Vol. 14 Ch. 198
Vol. 14 Ch. 198
"ဟီးဟီး..."
ယွင်ကျဲ့မင် ရယ်မောလိုက်ပြီး "ဒါရိုက်တာချီက အဲ့တာကို စိုးရမ်နေတယ်ဆိုရင်တော့ သေချာတယ်..အတွေးလွန်နေပြီ..."
ထိုသို့ပြောပြီးနောက် ယွင်ကျဒ့မင် လျိုချူးကို ကြည့်ကာ "ဒါရိုက်တာလျိုက ချစ်ပ်နည်းပညာနဲ့ ပတ်သက်လာရင် တော့ လုံး၀ ဂျီးနီးယပ်စ်ပဲ...ဒါရိုက်တာချီကို ရှင်းပြလိုက်..."
"ဟုတ်ကဲ့ပါ..."
လျိုချူး ကိုယ်ကို မတ်လိုက်ပြီး ချီးရှန်းကျောက်ကို ပြုံးပြကာ "ဒါရိုက်တာချီ..နည်းပညာအရတော့ ကျုပ်တို့ Cisco က ပြည်တွင်းမှာ အကောင်းဆုံးလို့ ရဲရဲကြီးအာမခံရဲတယ်..ချိုင်းနာ သိပ္ပံအကယ်ဒမီနဲ့ ချိုင်းနား သိပ္ပံ သုတေသန စင်တာက နောက်ကွယ်မှာ ထိန်းချုပ်ထားတယ် ဆိုရင်တောင်မှပေါ့...ဒါပေမယ့် ကျုပ်တို့ရဲ့ နည်းပညာ အဆင့်အတန်းက လုံး၀ လယ်ဗယ်တစ်ခုမှာပဲ..အနည်းဆုံးတော့ နောက်ငါးနှစ်အတွင်း ဘယ်သူမှ ကျုပ်တို့ကို ဖိနှိပ်လို့ မရစေရဘူး..."
နည်းပညာ မူပိုင်ခွင့်မှာ သူ့လက်ထဲ၌ ရှိနေသောကြောင့် လျိုချူး ထိုမျှ အာချောင်နေရဲခြင်းပင်။
လုံရှင်း သုတေသနစင်တာမှ အချိန်တိုအတွင်း ထုတ်လုပ်နိုင်ခဲ့လျင်တောင် နည်းပညာ မူပိုင်ခွင့်က သူ၏ ဝှက်ဖဲတစ်ချပ်ဖြစ်၏။
အကယ်၍ မူပိုင်ခွင့်ရှိထားသော ချစ်၁.၀ကို ထုတ်လုပ်လာမည်ဆိုပါက မူပိုင်ခွင့် ချိုးဖောက်ခြင်းပင်။
အဆုံးတွင်တော့ လင်းရီတို့ အတင်းအကြပ် ရပ်ဆိုင်းခံရလိမ့်မည်။
ထိုအကြောင်း စဉ်းစားရင်း လျိုချူး နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရင်ထဲတွင်တော့ တိတ်တဆတ် ကျိန်ဆဲနေလိုက်၏။
"ဟမ့်..ငါ့ကို အလုပ်ဖြုတ်ရဲတယ်ပေါ့လေ..ခုကစပြီး မင်းတို့ လုံရှင်းစင်တာကို ခေါင်းမထောင်နိုင်အောင် ငါလုပ်ပြမယ်ကွ..."
"ဘယ်သူကမှ ခင်များတို့ကို မဖိနှိပ်နိုင်ဘူးဆိုတာ ဟုတ်လို့လား.."ချီရှန်းကျောက် ပြောလိုက်ပြီး "ကျုပ်သိသလောက်တော့ လုံရှင်းစင်တာကလည်း ဒီနယ်ပယ်ထဲမှာ အကောင်ပဲနော်...ဒီတော့ သိပ်အကြီးကြီးတွေ မပြောနဲ့ဦး...."
ချီရှန်းကျောက်၏ အရည်အသွေးပြည့်၀မှုကို ယွင်ကျဲ့မင်နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
ချီရှန်းကျောက် သိပ္ပံသုတေသန နယ်ပယ်ကို ထိုမျှ နှံ့စပ်လိမ့်မည်ဘို့ ထင်မထားခဲ့ကြ။
ကြည့်ရတာတော့ ဒါရိုက်တာချီက အဆယ်အသွယ်ကြောင့် ဒီနေရာ ရောက်လာတာ မဟုတ်ဘဲ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့နေမှာ...
"ဒါရိုက်တာချီသိတာက အပေါ်ယံလေးတင်ပါဗျ.."လျိုချူး ပြောလိုက်ပြီး "အမှန်တိုင်း ပြောရရင် ကျုပ် လုံရှင်းစင်တာမှာ အလုပ်လုပ်ခဲ့ဖူးတယ်...အဲ့ကောင်တွေအားလုံးက အတောင်စုံနေတဲ့ လူလိမ်အကြီးစားကြီးတွေ...သူတို့ထုတ်တဲ့ နည်းပညာတွေကတောင် သူများအိုင်ဒီယာကို ခိုးထားကြတာ..ကျုပ်လည်း အဲ့လောက် သောက်ရှက်မရှိတဲ့ စင်တာမှာ ဆက်မလုပ်ချင်တော့တာနဲ့ပဲ Ciscoကို ပြောင်းလာခဲ့လိုက်တာ..."
ဟော်ယွမ်ယွမ် လျိုချူးကို စိတ်၀င်စားသည့် မကြည့်များဖြင့် ကြည့်လိုက်သည်။
သူမ ထိုလူ မည်သည်ကို တတ်ကျွမ်းမှန်း နားမလည်သော်လည်း လုပ်မည်ဆိုပါက စီးပွားရေးသမားကောင်း တစ်ယောက်တော့ အေးဆေး ဖြစ်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် အရမ်း အရှက်မဲ့လွန်းသောကြောင့်ပင်။
"ဒါရိုက်တာလျိုကတောင် ဒီလိုတွေ ပြောနေပြီဆိုမှတော့ ကျုပ်လည်း စိတ်ချပါပြီ..."ချီရှန်းကျောက် ပြောလိုက်ပြီး "ကျုပ်တို့ စာချုပ်ချုပ်ကြတော့မလား..."
ယွင်ကျဲ့မင်နှင့် ရန်ဟုန်ယွီတို့ မျက်လုံး အရောင်တောက်လာခဲ့ကြသည်။ ညှိနှိုင်းမှုမှာ ထိုမျှ ချောမွေ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြ။
"ဒါရိုက်တာချီက တကယ်ပဲ ရှေ့ရေးကို ကြိုမြင်တတ်တာပဲ..စာချုပ်ယူလာခဲ့စမ်းဟေ့..."
"ဒါရိုက်တာယွင်..မလောပါနဲ့ဦး..စာချုပ်မပြင်ခင် ကျုပ်မှာ တခြားတောင်းဆိုစရာလေး တစ်ခု ရှိသေးတယ်..."ချီရှန်းကျောက် ပြောလိုက်၏။
"ပြောပါဗျ..ကျုပ်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းရှိရင် ေတာ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
"နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုရအောင် ကျုပ်စာချုပ်မှာ အပိုဒ်လေးတစ်ပိုဒ် ပေါင်းထည့်ချင်သေးတယ်...အဲ့တာက ချစ်ပ်အဆင့်မြင့်မှု အာမခံချက်လေးပေါ့..."
ယွင်ကျဲ့မင်နှင့် အမှုဆောင် အရာရှိများအားလုံး ရှုပ်ထွေးသွားကြသည်။ ချီရှန်းကျောက် ဘာကို ဆိုလိုချင်နေလဲဆိုတာ နားမလည်ကြချေ။
"ရိုးရှင်းပါတယ်...ဘယ်သူကမှ ခင်များတို့ရဲ့ ချစ်ပ်ကို တစ်နှစ်အတွင်း ကျော်လွန်ခြင်း မရှိစေရဘူးလို့ အာမခံပေးရမယ်..."
"ဒါက...."
အစည်းဝေးခန်းထဲရှိ လူတိုင်း တိတ်ဆိတ်သွားကြတော့၏။
သူတို့လက်ရှိ ပြည်တွင်းချစ်ပ်ထုတ်လုပ်မှု နယ်ပယ်မှာ တစ်နှစ်ဝေးစွ၊ ငါးနှစ်ပင်လျင် လက်ရှိ သူတို့ ထုတ်လုပ်ထားသည့် ချစ်ပ်ကို ကျော်တက်နိုင်ရန် လမ်းစမမြင်ချေ။
သို့သော်လည်း ဘယ်အရာကိုမျှ ပုံသေပြော၍မရ။ ယခုကိစ္စမှာလည်း ဖြစ်နိုင်ချေ အနည်းငယ်တော့ ရှိနေသေး၏။
မနက်ဖြန် မားစ်ဂြိုဟ်မှ ကမ္ဘာကြီးကို တိုက်မိလိမ့်မည်ဟု ပြောသော်လည်း မည်သူမျှ ယုံလိမ့်မည်မဟုတ်။ သို့သော်လည်း တစ်ခါတစ်ရံ ထိုအရာများမှာ ဖြစ်သွားတတ်ပေသည်။
အဘယ်ကြောင့်ဆိုသော် မည်သူကမျှ မနက်ဖြန်ကို ကြိုမသိနိုင်သလို အနာဂတ်ကိုလည်း ကြိုတင်မခန့်မှန်းနိုင်ချေ။
သို့သော်လည်း ယွင်ကျဲ့မင်နဲ့ ရန်ဟုန်ယွီတို့မှာ စီးပွားရေးလောကတွင် မြေခွေးအိုကြီးများဖြစ်သည့် အလျောက်သူတို့အတွက် ဂယ်ပေါက်လေးတစ်ခု ချန်ထားချင်နေသေးသည်။
မ၀န်ခံချင်သော်လည်း ချီရှန်းကျောက်မှာ တကယ့်ချက်ကောင်းကိုမှ ချက်ချင်း ထောက်ပြလိုက်သည်ကိုတော့ ၀န်ခံရပေမည်။
"ဒါရိုက်တာချီ..ကျွန်တော်တို့ ဒီအချက်က တကယ်ကြီးထည့်မှ ဖြစ်မှာလားဗျ..."စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ပြီးနောက် ယွင်ကျဲ့မင် မေးလိုက်သည်။
"ဘာလဲ ဒီလိုတောင်းဆိုတာလေးက တအားများနေလို့လား.."ချီရှန်းကျောက် ဘလိုင်းကြီး ပြောလိုက်ပြီး "ကျုပ်တို့က ဒီကို ရိုးသားမှုအပြည့်နဲ့ လာခဲ့တာနော်..ဒါရိုက်တာယွင်က ကျွန်တော်တို့ကို ဒီလောက်လေးတောင် မရိုးသားပေးနိုင်ဘူးလို့တော့ မပြောနဲ့.."
"ဒါပေမယ့်..."
ချီရှန်းကျောက်၏ အကြည့်များမှာ ယွင်ကျဲ့မင်မှတစ်ဆင့် အခြားအမှုဆောင်အရာရှိများကို တစ်ယောက်ချင်း စူးစိုက်ကြည့်ကာ "ခင်များတို့ကောင်တွေက ဘာတွေတုန့်ဆိုင်းနေကြတာ...မဟုတ်မှလွဲရော ခင်များတို့ နည်းပညာက အတူကြီးမို့လို့လား..."
ချီရှန်းကျောက် ပြောလိုက်ပြီး "စောနတုန်းကကျတော့ ကျုပ်တို့နည်းပညာကို ကျော်နိုင်တဲ့သူက နောက်ငါးနှစ်အတွင်း ပေါ်မလာစေရဘူးလို့ အာမခံပါတယ်ဆို..ကျုပ် တောင်းဆိုတာက တစ်နှစ်တည်းပဲ...တစ်နှစ်လေးပဲ အာမခံပေးဖို့ တောင်းဆိုနေတာ..အဲ့လောက်လေးတောင် လိုက်မလုပ်ပေးနိုင်ဘူးလားဟ..."
ထိုသို့ပြောပြီးနောက် ချီရှန်းကျောက် မတ်တပ်ရပ်ကာ အေးစက်နေသည့် လေသံဖြင့် "ယွမ်ယွမ်..သွားစို့..ဘာမှ ဆက်ပြောဖို့ မလိုတော့ဘူး..."
"အာ..အမ်...သွားမယ်..."
ဟော်ယွမ်ယွမ် အံ့အားသင့်သွားခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲဟ..
ဇာတ်လမ်းက ဒီလိုသွားရမှာ မဟုတ်ဘူးလေ..
လုပ်နေတာ ဟုတ်နေတာပဲကို ဘာလို့ အဲ့လောက် ဒရာမာတွေ ထပ်ထည့်နေတာလဲဟဲ့...
ဟော်ယွမ်ယွမ် ဘာမှ မတုန့်ပြန်နိုင်ခင် ယွင်ကျဲ့မင် ထရပ်လိုက်ပြီး အပြုံးလေးဖြင့် "ဒါရိုက်တာချီကလည်း စိတ်မဆိုးပါနဲ့ဦးဗျ...ဒါရိုက်တာချီ တောင်းဆိုတာကမများပါဘူး.ကျုပ်တို့ သဘောတူပါတယ်.."ယွင်ကျဲ့မင် ပြောလိုက်ပြီး "ကျွန်တော့်အတွင်းရေးမှူးကို ခုပဲ စာချုပ်ထပ်ပြင်ဖို့ ပြောလိုက်မယ်..."
"ခုမှတော့ နောက်ကျသွားပြီ.."ချီရှန်းကျောက် ပြောလိုက်ပြီး "ခင်များရဲ့ အပြုအမူတွေက ကျုပ်ကို ပိုပြီး သံသယ၀င်စေတယ်.."
ဟော်ယွမ်ယွမ် ပြောစရာစကာ ကင်းမဲ့သွား၏။
အစ်ကိုချီ သရုပ်ဆောင်နေတာက လုံး၀ သဘာ၀အတိုင်းပဲ.
ဒါရိုက်တာလင်းက အစ်ကိုချီကို ဒုဥက္ကဌနေရာမှာ သရုပ်ဆောင်ဖို့ ပြောတာ မထူးဆန်းတော့ပါဘူး..
သရုပ်ဆောင်နေတာများ မိုဖေး ၀င်ပူးနေတဲ့အလားပဲ..
ဒီလိုသရုပ်ဆောင်ဖို့ဆိုတာကတော့ တော်ရုံပါရမီရှိရုံနဲ့တော့ မရဘူး...
"ဒါရိုက်တာချီ..ကျွန်တော်ခင်များရဲ့ ရိုးသားမှုက်ုလည်း ခံစားမိပါတယ်..ကျွန်တော်တို့ရဲ့ ရိုးသားမှုကိုလည်း ဖော်ပြလို့ရအောင် တစ်နှစ်အတွင်း ကျုပ်တို့ ချစ်ပ်ထက် အဆင့်မြင့်တဲ့ ချစ်ပ်နည်းပညာ ပေါ်လာခဲ့ရင် စာချုပ်ပမာဏထဲကထက် သုံးဆ ပြန် လျော်ပေးမယ်ဗျာ.."
"သုံးဆ..."ချီရှန်းကျောက် နှာခေါင်းရှုံ့လိုက်ပြီး "သုံးဆတည်းလား..ကျုပ်မျက်နှာက အဲ့လောက်တောင် တန်ကြေးမဲ့တာလား..."
"အဲ့တာဆိုလည်း ငါးဆဗျာ..."
"ဒါရိုက်တာချီက ရိုးသားမှုနဲ့ လာခဲ့မှတော့ ကျုပ်တို့ရဲ့ ရိုးသားမှုကိုလည်း လက်ခံပေးပါ..."
ချီရှန်းကျောက်၏ အမူအရာမှာ တစ်ရာ့ရှစ်ဆယ် ဒီဂရီလောက် ပြောင်းလဲသွားပြီး "စာချုပ်ယူလာခဲ့ ခိုင်းလိုက်တော့.."
"ကောင်းပါပြီဗျ.."
ချီရှန်းကျောက်အား ဖျောင်းဖျနိုင်လိုက်သည်ကိုမြင်တော့ ယွင်ကျဲ့မင် စိတ်သက်သာရာ ရသွားခဲ့သည်။
ချီရှန်းကျောက်ကတော့ သူ၏ဖုန်းကို အေးဆေးကလိရင်း "စာချုပ်ချုပ်မှာက ၃ ဘီလီယမ်နော်..."
၃ ဘီလီယမ်.....
ထိုပမာဏကို ကြားလည်းကြားရော Cisco မှ လူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
မည်သူကမျှ ချီရှန်းကျောက် ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသည့် ငွေပမာဏကြီးကို ထုတ်ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။
Cisco ၏ လူများသာမက ဟော်ယွမ်ယွမ်လည်း အံ့အားသင့်သွားခဲ့သည်။
ငါတို့မလာခင်တုန်းက လင်းရီ ပြောလိုက်တာ တစ်ဘီလီယမ်တည်း မဟုတ်လား...
ဘာလို့ ၃ဘီလီယမ်လို့ ပြောလိုက်ရတာလဲ..
မဟုတ်မှလွဲရော ဒီကောင် ဇာတ်ထဲ မျောပါသွားလို့များလား..
အဲ့လိုလုပ်လို့မရဘူးလေဟဲ့..အကုန်မှားကုန်ပြီ...
ဟော်ယွမ်ယွမ် ဆက်ငြိမ်မနေနိုင်တော့ပဲ "ဒါရိုက်တာချီ ကျွန်မအထင်တော့ သုံးဘီလီယမ်ဖိုး စာချုပ်ချုပ်လိုက်မယ်ဆို ကျွန်မတို့ ကုမ္ပဏီရဲ့ အနာဂတ် ရင်းနှီးမြုပ်နှံမှုအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရောက်လာနိုင်တယ်နော..."
"မင်းစိုးရိမ်နေတာတွေ ငါနားလည်တယ်..."ချီရှန်းကျောက် ပြောလိုက်ပြီး "Cisco က နောက်တစ်နှစ်လောက်အထိ ချစ်ပ်နယ်ပယ်မှာ မဦးဆောင်နိုင်မှာ စိုးရိမ်နေတာမလား..."
ဟော်ယွမ်ယွမ် ဘယ်လို တုန့်ပြန်ရမလဲတောင်မသိတော့။
အဘယ်ကြောင့်ဆိုသော် ချီရှန်းကျောက် ပြောသမျှက ဇာတ်တိုက်ထားသည်နှင့် တခြားစီ ဖြစ်နေသောကြောင့်ပင်။
ဤအခြေနေထိ ရောက်ဘာမှတော့ သူမ အစ်ကိုချီကို ထောက်ပံ့ပေးပြီး မီးစင်ကြည့်ကရုံသာ ရှိတော့သည်။
ဘာတွေ လုပ်နေမှန်းလည်း မသိဘူးကွာ...လိုက်ကို မမှီတော့ဘူး....