← Chapters

သံသယ

Vol. 7 Ch. Chapter 5

သံသယ

Vol. 7 Ch. Chapter 5

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 5 - သံသယ

"မင်းက နယူးယောက်ဟီးရိုးကျောင်းကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ အေးဂျင့်လား။"

ဒီနေ့အလုပ်ကိုရောက်ရောက်ချင်း အထက်လူကြီးသစ်က ဆင့်ခေါ်တယ်ကြားကတည်းက သူ့ကိုအရေးကြီးခိုင်းစရာရှိနေပြီမှန်း လေဆာအိုင်းသိတယ်။ လေဆာအိုင်းက မေးခွန်းကို ပြန်ဖြေတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး အရာရှိကို ကြည့်ကာပြောလိုက်တယ်။

"ဟုတ်ပါတယ်၊ ကျုပ်က နယူးယောက်ဟီးရိုးကျောင်းဘုတ်အဖွဲ့ထဲမှာ တာဝန်ယူရတဲ့အေးဂျင့်ပါ။"

အထက်အရာရှိက လူမှန်ကို ဆင့်ခေါ်မိတာပဲဆိုတဲ့အနေနဲ့ ခေါင်းညိတ်တယ်။ အရာရှိသစ်က ဌာန ဝန်ထမ်းတွေနဲ့ သိပ်မရင်းနှီးသေးပုံပဲ။ လေဆာအိုင်းရဲ့မျက်လုံးက စားပွဲပေါ်မှာတင်ထားတဲ့ "မြူတန့်ဌာနစိတ်မှူး ဂရေးဟောင်း"ဆိုတဲ့ ဆိုင်းဘုတ်ကို အရင်ကြည့်ပြီး အရာရှိမျက်နှာကို ပြန်ကြည့်တယ်။

ဒီလူ​က သက်လတ်ပိုင်းအရွယ်လောက်ရှိနေပြီဖြစ်ပြီး မျက်နှာရှည်ရှည်။ ရွှေရောင်ဆံပင်နဲ့ပေမဲ့ နဖူးနည်းနည်းပြောင်ပြီး မုတ်ဆိတ်ဖြူရှည်ကြီးတွေရှိတယ်။ ရုံးခန်းထဲမှာ အစိုးရအသစ်ပေးထားတဲ့ အနက်ရောင်ကိုင်ဇာချပ်ဝတ်ကို ချိတ်ထားပေမဲ့ ဒီလူက အစကတည်းက အဆင့် A မိုးသက်မုန်တိုင်းစွမ်းအားမြူတန့်ပါ။

"လေဆာအိုင်း၊ ငါ့မှာမင်းကို စုံစမ်းခိုင်းစရာတစ်ခုရှိတယ်။" အရာရှိက ပြောပြောဆိုဆိုနဲ့ စားပွဲပေါ်ကို ဖိုင်တစ်ခုတင်ပြီး ဖွင့်တယ်။ ဖိုင်နဲ့အတူ ဓာတ်ပုံတချို့တွဲပါနေပြီး ရင်းနှီးနေ​တဲ့ လူတချို့ရဲ့မျက်နှာကို မြင်နိုင်ပါတယ်။

"ငါတို့ရဲ့အရင်စုံစမ်းစစ်ဆေးမှုတွေအရ ဆုဗာနာမင်းသမီး မက်ဒါနာရှိနေတဲ့ နေရာတိုင်းမှာ ငွေရောင်စစ်သည် ရှိနေတတ်တယ်ဆိုတာကို သိထားပြီးသားပဲမဟုတ်လား။"

"ဟုတ်ပါတယ်ခင်ဗျ၊ ငွေရောင်စစ်သည်စပေါ်လာကတည်းက ဆုဗာနာမင်းသမီးမက်ဒါနာက နယူးယောက်မှာ အမြဲတမ်းရှိနေခဲ့ပါတယ်။ ဆုဗာနာသံရုံးက သူ့ကိုလာမခေါ်ခင်ကတည်းက သူတို့နှစ်ယောက်က မြို့ထဲမှာအတူတူရှိနေမှန်း ဌာနက သတိထားမိပါတယ်။ ဆုဗာနာတိုင်းပြည်ကို မင်းသမီးပြန်သွားတာနဲ့ ငွေရောင်စစ်သည်လည်း အတူပါသွားပါတယ်။"

ဌာနမှူးက မုတ်ဆိတ်ကို လက်နဲ့သပ်ရင်း ပြောလိုက်ပါတယ်။ "တချို့ဆိုရှယ်မီဒီယာပေါ်က လူတွေက အဲဒီငွေရောင်ကောင်ကို မင်းသမီးရဲ့ကိုယ်ရံတော်လို့ ထင်ကြေးပေးနေကြပေမဲ့ ငါ့မှာတော့ တခြားသီအိုရီတစ်ခုရှိနေတယ်ကွ။"

လေဆာအိုင်းဟီးရိုးဘဝတုန်းက ငွေရောင်စစ်သည်ကို ဆိုးဆိုးဝါးဝါးပြောဆိုဖူးတာရှိပေမဲ့ တကယ်တမ်း လူချင်းတောင် ဆုံမိဖူးတာမဟုတ်လို့ အလုပ်သဘောအရ လေ့လာဖူးတာလောက်ပဲရှိတာ။ ဒီတော့ အခုဌာနမှူးအသစ်လိုမျိုး သီအိုရီထုတ်ရလောက်အောင် စိတ်ဝင်စားမှုမရှိဘူးလေ။ ဌာနမှူးဂရေးဟောင်းကလည်း အခြေအနေသိတဲ့ပုံပဲ။ သူက ရယ်ပြီးတော့ ပြောလိုက်တယ်။

"ငါ့သီအိုရီအရ သူတို့နှစ်ယောက်က အတူရှိနေတာထက် သူတို့​နှစ်ယောက်လုံးက တစ်ယောက်တည်းလို့ ငါယုံကြည်တယ်။"

လေဆာအိုင်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလိုထင်ကြေးပေးတာက တွေ့ရာသာမန်လူတစ်ယောက်တောင် ပေးလို့ သူတို့လိုဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက်က ပိုပြီးတိကျသေချာဖို့ လိုအပ်ပါတယ်။ သက်သေမရှိဘဲ သူတို့ဘာမှလုပ်လို့မရဘူး။

"ဆာ၊ ကျွန်တော်တို့မှာ အဲဒီလိုပြောဖို့ ဘာသက်သေမှမရှိဘူးလေ။"

"မဟုတ်ဘူး၊ ငါတို့မှာ သဲလွန်စတချို့တလေရှိနေပြီးသား။ အရင်တည်းက အဲဒီသဲလွန်စတွေ ငါတို့မှာရှိခဲ့ပေမဲ့ အဲဒီတုန်းက SilverKnightက သာမန်လမ်းတေလေဟီးရိုးတစ်ယောက်မလို့ တမင်သက်သက် ဆက်စပ်စဥ်းစားဖို့အထိ မလုပ်ဖြစ်ခဲ့တာ။"

ဌာနမှူးက စားပွဲခုံအံ့ဆွဲကိုဖွင့်ပြီး သီးသန့်သိမ်းထားတဲ့ နောက်ထပ်ဖိုင်တွေ တစ်ခုပြီးတစ်ခု စားပွဲပေါ်ကို ထပ်တင်တယ်။ နောက်တော့ ပထမဆုံးဖိုင်ကို စဖွင့်တယ်။ မက်တယ်ပလာဒင်ကုမ္ပဏီကထုတ်တဲ့ ပလာဒင်ချပ်ဝတ်ရဲ့သရုပ်ဖော်ပုံအသေးစိတ်နဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့တူညီမှုကို တိုက်ဆိုင်စစ်ဆေးထားတဲ့ ဖိုင်တစ်ခုပါ။

"ပလာဒင်ချပ်ဝတ်တွေ ခေတ်စားလာကတည်းက FBIက ငွေရောင်စစ်သည်ချပ်ဝတ်နဲ့ပလာဒင်ချပ်ဝတ်တွေကြားက တူညီမှုတချို့ကို သတိထားမိခဲ့ပေမဲ့ အချိန်အတော်ကြာတဲ့အထိ ငွေရောင်စစ်သည်က ပလာဒင်ချပ်ဝတ်တစ်ခုကိုရလာပြီး သူ့ဘာသာ မော်တီဖိုင်းထားတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ အခုပြန်စဥ်းစားကြည့်တော့...."

ဌာနမှူးက မောသွားဟန်နဲ့ စကားကို ခနရပ်ထားလိုက်ပြီး စားပွဲပေါ်က ရေသန့်ဘူးကို အဖုံးဖွင့်ကာ ဖန်ခွက်ထဲ ရေတွေလောင်းထည့်တယ်။ အဲဒီနောက် ရေကိုတစ်ငုံငုံလိုက်ပြီးမှ ဆက်ပြောပါတယ်။

"ငါတို့သိလိုက်ရတာက ငွေရောင်စစ်သည် ပထမဆုံးပေါ်လာတဲ့အချိန်မှာ ပလာဒင်ချပ်ဝတ်တွေက အယ်ဖာအဆင့်စမ်းသပ်နေတုန်းအဆင့်ပဲရှိသေးတာ။"

"ဒီတော့ ငွေရောင်စစ်သည်က ပလာဒင်ချပ်ဝတ်ကို ထွင်ခဲ့တာလို့ ဆရာယူဆလိုက်တာလား။" မူလက သိပ်စိတ်မဝင်စားပေမဲ့ သူတို့ဌာနမှူးသစ်က ဒီကိစ္စကို အတော်လေးလေ့လာထားပုံပေါ်တော့ လေဆာအိုင်း နည်းနည်းစိတ်ဝင်စားလာပါတယ်။ ဌာနမှူးကလည်း ခေါင်းညိတ်တယ်။

"ပုံမှန်အားဖြင့် သူ့အဆင့်နည်းပညာမြူတန့်တွေက ခေါင်းမာတယ်။ ဒါပေမဲ့ မဖြစ်မနေဆိုရင်တော့ ဒီလိုလုပ်လေ့ရှိတယ်။ ဖိုင်ရဲ့ဒုတိယစာမျက်နှာကို ကြည့်ရအောင်။"

ဂရေးဟောင်းက ဖိုင်ကိုနောက်တစ်မျက်နှာလှန်လိုက်တော့ ရေဂင်ဂျူနီယာ၊ ဖလေရာ၊ ပလာဒင်ကုမ္ပဏီက တခြားဝန်ထမ်းတွေအပါအဝင် မင်းလွင်ယောက်ျားလေးဘဝတုန်းက လိုင်စင်ပုံတွေကိုပါ တွေ့လိုက်ရတယ်။

"ဒီသတင်းအချက်အလက်က ရဖို့မလွယ်ပေမဲ့ ထောင်ထဲရောက်နေတဲ့ ရေဂင်စီနီယာကို ငါတို့အစ်အောက်ပြီးရလာတာ။ ပလာဒင်ချပ်ဝတ်ကို တီထွင်တဲ့ နည်းပညာအဖွဲ့လူစာရင်းပဲ။ ပြီးတော့ ဒီကိုကြည့်..."

ဌာနမှူးက လေဆာအိုင်း သေချာသတိထားမိအောင်လို့ မင်းလွင်ရဲ့လိုင်စင်ပုံကို လက်ညိုးနဲ့ထောက်ပြလိုက်တယ်။ "ဒီကောင်လေးက ​အကြိမ်တစ်သန်းပုံပုံရင်တောင် တစ်ကြိမ်မဖြစ်နိုင်တဲ့ သဘာဝလွန်ဖြစ်စဥ်တစ်ခုကြောင့် မိန်းကလေးပြောင်းသွားတဲ့ ဆုဗာနာမင်းသမီးရဲ့အရင်ကပုံပဲ။"

"ဆုဗာနာမင်းသမီးက ပလာဒင်ဝတ်စုံကို ထွင်တဲ့နေရာမှာ ပါခဲ့တယ်။ သူကိုယ်တိုင် မော်တီဖိုင်းဗားရှင်းကို သိမ်းထားပြီး ဟီးရိုးလုပ်နေခဲ့တာ ဖြစ်နိုင်တယ်ပေါ့။" လေဆာအိုင်းလည်း အပြုံးကြီးကြီး ပြုံးလိုက်တယ်။

ဌာနမှူးကလည်း သူရှင်းပြတာကို လေဆာအိုင်းသဘောပေါက်သွားတဲ့အတွက် ဝမ်းသာအားရ လိုက်ရယ်တယ်။ "အရင်ကဆိုရင်တော့ လိုင်စင်မဲ့ B rank ဟီးရိုးလေးတစ်ယောက်ကို ငါတို့ဂရုစိုက်စရာမလိုဘူး။ ဒါပေမဲ့ အခုအဲဒီခွေးကောင်က ဝါရှင်တန်ကိစ္စမှာဝင်ရှုပ်ပြီး အရင်လကလည်း ဌာနပိုင် S rank ဝတ်စုံတစ်ခုကို ဖျက်ဆီးသွားသေးတယ်။ သမ္မတကြီးက အခုထိသူ့ကိုရှာမတွေ့သေးလို့ ငါတို့ကို ဓားကျိန်းကျိန်းနေပြီ။"

ဌာနမှူးက ဒေါနဲ့မောနဲ့ပြောရင်း သက်ပြင်းချလိုက်ပြန်တယ်။ လေဆာအိုင်းကတော့ သူတို့အခုအထိ ဆွေးနွေးလာတဲ့ အကြောင်းအရာတွေထဲက ယိုကွက်တစ်ခုကို စဥ်းစားမိပြီး ခွန်းတုံ့ပြန်တယ်။

"ဒါပေမဲ့ ဆုဗာနာမင်းသမီးက သူ့နိုင်ငံမှာရှိနေတယ်မဟုတ်လား။ အရင်အပတ်ကတောင် အစိုးရပိုင်ရုပ်သံက သူနဲ့အင်တာဗျူးသေးတယ်လေ။"

လောလောဆယ် ဆုဗာနာက ရန်သူနိုင်ငံဖြစ်လာပြီမလို့ ဆုဗာနာနိုင်ငံသားတွေကို တိုင်းပြည်ထဲဝင်ခွင့် တင်းကျပ်ထားတယ်။ ဆုဗာနာမင်းသမီးလိုလူမျိုး တိုင်းပြည်ကိုရောက်လာရင် မသိစရာမရှိဘူး။ ဌာနမှူးကတော့ လေဆာအိုင်းရဲ့အတွေးအခေါ်ကို နားထောင်ပြီး 'တော်တော်ဦးနောက်မရှိတဲ့ကောင်'ဆိုတဲ့ အထာနဲ့ ခေါင်းခါလိုက်တယ်။

"ဒီမယ်လေဆာအိုင်း၊ နည်းပညာဟီးရိုးတွေရဲ့အားသာချက်က သူတို့ဝတ်စုံကို သူတို့ကိုယ်တိုင်ဝတ်ထားစရာမလိုတာ။ တခြားတစ်ယောက်ကို ပေးဝတ်လို့ရတယ်။ သူစိတ်ချရတဲ့လူတစ်ယောက်ကို ငါတို့နိုင်ငံကိုလွှတ်ပြီး သူ့အစားဝင်ပြဿနာရှာခိုင်းလို့ရတယ်။ ပြီးတော့ အဲဒီ့နိုင်ငံပိုင်ရုပ်သံလိုင်းက သူဟိုမှာရှိတယ်ဆိုတိုင်း စိတ်မချရဘူး။ ကြိုမှတ်တမ်းတင်ထားတဲ့ အင်တာဗျူးလည်း ဖြစ်နိုင်တာပဲလေ။"

"ဒါလည်းဟုတ်ပေမဲ့ အဲဒီလိုဆိုရင် ကျွန်တော်တို့ ငွေရောင်စစ်သည်နောက်လိုက်ဖို့ သဲလွန်စပြတ်သွားပြီမဟုတ်လား။" လေဆာအိုင်းက ဌာနမှူးအသစ်လုပ်တဲ့အတိုင်း သူ့လက်နဲ့ မေးကိုသပ်ပြီး ပြောလိုက်တယ်။ တခြားတစ်ယောက်ကို ဝတ်စုံပေးဝတ်ပြီး ဟီးရိုးလုပ်ခိုင်းထားရင် Silver knightကို အမိအရဖမ်းဖို့ကသာ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါပေမဲ့ ​ခြေရာဖျောက်နိုင်တဲ့ S rank တစ်ယောက်ကို ဖမ်းဖို့က လက်ရှိအင်အားနဲ့ဆိုရင် သိပ်ခက်ခဲတယ်။ ဒါပေမဲ့ ဌာနမှူးမှာက တခြားအတွေးရှိနေသေးပုံပဲ။

"အရင်တစ်ပတ်က အတိုင်းဆိုရင် ငါလည်း အဲဒီလိုတွေးပြီး လက်လျှော့မိမှာပဲ။ အခုတော့ မတူတော့ဘူး။"

ဌာနမှူးက တတိယမြောက်ဖိုင်ကို ဖွင့်လိုက်တယ်။ ဖိုင်မှာက ဓာတ်ပုံတစ်ပုံပဲပါပြီး အဝေးကရိုက်ယူထားဟန်နဲ့ ပုံရိပ်မပြတ်သားဘူး။ ဝှီးချဲပေါ်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို ခပ်ဝါးဝါးပဲ မြင်နိုင်တာ။ ဒါပေမဲ့ အဲဒီမိန်းကလေးမှာ ပုံမှန်မဟုတ်တဲ့ ငွေရောင်ဆံပင်ရှိနေတာတော့ မြင်ရတယ်။

"ဒီဓာတ်ပုံကို ဗီလိန်ကွန်ယက်ကနေတစ်ဆင့် ဆုဗာနာတိုက်ပွဲကို တိုက်ရိုက်လွှင့်ခဲ့တဲ့ကောင်တွေဆီက စျေးကြီးပေးဝယ်လာတာ။ သူတို့က ဆုဗာနာမင်းသမီးအောက်ပိုင်းသေနေပြီး ဝှီးချဲပေါ်ထိုင်နေရတယ်လို့ အခိုင်အမာပြောတယ်။"

"နေဦး၊ ဝှီးချဲ။" အဲဒီစကားနဲ့အတူ တစ်စုံတစ်ယောက်ကို လေဆာအိုင်းမြင်ယောင်လာတယ်။ ဌာနမှူးက လေဆာအိုင်းရဲ့အတွေးကို ခန့်မှန်းနိုင်စွမ်းရှိပြီးသားပါ။

"အေး၊ မင်းတာဝန်ယူရတဲ့ ကျောင်းက ကျောင်းအုပ်ကလည်း ဝှီးချဲနဲ့မဟုတ်လား။ သူလာခဲ့တဲ့ကျောင်းရဲ့မှတ်တမ်းတွေကို ငါစစ်ဆေးပြီးသွားပြီ။ ဖျက်သိမ်းခံရုရှားဟီးရိုးကျောင်းဝန်ထမ်းစာရင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခံထားတယ်။ ငါတို့အပြင် ငြိမ်းချမ်းရေးမဟာမိတ်နဲ့ မြူတန့်မဟာမိတ်ဘဲ အဲဒီလိုလုပ်ဖို့ တတ်နိုင်တာ။"

လေဆာအိုင်းရဲ့မျက်နှာက အခွင့်အရေးတစ်ခုရပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြုံးပျော်သွားတယ်။ "ကျိန်းသေရဲ့လားဆရာ၊ ဒါဆိုကျွန်တော်ဘာကူညီပေးရမလဲ။"

"နေပါဦးဟ။ ငါက သံသယဝင်မိရုံသက်သက်ပဲရှိသေးတာ။ တိုက်ဆိုင်တာလည်း ဖြစ်ရင်ဖြစ်မှာ။ ဒီတော့ အဲဒီကိုသွားစစ်ရင်း ကျောင်းအုပ် လမ်းမလျှောက်နိုင်တဲ့အကြောင်းအရင်းကိုမေးခဲ့။ ဟီးရိုးဆရာအများစုက ဟီးရိုးဟောင်းတွေမလို့ တိုက်ပွဲမှာဒဏ်ရာရတာဆိုရင် အဲဒီလိုဟီးရိုးမျိုး ရုရှားမှာရှိမရှိ တိုက်ရှာလို့ရတယ်။ ပြီးတော့ ကျောင်းဝင်းထဲမှာ Silver Knightနဲ့ ပတ်သက်တဲ့ သဲလွန်စတွေပါစုံစမ်းခဲ့။ ဥပမာအနေနဲ့ Silver Knightကင်းလှည့်တဲ့အချိန် သူကျောင်းမှာရှိမနေတာမျိုးပေါ့။"

လေဆာအိုင်းလည်း သိပ်မသေချာဘူးဆိုတာကြားတော့ သက်ပြင်းချလိုက်တယ်။ သူက ကိစ္စကြီးတစ်ခုမှာ ဝင်ပါပြီး အကျိုးတော်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလိုချင်တာပါ။ နယူးယောက်အစည်းအရုံးကို ဖြိုခွဲတုန်းကလည်း အများကြီးကူညီခဲ့ပေမဲ့ ဘာမဟုတ်တဲ့ ကျောင်းဘုတ်အဖွဲ့အေးဂျင့်ရာထူးပဲ ရလာလို့ သိပ်အားမရသေးဘူး။

"ဒါပေမဲ့ သွားစုံစမ်းတယ်ဆိုတာကိုလည်း မသိသာအောင်သွားဦး။ ပုံမှန်လာကြည့်သလိုမျိုးဟန်ဆောင်ပြီး လက်ဆောင်လေးဘာလေးယူသွား။ အဲဒီကျောင်းက ဒေဝါလီခံလုနီးပါးဖြစ်ခဲ့တာဆိုတော့ ဝန်ထမ်းအင်အား သိပ်မရှိလောက်ဘူးထင်တယ်။ ဌာနက လုံခြုံရေးကူချပေးရမလားဘာညာ တောင်းဆိုပေါ့။ ငါတို့က ကျောင်းအုပ်တစ်ယောက်ကို သံသယရှိတာတစ်ခုတည်းနဲ့ သွားဖမ်းပြီး စစ်ကြောရေးခန်းထဲ ထည့်လို့မှမရတာ။"

ဝဲလ်ဆင်က မြူတန့်တွေကို ပစ်မှတ်ထား ချုပ်ချယ်နေပေမဲ့ ဟီးရိုးကျောင်းအုပ်တွေက မြူတန့်ဌာနစိတ် ထိချင်တိုင်းသွားထိလို့ရတဲ့ အဆင့်မှာမဟုတ်ဘူး။ သက်သေမရှိဘဲ သွားဖမ်းပြီးမှ တကယ်မဟုတ်ရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်။ အနည်းဆုံးတော့ ဝဲလ်ဆင်ကိုယ်တိုင်လက်မဝင်မချင်း သူတို့ကို ရန်သွားစလို့မရဘူး။

...

လေဆာအိုင်းက ကားကိုကျောင်းရှေ့မှာ ရပ်ပြီးနောက် စမတ်နာရီကို ငုံကြည့်လိုက်တယ်။ "အချိန်ကိုက်ရောက်လာတာပဲ။" သူမှတ်ချက်ချလိုက်တယ်။ အခုအချိန်က ငွေရောင်စစ်သည် နေ့လယ်ပိုင်းနားပြီး မြို့ကို ဒုတိယအကြိမ်ကင်းလှည့်နေကျအချိန်ပါ။

သူက ခေါင်းညိတ်လိုက်ပြီး ကားထဲမှာပါလာတဲ့ နှင်းဆီပန်းစည်းကို ထုတ်လိုက်တယ်။ နှင်းဆီနီဆယ့်တစ်ပွင့်ပါ ပန်းစည်းကို လက်မှာပွေ့ပြီး ဂိတ်တံခါးဆီ လမ်းလျှောက်သွားတယ်။

အရင်တစ်ခါ လာတုန်းကလို အဖိုးကြီးတစ်ယောက်ပဲ ဂိတ်စောင့်တာ မဟုတ်တော့ဘဲ အသက်ခန့်မှန်းရခက်တဲ့ ဘဏ္ဍာစိုးလူငယ်တစ်ယောက်လည်း ဂိတ်ရှေ့မှာ ပလက်စတစ်ခုံတစ်လုံးနဲ့ထိုင်နေတယ်။

"လုံခြုံရေးတိုးလိုက်တာလား။" သူ့ဘာသာ ရေရွတ်လိုက်ရင်း သံပန်းတံခါးနားကိုကပ် အထဲကလူတွေကို လှမ်းပြောလိုက်တယ်။

"ကျုပ်က ကျောင်းပညာရေးဘုတ်အဖွဲ့က လေဆာအိုင်းပါ။ ကျောင်းပညာသင်နှစ်အစမလို့ အခြေအနေလာကြည့်တာ။ ကျောင်းအုပ်ရှိလား။"

ဘဏ္ဍာစိုးက သူ့ကိုအေးစက်စက်မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ လေဆာအိုင်း ကျောရိုးထဲ အေးစိမ့်သွားသလိုခံစားလိုက်ရတယ်။ သမင်တစ်ကောင်က ကျားရှေ့မှာရပ်မိသလိုမျိုး။ အဲဒီလူက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောလိုက်တယ်။

"ကျုပ် ကျောင်းအုပ်ကို သွားအစီအရင်ခံလိုက်မယ်။" အဲဒီနောက် ဘဏ္ဍာစိုးက ထိုင်နေရာကနေ ထပြီး ကျောင်းဆောင်တွေဘက် ထွက်သွားတယ်။ လေဆာအိုင်းလည်း စိတ်ရှုပ်သွားပြီး သူ့နေကာမျက်မှန်ကို ပြန်ပြင်တပ်လိုက်ရင်း ခေါင်းကုတ်တယ်။

"တခြားကျောင်းစောင့်တွေဆို ငါလိုအကောင်ကြီးကြီးလာတာနဲ့ ပျာပျာသလဲထိုင်စရာပေးကြတာပါ။ ဒီကောင်ကျ အတော်အ​ကြောတင်းတာပဲ။" သူ့စိတ်ထဲ အဲဒီလိုတွေးလိုက်ပေမဲ့ စိတ်ကို ရှည်ရှည်ထားပြီး စောင့်နေရုံပဲ တတ်နိုင်တယ်။ အတော်ကြာမှ ဘဏ္ဍာစိုးပြန်လာပြီး တံခါးလာဖွင့်ပေးတယ်။

"ကျောင်းအုပ်က ခင်ဗျားကိုဝင်ခွင့်ပေးလိုက်တယ်။ ကျုပ်နောက်က လိုက်ခဲ့။" ဘဏ္ဍာစိုးရဲ့စကားပြောပုံဆိုပုံကို လေဆာအိုင်းသဘောမကျပေမဲ့ နောက်ကနေလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်း ဝန်ထမ်းဆောင်ရှေ့ရောက်တော့ ဘဏ္ဍာစိုးဝတ်စုံနဲ့သူက ရပ်လိုက်တယ်။ အဲဒီနောက် သူ့ကို တကယ့်ဘဏ္ဍာစိုးတစ်ယောက်လိုမျိုး တစ်နေရာကို လက်နဲ့ညွန်ပြလိုက်တယ်။

"ကျောင်းအုပ်က ခင်ဗျားလာတယ်ဆိုလို့ ထွက်စောင့်နေပါတယ်။ သွားပြီး စကားပြောလို့ရပါတယ် လူကြီးမင်း။"

တကယ်လည်း သူညွန်ပြတဲ့နေရာမှာ ရင်းနှီးနေတဲ့ ရွှေရောင်ဆံပင်ရှည်နဲ့ အရာရှိဝတ်စုံဝတ်ထားတဲ့ မိန်းကလေးရှိနေပြီး ဟင်းရည်ခွက်ကို စိတ်ပျက်ပျက်နဲ့ ငုံကြည့်နေတယ်။

  "ကုန်သွားပြီလား၊ တစ်ပွဲစာပဲရှိတာ ဝမ်းနည်းစရာပဲ။" ရွှေရောင်ဆံပင်နဲ့ အလှလေးက ပြောလိုက်တယ်။ ခနနေတော့ တခြားဘဏ္ဍာစိုးဝတ်စုံနဲ့ နောက်လူငယ်တစ်ယောက်က ပန်းကန်လုံးကို လာသိမ်းတယ်။

"ကျောင်းအုပ်ပေါ်လီယာနာ၊ ခါတိုင်းလိုပဲ လှနေတုန်းပဲနော်။" လေဆာအိုင်းက အတတ်နိုင်ဆုံးပြုံးရင်း ရှေ့ကို လျှောက်သွားကာ နှင်းဆီပန်းစည်းကို မက်ဒါနာဆီ ကမ်းပေးလိုက်တယ်။

မက်ဒါနာကတော့ နှင်းဆီပန်းစည်းကို စိတ်မဝင်စားတဲ့ပုံစံနဲ့ တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုမေးငေါ့ပြလိုက်တယ်။ "စားပွဲပေါ်မှာ တင်ထားလိုက်ပါ။" လေဆာအိုင်းလည်း ခေါင်းညိတ်လိုက်ပြီး ပန်းစည်းကို စားပွဲပေါ် တင်ပြီး ကျောက်သားခုံတန်းမှာ ဝင်ထိုင်လိုက်တယ်။

"မိုး၊ ဧည့်သည်အတွက် လက်ဖက်ရည်ဖျော်လိုက်ပါဦး။ လယ်ရီ၊ နင်ကတော့ ဂိတ်ပြန်စောင့်လို့ရပြီ။"

"အမိန့်အတိုင်းပါပဲ သခင်မလေး။" ဘဏ္ဍာစိုးနှစ်ယောက်က ရင်ဘတ်ပေါ်လက်တင်ပြီး ဦးညွှတ်ကာ သူတို့ဆိုင်ရာဆိုင်ရာ တာဝန်တွေဆီရှိရာကို ထွက်သွားကြတယ်။

"ကျောင်းစာသင်နှစ် ပထမလက အခြေအနေဘယ်လိုရှိလဲ မစ်ပေါ်လီယာနာ။" လေဆာအိုင်းက လေသံကို တတ်နိုင်သမျှထိန်းရင်း ပြောလိုက်ပါတယ်။ မက်ဒါနာကတော့ လက်ထဲမှာ ဖုန်းပြားအကြီးကြီးကို ကိုင်ထားရင်း stylus penနဲ့ပုံတစ်ပုံဆွဲနေတယ်။ လေဆာအိုင်းစကားကိုတော့ ခါတိုင်းလိုပဲ အလေးမထားတဲ့လေသံနဲ့ ပြန်ခွန်းတုံ့ပြန်တယ်။

"ဒီလိုပါပဲ ကျောင်းသားတွေကို စာသင်ချိန်မှာ စာသင်ပေးတယ်။ တခြားတော့ ထူးထူးခြားခြားမရှိပါဘူး။" သူတို့စကားပြောနေတုန်း မိုးဆိုတဲ့ဘဏ္ဍာစိုး ပြန်ရောက်လာပြီး ကြွေလက်ဖက်ရည်အိုးနဲ့ခွက်ကလေးနှစ်လုံးကို စားပွဲပေါ်ချပေးဖို့လုပ်တယ်။ ဒါပေမဲ့ နှင်းဆီပန်းတွေက စားပွဲပေါ်မှာရှုပ်နေတာကြောင့် သေချာချလို့မရဘူးဖြစ်နေတယ်။

"မမလေး၊ ဒီနှင်းဆီပန်းတွေကို ကျွန်တော်အမှိုက်ထဲ ထည့်လိုက်ရမလား။"

"ပစ်လိုက်။" မက်ဒါနာက လေဆာအိုင်းကို အားနာမနေဘဲ ပြောလိုက်တယ်။ ဘဏ္ဍာစိုးက လေဆာအိုင်းရှေ့မှာတင်ပဲ ပန်းစည်းကို ကောက်ကိုင်လိုက်ပြီး လက်တစ်ဖက်တည်းနဲ့ ကြွေပန်းကန်တွေကို စားပွဲပေါ် ကျွမ်းကျွမ်းကျင်ကျင် တင်လိုက်တယ်။ နောက်တော့ ပန်းစည်းကိုယူပြီး သူ့မျက်စိရှေ့ကနေ ထွက်သွားတယ်။

လေဆာအိုင်းကတော့ ပါသွားတဲ့ ပန်းစည်းကို နှမျောစိတ်နဲ့ လိုက်ကြည့်လို့ရယ်။ ပန်းစည်းက ဒေါ်လာတစ်ရာလောက်ပဲ ပေးရတာဆိုပေမဲ့ ပန်းပေးခံရတဲ့ ကောင်မလေးက ပန်းတွေကိုဂရုမစိုက်ဘဲ သူ့ရှေ့မှာတင် လွှတ်ပစ်ခိုင်းတော့ တကယ်ရင်ကွဲနာကျစရာကြီးလေ။

နောက်တော့ သူက ဝန်ထမ်းအဆောင်ပတ်ပတ်လည်ကို မျက်စိကစားကြည့်တယ်။ ငွေရောင်စစ်သည်နဲ့ပတ်သက်လို့ ဘာမှသံသယဖြစ်စရာမတွေ့ဘူး။ အဆောင်အပြင်မှာ ဝါယာကြိုးနဲ့အဝတ်တန်းလုပ်ထားတာတွေပဲတွေ့ရပြီး အဝတ်အစားတွေလှန်းထားတာတော့ မတွေ့ရဘူး။

"မိုးရွာတာနဲ့ ပင်မင်းဆိုင်ပို့လိုက်တာလေ။ ရှင်ဒီကိုလာတာ ကျွန်မနေတဲ့အဆောင်မှာလှန်းထားတဲ့ အဝတ်တွေကို လိုက်ကြည့်ဖို့ကြံချင်ရုံပဲတော့ မဟုတ်ဘူးမလား။"

လေဆာအိုင်းရှက်သွားပြီး "အိုး၊ ကျုပ်က ကျောင်းသင်ခန်းစာတွေ ဘယ်လောက်ထိပြီးပြီလဲ သိချင်လို့လာတာပါ။" သူက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့မလှုပ်ရှားနိုင်တဲ့ ခြေထောက်တွေကို ကြည့်ရင်းမေးလိုက်တယ်။

"ဒါနဲ့ကျောင်းအုပ်ရဲ့ခြေထောက်တွေက ဘယ်လိုဖြစ်သွားတာလဲ။ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တာလား။"

ပေါ်လီယာနာ(မက်ဒါနာ)က လက်ထဲက penကိုချလိုက်ပြီး လေဆာအိုင်းကို မော့ကြည့်တယ်။ လေဆာအိုင်းကတော့ ရင်ထဲမှာ အေးစက်သွားသလိုမျိုး ခံစားလိုက်ရတယ်။ 'ငါစကားနှိုက်တာ သိသာလွန်းနေတာလား။'

ဒါပေမဲ့ မက်ဒါနာက တစ်ခုခုကြောင့် ဝမ်းနည်းသွားဟန်နဲ့ ခွက်ထဲကို လက်ဖက်ရည်ငှဲ့လိုက်ရင်း "တကယ်တော့ ကျွန်မက မွေးရာပါ လမ်းမလျှောက်နိုင်တာပါ။

ကျွန်မက နည်းပညာပစ္စည်းတွေရဲ့တည်ဆောက်ပုံကို နားလည်နိုင်လို့ အကူပစ္စည်းထုတ်လုပ်ရေးမေဂျာနဲ့ ဟီးရိုးဆရာဖြစ်သင်တန်းကို အောင်လာတာ။ ဗီလိန်တွေနဲ့ ဘယ်တုန်းကမှ မတိုက်ဖူးဘူး။"

"ကျုပ်မေးတာ လွန်သလိုဖြစ်သွားရင် စိတ်မရှိပါနဲ့။" မက်ဒါနာက လေသံကို ပုံမှန်လေသံနဲ့ပြောလိုက်တာပေမဲ့ မျက်နှာအမူအရာက ဝမ်းနည်းနေဟန်ပေါက်တော့ လေဆာအိုင်းရင်ထဲမှာ မက်ဒါနာအတွက် တကယ်စိတ်မကောင်းဖြစ်သွားပြီး အလိုလိုတောင်းပန်လိုက်မိတယ်။

"ရပါတယ်။" မက်ဒါနာက မျက်နှာကို ငုံထားလိုက်ရင်း လေဆာအိုင်းနဲ့ မျက်နှာချင်းမဆုံမိအောင် နေတဲ့အတွက် အပြင်လူတွေအတွက် တကယ်ဝမ်းနည်းနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။

"ဒါနဲ့ဒီကျောင်းကို အရင်နှစ်တုန်းက ဗီလိန်တွေလာတိုက်ဖူးလို့ ကျောင်းသားမိဘတွေ စိုးရိမ်နေမှန်း ဆရာမသိမှာပါ။ ကျောင်းဘုတ်အဖွဲ့ကို ကျောင်းအစား လုံခြုံရေးငှားပေးဖို့​ ပြောပေးရမလား။"

မက်ဒါနာက ဒီစကားကိုကြားတော့ လေဆာအိုင်းကို ခေါင်းခါပြလိုက်တယ်။ "မလိုတော့ပါဘူး၊ အခုနှစ်ရထားတဲ့ အလှူငွေတွေနဲ့ ကျွန်မထိပ်သီးB rankအဆင့် မြူတန့်သုံးယောက်ငှားထားတယ်။ ရှင်ခုနကတွေ့တဲ့ ဘဏ္ဍာစိုးတွေလေ။"

လေဆာအိုင်းလည်း မျက်ခုံးပင့်လိုက်ပြီး "ဒါကြောင့် သူတို့ဆီက ကျုပ်နဲ့တန်းတူ အရှိန်အဝါကို ခံစားမိနေတာကိုး။"လို့ မျက်နှာဆယ်ရင်း ပြောလိုက်တယ်။ တကယ်က အားကောင်းတယ်လို့ မခံစားရဘဲ သူတို့အရှိန်အဝါကြောင့် လေဆာအိုင်း ယုန်သူငယ်လေးလိုခံစားနေရတာ။

"ဒီတော့ ဒီတစ်နှစ်အတွက် ရှင်တို့အကုန်အကျစရာမလိုသေးဘူး။" မက်ဒါနာက လေဆာအိုင်း စကားပိုပြောမရအောင် ပိတ်လိုက်တယ်။

လေဆာအိုင်း ပြောစရာစကားရှာမရတဲ့အတွက် စကားဝိုင်းက အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားတယ်။ ငါးမိနစ်လောက်ကြာတော့ မှတ်တမ်းစာအုပ်ကိုင်ထားတဲ့ ဘရီဆာက ဝန်ထမ်းခန်းမဆောင်ထဲ ဝင်လာတယ်။

"ကျောင်းအုပ်၊ ဒီတစ်ပတ်အတွက် အစီရင်ခံစာရပါပြီ။ အတန်းတိုင်းကို နောက်တစ်ပတ်မှာ ကျူတိုရီရယ်စစ်ဖို့နဲ့ လက်တွေ့တိုက်ပွဲသင်ခန်းစာသင်ကြားဖို့ အသင့်ဖြစ်ပါပြီ။"

မက်ဒါနာက မှတ်တမ်းကို ယူလိုက်ရင်း ဘရီဆာကို ခေါင်းညိတ်ပြတယ်။ နောက်တော့ လေဆာအိုင်းကို ကြည့်လိုက်ပြီး

"ရှင်ကျောင်းကို စစ်ဆေးရေးဝင်တာမလား၊ ဆရာမဘရီဆာနောက်လိုက်သွားပါ။ ဘရီဆာ၊ ဘုတ်အဖွဲ့ဒါရိုက်တာကြီးကို ကျောင်းခန်းတိုင်းက ကျောင်းသားတွေနဲ့ မိတ်ဆက်ပေးလိုက်ပါ။"

လေဆာအိုင်းက တံထွေးမျိုချလိုက်တယ်။ ဘာစကားမှနှိုက်မရသလို ဘာရည်ရွယ်ချက်မှမပြီးမြောက်လို့ အမြန်ဆုံးပြန်ဆုတ်ပြေးချင်ပေမဲ့ ဌာနမှူးပြောသလို သံသယမဝင်စေနဲ့ဆိုတာကြောင့် စိတ်ကိုထိန်းပြီး ထိုင်နေရာကနေထကာ ဘရီစာကို ခေါင်းညိတ်ပြတယ်။ ဘရီစာကလည်း ခေါင်းပြန်ညိတ်ပြပြီး ရှေ့ကနေလျှောက်တယ်။ သူကလည်း နောက်ကနေ လိုက်ရတာပေါ့။

လေဆာအိုင်း မျက်စိရှေ့ကနေ ပျောက်သွားတော့မှ မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပြီး လူတစ်ယောက်နာမည်ကို ရေရွတ်လိုက်တယ်။ "ဖရက်၊ နင်ရောက်နေတယ်မလား။"

ဖရက်က အတောင်ပံကိုခတ်ရင်း မက်ဒါနာရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ခစားတယ်။ "မင်းသမီးလေးကို အဲဒီကောင်တစ်ခုခုလုပ်ရင် အသေသတ်ဖို့ ချောင်းနေခဲ့တာပါ။"

"အဲဒါတွေခနထားဦး၊ ဒီကောင်လာတာ မြူတန့်ဌာနစိတ်က ငါတို့ကို သံသယဝင်နေလို့ဖြစ်မယ်။ နောက်ငါတို့လှုပ်ရှားရင် ပိုသတိထားဖို့လိုလိမ့်မယ်။"

"ဟုတ်ကဲ့။"

All Chapters