ပင်လယ်နက်၏ ဆန်းကြယ်နယ်မြေ
Vol. 86 Ch. 1201
ကျန်းရီသည်လည်း မည်သည်များ ဖြစ်နေကြောင်း မသိပေ။ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသော ကြယ်တာရာစွမ်းအားတန်း ငါးတန်းထဲမှ သုံးတန်းက ကြယ်စက်လုံးကိုးလုံးထဲသို့ ဝင်သွားသည်၊ တစ်တန်းက ခန္ဓာကိုယ်ထဲတွင် ပျောက်သွားသည်၊ နောက်ဆုံးတစ်တန်းက သူ့ဝိညာဉ်ထဲသို့ ဝင်သွားသည်။ ထိုအခိုက်တွင် သူသည် ဆောင်းတစ်ရက်၌ ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ခေါင်းမှ ခြေဖျားအထိ သက်တောင့်သက်သာ ရှိနေသည်။
ကျန်းရီသည် သူ့ခန္ဓာကိုယ်က ပြောင်းလဲနေကြောင်း သိလိုက်ရ၏။ သူ့စိတ်ဝိညာဉ်ကလည်း ပို၍ ခိုင်မာလာသည်။ ထိုခံစားမှုက နဂါးညှိုးရောက်မြင်ပင်ကို သုံးခဲ့စဉ်က ခံစားမှုကဲ့သို့ ကောင်းပေသည်။
သို့သော် ပြောင်းလဲမှုက အလွန်လျင်မြန်ခြင်းမှာ နှမြောစရာပင်။ မိနစ်အနည်းငယ် အတွင်းမှာပင် ပြောင်းလဲမှုလုပ်ငန်းစဉ် ပြီးဆုံးသွားသည်။ ကျန်းရီသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အကြိမ်ကြိမ် အာရုံခံလိုက်သည်။ မည်သည့်ပြဿနာမှ မရှိကြောင်း သေချာမှ သူ မျက်လုံးပြန်ဖွင့်လိုက်သည်။
“ကျန်းရီ... နတ်ဘုရားတစ်ပိုင်း ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”
ရီချန်၏ မျက်ဝန်းများထဲတွင် နားမလည်မှုများစွာ ရှိနေသည်။ ပုံမှန်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းများက မိုးမြေမှနေ၍ ကြယ်တာရာစွမ်းအား သုံးတန်းကိုသာ ရရှိသည်။ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်လိုက်လျှင်ပင် ကြယ်တာရာစွမ်းအား တစ်တန်းကိုသာ ရသည်။ သို့သော် ကျန်းရီက ငါးတန်း ရရှိခဲ့သည်။
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ယခုတွင် သူက နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီဖြစ်ကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။ မေးစရာရှိသည်မှာ အဘယ်ကြောင့် ကိုးရောင်ခြယ်ဝိညာဉ်လှံက ဝါးမျိုခံလိုက်ရသနည်း ဆိုသည်ပင်။ စက္ကန့်များစွာ တွေးတောပြီးနောက် သူ မေးလိုက်သည်။
“ချန်အာလေး... နတ်ဘုရားတစ်ပိုင်းရဲ့ နတ်ဘုရားဝိညာဉ်က ဘာနဲ့တူလဲ”
“အင်း...”
ရီချန်က တွေးတောကာ ရှင်းပြလိုက်သည်။
“ပုံမှန်ကတာ့ မက်မွန်ပွင့် ပုံစံပဲ။ တချို့လူတွေရဲ့ နတ်ဘုရားဝိညာဉ်ကတော့ ကျွဲခေါင်းသီးပုံစံ ရှိကြတယ်”
“တခြားပုံစံမျိုးတွေ မရှိတော့ဘူးလား”
ကျန်းရီက မျက်မှောင်ကြုတ်ကာ ထပ်မေးသည်။ ရီချန်က ခေါင်းခါ၏။
“ကျွန်မလည်း သေချာတော့ မသိဘူး။ ကျွန်မတို့ မျိုးနွယ်က စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။ ကျန်းရီ... ရှင့်ရဲ့ နတ်ဘုရားဝိညာဉ်က အဲ့ပုံစံနှစ်မျိုးလုံးနဲ့ မတူဘူးလား”
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။
“ငါ့နတ်ဘုရားဝိညာဉ်က ဓားပုံစံ ဖြစ်နေတယ်”
ကျန်းရီသည် သူ၏ နတ်ဘုရားဝိညာဉ်က မီးနဂါးဓားအသေးစားလေးနှင့် တူနေကြောင်းကို အသေးစိတ် မပြောပြလိုက်ပေ။ ကိုးရောင်ခြယ်လှံက ဝါးမျိုခံလိုက်ရပြီဖြစ်ကြောင်းကိုလည်း မပြောလိုက်ချေ။ ထိုကိစ္စများက ရီချန်ကို သေချာပေါက် ကြောက်ရွံ့သွားစေပေလိမ့်မည်။ ရီချန်က သူ့အား သူက မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်သည်ကို ခံရပြီးဖြစ်သည်။
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ သူသည် ၎င်းကို အတော်ကြာ ကြည့်လိုက်သည်။ အရာအားလုံးက ထိုဓားနှင့် အမည်မဲ့ကျင့်စဉ်ကို ဗဟိုပြုနေသလိုပင်။ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရပေမည်။ သို့သော် မည်သည့်နေရာက စ၍ ခြေရာခံရမည်ကို သူ မသိပေ။
“လကြေးမုံကန်ကို ပြန်သွားကြတာပေါ့”
ကျန်းရီသည် စက္ကန့်အနည်းငယ် တွေးတောပြီးနောက် မီးနဂါးဓားကို ပြန်သိမ်းလိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။ သူ့ ဘဝတစ်လျှောက်တွင် ကြုံခဲ့ရသော ဆန်းကြယ်မှုများအတွက် အဖြေကို မကြာခင်တွင် သိနိုင်လောက်ပေသည်။
***
လဝက်ကြာပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော် နှင်းဒေသသို့ ရောက်ရှိသွားသည်။ နှင်းဒေသ၏ အာကာပြင်က ယခုတွင် ပို၍ပင် ခိုင်မာနေသည်။ ထို့ကြောင့် ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်း မသုံးနိုင်တော့ပေ။ ကျန်ခရီးကို ပျံသန်း၍သာ သွားရသည်။ သူက လူသားများနှင့် မိစ္ဆာများ၏ စစ်ပွဲကို ရပ်တန့်ကာ မိစ္ဆာဧကရာဇ်ကို သတ်ခဲ့သည်ဆိုသော နှင်းဒေသတစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တွေ့လိုက်သော သိုင်းသမားတိုင်း ထွက်ပြေးကြသည်။ ထိုကံဆိုးကြယ်ကို ဒေါသထွက်အောင် လုပ်မိမည်ကို သူတို့ စိုးရိမ်ပေသည်။
ကျားနိုင်ဂိုဏ်း၊ ဓားခုတ်ကောင်ဂိုဏ်း၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်တို့ ကြောက်ဒူးတုန်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ကျန်းရီကို မျက်နှာလိုမျက်နှာရလုပ်ရန် သူတောင်စင်တောင်အနီးတွင် မြို့သစ်နှစ်မြို့ တည်ရာ၌ ကူညီပေးခဲ့ကြသည်။
ယခုတွင် ကျန်းရီက နှင်းဒေသသို့ ရောက်လာပြီဖြစ်၍ သူ နေရန် ဆုံးဖြတ်လိုက်လျှင် နှင်းဒေသမှ လူအားလုံးက သူ့ထံတွင် လက်အောက်ခံကြမည်ဖြစ်သည်။ ယခင်က ကျန်းရီနှင့် ပဋိပက္ခဖြစ်ခဲ့သော မျိုးနွယ်များ၊ ဂိုဏ်းများမှာမူ သေချာပေါက် ဒုက္ခတွေ့ရပေလိမ့်မည်။
“မြို့နှစ်မြို့လား”
သူတော်စင်တောင်အနီးသို့ ရောက်သောအခါ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ မြို့နှစ်မြို့ကို တွေ့သောအခါ သူ ရယ်လိုက်သည်။ အပြစ်သားကျွန်းနှင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက နှစ်ပေါင်းသိန်းနှင့်ချီအောင် ရန်သူဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုမှ သူတို့ကို တစ်မြို့ထဲအတူ နေခိုင်းရန် မဖြစ်နိုင်လောက်ပေ။
သို့သော် အပြစ်သားကျွန်းကို ဖျက်ဆီးခဲ့သူများထဲတွင် ရီမျိုးနွယ် မပါခဲ့ပေ။ သို့ဖြစ်၍ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများက ရီမျိုးနွယ်ဝင်များအပေါ် အငြိုးမထားလောက်ဟု ကျန်းရီ မျှော်လင့်သည်။
“ချန်အာလေး... ငါ မင်းကို ရီမျိုးနွယ်ရဲ့ မြို့ဆီ ပို့ပေးမယ်။ မင်းရဲ့ အစ်ကိုတွေက အဲ့မြို့မှာလား”
ကျန်းရီက ရီချန်ကို လှည့်ကြည့်၍ မေးလိုက်သည်။ သူမက ခေါင်းညိတ်ပြသဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရီမျိုးနွယ်၏ မြို့ဆီ ပျံသန်းသွားစေလိုက်သည်။ မြို့သို့ ရောက်သောအခါ သူ ရီချန်ကို နန်းတော်အပြင်သို့ ပို့ပေးလိုက်သည်။ ထို့နောက် သူက အခြားမြို့သို့ သွားလိုက်သည်။
ရီမျိုးနွယ်၏မြို့ကို ထျန်းရီမြို့ဟု ခေါ်ပြီး အခြားမြို့ကို ရှန်းစီမျိုးနွယ်စု၏ အထိမ်းအမှတ်အဖြစ် ရှန်းစီမြို့ဟု ခေါ်သည်။ ကျန်းရီသည် ရှန်းစီမြို့သို့ ရောက်သောအခါ အားလုံးကို အပြင် ထုတ်ပေးလိုက်သည်။ စစ်ထူရီနျန်နှင့် ယွင်ဖေးတို့က ချမ်ဝမ်ကွမ်းနှင့် ယွင်ချန်းထျန်းတို့၏ ရင်ခွင်ထဲသို့ အသီးသီး ပြေးဝင်သွားကြပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်ကြသည်။ ချင်းယွီ၊ နန်ကုန်းချီလင်းနှင့် ဖုန်းလန်တို့က ကျန်းရီထံ ပျံသန်းလာကြသည်။ ကျန်ရီမင်နှင့် ချမ်ကွေ့တို့သည် သူတို့၏ မျိုးနွယ်များမှ လူအချို့ကို တွေ့လိုက်ရသောအခါ မျက်ရည်ကျသွားသည်။ လော့ကဲအရှင်နှစ်ပါး ဖြစ်သော စုဟမ်နှင့် စုကျဲတို့သည် စုလောရွှယ်ကို မြင်လိုက်၍ နှုတ်ဆက်လိုသော်လည်း စုလောရွှယ်က သူတို့ကို မမှတ်မိပေ။
အချို့မိသားစုများက ပြုံးပျော်နေပြီး အချို့မိသားစုများက ငိုကြွေးနေသည်။
စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများက ကျန်းရီကို ဖက်၍ တိတ်ဆိတ်နေသည်။ သူတို့သည် စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါသာ ကြည့်ကြသည်။ ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့သည် ကျန်းရီအား သူတို့အတွက် လက်စားချေပေးရန် မတောင်းဆိုပေ။ သူတို့သည် သူတို့၏ အမုန်းတရားများကို နက်ရှိုင်းသော နှလုံးသားနေရာတွင်သာ မြှုပ်နှံ့ထားကြသည်။
ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့သည် အပြင်းအထန် ကျင့်ကြံနေခဲ့ကြသည်။ ဟွမ်ဖူထောင်ထျန်းဆိုလျှင် လဲပြိုကျလုလုပင် ဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်နေ့နေ့တွင် မျိုးနွယ်(၁၃)ခုအတွက် လက်စားချေမည်ဟု လျှို့ဝှက်သစ္စာဆိုထားကြသည်။
ကျန်မျိုးနွယ်နှင့် ဝူမျိုးနွယ်တို့က ဤတစ်ခေါက် မဟာမိတ်စစ်တပ်ကို ဦးဆောင်ခဲ့သည်။ သူတို့၏လက်ချက်ဖြင့် နတ်ဘုရားတစ်ပိုင်းများစွာ သေခဲ့ရသည်။ သို့သော် ကျန်ဝူရွှမ်းက ကျန်မျိုးနွယ်မှ ဖြစ်နေသည်။ ကျန်မျိုးနွယ်ဝင်အချို့ကလည်း ရှန်းစီမြို့ထဲတွင် နေထိုင်နေကြသည်။ ထို့ကြောင့် သူတို့ ယခု လက်စားချေရန် ကြိုးစားလျှင် အခြေအနေများ ရှုပ်ထွေးကုန်ပေလိမ့်မည်။ ကျန်းရီသည် ထိုအကြောင်းကို တွေးရုံဖြင့်ပင် ခေါင်းကိုက်သည်။
ရှန်းစီမြို့တွင် နှစ်ရက်နေပြီးနောက် ကျန်းရီ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ သွားလိုက်သည်။ သူ သူတော်စင်ဧကရာဇ်ကို နှုတ်ဆက်လိုက်သည်။ သူတော်စင်ဧကရီက သူ့ကို စကားများစွာ မပြောပေ။ သူမသည် အပြင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ကျန်းရီလောက် မသိချေ။ သို့သော် သူမသည် ကျန်းရီကို တစ်ခုတော့ ပြောခဲ့သည်။ သူမ အသက်ရှင်နေသ၍ ကျန်းရီ၏လူများကို ဆက်ကာကွယ်ပေးမည်ဖြစ်သည်။ အခြားအရာများကို သူမ ဂရုမစိုက်ပေ။ ဂိုဏ်းစည်းမျဉ်းများကလည်း သူမကို ပဋပိက္ခများကြား ဝင်ပါရန် ခွင့်မပြုချေ။ ထို့ကြောင့် ကျန်းရီသည် သူ့ကိုယ်သူသာ အားကိုးရမည်ဖြစ်သည်။
သုံးရက် ထပ်မံ ကုန်ဆုံးသွားသည်။ ကျန်းရီသည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူနှင့်အတူ လူများစွာ ခေါ်သွားမည် မဟုတ်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ယခင်ကလောက် စွမ်းအားမကြီးတော့ပေ။ ထို့ကြောင့် နန်းတော်ထဲတွင် နေခြင်းက နှင်းဒေသတွင် နေခြင်းလောက် လုံခြုံတော့မည် မဟုတ်။ သူတော်စင်ဧကရီက နှင်းဒေသအတွင်းတွင် အပ်ကျသည်ကအစ သိနိုင်သည်။ အန္တရာယ်တစ်စုံတစ်ရာ ရှိလာလျှင် သူမသည် အားလုံးကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲသို့ ရွှေ့ပြောင်းမည်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အကာအရံအစီအရင်များ၏ စွမ်းအားအရ မြောက်ဘက်ဧကရာဇ်ရော တိုက်ပွဲဧကရာဇ်ပါ ဂိုဏ်းထဲသို့ ဖောက်ဝင်နိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ကျန်းရှောင်နူ၊ ရှောင်ဖေးနှင့် ရီချန်တို့ကိုသာ အတူခေါ်သွားသည်။ ယဉ်ရို့ပင်းက အခန်းအောင်း ကျင့်ကြံနေဆဲဖြစ်၍ ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် နေစေလိုက်သည်။ ကျန်းရှောင်နူနှင့် ရှောင်ဖေးတို့ကို ခေါ်သွားရခြင်းမှာ သူမတို့၏ စွမ်းအားကြောင့်ဖြစ်သည်။ ထို့ပြင် သူသည် သူမတို့နှစ်ယောက်ကို မည်သည့်အခါတွင်မှ ထပ်ထားမသွားတော့ဟုလည်း ကတိပေးထားသည်။ ရီချန်ကမူ ခေါင်းမာစွာဖြင့် အတင်းလိုက်ခြင်းဖြစ်သည်။ ကျန်းရီ မည်သို့မှ မတတ်နိုင်ပေ။
ကိစ္စတစ်ခုက ကျန်းရီကို အံ့အားသင့်စေခဲ့သေးသည်။ အသံလှိုင်းဧကရာဇ်နှင့် ချန်မျိုးနွယ်က ထျန်းရီမြို့ထဲတွင် ရှိနေသည်။ သူတို့က ထန်ရွှယ်နှင့် ထန်ယန်တို့ကိုလည်း ခေါ်လာခဲ့သည်။ သူမတို့နှစ်ယောက်သည် ကျန်းရီကို တွေ့သောအခါ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ ထို့ကြောင့် ကျန်းရီ ရင်နာခဲ့ရလေသည်။ သို့သော် ရီချန်ကမူ ဒေါသဖြစ်ခဲ့သည်။ သို့ဖြစ်၍လည်း ရီချန်က ပင်လယ်နက်သို့ လိုက်မည်ဟု အတင်းပြောသောအခါ ကျန်းရီ မငြင်းနိုင်ခဲ့ခြင်းဖြစ်ပေသည်။
“ကျန်းရီ... ဒါက ပင်လယ်နက်ရဲ့ မြေပုံပဲ။ ဒါပေမဲ့ နေရာတော်တော်များများက မြေပုံမှာ မပါဘူး”
လကြေးမုံကန်းထဲရှိ စံအိမ်တစ်ခုထဲတွင် ရီချန်က မြေပုံတစ်ချပ်ကို ထုတ်ကာ အသေးစိတ် ရှင်းပြလိုက်သည်။
“ပင်လယ်နက်ထဲမှာ စွမ်းအားကြီးမိစ္ဆာတွေ အများကြီး ရှိတယ်။ အနည်းဆုံး မိစ္ဆာအရှင်ဆယ်ပါးလောက် ရှိလောက်တယ်။ သူတို့က အရမ်း အဆိပ်ပြင်းပြီး ခက်ထန်ကြတယ်။ အဲ့က စွမ်းအားအကြီးဆုံး မိစ္ဆာအရှင်က ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ ပင်လယ်နက်မှာ အန္တရာယ်အများဆုံးနေရာတွေက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဆန်းကြယ်နယ်မြေသုံးခုပဲ။ ကျွန်မ ရထားတဲ့ အချက်အလက်တွေအရ အဘိုး၊ အဖေ၊ ညဧကရီ၊ ရွှမ်ဧကရာဇ်နဲ့ ယဉ်ဧကရာဇ်တို့က အဲ့ဆန်းကြယ်နယ်မြေတစ်ခုခုထဲမှာ ပိတ်မိနေတာ ဖြစ်ရမယ်”
“ဆန်းကြယ်နယ်မြေ”
ကျန်းရီ မျက်ခုံးပင့်ကာ မြေပုံကို ပို၍စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ မင်ဖြင့် ဝိုင်းထားသော ဆန်းကြယ်နယ်မြေသုံးခုကို တွေ့၍ သူ မေးလိုက်သည်။
“အဲ့ဆန်းကြယ်နယ်မြေတွေထဲမှာ ဘာတွေရှိလဲ။ မင်းတို့မျိုးနွယ်က အဲ့အကြောင်းကိုရော စုံစမ်းနိုင်ခဲ့လား”
“ဟင့်အင်း...”
ရီချန်က ပြန်ဖြေသည်။
“ပင်လယ်နက်ထဲမှာ ဆန်းကြယ်နယ်မြေကြီးသုံးခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်သိန်းချီအတွင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အဲ့ဆန်းကြယ်နယ်မြေတွေကို စုံစမ်းဖို့ လူတွေ စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ အသက်ရှင်ရက် ပြန်မလာနိုင်ခဲ့ဘူး။ ဒီတစ်ခေါက် အဘိုးနဲ့ အဖေလည်း ပြန်မလာနိုင်ခဲ့ဘူး...”
“မင်းအဘိုးနဲ့ အဖေက ဘယ်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေလောက်တယ်လို့ မင်းတို့မျိုးနွယ်က ခန့်မှန်းမိလဲ”
ကျန်းရီ မေးလိုက်သည်။ ရီချန်က အလယ်ရှိ ဆန်းကြယ်နယ်မြေကို ညွှန်ပြ၍ ပြောလိုက်သည်။
“ဒီတစ်ခုလို့ ကျွန်မထင်တယ်။ အဖေတို့ကတော့ အဲ့ဆန်းကြယ်နယ်မြေထဲကို ဝင်သွားခဲ့တာပဲ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... ငါတို့ အဲ့ဆန်းကြယ်နယ်မြေထဲကို ဝင်မယ်။ အဲ့ထဲမှာ ဘယ်လို မိစ္ဆာမျိုးတွေ ရှိနေလဲဆိုတာကို ကြည့်ကြသေးတာပေါ့”
***