျောင်ထံတွင် အကြွေးတင်နေသည်။ သူတော်စင်ဧကရီက ကျန်းရီ ထိခိုက်စေမည့် အလုပ်မျိုးကို မလုပ်လောက်ပေ။ ယခုတွင် ကျန်းရီ မတွေးတတ်တော့ပေ။ ထို့ကြောင့် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေသည်။ ရီချန်က သူ့ကို ကြည့်၍ ပြောလိုက်သည်။

“ကျန်းရီ... ရှင့်ကိုယ်ရှင် ဖိအားတွေ အများကြီး မပေးပါနဲ့။ ဖြစ်ရမယ့်ကိစ္စက ဖြစ်လာမှာပဲ။ ကျွန်မတို့က ပြောင်းလဲလာမယ့် အခြေအနေတွေကို ရင်ဆိုင်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ပဲ တတ်နိုင်မယ်.... ကြိုးကိုင်သူ လူလုံးထွက်ပြလောက်ဦးမှာ မဟုတ်ဘူးလို့ ကျွန်မ ခန့်မှန်းမိတယ်။ လူတွေက သူတို့ အကျိုးအမြတ်ရစေမယ့် အကြံအစည်တွေကိုပဲ ကြံစည်ကြတာပါ။ မကြာခင် ဒီကိစ္စမှာ ဘယ်သူက အကျိုးအမြတ် အရဆုံးလဲဆိုတာကို သိလာရမှာပါ။ ကျွန်မတို့သာ အဘိုးကို ကယ်နိုင်ရင်... သူ့ရဲ့ မြော်မြင်ဉာဏ်ရယ်၊ ပင်လယ်နက်မှာ တွေ့ကြုံခဲ့ရတာတွေရယ်နဲ့ဆို ကြိုးကိုင်သူက ဘယ်သူလဲဆိုတာကို သူ တွေးမိလောက်မှာပါ”

“အင်း...”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါ့အဘိုးနဲ့ တခြားသူတွေကို နှင်းဒေသဆီ ပို့ပြီးရင် ငါတို့ ပင်လယ်နက်ဆီ ချက်ချင်း သွားကြမယ်။ ငါ မင်းအဘိုးနဲ့ မင်းအဖေကို ကယ်ရမယ်”

ရီချန်နှင့် ကျန်းရီတို့ နှစ်ယောက်စလုံးသည် ဗုဒ္ဓဧကရာဇ်၊ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများက မသေသေးဟု ယုံကြည်ကြသည်။ ဗုဒ္ဓဧကရာဇ်ကဲ့သို့သော လူတစ်ယောက်က ပင်လယ်နက်ကဲ့သို့ နေရာတစ်ခုတွင် မသေနိုင်ဟု သူတို့ ခံစားရသည်။ ထို့ပြင် ယဉ်ဧကရာဇ်၊ ညဧကရီနှင့် ရွှမ်ဧကရာဇ်တို့ကလည်း စွမ်းအားကြီး သိုင်းပညာရှင်များ ဖြစ်ကြသည်။ မည်သူက သူတို့အားလုံးကို သတ်နိုင်သော အစွမ်းမျိုး ရှိမည်နည်း။

ရွှီး...

ရီချန်နှင့် ကျန်းရီတို့ စကားပြောနေချိန်တွင် သက်တန့်ဝိညာဉ်လှံက သောင်းချီသော ဝိညာဉ်ဝါးမျိုမိကျောင်းများကို ဆက်သတ်နေသည်။ ထိုအခိုက်တွင် သက်တန့်ဝိညာဉ်လှံက သန်းထောင်ချီသော စူးရှရှ အလင်းတန်းများကို ဖြာထုတ်လိုက်သည်။ အစောတွင် ၎င်းက လက်ချောင်းအရွယ်အစားအထိ ကျုံ့သွားခဲ့သည်။ ယခုတွင်မူ သွားကြားထိုးတံအရွယ်သာ ရှိတော့သည်။ သက်တန့်ရောင်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သက်တန့်ရောင်နေရာတွင် ကွဲပြားသော အရောင်ကိုးရောင်က အစားထိုးနေရာယူသွားသည်။ ထိုအရောင်များထဲမှ အနက်ရောင်နှင့် အဖြူရောင်က ကြည့်မိသူများကို ရင်တုန်ကြောက်ရွံ့သွားစေနိုင်သည်။

“ဒါက...”

ကျန်းရီနှင့် ရီချန်တို့သည် သက်တန့်ဝိညာဉ်လှံအသစ်ကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြသည်။ ရီချန်သည် လှံက သူမ၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်မည်ကို စိုးရွံ့နေသည်။ ကျန်းရီ၏ မျက်လုံးများ တောက်ပလာသည်။ ကိုးရောင်ခြယ်ဝိညာဉ်လှံက မည်မျှ အစွမ်းထက်မည်ကို မသိသော်လည်း ကြယ်ခြောက်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများကိုတော့ အလွယ်လေး အနိုင်ယူနိုင်လောက်သည်။

“ကျန်းရီ... လှံက အခု ကွဲပြားသွားပြီ”

ရီချန်က ပြောလိုက်သည်။ သို့သော် ကျန်းရီက သူမကို ပြန်မပြောဘဲ ဝင်းပသော မျက်ဝန်းများဖြင့်သာ လှံကို ကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် ကိုးရောင်ခြယ်ဝိညာဉ်လှံက ဝိညာဉ်ဝါးမျိုမိကျောင်းများကို ၎င်းဘာသာ မသတ်ဖြတ်တော့၍ပင်။ နောက်ဆုံးတွင် သူ၏ မူလစိတ်ဝိညာဉ်အတွက် အလှည့်ကျပေပြီ။

ရွှီ...ရွှီ...

ကျန်းရီသည် ကိုးရောင်ခြယ်ဝိညာဉ်လှံကို လေထဲတွင် လှည့်ပတ် ပျံသန်းစေလိုက်၏။ သူ ထပ်မံ အံ့အားသင့်သွားသည်။ ကိုးရောင်ခြယ်ဝိညာဉ်လှံက ကျန်းရှောင်နူလောက် မြန်ပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက သုံးကီလိုမီတာကျော် ပျံသန်းပြီးသွားသည်။ ယခင်တွင် သူသည် သက်တန့်ဝိညာဉ်လှံကို သုံးကီလိုမီတာအကွာအထိသာ ထိန်းချုပ်နိုင်ခဲ့သည်။ ယခုတွင်မူ သုံးကီလိုမီတာ ကျော်သွားသော်လည်း အလွယ်တကူ ထိန်းချုပ်နိုင်နေဆဲဖြစ်သည်။

ခြောက်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ၊ ကီလိုမီတာသုံးဆယ်...

ကီလိုမီတာသုံးဆယ်အကွာသို့ ရောက်သောအခါ ကိုးရောင်ခြယ်ဝိညာဉ်လှံက ရပ်တန့်သွားသည်။ ကျန်းရီသည် ၎င်းကို အရှေ့သို့ ဆက်သွားအောင် မထိန်းချုပ်နိုင်တော့ပေ။ သူ့မျက်နှာက ဝင်းပနေသည်။ ဝိညာဉ်လှံ၏ အမြန်နှုန်းက သုံးဆပိုတိုးလာသည်။ ၎င်း၏စွမ်းအားကလည်း သုံးဆပိုတိုးလာမည်ဖြစ်သည်။ ယခင်တွင် သက်တန့်ဝိညာဉ်လှံက ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်များကို သတ်နိုင်ခဲ့သည်။ ဤကိုးရောင်ခြယ်ဝိညာဉ်လှံက မည်သည့်အဆင့်ရှိသော သိုင်းပညာရှင်များကို သတ်နိုင်မည်နည်း။ ကျန်းရီ မသိပေ။ သို့သော် ကြယ်ကိုးပွင့်အဆင့် ပညာရှင်များကိုပင် ထိခိုက်အောင် လုပ်နိုင်လောက်သည်ဟု ခန့်မှန်းမိသည်။

“ဟားဟားဟား... ကောင်းလိုက်တာ”

ကျန်းရီသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူသည် နတ်ဘုရားဇီဝိန်ခြွေကို ရကတည်းက သက်တန့်ဝိညာဉ်လှံကို များစွာ အရေးမထားခဲ့တော့ပေ။ ယခုတွင် လှံ၏ စွမ်းအားက မယုံနိုင်လောက်အောင် ကြီးသွားပြီဖြစ်၍ သူ အံ့အားသင့်နေမိသည်။ ဆန်းကြယ်သော စွမ်းရည်များစွာ ပိုင်ဆိုင်ထား၍ ညည်းတွားသူမျိုး တစ်ယောက်မှ မရှိသည် မဟုတ်လော။

“ဝိညာဉ်ဝါးမျိုမိကျောင်းတွေ... ငါ့ဆီလာခဲ့”

ကျန်းရီက အော်ပြောလိုက်သည်။ သူသည် ကိုးရောင်ခြယ်ဝိညာဉ်လှံကို သူ့စိတ်ဝိညာဉ်ထဲတွင် ပြန်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ဝါးမျိုမိကျောင်းများကို ထိန်းချုပ်၍ သူ့မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်သွားစေလိုက်သည်။ ဝိညာဉ်ဝါးမျိုမိကျောင်းများက သူ့စိတ်ဝိညာဉ်ထဲသို့ ရောက်သွားသည်နှင့် ကိုးရောင်ခြယ်လှံက ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် လှံက စွမ်းအင်ကို မဝါးမျိုတော့သဖြင့် ကျန်းရီ၏ မူလစိတ်ဝိညာဉ်က စွမ်းအင်ကို စုပ်ယူနိုင်လိုက်သည်။

“ချန်အာလေး... ငါ့ကို ကာကွယ်ပေးပါ။ ငါ နတ်ဘုရားဝိညာဉ် စုစည်းတော့မယ်”

ကျန်းရီက အော်ပြောလိုက်သည်။ ရီချန်သည် ချက်ချင်းပင် လျှပ်စီးတန်းများကို ဆင့်ခေါ်၍ သူမ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ ထို့နောက် ကျန်းရီနှင့် မီတာသုံးရာအကွာတွင် ရပ်ကာ ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ ထိုနေရာက လုံခြုံသော်လည်း နတ်ဘုရားဝိညာဉ် စုစည်းခြင်းမှာ အဓိကကျသော အဆင့်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် နှောင့်ယှက်ခံရ၍ မဖြစ်ပေ။

ရွှီ...ရွှီ...

ဝိညာဉ်ဝါးမျိုမိကျောင်း တစ်ကောင်ပြီးတစ်ကောင် ကျန်းရီထံသို့ ပျံသန်းသွားသည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကလည်း မပြတ် ကြီးထွားလာနေသည်။ အဆုံးအစွန် အရွယ်အစားသို့ ရောက်သွားလျှင် မူလစိတ်ဝိညာဉ်က ပြိုပျက်သွားကာ နတ်ဘုရားဝိညာဉ်အဖြစ် ပြန်ဖြစ်တည်လာမည်ဖြစ်သည်။ နတ်ဘုရားဝိညာဉ်ကို စုစည်းပြီးလျှင် ကောင်းကင်ကိုးဘုံ ကြယ်တာရာက သူ့အား ကြယ်တာရာစွမ်းအားတန်း သုံးတန်း ချီးမြှင့်ပေလိမ့်မည်။ ထိုအခါ ကျန်းရီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က နတ်ဘုရားတစ်ပိုင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ဝိညာဉ်ဝါးမျိုမိကျောင်းများ အလုံအလောက်ရှိသည်။ နှစ်ပေါင်းခုနစ်သိန်းအတွင်း နန်းတော်၏ အကန့်အသတ်အစီအရင်များက ဝိညာဉ်ဝါးမျိုမိကျောင်းပေါင်း သန်းဆယ်နှင့်ချီ၍ အလိုအလျောက် ဖန်တီးခဲ့သည်။ ဝိညာဉ်ဝါးမျိုမိကျောင်းများသည် ကျန်းရီအပြင် အခြားလူဆယ်ယောက်ကိုပါ နတ်ဘုရားဝိညာဉ် စုစည်းနိုင်အောင် ကူညီပေးနိုင်သည်။ သို့သော် အခြားသူများသည် ကျန်းရီလောက် ရူးသွပ်မည် မဟုတ်ပေ။ တစ်ချက်မှာသွားသည်နှင့် သူတို့၏ စိတ်ဝိညာဉ် ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။

အချိန်က ‌တရွေ့ရွေ့ ကုန်ဆုံးလာသည်။ တစ်နာရီ ရှိသွားပေပြီ။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က ဝိညာဉ်ဝါးမျိုမိကျောင်း ထောင်ကျော်၏ စွမ်းအင်များကို စုပ်ယူပြီးသွားပြီဖြစ်သည်။ ယခုတွင် မူလစိတ်ဝိညာဉ်က နဂိုအရွယ်အစားထက် နှစ်ဆဖြစ်နေပေပြီ။ ဆက်၍လည်း ကြီးထွားနေသေးသည်။

နှစ်နာရီကြာပြီးနောက် မူလစိတ်ဝိညာဉ်က လက်ချောင်းတစ်ချောင်း အရွယ်အစားလောက် ကြီးလာသည်။ နောက်ဆုံးတွင် ၎င်း ဆက်မကြီးထွားနိုင်တော့ပေ။ ဝိညာဉ်ဝါးမျိုမိကျောင်း ရာကျော်၏ စွမ်းအင်ကို ဆက်စုပ်ယူပြီးနောက် ၎င်းက စတင် အက်လာသည်။ ထို့နောက် ဖြည်းဖြည်းချင်း ကွဲထွက်သွားလေသည်။

“အား...”

ကျန်းရီသည် မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် အော်လိုက်သည်။ ရီချန်က ကျန်းရီကို ကြည့်၍ အော်ပြောသည်။

“ကျန်းရီ... တောင့်ထားပါ။ ရှင့်ရဲ့ နှလုံးသားကို အာရုံစိုက်ပြီး နတ်ဘုရားဝိညာဉ်ကို စုစည်းပါ”

ရီချန်က သတိမပေးလျှင်ပင် ကျန်းရီ၏ စိတ်ဓာတ်က ခိုင်မာပြီးဖြစ်သည်။ နာကျင်မှုက မခံမရပ်နိုင်လောက်အောင် ပြင်းထန်သော်လည်း တောင့်ခံရမည်ဖြစ်ကြောင်း သူသိသည်။ သူသည် နတ်ဘုရားဝိညာဉ် စုစည်းရန် ရီချန်ပြောသည့်အတိုင်း လုပ်လိုက်သည်။ သူ့မူလစိတ်ဝိညာဉ်ကိုလည်း လျင်မြန်စွာ ပြိုလဲသွားစေလိုက်သည်။

တဖြည်းဖြည်းဖြင့် ကျန်းရီ၏ စိတ်ဝိညာဉ်ထဲမှ နာကျင်မှုက အားပျော့လာသည်။ စိတ်ဝိညာဉ်သည် ၎င်းဘာသာ စတင် ပြုပြင်၍ ထူးခြားသောပုံစံ ဆောင်လိုက်သည်။ ကျန်းရီသည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ သို့သော် ဆက်၍ ဖြစ်လာသော အဖြစ်အပျက်က သူ့ကို ကျောစိမ့်အောင် တုန်လှုပ်သွားစေသည်။

အဘယ်ကြောင့်ဆိုသော်...

ကိုးရောင်ခြယ်ဝိညာဉ်လှံက သူ၏ မူလစိတ်ဝိညာဉ်ထံ ပျံသန်းသွားကာ အတူတကွ ပေါင်းစည်းလိုက်သည်။ ထိုအဖြစ်အပျက်များကို ကျန်းရီ ထိန်းချုပ်၍ မရချေ။ ထို့ကြောင့် သူသည် ၎င်းနှစ်ခု ပေါင်းစည်း၍ သန္ဓေပြောင်းသည်ကို ခွင့်ပြုလိုက်ရတော့သည်။

နောက်ဆုံးတွင် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လက်ချောင်းအရွယ်ရှိသည့် အနီရောင်ဓားလေးတစ်ချောင်း ထွက်ပေါ်လာသည်။ ယခုတွင် ကိုးရောင်ခြယ်ဝိညာဉ်လှံရော၊ ၎င်း၏စွမ်းအင်များပါ ပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်းနေရာတွင် အနီရောင်ဓားလေးတစ်ချောင်း ရှိနေပေပြီ။ ထိုဓားက မီးနဂါးဓားနှင့် တစ်ပုံစံတည်း တူသည်။ ဓားပေါ်မှ ပုံသဏ္ဌာန်များသည်ပင် အတူတူဖြစ်သည်။

လုပ်ငန်းစဉ်က ပြီးဆုံးသွားပြီဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်မှုနှင့် စိတ်ပျက်မှုတို့ ရောပြွန်းနေသည်။ သူ၏ မူလစိတ်ဝိညာဉ်က အဘယ်သို့ ကိုးရောင်ခြယ်ဝိညာဉ်လှံကို ဝါးမျိုနိုင်ခဲ့ခြင်းနည်း။ အစောကပင် သူသည် ဆန်းကြယ်သော စွမ်းရည်တစ်ခုကို ရလိုက်၍ ဝမ်းသာနေခဲ့သည်။ ယခုတွင်မူ ၎င်းက ပျောက်ကွယ်သွားပေပြီ။ သူသည် အမှန်ပင် ခံစားချက် အမျိုးမျိုးကို ခံစားခဲ့ရလေသည်။

“ကျန်းရီ... ဘာဖြစ်လို့လဲ...”

ရီချန်က လေသံတိုးတိုးဖြင့် လှမ်းပြောသည်။ ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ နတ်ဘုရားအလင်းတန်း ငါးတန်းသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ပေါ်သို့ ဖြာကျလာသည်။ နောက်ဆုံးတွင် ထိုအလင်းတန်းငါးတန်းက ကျန်းရီ၏ ခန္ဓာကိုယ်ထဲသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ဝင်သွားသည်။

ရီချန်သည် စကားမဆုံးသေးခင်မှာပင် နောက်သို့ တုန်လှုပ်တကြီး ခုန်ဆုတ်လိုက်ရသည်။

“ကြယ်တာရာစွမ်းအားတန်း ငါးတန်း... နတ်ဘုရားတစ်ပိုင်းတွေက သုံးတန်းပဲ ရတာ မဟုတ်ဘူးလား။ ကျန်းရီရဲ့ ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ”

***

All Chapters