ဗိုလ်ကျလွန်းပါသော
Vol. 62 Ch. 859
ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ အရိမ်းနိမ့်နေခဲ့ရာမှ တိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းပြန်လှန်နိုင်ခဲ့၏။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများအားလုံး စိတ်ဓာတ်များတက်ကြွသွားကြစဉ် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာမူ စိတ်ဓာတ်များ ပျက်ပြားသွားကြပြီး နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားနေကြပြီဖြစ်သည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ အသာစီးရသွားသည့်ပုံ ပေါက်နေ၏။ ယခုနှုန်းထားအတိုင်းသာ ဆိုပါက သူတို့မှာ နောက်ဆုံးတွင် ဤတိုက်ပွဲကြီးကိုပင် အနိုင်ရရှိသွားနိုင်ပေသည်။
နှစ်ဖက်စလုံးမှ လူတိုင်းနီးပါးမှာလည်း ထိုအချက်အား သတိထားမိကြ၏။ ဝမ်ပေါင်လဲ့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာ စိတ်လှုပ်တရှား ဖြစ်လာရပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာမူ သူ့အား မျက်မုန်းကျိုးနေကြပြီဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းနေပြီး သူ၏ စစ်တပ်ကြီးမှာလည်း အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်လွန်းနေသည် မဟုတ်ပါလော။
ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအတွက် ဤပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းနှစ်ခုသာ ကျန်ရှိတော့ပေသည်။ ပထမနည်းလမ်းမှာ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲတို့နှစ်ယောက် ပူးပေါင်းကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား အနိုင်ယူရန် ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက် ဝန်ကြီးချုပ်နဲ့ တာအိုရောင်းရင်းကူမော့တို့အား ဖိနှိပ်ချုပ်တည်းပစ်ရန် ဖြစ်သည်။
သို့သော် လက်ရှိတွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် သူ၏ ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ အနည်းငယ်မျှသာ အသာစီးရနေသေးသည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီအား အနိုင််ယူလိုပါက အချိန်အများကြီး ပေးရဦးမည်သာ ဖြစ်သည်။ ဒုတိယနည်းလမ်းမှာလည်း ထိုနည်းတူပင်။
ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား သုတ်သင်ရှင်းလင်းပြီး သူ၏ ရောက်ရှိလာမှုကြောင့် ပေါ်ပေါက်လာခဲ့သည့် အခွင့်အရေးကြီးအား အမြန်ဆုံးနည်းဖြင့် ဖယ်ရှားပစ်ရန် လိုအပ်ပေသည်။
ထိုသို့ လုပ်နိုင်မည့်နည်းလမ်း မရှိခြင်း မဟုတ်ပါသော်လည်း ထိုနည်းလမ်းများ၏ နောက်ဆက်တွဲအကျိုးဆက်များမှာ ကြီးမားနေမည်ဖြစ်သလို ၎င်းတို့မှာ အလွန်အင်မတန်မှ အန္တရာယ်များနေမည်လည်း ဖြစ်သည်။ အကယ်၍ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း အသာစီးရနေခဲ့စဉ်တုန်းက ယခုလို ဖြစ်လာခဲ့မည်ဆိုပါက သူတို့မှာ အရဲစွန့်ရန် မလိုသောကြောင့် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချလိုက်မည် မဟုတ်ပေ။ သူတို့ဘက်မှ တိုက်ပွဲကြီး၏ အခြေအနေအား ထိမ်းသိမ်းထားလိုက်ရုံနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ အလိုလို ပြိုကွဲသွားမည်သာ ဖြစ်သည်။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်ရာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအတွက် ထိုနည်းလမ်းတစ်ခုသာ ကျန်ရှိတော့ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဝမ်ပေါင်လဲ့အား အစောပိုင်း ထာဝရဝိညာဉ်အဆင့်နှင့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများထဲသို့ ဝင်ခွင့်ပေး၍ မဖြစ်သောကြောင့်ပင်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ထို တိုက်ပွဲများထဲသို့ ဝင်ရောက်သွားပြီး ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်လိုက်မည်ဆိုပါက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ အရေအတွက်မှာ သိသိသာသာ လျော့ကျသွားမည် မဟုတ်ပါလော။ ထိုသို့သာဆိုပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်လိုက်သည့်အချိန်တွင် သူတို့မှာ သေချာပေါက် ရှုံးမည်သွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အော်ခေါ်လိုက်တော့သည် " ချင်ခွန်းကျစ် "
သူ ထိုသို့ အော်လိုက်သည်နှင့် ဝန်ကြီးချုပ်နှင့် တာအိုရောင်းရင်း ကူမော့တို့အား တိုက်ခိုက်နေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာ မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။ သို့သော် ၎င်းတို့မှာ စိတ်ဓာတ်ပြတ်သားသည့် အရိပ်အယောင်များအဖြစ် ချက်ချင်းပြန်လည်ပြောင်းလဲသွားပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် သူတို့ထဲမှ နှစ်ယောက်မှာ အသက်သေဆုံးရမည်ကို ကြောက်ရွံ့နေခြင်း မရှိသည့်ပုံဖြင့် နေမင်းကြီးများအသွင် ပြောင်းလဲသွားကြပြီး ဝန်ကြီးချုပ်နှင့် တာအိုရောင်းရင်းကူမော့တို့ ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြ၏။ သူတို့မှာ သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်လွှတ်ကာ ဝန်ကြီးချုပ်နှင့် တာအိုရောင်းရင်းကူမော့တို့အား ယာယီမျှ ချုပ်နှောင်ထားလိုက်တော့သည်။
ထိုစဉ်တွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းချုပ်ကြီး ချင်ခွန်းကျစ်ဟု ခေါ်ခဲ့သည့် အခြား ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် သူသည် ထိုစစ်မြေပြင်ထဲမှ ထွက်ခွာလာပြီးနောက် လျှပ်စီးတန်းတစ်ခု၏ အမြန်နှုန်းမျိုးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ တစ်အောင့်ခန့် အကြာတွင် ချင်ခွန်းကျစ်မှာ ဂဠုန်ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။ အဝေးမှကြည့်လိုက်မည်ဆိုပါက ဂဠုန်ငှက်ကြီးတစ်ကောင်၏ အရိပ်ကြီးတစ်ခု ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်လာနေသည်ကို မြင်နိုင်ပေသည်။
ထို ဂဠုန်ငှက်ကြီး သူ့ဆီသို့ ရောက်ရှိလာရန် အသက်ရှူကြိမ် အနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား သတိထားမိလိုက်သဖြင့် ၎င်းရှိရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ ထိုအခါ သူသည် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းသော သတ်ဖြတ်လိုစိတ်အငွေ့အသက်များကို အာရုံခံမိလိုက်သဖြင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး လှောင်ပြုံးပြုံလိုက်တော့သည်။
" နောက်ဆုံးတော့ အကောင်ကြီးကြီးတစ်ကောင် ရောက်လာပြီပဲ " ဝမ်ပေါင်လဲ့မှာ ရယ်မောကာဆိုလိုက်၏။ သူသည် ထိုဂဠုန်ငှက်ကြီး၏ အကြံအစည်အား သိရှိထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ စစ်မြေပြင်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် လုပ်ခဲ့သည့် လုပ်ရပ်သုံးခုမှာ တိုက်ပွဲကြီး၏ အခြေအနေအား လုံးဝပြောင်းလဲပေးလိုက်သောကြောင့်ပင်။
သူသည် ပထမဦးဆုံးအနေနှင့် ရီနျှန်ကျစ်အား သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် ခံယူချက်များ ယိမ်းယိုင်နေကြသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများအား ပြန်လည်တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား မြောက်မြားစွာ သူတို့၏အသက်များကို စတေးကာ ချုပ်နှောင်ထားခဲ့သည့် ရန်သူ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား သတ်ဖြတ်ပစ်လိုက်၏။ ထိုလုပ်ရပ်ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ စိတ်ဓာတ်များ တက်ကြွသွားရသလို အများကြီး ဝန်ပေါ့သွားရပေသည်။ သူတို့မှာ ရန်သူများအား အရှေ့နှင့်နောက် နှစ်ဘက်စလုံးတွင် ရင်ဆိုင်နေစရာ မလိုတော့သဖြင့် အခြားတိုက်ပွဲများထဲသို့ ဝင်ရောက်ပူးပေါင်းနိုင်စွမ်း ရှိသွားတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်နှင့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ ရှိရာ စစ်မြေပြင်ကြီးဆီသို့ သွားကာ သူ၏ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြု၍ သူ၏ရန်သူများကို ဖိနှိပ်ချုပ်တည်းကာ သတ်ဖြတ်ပစ်ရန် ကြံရွယ်နေသည်မဟုတ်ပါလော။ အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုပါက ဤတိုက်ပွဲကြီးအား ဆက်လက်တိုက်ခိုက်နေစရာပင် မလိုတော့ပေ။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူသည် ရပ်တန့်ခံရလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်သည်။ ထိုသို့ ရပ်တန့်ခံရခြင်းမှာ သူရေးဆွဲထားသည့် အစီအစဉ်များထဲ၌ ပါနေ၏။ ဗျူဟာရှုထောင့်မှ ကြည့်လိုက်မည်ဆိုပါက ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရခြင်းမှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့်နှင့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ အမြောက်အမြားအား သတ်ဖြတ်ရခြင်းလောက် မကောင်းပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ လူများအား ခံယူချက်များ ယိမ်းယိုင်သွားစေမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် ချင်ခွန်းကျစ် သူဆီသို့ ပြေးလာသောအခါ ဝမ်ပေါင်လဲ့မှာ အော်ဟစ်ရယ်မောကာ နောက်သို့ဆုတ်ခွာသွားခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ချင်ခွန်းကျစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ထိုအခါ ချင်ခွန်းကျစ်၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
" မင်းက သွေးနားထင် ရောက်နေတာပဲကွ "
သူတို့နှစ်ယောက်မှာ ချက်ချင်းဆိုသလိုပင် စကြဝဠာကြီးထဲ၌ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မည်သူက မည်သူ့အား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အတိအကျ မသိနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက် ထိုသို့ ထိပ်တိုက်တွေ့သွားကြသည်နှင့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး အသံလှိုင်းကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုအခါ နှစ်ဘက်စလုံးမှ ကျင့်ကြံသူ အမြောက်အမြားမှာ သွေးများအန်ထွက်လာကြပြီး အလန့်တကြားနှင့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုသို့ ဝင်တိုက်ခံလိုက်ရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး နောက်သို့ ပေခုနစ်ဆယ်၊ ရှစ်ဆယ်အထိ တွန်းထုတ်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဒဏ်ရာလုံးဝ ရမသွားခဲ့သည့်အပြင် မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားဆဲပင်။ သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည့်တိုင်အောင် လက်တွေ့တွင်မူ ၎င်းမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။
" ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို လောင်ကျွမ်းသွားစေလိုက်မယ်ဆိုရင် ငါက သာမန် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေထက် ပိုပြီးတော့ အစွမ်းထွက်လာမှာပဲ။ စိတ်ဝင်စားစရာပါလား "
သူ၏စကားသံများ ထွက်ပေါ်လာသောအခါ ချင်ခွန်းကျစ်မှာ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် အလွန်အင်မတန်မှ အားကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခု သူ့အား ရိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် နောက်သို့ ပေငါးရာကျော်အထိ ဆုတ်ခွာသွားလိုက်ရပြီးနောက် သူ့ကိုယ်သူ ပြန်လည်ရပ်တန့်နိုင်ရန် ကြိုးစားလိုက်ရ၏။ ထို့နောက် သူ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာသဖြင့် သူသည် မျက်နှာပျက်သွားရတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။
" မင်း... " သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ သူသည် သူ၏ ကျင့်ကြံစွမ်းအားများထဲမှ နောက်ထပ် နှစ်ဆယ်ရာခိုင်နှုန်းခန့်အား ထပ်၍ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိကို ထုတ်လွှတ်ကာ ရှေ့သို့ ပြေးထွက်လာသောအခါ သူ၏ အမြန်နှုန်းမှာ ဟင်းလင်းပြင်ကြီးကိုပြင် ဟက်တက်ကွဲသွားစေနိုင်လောက်အောင် မြန်ဆန်နေတော့သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားနေရသည့် ချင်ခွန်းကျစ်၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ နတ်ဘုရားလက်နက်ကြီး ပေါ်ပေါက်လာပြီး အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာတော့သည်။
ထိုအခါ ချင်ခွန်းကျစ်မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူသည် ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။ ထိုအခါ ဂဠုန်ငှက်ကြီး၏ အရိပ်မှာ ချက်ချင်းဆိုသလိုပင် ရှင်းလင်းပြတ်သားသွား၏။ သူသည် အစွမ်းကုန် တွန်းလှန်တိုက်ခိုက်နေသလို ဂဠုန်ငှက်ကြီး၏ အမြီးကို ယမ်းခါသွားအောင် လုပ်ကာ ဝမ်ပေါင်လဲ့ဆီသို့ တန်ပြန်တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်တော့သည်။
သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ နောင်တရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူ၏လက်ထဲရှိ နတ်ဘုရားလက်နက်ကြီးမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းနှင့်အတူ အောက်သို့ ပြုတ်ကျလာ၏။ ထိုအခါ ကြောက်မက်ဖွယ်ရာကောင်းသည့် ဂဠုန်ငှက်ကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး ဝမ်ပေါင်လဲ့၏ရှေ့၌ ပျက်စီးပျောက်ကွယ်သွားရတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ချင်ခွန်းကျစ်၏ ရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး သူ၏ နတ်ဘုရားလက်နက်ကြီးဖြင့် နောက်ထပ်တစ်ကြိမ် လှမ်းခုတ်လိုက်ပြန်သည်။
ထို့ကြောင့် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ချင်ခွန်းကျစ်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်နေမင်းတစ်စင်း ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် အစွမ်းကုန် ခုခံတွန်းလှန်နေပါသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ နေရာအနှံ့အပြားမှ သွေးများ ပန်းထွက်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား စူးရှကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။
" မင်းက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးပဲ "
" ကျုပ်က ခဗျားရဲ့ အဖေလေ " ဝမ်ပေါင်လဲ့မှာမူ လှောင်ပြုံးပြုံးကာ လူတိုင်း၏ မျက်နှာများပေါ်ရှိ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာအမူအရာများကို လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူသည် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းကာ အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် ချင်ခွန်းကျစ်၏ အနီးသို့ ရောက်ရှိသွားပြန်သည်။ ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ထဲရှိ နတ်ဘုရားလက်နက်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ဝှေ့ယမ်းလိုက်သဖြင့် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံကြီးများ ချက်ချင်းဆိုသလိုပင် ပေါ်ထွက်လာတော့သည်။
ချင်ခွန်းကျစ်မှာမူ အသံကုန်အော်ဟစ်ကာ နောက်ထပ်တစ်ကြိမ် ခုခံတွန်းလှန်လိုက်ပြန်သည်။ သူ၏ လက်ထဲမှ အနက်ရောင်နေမင်းကြီးမှာ အမှန်တကယ်ပင် တမူထူးခြားလှပေသည်။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း သွေးများ အန်ထွက်လာရပြီး ဒဏ်ရာများ ထပ်ခါတလဲလဲ ရရှိနေရသည့်တိုင်အောင် ၎င်းအား လက်ထဲမှ မလွှတ်သေးပေ။ သို့သော် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာရပြီဖြစ်သည်။
" အားပျော့လိုက်တဲ့ကောင် " ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်ဝါးကာ ချင်ခွန်းကျစ်၏ နောက်သို့ ပြေးလိုက်သွားရင်း အလွန်အင်မတန်မှမြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် သူ့အား တိုက်ခိုက်လိုက်၏။ ဝမ်ပေါင်လဲ့ သူ၏ နတ်ဘုရားလက်နက်ကြီးဖြင့် ခုနစ်ချက်တိတိ ခုတ်ထစ်ပြီးသွားသောအခါ နောက်ဆုံးတွင် ချင်ခွန်းကျစ်၏ လက်ထဲမှ အနက်ရောင်နေမင်းကြီးမှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ကြေမွပျက်စီးသွားရတော့သည်။ ထို့နောက် မိုးကောင်းကင်အား တုန်ရီကာ ကမ္ဘာကြီးအား တစ်စစီ ကွဲအက်သွားစေနိုင်လောက်အောင် အားကောင်းသည့် ဝမ်ပေါင်လဲ့၏ အဋ္ဌမမြောက် ဓားချက်ကြီးမှာ အရာအားလုံးကို ဟက်တက်ခွဲပစ်နိုင်စွမ်းရှိသော သက်တံ့ကြီးတစ်ခုကဲ့သို့ ချင်ခွန်းကျစ်၏ မျက်ဝန်းများထဲ၌ ဖျတ်ခနဲ ဝင်းလက်တောက်ပသွားတော့သည်။
တစ်အောင့်ခန့်အကြာတွင် သူ၏ ဦးခေါင်းပြတ်ကြီးမှာ လေပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းတစ်ခုမှာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်နှင့် အရိုးများမှာ တစ်စစီ ကြေမွပျက်စီးသွားရပြီး သူသည်လည်း ဇီဝိန်ချုပ်သွားရတော့သည်။
" အားနည်းလိုက်တာကွာ " ဝမ်ပေါင်လဲ့မှာမူ စိတ်ကျေနပ်နေသည့် အမူအရာဖြင့် စကြဝဠာကြီးထဲ၌ ရပ်ရင်း အေးတိအေးစက်လေသံဖြင့် ရေရွတ်လိုက်သည်။
ထိုအခါ ဘေးပတ်ပတ်လည်ရှိ စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွား၏။ ထိုမြင်ကွင်းအား မြင်လိုက်ရသည့် နှစ်ဘက်စလုံးမှ ကျင့်ကြံသူများမှာဆိုလျှင် တိုက်ခိုက်ရန်ပင် မေ့ပျောက်သွားကြပြီ ဖြစ်သည်။ သူတို့မှာ အသက်မပါသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီးနောက် ခေါင်းထဲ၌ မိုးကြိုးအချက်ရေပေါင်း မြောက်မြားစွာ ပေါက်ကွဲထွက်ပေါ်လာသည့်အလား တစ်ခေါင်းလုံး ထူပူသွားကြတော့သည်။
ဝမ်ပေါင်လဲ့၏ အငွေ့အသက်နှင့် ကျင့်ကြံခြင်းစွမ်းအားများ အမှန်တကယ်ပင် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။
" ဂြိုဟ်အဆင့်လား " နတ်သမီးလင်ယိုပင်လျှင် တစ်ခဏမျှ မှင်တက်သွားရပြီး မယုံသင်္ကာနှင့် ရေရွတ်မိလိုက်၏။ သူမ၏ စကားသံကြောင့် နှစ်ဘက်စလုံးမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ ခန္ဓာကိုယ်များ ဆတ်ခနဲတုန်ရီသွားကြတော့သည်။ သူတို့အားလုံးမှာ ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်နှာအမူအရာများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီ ဖြစ်သည်။