မသက်ဆိုင်တဲ့သူတွေ ထွက်သွားစမ်း
Vol. 84 Ch. 1175
မိုဝူကျိ လက်ထဲ လက်စွပ်တစ်ကွင်း ကျရောက်လာသည်။ မိုဝူကျိက လက်စွပ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အထဲရှိ ပစ္စည်းများမှာ မင်ယွမ် ကတိပေးထားသည့်အတိုင်း ဖြစ်ကြောင်း အတည်ပြုလိုက်၏။ ထိုမျှတင် မကသေးဘဲ နောက်ထပ် မှော်ရတနာများလည်း အပိုပါရှိနေသေး၏။
မိုဝူကျိ ခံစားမိသည့် စိတ်လှုပ်ရှားမှုက သူ့ကိုယ်သူ တောက တက်လာသူ တစ်ယောက်နှယ် ခံစားနေရသည်။
“ တာအိုရောင်းရင်းမို ကျုပ် အခုသွားလို့ ရပြီလား ” မင်ယွမ်က မိုဝူကျိသည် လက်စွပ်ပစ္စည်းများကို စစ်ဆေးကြည့်နေသည်ကို မြင်ကာ သူက မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။
သူ့အမြင်အရ မိုဝူကျိသည် စကားများကို ပြန်လည် ရုတ်သိမ်းမည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ ထို့အပြင် သူ့တွင် တခြားရွေးချယ်စရာ မရှိသောကြောင့် ထိုပစ္စည်းများအား တည့်တိုး ပေးလိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍ မိုဝူကျိသာ စကားကို ပြန်ရုတ်သိမ်းလိုက်လျှင် သူ့အနေနှင့် သူ့အမြင်ဆိုးရွားမှုကိုသာ အပြစ်တင်ရလိမ့်မည်။
မိုဝူကျိက သိုလှောင်လက်စွပ်ကို သိမ်းထားလိုက်ပြီး မင်ယွမ်အား ကြည့်လိုက်ကာ “ ဒါပေါ့ ထွက်သွားလို့ ရပြီ။ ဒါပေမဲ့ ထွက်မသွားခင် ကျိန်ဆိုရမယ်။ ခင်ဗျားလိုမျိုး ဉာဏ်ကောင်းတဲ့သူက ဘယ်လိုကျိန်ဆိုရမလဲဆိုတာ သိပြီးသားလို့ ထင်တယ် ”
ထိုစဉ် မိုဝူကျိက မင်ယွမ်တွင် သရုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိမလားဟု တွေးတောနေမိ၏။ မင်ယွမ်၏ စကားက သူ့အား ယုံကြည်ထိုက်သည့်သူဟု ထင်မှတ်လာစေသည်။
နောက်ဆုံး၌ မင်ယွမ်က မိုဝူကျိ ပြောသည့်အရာကို နားလည်သွားလေသည်။ သူက တုံ့ဆိုင်းမနေဘဲ
“ ကျုပ် မင်ယွမ် ထွက်သွားပြီးတဲ့နောက်မှာ တာအိုရောင်းရင်းမိုကိုရော၊ သူနဲ့ ပတ်သတ်နေတဲ့သူတွေအပေါ်မှာပါ လက်စားမချေပါဘူးလို့ ကျိန်ဆိုပါတယ်။ တကယ်လို့ ကျုပ်ကတိစကားကို ချိုးဖောက်မိပါက မိုးကြိုးဒဏ်သင့်ကာ ဝိဇ္ဖာအဆင့်သို့ တစ်သက်လုံး မတက်လှမ်းနိုင်ပါစေသား … ”
မိုဝူကျိက သက်ပြင်းချလိုက်၏။
သူက မင်ယွမ်၏ အကျင့်စရိုက်ကို မှားယွင်းကောက်ချက် ချမိတာလား ….
ဤလူက ကပ်စေးနည်းသူ သာမကဘဲ ကြောင်သူတော်လည်း ဖြစ်နေသည်။ သူ ပြောသမျှ စကားတိုင်းက အမှန်ဟု ခံစားနေရပြီး တခြားလူကို သူ့အပေါ် ယုံကြည်ရုံမှအပ ရွေးချယ်စရာမရှိအောင် ဖြစ်စေသည်။ ထို့အပြင် သူက ဉာဏ်များကာ လှည့်ဖျားတတ်သေး၏။ မိုဝူကျိ၏ စကားအနည်းငယ်ဖြင့် ဘာကို ကျိန်ဆိုခိုင်းမှန်း တန်းသိပေသည်။
“ သွားလို့ ရပြီ …. ကျုပ် စကားတွေက အတည်ပဲ။ နောက်တစ်ခါ ကျုပ်ကို ရန်လာမစမိစေနဲ့ ” ထိုသို့ပြောပြီး မိုဝူကျိက သဘာဝစွမ်းအားလက်ကို ဖြေလျော့ပေးလိုက်သည်။ သူက မင်ယွမ်အား လွှတ်ပေးမည်ဟု ပြောထားသည့်အတွက် စကားကို ပြန်ရုတ်သိမ်းမည် မဟုတ်ပေ။ ဤသည်မှာ ပညာရှင်တစ်ယောက်၏ အပြုအမူ ဖြစ်၏။
မင်ယွမ်က လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ပြီးနောက် ပုံရိပ်မှာ ဖြတ်ခနဲ ကွယ်ပျောက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း သူက အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်၏။
မင်ယွမ် ထွက်သွားပြီးနောက် ခွန်းယွင်က အသက်ပြင်းပြင်းရှုကာ
“ ညီအစ်ကိုမို …. မင်းတော့ အရူးလုပ်ခံလိုက်ရပြီ။ အဲဒီလူကို သတ်မယ်လို့ ပြောရင် သူက နောက်ထပ် ရတနာတွေ ထုတ်ပေးမှာ သေချာတယ်။ ငါ့ကျင့်ကြံဆင့်က နိမ့်နေလို့ သူ့ကို မနှောင့်ယှက်ရဲတာ …. အဲကြောင့် ဘာမှဝင်မပြောရဲတာပါကွာ
အရင်တုန်းက သူက ကြင်နာသဘောထားကြီးတဲ့ သူတော်စင်ကြီးပုံစံ ဖမ်းခဲ့တာ …. အဲဒါကြောင့် ကပ်ဘေးရောက်မလာခင် အရိုက်အရာခံ နတ်ဘုရားတော်တော်များများက သူ့ဆီမှာ ရတနာတွေ ထားခဲ့ကြတယ်။ ဒီနေ့တော့ အဲဒီလူဆီမှာ စွမ်းရည်ကြီးကြီး ရှိတာ နားလည်သွားပြီ။ သူ ပြောသမျှ အကုန်လုံးအမှန်လိုမျိုးကို ဖြစ်နေတာပဲ …. အဲဒါကြောင့် လူတွေက သူ့ကို မျက်စိမှိတ်ယုံနေကြတာ … ”
ခွန်းယွင်က လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက မိုဝူကျိနှင့် မင်ယွမ်တို့ စကားဝိုင်းအတွင်း တကယ် ဝင်မပြောရဲခဲ့ခြင်း ဖြစ်၏။ သူက မိုဝူကျိဘေးတွင် ထာဝရ နေနေ၍ မဖြစ်ပေ။ သူသာ မိုဝူကျိဘေးမှ ထွက်သွားည်နှင့် မင်ယွမ်ကို ရန်စမိထားလျှင် မင်ယွမ်လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။
မိုဝူကျိက သူ လုပ်မိသည့်အရာတစ်ခုကို နောင်တရခဲ၏။ သူက အေးအေးဆေးဆေး ပြောလိုက်သည် “ ခွန်းယွင် … ကျုပ်ကို လှမ်းအကြောင်းကြားတုန်းက ဘာကတိပေးခဲ့လဲ ”
ခွန်းယွင် မျက်နှာမှာ ပြောင်းလဲသွားပြီး “ ညီအစ်ကိုမို … အခုလေးတင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အခုတစ်သောင်း ရထားပြီးပြီလေ။ ငါ့ဆီကနေ ယူဦးမလို့လား …. အဲဒါကျ နည်းနည်း အရေထူမနေဘူးလားကွာ ”
“ ကောင်းပြီလေ …. ခင်ဗျားဟာနဲ့ ကျုပ်ဟာနဲ့ အခု နှစ်ရာ လဲလှယ်ကြတာပေါ့ ” မိုဝူကျိက ခွန်းယွင်ထံ သိုလှောင်လက်စွပ် တစ်ကွင်း ပစ်ပေးလိုက်သည်။
ထိုစဉ် ခွန်းယွင်၏ မျက်နှာမှာ မသာမယာ ပြောင်းလဲသွားလေသည်။ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောမှာ ပမာဏများများစားစား ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောကို ဖန်ဆင်းမှုအဆင့်နှင့် လဲလှယ်ချင်နေသည်။ ထိုနှစ်ခုက အဆင့်တူပင် မဟုတ်နေပေ။
စကြဝဠာရှိ အရင်းအမြစ်များမှာ ဆက်တိုက် ကုန်ခမ်းလာသော်လည်း ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများမှာ တွေ့နိုင်သေး၏။ သို့သော်လည်း ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများမှာ ထပ်မတွေ့နိုင်တော့ပေ။
သူ့အသက်ကို ကယ်နိုင်ရန် မည်သူကများ သူ့အား အပိုတွေလျှောက်ပြောခိုင်းလို့လဲ ….
ခွန်းယွင်က အလိုမရှိသော်လည်း ကတိအတိုင်း ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော နှစ်ရာကို ထုတ်ပေးလိုက်ရသည်။ ထိုစဉ် သူက မိုဝူကျိမှလွဲ၍ အားလုံးကို စိတ်အနှောင့်အယှက်ပေး၍ ရပေသည်။
မိုဝူကျိက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများကို သိမ်းဆည်းပြီးနောက် ခွန်းယွင်က ပြုံးကာ ပြောလိုက်သည် “ ညီအစ်ကိုမို …. ငါတို့တွေ အဲဒီနေရာကို သွားကြတော့မလား။ မင်း မပါဘဲနဲ့ ငါတို့တွေ အဲဒီနေရာကို ရောက်မှာ မဟုတ်ဘူး ”
မိုဝူကျိက ပြုံးလိုက်ကာ “ သွားကြတာပေါ့ … ဒါနဲ့ ခင်ဗျား ရတနာတွေကို ဘယ်မှာများ ဖွက်ထားခဲ့တာတုန်း ”
ခွန်းယွင်က မိုဝူကျိအား ရတနာ အရင်ရွေးခိုင်းမည်ဟု ပြောထားသော စကားကို ရုတ်ချည်း အမှတ်ရသွားကာ အမူအယာက ခါးသက်သက် ဖြစ်လာသည်။
“ ညီအစ်ကိုမိုရေ … ”
ခွန်းယွင် စကားမဆုံးခင် မိုဝူကျိကို လက်ကာပြကာ
“ ခွန်းယွင် …. စကားကို ပြန်ရုတ်သိမ်းမယ် မကြံနဲ့နော်။ ကျုပ်က အသက်ကို စတေးပြီးတော့ ခင်ဗျားကို ကယ်ထားရတာ။ လာပါဦး …. ခင်ဗျားရဲ့ ရတနာ ကလေးလေးတွေကို ဘယ်မှာ သိမ်းထားတာလဲ ပြောစမ်းပါဦး ”
မင်းအသက်ကိုတောင် စတေးခဲ့ရတာတဲ့လား ….
အဲဒီ မင်ယွမ်က မင်းရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် ခုခံနိုင်တာ မဟုတ်ဘဲနဲ့များ ….
ခွန်းယွင် စိတ်ထဲ၌ မိုဝူကျိကို ဆက်တိုက် ပြောဆိုနေသည်။ သို့သော်လည်း အပြင်ဘက်၌ စကားတစ်ခွန်းမှ ပြန်မပြောရဲပေ။ သူက ဤသို့ပြောရုံသာ တတ်နိုင်ပေသည် “ ဒီလိုဆိုရင်ရော ငါတို့တွေ ရောက်တာနဲ့ မင်းက အရင်ဝင်ပြီး တစ်ခုရွေး ပြီးတော့ ငါလည်း တစ်ခုယူမယ်လေ … ”
မိုဝူကျိက ရတနာကို သတိပြုမိနိုင်ခြေမှာ အလွန်နည်းပါးပေသည်။ သို့သော်လည်း ဤသည်မှာ သူ တတ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်၏။
***
သက်ရှိများနှင့် စိမ်းစိုလန်းဆန်နေသည့် ဂြိုလ်တစ်ခုအတွင်း လိန်ဟုန်ကျီက မျက်လုံး ပြန်ပွင့်လာသည်။ သူက မှောင်မည်းကာ ထင်ရှားခြင်း မရှိသည့် အက်ကြောင်းအတွင်း ထိုင်လျက် ရှိနေသည်။
ထိုစဉ် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်လမ်းကြောင်းများမှာ မမြင်ရသလို ဖြစ်လာသည်။ သူက စွမ်းအားကို လှည့်ပတ်သည့်အခါမှ လျှပ်စီးအရိပ်အယောင်လေးကို မြင်တွေ့ရခြင်း ဖြစ်၏။
အကယ်၍ ဝိဇ္ဇာထန်းဟန်သာ ထိုမြင်ကွင်းကို မြင်ပါက ပြောစရာမဲ့သွားလောက်သည်။ အကြောင်းမှာ ဤသည်မှာ ပြစ်ချက်ကင်း ဝိညာဉ်ကြော အစစ်အမှန် ဖြစ်နေ၍ ဖြစ်သည်။
ကျင့်ကြံရေးလမ်းစဉ်၌ ပြစ်ချက်ကင်း ဝိညာဉ်ကြောအကြောင်း ပြောလေ့ ရှိကြသည်။ သို့သော်လည်း ကျင့်ကြံသူတိုင်းက ဤသို့သော အမှန်တကယ် ပြစ်ချက်ကင်းနေသည့် ဝိညာဉ်ကြောမျိုး မရှိကြောင်း သိထားကြသည်။ ပြစ်ချက်ကင်းဆုံး ဝိညာဉ်ကြောပင် မသန့်စင်မှု တချို့ ပိုင်ဆိုင်ထားကြသည်။
သို့သော် ထိုအခိုက်အတန့်၌ လိန်ဟုန်ကျီ၏ ဝိညာဉ်ကြောမှာ မသန့်စင်မှု လုံးဝ မရှိတော့ဘဲ လျှပ်စီးသဘာဝ တာအိုလှိုင်းတွန့်လေးများသာ စီးဆင်းနေသည်။ ဤသည်မှာ ထိပ်တန်းအမျိုးအစား လျှပ်စီးဝိညာဉ်ကြော ဖြစ်ပြီး လိန်ဟုန်ကျီသာ သိသည့် လျို့ဝှက်ချက် ဖြစ်ပေသည်။
သူ့ဝိညာဉ်ကြောမှာ ဆင့်ကဲပြောင်းလဲနိုင်၏။ ယခုအခါ သူ့ဝိညာဉ်ကြောမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားပုံ ပေါ်သည်။ သူ့ဝိညာဉ်ကြော မသန့်စင်မှု ကင်းစင်သွားသည့်အခါ သူ့ကျင့်ကြံနှုန်းမှာ မယှဉ်နိုင်လောက်အောင် မြန်ဆန်လာမည် ဖြစ်၏။ ထို့အပြင် သူက ကျင့်ကြံနေရင်း တာအိုစည်းမျည်းများကို ပို၍ ခံစားမိလိမ့်မည်။ ဤသည်မှာ မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းနှင့် ဆင်တူပြီး သူ့ကျင့်စဉ်နှင့် တိုက်ကွက်များမှ အမှားများကို အမှန်ပြင်လာနိုင်မည် ဖြစ်၏။
လိန်ဟုန်ကျီ ကျင့်ကြံသည့် လျှပ်စီးကျင့်စဉ်သည် ထိပ်တန်းအဆင့် ကျင့်စဉ်တစ်မျိုး ဖြစ်၏။ လိန်ဟုန်ကျီ၏ ဆက်တိုက် ပြောင်းလဲမှုအပြီးတွင် သူ့ကျင့်စဉ်မှာ တစ်ကမ္ဘာလုံး၌ နံပါတ်တစ် လျှပ်စီးအမျိုးအစား ကျင့်စဉ် ဖြစ်နေလေပြီ။
လိန်ဟုန်ကျီ စွမ်းအားလှည့်ပတ်မှု တစ်ပတ်ပြည့်လာသည့်အခါ သူ့ဘေးပတ်လည်၌ လျှပ်စီးအကာအရံ တစ်ခု ဖြစ်တည်လာဟန် ပေါ်၏။ သူ့ခန္ဓာကိုယ်အတွင်း လျှပ်စီးတာအိုလှိုင်းများက စတင် တအုန်းအုန်း မြည်လာသည်။ သူ့အတွင်း လျှပ်စီးကမ္ဘာကြီး ဖြစ်နေသည့်အလား အဆုံးမဲ့ လျှပ်စီးစွမ်းအားများနှင့် အင်အားကို သူက ဖိနှိပ်ထားဟန် ပေါ်သည်။
“ ဝုန်း ” လိန်ဟုန်ကျီ၏ ကျင့်ကြံရေး အတားအဆီးမှာ ကျိုးပျက်သွားလေသည်။ သူ့မျက်ဝန်းအထက်၌ စိတ်လှုပ်ရှားမှုများ ဖြစ်လာကာ အပြာဖျော့ဖျော့ အသီးတစ်သီးကို ထုတ်ယူလိုက်သည်။
ထိုအသီးကို မစားလိုက်ခင်ပင် လျှပ်စီးတာအိုလှိုင်းတွန့်များက ထိုအသီးဝန်းကျင် ခုန်ပေါက်နေကြသည်။ ဤသည်မှာ ထိပ်တန်းအဆင့် လျှပ်စီးသဘာဝ တာအိုအသီး ဖြစ်ကြောင်း သိသာလှသည်။
တာအိုအသီးကို တန်းစားပစ်လိုက်သည်။ ထိုအရာက ချက်ချင်းဆိုသလို လျှပ်စီးတာအိုလှိုင်းတွန့်အဖြစ် ပြောင်းလဲသွားကာ လိန်ဟုန်ကျီ ခန္ဓာကိုယ်အတွင်း ပျောက်ကွယ်သွားသည်။
“ ဝုန်း ဝုန်း ဝုန်း ” သိပ်သည်းလွန်းသော မိုးကြိုးချက်များ စတင် ကျဆင်းလာသည်။ လိန်ဟုန်ကျီက ခက်ထန်စွာ ဟစ်ကြွေးလိုက်ပြီးနောက် အက်ကြောင်းထဲမှ ထွက်လာလေ၏။
လိန်ဟုန်ကျီ အက်ကြောင်းမှ ထွက်လာသည်နှင့် အပြာရောင် မိုးကြိုးချက်ဆယ်ချက် သူ့ဆီ ကျရောက်လာသည်။
လက်ရှိ လိန်ဟုန်ကျီက သူ့မှော်ရတနာကိုပင် ထုတ်မထားပေ။ သူက မိုးကြိုးချက်များ ကျရောက်လာမှုကို ခွင့်ပြုထားပြီး ကျင့်ကြံရေးအတွက် လျှပ်စီးအဆီအနှစ်များကို ဆက်တိုက် စုပ်ယူနေသည်။
ဤမျှ ရုတ်ရုတ်သည်းသည်း ဖြစ်စေမှုကြီးက ထိုဂြိုလ်ပေါ်ရှိ အားလုံးကို သတိပေးသလို ဖြစ်သွားစေသည်။
လိန်ဟုန်ကျီကို လိုက်ဖမ်းနေသည့် ထန်းဟန်က အရင်ဆုံး သတိထားမိကာ လိန်ဟုန်ကျီ နေရာဆီ ရောက်ရှိလာသည်။ သူက လိန်ဟုန်ကျီ ဖြစ်နေမှန်း မြင်လိုက်ရသည့်အခါ ချက်ချင်း စိတ်ပေါ့ပါးသွားမိ၏။
သို့သော်လည်း မကြာခင်၌ ထန်းဟန်၏ စိတ်ပေါ့ပါးမှုအစား ကြောက်ရွံ့မှုတို့ အစားထိုးဝင်ရောက်လာသည်။ သူက မိုးကြိုးချက်များသည် လိန်ဟုန်ကျီ ခန္ဓာကိုယ်အပေါ် ဆက်တိုက် ကျရောက်နေကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း လိန်ဟုန်ကျီက မှော်ရတနာကိုပင် ထုတ်မထားပေ။ လိန်ဟုန်ကျီပေါ် မိုးကြိုးချက်များ ကျရောက်လာသည့်အခါတိုင်း သူ့ကျင်ကြံရေးမှာ ပို၍ အားကောင်းလာသည်။
“ ဝုန်း ” နောက်ထပ် မိုးကြိုးချက် ဆယ်ချက်ကျော် ကျဆင်းလာပြန်သည်။ လိန်ဟုန်ကျီ၏ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။ သားရိုင်းနတ်ဆိုးတစ်ကောင် လွှတ်ပေးလိုက်သကဲ့သို့ ခံစားရသည်။ ထိုအားကြီးလွန်းသည့် အရှိန်အဝါက ရပ်တန့်မသွားသေးပေ။ ထို့အစား ဆက်တိုက် ကြီးထွားလာနေ၏။
ထန်းဟန်က သက်ပြင်းချလိုက်သည်။ သူက လိန်ဟုန်ကျီကို ရှင်းထုတ်ပစ်ဖို့ အခွင့်အရေး မရှိတော့ကြောင်း သိလိုက်သည်။ လိန်ဟုန်ကျီက ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားပြီ ဖြစ်ရာ သူ့ဝိဇ္ဇာတပိုင်းအဆင့်ထက် အားမနည်းပေ။ သူက နိဗာနတိတ်ဆိတ်မှုပင်လယ်ထဲ ရောက်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း အင်အားတချို့တစ်ဝက်သာ ပြန်ကောင်းလာသေး၏။
လိန်ဟုန်ကျီက သူ့ပြိုင်ဖက် မဟုတ်လျှင်ပင် သူ့အနေနှင့် လိန်ဟုန်ကျီအား ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် သူက သူ့မိုးမြေ မီးပြင်းဖိုသည် လိန်ဟုန်ကျီတွင် မရှိကြောင်း ခံစားမိ၏။
ထန်းဟန်က လိန်ဟုန်ကျီအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်သည်။ သူက ဝိဇ္ဇာအဆင့်အောက်ရှိ နံပါတ်တစ် တည်ရှိမှုမှာ လိန်ဟုန်ကျီ ဖြစ်ကြောင်း သိလိုက်သည်။ လိန်ဟုန်ကျီသာ နတ်ဘုရားအရိုက်အရာ ရရှိပြီး ဝိဇ္ဇာတာအိုအဆင့် ဝင်ရောက်သည်နှင့် ဤစကြဝဠာကြီးအတွင်း မည်သူကမှ သူ့အတွက် ပြိုင်ဖက် မဖြစ်နိုင်တော့ချေ။
သူက လိန်ဟုန်ကျီနှင့် ရင်မဆိုင်ချင်သောကြောင့် ထွက်သွားရမည်။ ဤသည်မှာ ဝိဇ္ဇာတစ်ပါး၏ ပြတ်သားမှု ဖြစ်သည်။
“ ဒီလူက အရမ်းအားကောင်းတယ် ….” လျန်ကျီက အဝေးတစ်နေရာမှ လေ့လာနေရင်း တအံ့တဩ ပြောလိုက်သည်။
ဤဂြိုလ်ပေါ်တွင် အချိန်အတာ်ကြာ ကျင့်ကြံပြီးနောက် သူ့ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား အဆင့် ၉ သို့ ချည်းကပ်လာပြီ ဖြစ်၏။
ထုံမင်က လျန်ကျီ ပခုံးအား ပုတ်ပေးကာ “ သူ့ကို ဂရုစိုက်နေဖို့ မလိုဘူး။ ငါတို့ဘာသာ ဆက်ကျင့်ကြံကြမယ်။ သူ အားကောင်းနေရင်တောင် တာအိုရောင်းရင်းမိုထက် ပိုအားကောင်းနိုင်မှာလား ”
“ မသက်ဆိုင်တဲ့သူတွေ ဒီဂြိုလ်ပေါ်ကနေ ထွက်သွားစမ်း …. မဟုတ်ရင် ငါ လိန်ဟုန်ကျီကို သက်ညှာမှု မရှိဘူးဆိုပြီး လာအပြစ်မတင်နဲ့ ” အသံနက်နက်ကြီးတစ်သံ ထွက်ပေါ်လာကာ လျန်ကျီ၊ ထုံမင်နှင့် ဟွမ်တိတို့ နားထဲ ရောက်ရှိလာသည်။
***