← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 164 Ch. 2338

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 164 Ch. 2338

ရီဖူရှင်းက ဟွားကျွင်းလိုင်နှင့် အခြားကျင့်ကြံသူ ခုနစ်ယောက်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်သည်။ "ကျုပ်ရဲ့ အပြုအမူက တကယ့်ကို မသင့်တော်ပါဘူး။ ဒါပေမယ့် ကျုပ် အရင်တုန်းက အဖွဲ့မှာ ပါဝင်ဖို့ သဘောမတူခင် သေချာမတွေးမိခဲ့ဘူး။ အခုအမြင်အရဆို ကျုပ်တို့ ထွက်တိုက်ကြရင်တောင် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ဖျက်ဆီးနိုင်ဖို့ သေချာမယ်ဆိုတာ ယုံကြည်ချက် မရှိဘူး။ ဒီတိုက်ပွဲရဲ့ ရလဒ်က မသေချာဘူးလေ။ ကျုပ်တို့ ချိုးဖျက်နိုင်ရင်တောင် အထိအခိုက် မရှိဘဲ ထွက်လာနိုင်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။"

ကြည်လင်ရှင်းလင်းသော အသံနှင့် ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံသူတွေက ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ကာကွယ်ဖို့အတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ ဆန္ဒရှိကြတယ်။ ဒီအပြုအမူက လေးစားစရာပါပဲ။ ဒါကြောင့် ကျုပ် စိတ်ပျော့သွားတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ ကျုပ်က ဒီတာဝန်ကို လက်လျှော့လိုက်မယ်။ ကျုပ်တို့ စွန့်ပစ်ခံကလန်ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ စွန့်ပစ်ခံကလန်ရဲ့ လိုဏ်ဂူမှာ ကျင့်ကြံဖို့ အခွင့်အရေးကိုလည်း ကျုပ်တို့ လက်လျှော့လိုက်မယ်။ သူတို့ ပိုင်ဆိုင်တဲ့ ရတနာတွေကို ကျုပ်တို့ လုယူမှာ မဟုတ်ဘူး။"

သူက တိုက်ပွဲ၌ ပါဝင်ရန် သဘောတူလိုက်သော်လည်း နှစ်ဖက်အဖွဲ့မှ တိုက်ခိုက်ကြသည့် အချိန်တွင် အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူက မှားယွင်းခဲ့သည်မှာ မှန်သော်လည်း သူက စွန့်ပစ်ခံကလန် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို အထင်ကြီးလေးစားခဲ့သည်။ ထို့ကြောင့် သူက ထိုမျှ အလွန်အကျွံ မလုပ်ချင်ခဲ့ပေ။

"မင်းက လိုဏ်ဂူထဲမှာ ကျင့်ကြံဖို့အခွင့်အရေးကို လက်လွှတ်မှာလား။" ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူတစ်ယောက်က လှောင်ပြောင်သရော်လိုက်သည်။ "ဒီလိုအပြုအမူနဲ့ဆိုရင် စွန့်ပစ်ခံကလန်က မင်းကို ဂုဏ်သရေရှိ ဧည့်သည်အဖြစ် ဆက်ဆံမှာ သေချာတယ်။ သူတို့က ဒီတိုက်ပွဲပြီးသွားရင် သူတို့ရဲ့ လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံဖို့အတွက် မင်းကို ဖိတ်ခေါ်ချင်တောင် ဖိတ်ခေါ်နေမှာ။"

ရှင်းလင်းစွာပင် ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများသည် စွန့်ပစ်ခံကလန်မှ နှစ်သက်မှုရရှိရန် ကြိုးစားနေသည်ဟု ထင်မှတ်နေကြသည်။

ရီဖူရှင်းသည် ထိုစကားပြောလာသူအား အထင်သေးစက်ဆုပ်သည့် အကြည့်တို့ ပေးလိုက်သည်။ ထို့နောက် သူက သာမန်ကာလျှံကာ ပြောလိုက်၏။ "ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့် ရောက်ပြီလဲ။ ပြီးတော့ ကျုပ်ကရော ဘယ်အဆင့်မှာလဲ။"

တစ်ဖက်လူက မျက်မှောင်ကြုတ်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်ပြီး ရီဖူရှင်းက အဆင့်ခုနစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။

"ခင်ဗျား ဝင်္ကပါကို မချိုးဖျက်နိုင်ဘူး။ တခြားတစ်ဖက်မှာ ကျုပ်က အဆင့်ခုနစ် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို စိန်ခေါ်ဖို့ ယုံကြည်ချက် ရှိတယ်။ ကျုပ် တခြားအင်အားစုတွေနဲ့ ပူးပေါင်းမယ်ဆိုရင် ရှုံးလိမ့်မယ်လို့ ထင်လား။" ရီဖူရှင်းက ပြန်လှန်ပြောဆိုလိုက်သည်။ သူ၏ ဆိုလိုရင်းမှာ သူသာ စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရန် အမှန်တကယ် စိတ်ဝင်စားလျှင် သူက မျှမျှတတနှင့် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်ရန် အခွင့်အရေး ရှိနိုင်ပေသည်။

ရီဖူရှင်း၏ စကားလုံးများသည် အခြားလူများက ဝင်္ကပါကို မချိုးဖျက်နိုင်သော်လည်း ရီဖူရှင်းက မလုပ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ပြောနေခြင်းဖြစ်သည်။

ရီဖူရှင်းသည် အဆင့်ခုနစ်ရန်ဟောင် ကျင့်ကြံရေးအဆင့်နှင့် ဝင်္ကပါကို ချိုးဖျက်ရန် ကြိုးစားနိုင်ခဲ့လျှင် မည်သူမှ အံ့အားသင့်လိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က အဆင့်ရှစ်ရန်ဟောင်များဖြစ်သော ထိပ်သီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရန်မှာ သူ့အတွက် လုံလောက်ပေသည်။

"မင်း သေချာမပြောနိုင်ဘူးလေ...။" အခြား အဆင့်ရှစ်ရန်ဟောင်များက သံသယဖြစ်နေကြသည်။ ရီဖူရှင်းက အမှန်တကယ် အလွန် အစွမ်းထက်လျှင်ပင် ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်ရန်မှာ လွယ်ကူသော တာဝန် မဟုတ်ပေ။

သို့သော် နတ်ဆိုးလောကမှ ရှောင်းမုက ရီဖူရှင်း၏ စကားများကို ယုံကြည်ပေသည်။ ရီဖူရှင်း က သူ့ကို အနိုင်ယူနိုင်သည့်အတွက် စွန့်ပစ်ခံကလန်မှ အဆင့်ခုနစ် ကျင့်ကြံသူများ ဖွဲ့စည်းထားသော ဝင်္ကပါကို ချိုးဖျက်ရန်မှာ သူ့အတွက် ဖြစ်နိုင်ပေလိမ့်မည်။ အဆုံးမှာတော့ ကျင့်ကြံသူများသည် ရီဖူရှင်းနှင့် ရှောင်းမုတို့၏ အဆင့်သို့ ရောက်ရှိသောအခါ အဆင့်တစ်ခုချင်းစီကြားမှ ကွာခြားချက်တို့က ကြီးမားလှသည်။

"ရန်ဟောင်ရီက စာနာထောက်ထားမှု အပြည့်ရှိတာပဲ။" စွန့်ပစ်ခံကလန်မှ အကြီးအကဲက ချီးမွမ်းလိုက်သည်။ ထို့နောက် သူက ကြေညာလိုက်သည်။ "စွန့်ပစ်ခံကလန်က ဝမ်းမြောက်စွာနဲ့ ရန်ဟောင်ရီနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။"

"စီနီယာ ကျေးဇူးတင်​ပါတယ်။" ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ တုန့်ပြန်ခဲ့သည်။ "ရှန်းယိကုန်းမြေက မူလဘုံ နယ်မြေဆီကို ရောက်လာခဲ့ပြီး အခု မူလဘုံနဲ့ ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်း ​ဖြစ်လာခဲ့ပြီ။ စွန့်ပစ်ခံကလန်ကို ဒီနေရာမှာ လွတ်လပ်တဲ့ ကလန်အဖြစ် တည်ရှိဖို့ ခွင့်ပြုသင့်တယ်။ ဒီကုန်းမြေက လေဟာနယ်ထဲကနေ နောက်ဆုံး ပေါ်ထွက်မလာခင် မရေတွက်နိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်။ ကောင်းကင်ဒေသက စီနီယာတွေ ဒါကို ထည့်စဥ်းစားပေးဖို့ မျှော်လင့်ပါတယ်။"

ရှန်းယိကုန်းမြေက ယခု မူလဘုံ၏ လေဟာနယ်အတွင်း ချဥ်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။ မူလဘုံက ကောင်းကင်ဒေသ၏ တစ်စိတ်တစ်ပိုင်း​ဖြစ်လာခဲ့ကတည်းက ရီဖူရှင်းသည် စွန့်ပစ်ခံကလန်က ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုအောက်၌ ရှိနေသည်ဟု အသိအမှတ်ပြုမိပေသည်။ ထိုသို့ဖြစ်လျှင် စွန့်ပစ်ခံကလန်သည် ကောင်းကင်ဒေသ၏ အမှီအခိုကင်းသော အင်အားစုအဖြစ် သတ်မှတ်နိုင်ပေသည်။

ကံမကောင်းစွာနှင့် စွန့်ပစ်ခံကလန်အပေါ် ရီဖူရှင်း၏ ဖော်ရွေမှုက သူတို့၏ မျက်နှာသာပေးမှုကို အနိုင်ရခဲ့လျှင်ပင် ၎င်းသည် ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများအား ဆန့်ကျင်မိစေခဲ့သည်။ ရီဖူရှင်း၏ စွန့်ပစ်ခံကလန်ကို လက်ခံရန် ကြိုးစားမှုက ရှေးဟောင်းနတ်ဘုရားကလန်အား ဆန့်ကျင်သလို ဖြစ်သွားစေသည်။ သူက သူတို့ကို အထင်အမြင်သေးစေရန် ပြုလုပ်နေသည်။ ရီဖူရှင်းက ရှေးဟောင်းနတ်ဘုရားကလန်ကို အသုံးပြု၍ စွန့်ပစ်ခံကလန်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေသည်လား။

ဟွားကျွင်းလိုင်၏ အကြည့်က ရီဖူရှင်းပေါ်တွင် ကျရောက်နေခဲ့သည်။ မဟာလမ်းစဥ်၏ ခမ်းနားထည်ဝါသော စွမ်းအားများက သူ့ထံမှ ထွက်ပေါ်လာပြီး ရီဖူရှင်းကို ဖိအားပေးလာခဲ့သည်။ ဟွားကျွင်းလိုင်၏ အဖြူရောင် ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေခဲ့သည်။ သူ့အရှိန်အဝါက တဖြေးဖြေး ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူက ရှေ့သို့ ခြေလှမ်းကာ ပြောလိုက်သည်။

"ရန်ဟောင်ရီ ခင်ဗျား စကားလုံးတွေက ခင်ဗျားရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်။ အခု ခင်ဗျားက ကျုပ်တို့ကို စက်ဆုပ်စရာကောင်းတဲ့သူတွေ ဖြစ်အောင် လုပ်နေတာပဲ။ ကျုပ်က ခင်ဗျားကို ကျုပ်တို့အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာ ခင်ဗျားရဲ့ ထူးခြားတဲ့ ပါရမီအရည်အချင်းနဲ့ မဟာအင်ပါယာအနည်းငယ်ရဲ့ အမွေအနှစ်တွေကို ဆက်ခံထားတယ်လို့ ကြားမိတာကြောင့်ပဲ။ ဒါပေမယ့် အခုချိန်ထိ ခင်ဗျား တိုက်ခိုက်တာကို ကျုပ် မမြင်ဖူးသေးဘူး။ ဒီလိုဆိုမှတော့ ကျုပ်ကိုယ်တိုင် ခင်ဗျားရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့အပြင် ရွေးချယ်စရာ မရှိတော့ဘူး။"

ဟွားကျွင်းလိုင်က ရီဖူရှင်းအား တိုက်ခိုက်ရန် ရည်ရွယ်နေသည်။

သူက ထိုသို့ ပြောပြီးသည်နှင့် ခြိမ်းခြောက်နိုင်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ စွမ်းအားက ရီဖူရှင်းပေါ်သို့ ဆင်းသက်လာသည်။ နတ်ဘုရား၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် ဟောက်ထျန်းမဟာအင်ပါယာက ပြန်လည်ရှင်သန်လာသလို ထင်မှတ်ရသည်။ ဟွားကျွင်းလိုင်က မဟာအင်ပါယာ၏ ပုံရိပ်ယောင်ရှေ့တွင် ရပ်နေခဲ့သည်။ သူက နတ်ဘုရားတစ်ပါး၏ ဆက်ခံသူတစ်​ပါး ဖြစ်သည်။ သူ၏ အရှိန်အဝါက ပြိုင်ဘက်ကင်းပေသည်။

"ခင်ဗျားက ကျုပ်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်တယ်ဆိုတော့ ရွေးချယ်စရာ မရှိဘဲ တောင်းဆိုချက်ကို လက်ခံပေးရတော့မှာပေါ့။" ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သူ၏ ပုံရိပ်က ဥက္ကာပျံတစ်ခုကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ချက်ချင်းပင် သူက ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။

ဟွားကျွင်းလိုင်သည်လည်း ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ သူတို့နှစ်ယောက်က လေဟာနယ်ကို ဖြတ်ကာ အချင်းချင်း စိုက်ကြည့်နေကြသည်။ သူတို့၏ မဟာလမ်းစဥ် အရှိန်အဝါများက လှည့်ပတ်ကာ အော်မြည်နေခဲ့သည်။ သူတို့၏ စွမ်းအားများက နေရာတစ်ခွင်လုံးတွင် လှည့်ပတ်နေသည်။ သူတို့က ကောင်းကင်ကို အုပ်စိုးရန် ယှဥ်ပြိုင်နေသကဲ့သို့ပင် ဖြစ်သည်။

ဟွားကျွင်းလိုင်က သူ၏ လက်ကို မြှောက်လိုက်သည်။ တူညီစွာပင် နတ်ဘုရား၏ ပုံရိပ်ယောင်ကလည်း သူ့လက်ကို မြှောက်လိုက်သည်။ သူတို့၏ လှုပ်ရှားမှုများက ထ​ပ်တူကျနေခဲ့၏။ ထို့နောက်တွင် သူတို့က လက်ဝါးကို မြှောက်ကာ ရိုက်ချလိုက်သည်။ ချက်ချင်းပင် မဟာလမ်းစဥ်မိုးကြိုးများက ကောင်းကင်နှင့် မြေကြီးအကြား ရိုက်ခတ်လာသည်။ ကြီးမားသော လက်ဝါးတစ်ဖက်က ရီဖူရှင်းပေါ်သို့ တိုက်ရိုက်ဆင်းသက်လာ၏။

အဝေးမှ ရီဖူရှင်းသည် ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရပေသည်။ ကောင်းကင်တစ်ခွင်လုံးက ကြီးမားသည့် လက်ဝါးအဖြစ် ပြောင်းလဲသွားကာ သူ့ထံ တိုးဝင်လာသည်။ သူ့တွင် ပုန်းကွယ်စရာ နေရာမရှိတော့သလိုပင် ဖြစ်၏။ မဟာလမ်းစဥ်၏ လေဟာနယ်တစ်ခွင်လုံးက ဤကြီးမားသော လက်ဝါး တိုက်ခိုက်မှုအတွင်း ကျရောက်နေသလို ထင်မှတ်ရသည်။ ထို့ပြင် အဆုံးမဲ့ ဖျက်ဆီးခြင်းနတ်အလင်းတို့က လက်ဝါးအနီး၌ စီးဆင်းနေသည်။ ၎င်းသည် ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားများ ပါဝင်နေသည့် နတ်အလင်းတို့ ဖြစ်လေသည်။ ယင်းသည် လမ်းကြောင်းတလျှောက် အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည် ​ဖြစ်သည်။

ဘုန်း...

သေစေနိုင်လောက်သည့် ကြီးမားသော လက်ဝါးကြီးက အောက်သို့ ထိုးဆင်းလာပြီး ၎င်း၏ လမ်းတလျှောက် တည်ရှိနေသည့် အရာအားလုံးကို သုတ်သင်ချေမှုန်းပစ်လိုက်သည်။ တုန်ခါသံများ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မဟာလမ်းစဥ် တုန်ခါမှုများ ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည်။ ၎င်းက ဧကရာဇ်ရောင်ဝါတို့ ပျော်ဝင်နေသလို ဖြစ်ပေသည်။ မဟာအင်ပါယာ၏ စွမ်းအားက ယခု သူ့စွမ်းရည်ကို မြှင့်တင်ပေးနိုင်နေဆဲသော်လည်း ယခင်ကကဲ့သို့ သက်ရောက်မှုက အားမကောင်းတော့ပေ။ အဆုံးမှာတော့ ရီဖူရှင်းသည် ရန်ဟောင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက အထက်သို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်း သတိပေးသည့် အသံများ ဆူညံပေါက်ကွဲထွက်လာပြီး အသင်္ချေကြယ်နတ်အလင်းဓားတို့က အထက်သို့ ထိုးတက်သွားသည်။ ၎င်းတို့က ကျဆင်းလာနေသည့် ကြီးမားသော လက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဘန်း.. ဘန်း... ဘန်း...

ထိတ်လန့်ဖွယ် ထိခတ်သံတို့က အဆက်မပြတ် ပဲ့တင်ထပ်လာသည်။ နတ်ဓားတစ်လက်ချင်းစီက လက်ဝါးနှင့် ပြင်းထန်စွာ ထိပ်တိုပ်တွေ့ဆုံခဲ့သည်။ ချက်ချင်းပင်  အက်ကြောင်းများစွာက ကြီးမားသည့် လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။ ထို့နောက် လက်ဝါးနှင့် နတ်ဓားများက အတူတူ တစစီပြိုကွဲပျက်စီးသွားလေသည်။ အရာရာတိုင်းက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

အဝေးမှ ဟွားကျွင်းလိုင်က ကောင်းကင်ထက်သို့ မျောလွင့်လာသည်။ သူက ရီဖူရှင်းထက် ပိုမိုမြင့်မားသော နေရာသို့ ရောက်ရှိလာ၏။ သူသည် ရီဖူရှင်းကို တစ်ချက်တည်းဖြင့် အနိုင်ပိုင်းနိုင်သည်ဟု တွေးထင်ရလောက်သည်အထိ နုံအခြင်း မရှိပေ။ အဆုံးမှာတော့ တစ်ဖက်လူက နယ်မြေတစ်ခုလုံးကိုပင် အုပ်စိုးနိုင်သည့် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

သူက အောက်ဘက်ရှိ ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။ ကြီးမားသော ကောင်းကင်စွမ်းအားက သူ့ထံမှ ပေါက်ကွဲထွက်လာ၏။ သူ့နောက်မှ မဟာအင်ပါယာ၏ ပုံရိပ်က မဟာအင်ပါယာဟောက်ထျန်း ကမ္ဘာပေါ်သို့ ဆင်းသက်လာသလို ထင်မှတ်ရသည်။ သူက မဟာအင်ပါယာဟောက်ထျန်း၏ ဆက်ခံသူမျိုးဆက်ဖြစ်ကာ မဟာအင်ပါယာ စွမ်းအားကို ဆက်ခံထားသည်။

အောက်ဘက်တွင် စွန့်ပစ်ခံကလန် ရှိနေသည့်နေရာ၌ ကျင့်ကြံသူများစွာက ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ သူတို့၏ နှလုံးသားများက အနည်းငယ် လှုပ်ရှားနေခဲ့ပေသည်။ ယခင်က ဟွားကျွင်းလိုင်သည် ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်း ပိတ်မိနေခဲ့ပြီး အပြင်သို့ ထွက်မသွားနိုင်ခဲ့ပေ။ သူက ပြင်းထန်စွာ ကန့်သတ်ခံထားခဲ့ရသည်။ သူက ထိုနေရာ၌ ပြီးဆုံးသွားပြီဟု ခံစားမိခဲ့ပေသည်။

ယခု ရီဖူရှင်းနှင့် သူ၏ တိုက်ပွဲတွင် နောက်ဆုံး၌ သူက တိုက်ပွဲစွမ်းရည်ကို အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့ပြီ ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားကလန်မှ ဤအစွမ်းထက်ပုဂ္ဂိုလ်က မူလဘုံ၏ လူငယ်အုပ်ချုပ်သူအား ဆန့်ကျင်နေခဲ့သည်။ မည်သူက ပို၍ အားကောင်းလိမ့်မည်နည်း။

All Chapters