← Chapters

ပိအန်းပန်း နှစ်ပွင့်

Vol. 84 Ch. 1171

ပိအန်းပန်း နှစ်ပွင့်

Vol. 84 Ch. 1171

ရှားရိုယင်လား …..

မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအား မရေမရာ ကြည့်လိုက်မိသည်။

တကယ်ကို တိုက်ဆိုင်မှု တစ်ခုလား ….

မဟုတ်သေးဘူး  … မကြာခင် မိုဝူကျိက အသိပြန်ကပ်လာသည်။

ဝိဇ္ဇာသူတော်စင်မ ပြောသည့် ရှားရိုယင်က သူ့ကို လုပ်ကြံခဲ့သည့် တစ်ယောက်နှင့် အတူတူ ဖြစ်လိမ့်မည်။ မဟုတ်လျှင် ဝိဇ္ဇာသူတော်စင်မက ထိုကိစ္စအကြောင်း သိမည် မဟုတ်ပေ။

“ သူမက ပညာရှင်တစ်ယောက်ယောက် ပြန်လည် ဝင်စားတဲ့သူလား။ မဟုတ်ရင် လူသားကမ္ဘာကနေ ဒီကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ ” မိုဝူကျိက လေအေးများ ရှုသွင်းရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ဝိဇ္ဇာသူတော်စင်မက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်  “ သူမက တစ်ယောက်ယောက် ပြန်လည်ဝင်စားတာလား ဘာလားတော့ မသိဘူး။ ဒါပေမဲ့ သူမက မင်းကို လုပ်ကြံခဲ့တဲ့သူဆိုတာ သေချာတယ် ”

မကြာခင် မိုဝူကျိက သဘောပေါက်သွားသည်။ သူက ပြန်မေးလိုက်၏  “ အဲဆို ရှားရိုယင်လည်း ဒီမှာ ‌ရောက်နေတာပေါ့ ”

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ခေါင်းညိတ်ကာ   “ ဟုတ်တယ် …. ဒီမှာ ရှိနေတယ်။ ပြီးတော့ သူမက  လူသားတာအိုကို ကျင့်ကြံထားတော့ နတ်ဘုရားနားခိုရာ နယ်မြေထဲ ဝင်နိုင်တယ်လေ ”

သူမက ပြောလိုက်ရင်း ရပ်ကာ မိုဝူကျိအား ကြည့်လိုက်ပြီး မေးလိုက်သည်  “ ကြားတာတော့ မင်းက လူသားတာအိုကို ဖန်တီးခဲ့တဲ့သူဆို …. ”

မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ ဟုတ်တယ် …. ကျုပ်က လူသားတာအိုကို ဖန်တီးခဲ့တာ။ သူမက ကျုပ် လူသားတာအို ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ဆေးရည်တချို့ပဲ ရသွားတာ။ ပြီးတော့ အဲဒီဆေးဖော်စပ်နည်းက မပြီးပြည့်စုံသေးဘူး။

အဲဒါကြောင့် သူမရဲ့ တာအိုကလည်း လူသားတာအိုလို့ မှတ်ယူလို့ မရဘူး။ နတ်ဘုရားနားခိုရာ နယ်မြေဆီ ဝင်ဖို့ လူသားတာအို ကျင့်ကြံထားတဲ့သူ ဖြစ်ဖို့ မလိုပါဘူး။ စောစောက ကျုပ်လွှတ်ပေးလိုက်တဲ့ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုလည်း လူသားတာအိုကို မကျင့်ကြံဘူး။ ဒါပေမဲ့ နတ်ဘုရားနားခိုရာ နယ်မြေကနေ ထွက်လာနိုင်သေးတာပဲ ”

ရှားရိုယင်က သူ့မပြီးပြည့်စုံသည့် ဆေးဖော်စပ်နည်းကို ရပြီး ချီသွေးကြော ဖွင့်ခဲ့သော်လည်း မိုဝူကျိက ရှားရိုယင်သည် တကယ့်လူသားတာအို အစစ်အမှန်ကို ကျင့်ကြံသည်ဟု မထင်ပေ။ သူ လူသားတာအို ကျင့်ကြံနိုင်သည့် အကြောင်းအရင်းမှာ ချီသွေးကြော ဖွင့်ပြီးနောက် တိုက်တိုက်ဆိုင်ဆိုင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ရှာတွေ့ခဲ့၍ ဖြစ်သည်။ ဤသည်မှာ သဘာဝအစီအစဉ်များကို ဆန့်ကျင်နေသည့် တာအိုတစ်ခု ဖြစ်၏။ သူက ရှားရိုယင်သည် သူနှင့်အဆင့်တူ အောင်မြင်လိမ့်မည်ဟု မယုံပေ။

“ မင်း ပြောတာ မှန်တယ်။ လူတော်တော်များများက ဝိဇ္ဇာတွေကို စကြဝဠာကြီးရဲ့ အစားထိုးမရတဲ့ ပြယုတ်အဖြစ် မြင်ကြတယ်။ တကယ်ကျ ဝိဇ္ဇာဆိုတာလည်း ကျင့်ကြံဆင့် တစ်ခုပဲ။ အဲထက် ဘာမှမပိုဘူး ” ဝိဇ္ဇာသူတော်စင်မက ကြာပန်းနီမှ သူမတာအိုကို ရရှိလာကာ အသိဉာဏ်ပိုင်ဆိုင်လာခြင်း ဖြစ်၏။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ   “ တာအိုရောင်းရင်း ဝတ်ရုံစိမ်း …. ကျုပ် နောက်ထပ် နည်းနည်းလောက် မေးချင်သေးတယ် ”

ဝိဇ္ဇာသူတော်စင်မက ပြောလိုက်သည်

“ တာအိုရောင်းရင်းမိုက ကျွန်မအသက်ကို ကယ်ပေးခဲ့တယ်။ တကယ်လို့ မေးစရာရှိရင် စိတ်ကြိုက်မေးပါ။ ကျွန်မရဲ့ တကယ့်ခန္ဓာကိုယ်အစစ်က ကြာပန်းနီဆိုတော့ ကြာပန်းနီလို့ ခေါ်လို့ ရပါတယ် ”

“ ကောင်းပါပြီ … တာအိုရောင်းရင်း ကြာပန်းနီက ရှားရိုယင်ကို ကယ်ပေးခဲ့တယ်လို့ ပြောလိုက်တယ်မလား။ ဘယ်ကနေ သူမကို ကယ်ခဲ့တာလဲ ” မိုဝူကျိက ရှားရိုယင်သည် ကျင့်ကြံရေးလမ်းကြောင်းပေါ် မည်သို့ ရောက်ရှိလာကြောင်း အမှန်တကယ် သိချင်မိသည်။

ဝိဇ္ဇာသူတော်စင်မက ပြန်ဖြေလိုက်၏

“ ကျွန်မရဲ့ အကျင့်စရိုက်အရ ဉာဏ်များလိမ်လည်တဲ့ တိုက်ပွဲတွေကို သဘောမကျဘူး။ အဲဒါကြောင့် တခြားဝိဇ္ဇာတွေနဲ့ သိပ်အခေါ်အပြော မရှိဘူး။ ကျွနမက အချိန်အများစုကို ကျွန်မရဲ့ ဝိဇ္ဇာသူတော်စင်ရေကန်မှာပဲ ကုန်ဆုံးလေ့ ရှိတယ်။ တစ်ခါတစ်ရံတော့ ဝိဇ္ဇာသူတော်စင် ရေကန်ကနေ ထွက်သွားပြီး စကြဝဠာတစ်ခွင် သွားလေ့လာတယ်။ တစ်ခါက မြေအောက်ကမ္ဘာဆီ ရောက်သွားတယ်။

အဲဒီမြေအောက်ကမ္ဘာမှာ သေဆုံးခါစ ရှားရိုယင်နဲ့ တွေ့လိုက်ရတာ …. သူမ မျက်နှာထက်က ကူကယ်ရာမဲ့နေတဲ့ အမူအယာကို မြင်ပြီး အတိတ်တုန်းက ကျွန်မကိုယ်ကို ပြန်အမှတ်ရသွားမိတယ်လေ။ အဲတုန်းက ကျွန်မ မြေအောက်ကမ္ဘာရဲ့ စည်းမျည်းကို ဆန့်ကျင်ပြီးတော့ သူမကို ခေါ်သွားဖို့ မိုက်ရူးရဲ  ဆုံးဖြတ်ခဲ့မိတယ် …

အဲတုန်းက သူမဆီမှာ ကျင့်ကြံဆင့်လည်း မရှိဘူး။ ပြီးတော့ ဝိညာဉ်ကလည်း အင်မတန် အားနည်းနေတာ။ အဲဒါနဲ့ သူမ ခန္ဓာကိုယ် ပြန်ကောင်းလာဖို့ ကူညီပေးခဲ့တယ်။ နောက်ပိုင်းတော့ ဘာဆက်ဖြစ်လဲဆိုတာ သိမှာပါ။ သူမကို ဝိဇ္ဇာသူတော်စင် ရေကန်ဆီ ခေါ်သွားခဲ့တယ် …. နောက်ဆုံးတော့ သူမက သစ္စာဖောက်သွားခဲ့တယ် ”

မိုဝူကျိက ပြန်ဖြေကာ   “ ကျုပ်နားလည်ပြီ … ခင်ဗျား အခုသွားလို့ ရပါပြီ”

ဝိဇ္ဇာသူတော်စင်မက ချက်ချင်း ထွက်မသွားသေးပေ။ ထို့အစား မိုဝူကျိထံ ဦးညွှတ်ကာ ပြောလိုက်၏

“ တာအိုရောင်းရင်းက လူသားတာအိုကို ကျင့်ကြံတယ်ဆိုတာ သိပါတယ်။ ပြီးတော့ နတ်ဘုရားနားခိုရာ နယ်မြေထဲ ဝင်နိုင်တယ်ဆိုတာလည်း သိပါတယ်။ ဒီနတ်ဘုရားသင်္ချိုင်းဂူထဲမှာ ရတနာရှိနေတဲ့ နေရာက နတ်ဘုရားနားခိုရာ နယ်မြေတစ်ခုပဲ ရှိတယ်။ ကျွန်မ အင်အား ပြန်ကောင်းလာဖို့ နတ်ဘုရားနားခိုရာ နယ်မြေဆီ ခေါ်သွားပေးဖို့ မျှော်လင့်ပါတယ် … ”

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်

“ နတ်ဘုရားနားခိုရာ နယ်မြေထဲ ခေါ်သွားပေးဖို့က လက်ချောင်း မ သလောက်တောင် မခက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ အဲဒီအမျိုးသမီးကို တွေ့ရင် သေခြင်းတရားက စောင့်ကြိုနေမှာ အသေအချာပဲ ”

ဝိဇ္ဇာသူတော်စင်မက အေးအေးဆေးဆေး ပြောလိုက်သည်

“ သူမက နတ်ဘုရားနားခိုရာ နယ်မြေထဲမှာ ကျွန်မကို စောင့်နေမယ်ဆိုရင်တောင် ကျွန်မ သွားရဦးမယ်။ တကယ်လို့ ကျွန်မ ကျင့်ကြံဆင့်ကို ပြန်မရရင် သေတာနဲ့ ရှင်တာ ဘာကွာခြားဦးမှာလဲ ”

“ ကောင်းပြီလေ … အထဲခေါ်သွားပေးမယ်။ ဒါပေမဲ့ အချိန်တစ်ခုတော့ စောင့်ပေးရမယ်။ ကျုပ်က ပိအန်းပန်း နေရာကို တစ်ချက်သွားကြည့်ချင်သေးတယ် ” မိုဝူကျိက ဝိဇ္ဇာသူတော်စင်မ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ထိုအရာက သူ့အတွက် ဘာမှမခက်ခဲပေ။

“ မင်းနောက်ကို လိုက်ခဲ့မယ်လေ ” ဝိဇ္ဇာသူတော်စင်မက ပြောဖို့ရာ တုံ့ဆိုင်းမနေပေ။

…………….…

ပိအန်းပန်းက ဖြူဆွတ်သည့် ကျောက်တုံးဖြူတောင်ပေါ်၌  တည်ရှိခဲ့သည်။ နတ်ဘုရားနားခိုရာ နယ်မြေ အဝင်ပေါက်နှင့် သိပ်မလှမ်းလှချေ။

မိုဝူကျိက ဝိဇ္ဇာသူတော်စင်မနှင့်အတူ ကျောက်တုံးဖြူ တောင်ထိပ်သို့ ရောက်သွားသည့်အခါ  ပန်းတစ်ပွင့်က ဤသို့တောင်ထိပ်မျိုး၌ မည်သို့ ပေါက်ရောက်ကြောင်း အတွေးဝင်မိသွား၏။ ဤနေရာတစ်ခုလုံးမှာ ကျောက်တုံးဖြူများသာ တည်ရှိပြီး မြေကြီးတစ်ကွက်ပင် မရှိနေချေ။

အဖြူရောင် ပန်းက ကျောက်တုံးဖြူ တောင်ထိပ်တွင် ပေါက်ရောက်နေသည်။ အကယ်၍ သတိလက်လွှတ်နေမိပါက လွဲချော်သွားနိုင်၏။

“ ဒီနေရာပဲ … ကျွန်မ ရောက်လာတော့ ပိအန်းပန်းက အဲဒီမိန်းကလေးနှစ်ယောက်ကို ဟင်းလင်းပြင်ထဲ ခေါ်သွားပြီးပြီ ”

ဝိဇ္ဇာသူတော်စင်မက စကားအဆုံးတွင် ဧရာမ ပန်းအနီရောင် တစ်ပွင့်ကို ထုတ်ယူလိုက်သည်။ ဤပန်းအနီကို ပိတ်ဆို့ထားပြီးလေပြီ။ မိုဝူကျိက ထိုပန်းပွင့်ဆီမှ ကြီးကျယ်ခမ်းနားသော အငွေ့အသက်များနှင့် စည်းမျည်းများကို အာရုံခံနိုင်သေး၏။ အကယ်၍ ဤပန်းပွင့်သာ ပွင့်ချပ်တစ်ခု လျော့မနေပါက ပို၍ ခမ်းနားလှပပေလိမ့်မည်။

“ ဒါက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ပိအန်းပန်းအနီလား ” မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် တန်းမှတ်မိသွားသည်။ သူက ပြောလိုက်ရင်း ပွင့်ချပ်အပိုင်းအစများကို ထုတ်ယူလိုက်၏။ ထိုအပိုင်းအစများက ပိအန်းပန်းအနီမှ ဖြစ်၏။

ဝိဇ္ဇာသူတော်စင်မက မိုဝူကျိသည် ပန်းအပိုင်းအစများ ကိုင်ထားသည်ကို မြင်သောအခါ ထိုပိအန်းပန်းအား မိုဝူကျိဆီ ပေးလိုက်ပြီး  “ ဟုတ်တယ် …. အဲဒီပန်းလေ။ မင်းကို ပေးမယ် ”

“ အာ …” မိုဝူကျိက ပိအန်းပန်းကို တအံ့တဩ ကြည့်နေမိသည်။ သူက ဝိဇ္ဇာသူတော်စင်မသည် ဤမျှ ရက်ရောလိမ့်မည်ဟု မထင်ထားပေ။

ဝိဇ္ဇာများပင် ထိုပန်းကို လက်လွှတ်လိုကြမည် မဟုတ်ပေ။

ဝိဇ္ဇာသူတော်စင်မက တကယ်ကြီး သူ့ကို ပေးနေတာလား …

“ တာအိုရောင်းရင်းမိုက ကျွန်မအသက်ကို ကယ်ခဲ့တယ်လေ။ ဒီပန်းက မင်းအတွက် အရေးကြီးမှန်း သိနေတာဆိုတော့ မင်းကို ပေးလိုက်မယ် ” ဝိဇ္ဇာသူတော်စင်မက အေးအေးဆေးဆေး ပြောလိုက်သည်။ ဤပန်းက အလွန်အဖိုးတန်သော်လည်း ယခုလက်ရှိ သူမအတွက် အသုံးဝင်မှု များများစားစား မရှိပေ။

ဤတစ်ကြိမ် မိုဝူကျိက မငြင်းဆန်တော့ပေ။ သူက ပိအန်းပန်းကို လက်ခံကာ ပြောလိုက်၏

“ တာအိုရောင်းရင်း ကြာပန်းနီ …. ဒီပန်းက ကျုပ်အတွက် အလွန်အရေးကြီးတယ်။ ဒါနဲ့ဆိုရင် ကျုပ်မိတ်ဆွေတွေကို လိုက်ရှာနိုင်မှာ … တာအိုရောင်းရင်းကြာပန်းနီက ပေးနေမှတော့ ကျုပ် လက်ခံလိုက်ပါ့မယ် ”

ဝိဇ္ဇာသူတော်စင်မအပေါ် မိုဝူကျိ၏ အမြင်မှာ ပြောင်းလဲသွားလေသည်။ ဤအမျိုးသမီးက တခြားသူများ၏ အသက်ကို အာရုံမစိုက်သော်ငြား ကျေးဇူးတရားကို သိတတ်သူ ဖြစ်၏။ သူမက မိုဝူကျိအပေါ် ကျေးဇူးကြွေး တင်နေကြောင်း  ခံစားမိ၍ ဤသို့အဖိုးတန် ရတနာကို ပေးလိုက်ခြင်း ဖြစ်ပေသည်။ သူက ဤရက်ရောလှသော အပြုအမူကို အသိအမှတ်ပြုရုံမှအပ မတတ်နိုင်ပေ။

မိုဝူကျိက  ပိအန်းပန်းကို သိမ်းလိုက်ပြီးနောက်  နတ်ဝိညာဉ်သွေးကြော ၃၀၀ ခန့်ထုတ်ကာ စွမ်းအားစုစည်းရေး အစီအရင်ကြီးတစ်ခု ခင်းကျင်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အချိန်စက်ဝန်းပြားကိုလည်း ထုတ်ယူလိုက်သည်။ သူက ဟုန်မုန့်စွမ်းအင်ကို ထုတ်ကာ ဝိဇ္ဇာသူတော်စင်မဆီ ပေးလိုက်ပြီး

“ တာအိုရောင်းရင်း ကြာပန်းနီ … ကျုပ်ဆီမှာ ဒီကျင့်ကြံရေး အရင်းအမြစ်အပြင် တခြားရတနာများများစားစား မရှိဘူး။ ကျုပ် ဒီမှာ ခဏတာ ကျင့်ကြံဖို့ ရည်ရွယ်ထားတယ်။ တကယ်လို့ တာအိုရောင်းရင်း စိတ်မရှိရင် ကျုပ်နဲ့အတူတူ ကျင့်ကြံလို့ ရပါတယ် ”

ဝိဇ္ဇာသူတော်စင်မက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများနှင့် ဟုန်မုန့်စွမ်းအင်ကို ကြည့်ကာ ငေးကြည့်နေမိသည်။ သူမက ပျော်ရွင်သည်ထက် ပိုပေသည်။

စကြဝဠာကြီးထဲ၌ ပိအန်းပန်းက အဖိုးတန်ဆုံး ရတနာများအနက် တစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း သူမအတွက် ဤကျင့်ကြံရေး အရင်းအမြစ်များက ယခု အလိုအပ်နေဆုံး ဖြစ်၏။ ထို့အပြင် အချိန်စက်ဝန်းပြားလည်း ရှိနေသေးရာ ဤထက် ဘာပိုကောင်းနိုင်ဦးမည်နည်း။

“ ကျေးဇူးပါ …. ကျေးဇူးပါ ” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဆက်တိုက် ကျေးဇူးစကား ဆိုလိုက်သည်။ သူမက မျက်လုံးများ နီရဲလာသည့်အထိ စိတ်လှုပ်ရှားမိလာသည်။

နတ်ဝိညာဉ်သွေးကြော တစ်ခုနှင့် ဟုန်မုန့်စွမ်းအင် အနည်းငယ်က သူမအတွက် အစောပိုင်း နတ်ဘုရားဘုရင်အဆင့်အထိ ပြန်ရောက်စေခဲ့သည်။ ဤမျှ များပြားလှသော ဟုန်မုန့်စွမ်းအင်နှင့် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ရာချီတို့နှင့်သာဆိုလျှင် သူမအတွက် လုံလောက်သည်ထက် ပိုနေပေသည်။

ထို့အပြင် ဤနေရာတွင် အချိန်စက်ဝန်းပြားလည်း ရှိနေသေး၏။ အချိန်တိုအတွင်း သူမ ကျင့်ကြံဆင့်ကို မြင့်တင်နိုင်လိမ့်မည်။

ထိုရှားရိုယင်က မျက်လုံးပါသော်လည်း ကန်းနေခဲ့သည်။ မဟုတ်လျှင် သူမက ဤသို့ယောကျ်ားကောင်းတစ်ယောက်အပေါ် လက်လျော့မည် မဟုတ်ပေ။

မိုဝူကျိကို ထပ်ခါထပ်ခါ ကျေးဇူးတင်ပြီးနောက် ဝိဇ္ဇာသူတော်စင်မက တုံ့ဆိုင်းမနေတော့ဘဲ အချိန်စက်ဝန်းပြား ထောင့်တစ်နေရာသို့ ဝင်ကာ စတင်ကျင့်ကြံလိုက်သည်။

မိုဝူကျိလည်း စိတ်လှုပ်ရှားနေမိသည်။ သူ့အနေနှင့် ဤအရာများထက် အဆရာချီ တိုးပေးလျှင်ပင် ပိအန်းပန်းအတွက် လုံလောက်သေးမည် မဟုတ်ချေ။

သူက ပိအန်းပန်းတွင် မည်သို့သော အင်အားမျိုး ရှိကြောင်း မသိသော်လည်း စုယင်တို့အား ရှာတွေ့နိုင်ရန် ကူညီပေးနိုင်သည် ဟူသော အချက်နှင့်ပင် သူ့အနေနှင့် အရာအားလုံးကို ထုတ်ပေးဖို့ လုံလောက်နေလေပြီ။

သူက ဝိဇ္ဇာသူတော်စင်မသည် အချိန်စက်ဝန်းပြားထဲ ဝင်၍ ကျင့်ကြံနေသည်ကို မြင်သောအခါ ရွှေရောင်အလုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ထိုအလုံးပေါ် ထိုင်ကာ စတင် ကျင့်ကြံလိုက်သည်။

မိုဝူကျိက ရွှေရောင်အလုံး ထုတ်ယူလိုက်သည်နှင့် ဝိဇ္ဇာသူတော်စင်မက မယုံကြည်နိုင်စွာ‌ ငေးကြည့်လိုက်သည်။ ဝိဇ္ဇာတစ်ပါးအနေနှင့် သူမက ဤသည်မှာ ဂြိုလ်တစ်ခု၏ မူလဗဟိုချက် ဖြစ်ကြောင်း မည်သို့ သတိမထားမိဘဲ နေမည်နည်း။

အကယ်၍ တခြားဂြိုလ်၏ မူလဗဟိုချက် ဖြစ်နေပါက သူမအနေနှင့် ထိုမျှ တုန်လှုပ်မိမည် မဟုတ်ပေ။ သို့သော်လည်း သူမက ဤဗဟိုချက်နှင့် အတော်လေး ရင်းနှီးနေကာ ယခင် နတ်ဘုရားအရိုက်အရာကမ္ဘာ၏ မူလ ဗဟိုချက်ဖြစ်ကြောင်း တန်းမှတ်မိလိုက်၏။

ပြောရလျှင် မိုဝူကျိတွင် ကောင်းပေ့ဆိုသည့် ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်သည့် အချိန်စက်ဝန်းပြားနှင့်အတူ အကောင်းဆုံး မူလဗဟိုချက်ကို ပိုင်ဆိုင်ထားပေသည်။ မိုဝူကျိအနား ကျင့်ကြံနိုင်ခြင်းမှာ သူမအတွက် အကျိုးများစွာ ဖြစ်ထွန်းပေလိမ့်မည်။

သူမဘာသာ အတင်းကျပ် တည်ငြိမ်အောင် လုပ်ပြီးနောက် ဝိဇ္ဇာသူတော်စင်မက အသည်းအသန် ကျင့်ကြံလိုက်တော့သည်။ ဤသို့သော အခွင့်အရေးမျိုးက နှစ်ခါ‌ ရောက်လာမည် မဟုတ်ပေ။ အကယ်၍ သူမသာ ဤအခွင့်အရေးကို မဖမ်းဆုပ်နိုင်ပါက ဝိဇ္ဇာဖြစ်ဖို့ မထိုက်တန်ပေ။

***

All Chapters