ကမ္ဘာတုန်ဟည်းစေမည့် ဓား
Vol. 26 Ch. 351
ရွာလူကြီး မျက်တောင်ပုတ်ခတ်ပြီး သွေးတိုးစမ်းကြည့်လိုက်သည်။ “သူ့မျိုးရိုးကလည်း ချင်ပဲ ဖြစ်နေတာများလား...”
ရသေ့ကြီးချင်းယို သရော်တော်တော် ပြုံးလိုက်သည်။ “အမှန်ပဲ။ သူ့မျိုးရိုးက ချင်။ ချင်ချုံးမင်ရော လောကသခင်ခန္ဓာ ဖြစ်နိုင်လား။ နောင်တော်၊ မင်းကြောင့် ငါ ဇဝေဇဝါဖြစ်မိမယ်။ ငါတို့ ကျောက်စိမ်းမြို့တော်ငယ်တောင် လောကသခင်ခန္ဓာအကြောင်း မသိတာ၊ မင်းက ဒီလောကမှာ လောကသခင်ခန္ဓာဆိုတဲ့ အရာမျိုး ရှိတယ်လို့ ဘာကြောင့် ဒီလောက်သေချာနေတာလဲ”
ရွာလူကြီး မည်သည်ကိုမှ မရှင်းပြဘဲ ခေါင်းသာယမ်းလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာက နတ်ဘုရားတစ်ပါးက ဘာကြောင့် ကျောက်စိမ်းမြို့တော်ငယ်ကို လာတာလဲ”
“ဒီနတ်ဘုရားက ကျောက်စိမ်းမြို့တော်ငယ်ကို တည်ထောင်ခဲ့တဲ့လူတွေထဲက တစ်ယောက်ပဲ” ရသေ့ကြီးချင်းယို ရှင်းပြလိုက်သည်။ “သူက လူတစ်ယောက်နဲ့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးခဲ့ပြီး ချိုးဖျက်ဖို့ လုပ်ခဲ့တယ်လို့ မှတ်တမ်းတွေထဲကနေ ငါ ဖတ်ရတယ်။ သူ့အနေနဲ့ အဲဒီလိုလုပ်ဖို့အပြင် ရွေးချယ်စရာမရှိခဲ့ဘူး။ ဒါကြောင့် မြေအောက်ဘုံအရှင်သခင်က သူ့ရဲ့ မူလဝိညာဉ်ကို လာခေါ်သွားတယ်။ ဝိညာဉ်ထွက်သွားတော့ သူ့ခန္ဓာကိုယ်က အလွတ်ကြီးသပ်သပ် ကျန်ခဲ့တာပေါ့။ မသေခင် နောက်ဆုံးအချိန်လေးမှာ သူက သူ့ရဲ့ကောင်းကင်ရတနာတွေကို ကောင်းကင်ခန်းမခုနစ်ခုအဖြစ် ဖန်ဆင်းခဲ့တယ်။ တကယ် အမြော်အမြင်ကြီးပါပေတယ်။ သေသွားပြီးတဲ့နောက်မှာတောင် ကောင်းကင်ခန်းမခုနစ်ခုက မျိုးဆက်သစ်တွေအတွက် အကျိုးပြုနေဆဲပဲ”
ရွာလူကြီး ဒြပ်စင်သုံးပါးခန်းမကို ကြည့်ကာ မယုံသင်္ကာ မေးလိုက်မိသည်။ “ကောင်းကင်ခန်းမခုနစ်ခုတဲ့လား။ ဒါဆို ဒြပ်စင်သုံးပါးခန်းမ၊ စွမ်းအင်ငါးရပ်ခန်းမနဲ့ အရပ်ခြောက်မျက်နှာခန်းမအပြင် ခုနစ်စဉ်ကြယ်ခန်းမ၊ ကောင်းကင်နတ်အသွင်ခန်းမ၊ သေခြင်းရှင်ခြင်းခန်းမနဲ့ ကောင်းကင်တံတားခန်းမတွေ ရှိနေသေးတာလား။ ငါတို့ ဘာလို့ မမြင်ရတာလဲ”
“လူသားကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကောင်းကင်ရတနာခုနစ်ပါးက တစ်ခုတည်းမဟုတ်လား၊ ဒါကြောင့် ကောင်းကင်ခန်းမခုနစ်ခုလည်း တစ်ခုတည်း ဖြစ်နေတာ။ ကျန်တဲ့ခန်းမတွေအားလုံး ဒြပ်စင်သုံးပါးခန်းမထဲမှာ ရှိတယ်”
ရသေ့ကြီးချင်းယို ဆက်ပြောလိုက်သည်။ “ခန်းမနှစ်ခုဖွင့်ပေးပြီးပြီဆိုတော့ တစ်လက်စတည်း အရပ်ခြောက်မျက်နှာခန်းမလည်း ဖွင့်ပေးပါလားလို့ မင်း ငါ့ကို ပြောတယ်။ ဒါပေမဲ့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်မှာ အရပ်ခြောက်မျက်နှာခန်းမကို ဖွင့်ပေးနိုင်တဲ့ အင်အား မရှိဘူး။ ရွှင်ပျော်ပျော်ကျေးရွာက နတ်ဘုရားမှာ လျှို့ဝှက်ချက်တွေ များလွန်းတယ်။ အရပ်ခြောက်မျက်နှာခန်းမ ဖွင့်ပေးဖို့၊ မဖွင့်ပေးဖို့ဆိုတာ ငါ ဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျောက်စိမ်းမြို့တော်ငယ်မှာ လူအင်အားလည်း နည်းတယ်။ တာအိုသခင်နဲ့ တထာဂတ ရောက်လာပေမယ့် မလုံလောက်သေးဘူး။ ဒါ့အပြင် သူတို့က အခုမှ ရောက်လာတာဆိုတော့ အရပ်ခြောက်မျက်နှာခန်းမနဲ့ ရင်းနှီးဖို့ အချိန်ယူရဦးမှာ”
ကျောက်စိမ်းမြို့တော်ငယ်တွင် နတ်ဝိဇ္ဇာအိုကြီးဆယ်ယောက်ကျော်မျှသာ ရှိသည်။ အရပ်ခြောက်မျက်နှာခန်းမ ဖွင့်ရန်မှာ ထိပ်တန်းသိုင်းသမားခြောက်ယောက် လိုအပ်၏။ ခုနစ်စဉ်ကြယ်ခန်းမအတွက်မူ ခုနစ်ယောက် လိုအပ်သည်။ ထို့အတွက် ကျောက်စိမ်းမြို့တော်ငယ်တွင် လူအင်အားမရှိပေ။
“ထင်တော့ထင်သား။ မင်းက ကပ်စေးနည်းပေမယ့် ရွှင်ပျော်ပျော်ကျေးရွာသားတစ်ယောက်ကိုတော့ ကပ်စေးမနည်းသင့်ဘူး တွေးနေတာ။ ဒါ့ကြောင့် ဖြစ်နေတာကိုး” ရွာလူကြီး ပြုံးလိုက်သည်။
ရသေ့ကြီးချင်းယိုက နှာခေါင်းရှုံ့လိုက်၏။ “အဲဒီနတ်ဘုရားက အကုန်လုံးကို နတ်ဘုရားအဆင့်အထိ ကျင့်ထားတာ။ သူ့မျက်လုံးတွေ၊ လက်တွေ၊ ခြေထောက်တွေလည်း နတ်ဘုရားအဆင့်၊ သူ့ခန္ဓာကိုယ်လည်း နတ်ဘုရားအဆင့်။ ဒါတင်မကသေးဘူး သူ့မူလဝိညာဉ်ကလည်း အလွန်သန့်ရှင်းတဲ့အဆင့်ကို ရောက်နေပြီ။ မှော်စွမ်းအင်သိပ်သည်းမှုအဆင့်ကလည်း နတ်ဘုရားအဆင့်။ အသိဉာဏ်ကရောပဲ။ လူသားဧကရာဇ်က ဒြပ်စင်သုံးပါးအဆင့်တက်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင် ဘာအကျိုးအမြတ်မှ မရမှာစိုးမိပါတယ်”
ရွာလူကြီး တွေးသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သူ့မှော်စွမ်းအင်ကလည်း နတ်ဘုရားအဆင့်တဲ့လား။ ဒါဆို မူအာတော့ ပြိုင်ဘက်တွေ့ပြီပဲ”
ရသေ့ကြီးချင်းယိုမှာ သူ့စကားကို နားမလည်ပေ။
“ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ ငါတို့လူအိုကြီးတွေမှာ ထူးချွန်တဲ့နေရာအသီးသီး ရှိတယ်။ ငါတို့ကိုးယောက်လုံးက အဲဒီနေရာတွေမှာ နတ်ဘုရားအဆင့် ရောက်နေပြီးပြီ။ ဒါပေမဲ့ တစ်ယောက်မှ မှော်စွမ်းအင်နဲ့ပတ်သက်ပြီး နတ်ဘုရားအဆင့် မရောက်ထားဘူး။ မူအာ၏ ချီစွမ်းအင်က နတ်ဘုရားအဆင့်လောက်နီးနီး သန်မာအားကောင်းတယ်။ သူ့သိုင်းအဆင့်က နတ်ဘုရားအဆင့် မရောက်သေးမယ့် သူ့မှော်စွမ်းအင်ရဲ့ သိပ်သည်းမှုက ဘယ်သူ့မှ မယှဉ်နိုင်တဲ့အရာပဲ။ ဒီကမ္ဘာပေါ်မှာ နတ်ဘုရားလို မှော်စွမ်းအင်နဲ့ လူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမဟုတ်ဘဲ မူအာပဲ ဖြစ်လိမ့်မယ်” ရွာလူကြီးက ခပ်အေးအေး ပြောလိုက်သည်။
ချင်မူ၏အခြေခံက မည်မျှခိုင်မာသည်ကို ရသေ့ကြီးချင်းယိုလည်း သိ၍ ပြောလိုက်သည်။ “သူ့ဓားချက်မှာ ဟာကွက်တွေက ဇကာပေါက်လို ပြည့်နေလို့ သူ့ထက်ပို အသိအမြင်ကြွယ်ဝတဲ့သူနဲ့ တွေ့ရင် ဘယ်လိုသေသွားမလဲတောင် သိမှာမဟုတ်ဘူးလို့ မင်းပြောခဲ့တယ်။ ငါတော့ သူ အဲဒီလိုလူနဲ့ တွေ့နေရပြီ ထင်တယ်”
ရွာလူကြီး၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။ “ဒီနတ်ဘုရားကလည်း ဓားနတ်ဘုရားလား”
ရသေ့ကြီးချင်းယို ခေါင်းညိတ်လိုက်ပြီး ပြုံးတုံ့မပြုံးတုံ့နှင့် ပြောလိုက်သည်။ “နောင်တော်၊ အခု လောကသခင်ခန္ဓာအကြောင်း ပြောလို့ရပြီလား”
ရွာလူကြီးက ပြုံးလိုက်ပြီး ခပ်တည်တည် ပြောလိုက်သည်။ “လောကသခင်ခန္ဓာဆိုတာ ဝိညာဉ်ခန္ဓာလေးမျိုးထက်သာပြီး ပြိုင်ဘက်ကင်းတယ်။ ဒီလောကမှာ အရှားမှအရှားဆုံး ခန္ဓာကိုယ်ပဲ။ လောကသခင်ခန္ဓာ ပေါ်လာပြီဆိုတာနဲ့ ဒုတိယလောကသခင်ခန္ဓာ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ လောကသခင်ခန္ဓာကံကြမ္မာကို လုကြမယ့် အတုအယောင်လောကသခင်ခန္ဓာတွေလည်း ပေါ်လာလိမ့်မယ်....”
စွမ်းအင်သုံးပါးခန်းမထဲတွင် ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် နတ်ဘုရားငယ်နောက် ပြေးလိုက်သွားသည်။ သူ့ခြေလှမ်းများက လေးလံသော်လည်း သူ၏ပြေးနှုန်းက အလွန်မြန်သည်။ သူ့ခြေထောက် မြေကြီးပေါ် ကျသွားတိုင်း တဝုန်းဝုန်း ပေါက်ကွဲကာ မြေကြီးများ တဖွားဖွား လွင့်ပျံကုန်ပြီး မြေလှိုင်းတွန့်များ လိမ့်ထွက်သွားတတ်၏။
မြောက်တက်လာသော မြေကြီးခဲများ၊ ကျောက်ခဲများမှာ တခဏအတွင်း အရည်ပျော်သွားသည်။ တချို့က မြေဓားအဖြစ် သွန်းလုပ်ခံလိုက်ရပြီး တချို့က ကျောက်ဓားများအဖြစ် ဖွဲ့တည်ကုန်၏။ သတ္တုဓာတ်ပါသော ကျောက်တုံးများကမူ မြနေသော ဓားပျံများ ဖြစ်လာကြသည်။
တိုက်ပွဲအတွင်း လက်နက်သွန်းလုပ်နိုင်စွမ်းမှာ ချင်မူအတွေ့အကြုံများမှတစ်ဆင့် တီထွင်ဖန်တီးခဲ့သော ပြိုင်ဘက်ကွင်းသိုင်းကွက် ဖြစ်သည်။ ရွှေအ သူ့ကို သင်ပေးထားခြင်းမဟုတ်ပေ။
ယူဆောင်လာသော ဝိညာဉ်လက်နက်များကို ဤခန်းမအတွင်း ထုတ်သုံးမရသည့်အတွက် ကြုံသလိုသာ လက်နက်သွန်းလုပ်နိုင်သည်။
သူတို့နှစ်ယောက် ကိုက်သုံးရာမျှ ကွာသည့်အချိန်တွင် ချင်မူ့ပတ်ပတ်လည်တွင် ဓားပျံတစ်ရာ ပျံဝဲနေချေပြီ။ ထိုအခိုက်တန့်တွင် သူက သူ၏ဓားကွက်ကို ထုတ်ဖော်လိုက်၏။
တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား
ချင်မူ ရင်ထဲတွင် အားမာန်အပြည့်ဖြင့် ကြုံးဝါးလိုက်သည်။
နတ်ဘုရားတွေ သတ်လို့မရဘူးဟုတ်လား၊ ငါ ရအောင် သတ်ပြမယ်
သူ၏ဓားရောင်က တရှိန်ထိုး ပြေးထွက်သွားပြီး နတ်ဘုရားငယ်ကို တိုက်ခိုက်သည်။ ဓားပျံတစ်ရာ၏ ဓားရိပ်များက တဖျတ်ဖျတ် လက်နေသော်လည်း ပမာဏနည်းပါးသည့်အတွက် ချင်မူ့ခန္ဓာကိုယ်မှ ဓားရိပ်များစွာ ထပ်မံဖြာထွက်သွားကာ ရန်သူကို ပြေးပေါက်ပိတ်လိုက်၏။
သူ၏ခြေလှမ်းများက လေဟုန်စီးသွားသကဲ့သို့ လျင်မြန်စွာ ရွေ့လျားလိုက်သည့်အခါ ပန်းချီကားလိပ်ကို ဖြေချလိုက်သကဲ့သို့ အဝေးတွင် တောင်တန်းများနှင့် မြစ်ပြင်များ ဖွဲ့တည်လာသည်။ ဤဓားကွက်၌ ချင်မူ၏ကိုယ်ပိုင်အတွေးအခေါ်၊ ရွာလူကြီး၏ သင်ကြားမှု၊ ဧကရာဇ်အတိုင်ပင်ခံ၏ အသိအမြင်နှင့် ချင်ဟန်ကျန်း၏ လမ်းညွှန်မှုများ ပေါင်းစပ်ပါဝင်နေသည်။ သူက သင်ယူလေ့လာထားသမျှ အကုန်လုံးကို သူ့ဓားထဲတွင် တစ်သားတည်း ပေါင်းစည်းလိုက်၏။
သူ့ဓားရောင်၏စွမ်းအားက ကြောက်မက်ဖွယ်ရာ မြင့်တက်လာသည်။
ဤသည်မှာ ချင်မူ၏ အားအကောင်းဆုံး ဓားကွက် ဖြစ်သည်။ ‘ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာသည်’ ဓားကွက်ပင် စွမ်းအားအရ ဤဓားကွက်ကို မယှဉ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ချင်မူက ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားကွက်’ကိုသာ အစဉ်မပြတ် သုံးသပ်ဆင်ခြင်ပြီး ဟာကွက်နည်းနိုင်သမျှနည်းအောင် တစိုက်မတ်မတ် ပြုပြင်နေခဲ့၍ဖြစ်သည်။
ရွာလူကြီး သင်ပေးခဲ့သော ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ နှင့်ယှဉ်လျှင် ဤဓားကွက်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်နေခဲ့ပြီဖြစ်၏။
သူ ဓားကွက်ထုတ်ဖော်လိုက်သည့်အချိန်တွင် နတ်ဘုရားငယ်၏ လက်ဝါးမှလည်း ဓားရိပ်များ တရှိန်ထိုး ပြေးဝင်လာသည်။ ဓားရောင်များစွာ ပျံသန်းဝင်ရောက်လာ၍ ချင်မူ အတန်ငယ် မှင်သက်သွား၏။ ဤဓားရောင်များ၏ နောက်ကွယ်တွင် ဆန်းကြယ်နက်နဲသော သဘောတရားများကို သူ မြင်လိုက်ရသည်။
‘ရွှင်ပျော်ပျော်ကျေးရွာရဲ့ ဓားသိုင်း၊ သူက ရွှင်ပျော်ပျော်ကျေးရွာကပဲ’ ချင်မူ့အတွက် စဉ်းစားရန် အချိန်မရှိပေ။ ဓားကွက်နှစ်ကွက် ထိပ်တိုက်တွေ့ပြီး ဓားရောင်များက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံအုပ်မိုးသွားသည်။ ‘တောင်တန်းများနှင့် မြစ်ပြင်များ’၌ ကိန်းဝပ်နေသော စွမ်းအား ထုတ်လွှတ်ခံလိုက်ရသည့်အခါ ရွှင်ပျော်ပျော်ဓားမှ ဓားစွမ်းအားလည်း ကြောက်ခမန်းလိလိ မြင့်တက်သွား၏။
ဒြပ်စင်ဝိညာဉ်သခင်သုံးပါးက နေ၊ လနှင့် တောင်ပေါ်တွင် ရပ်လျက် ငုံ့ကြည့်နေကြသည်။ တောင်တန်းများနှင့် မြစ်ပြင်များ ပြိုကွဲပျက်စီးသွားသောအခိုက်အတန့်၌ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းသည့်အားလှိုင်းများက နှင်းလှိုင်းလုံးကြီးနှစ်လုံးပမာ လျင်ဖြန်စွာ ပြန့်ကားဖြာထွက်လာသည်ကို သူတို့ မြင်လိုက်ရ၏။
“ပြောင်မြောက်လှပါပေတယ်” နေထဲရှိ ကောင်းကင်ဒြပ်စင်ဝိညာဉ်သခင်က ချီးကျုးမှုအပြည့်ဖြင့် ပြောသည်။
ဓားကွက်နှစ်ကွက်၏ အားလှိုင်းက ဖြာထွက်သွားပြီးနောက် အရှိန်သေပျောက်ကွယ်သွားသည်။ ချင်မူနှင့် နတ်ဘုရားငယ်တို့နှစ်ယောက်လုံး လွင့်ထွက်သွားပြီး မြေကြီးနှင့် အုန်းခနဲ မိတ်ဆက်သွား၏။ ပြင်းထန်လှသည့် အားအဟုန်ကြောင့် ရပ်မသွားဘဲ မြေကြီး၌ တရွတ်တိုက် လိမ့်ထွက်သွား၍ မြေလှိုင်းတွန့်များ ထသွားသည်။
ဒုန်းးး
ချင်မူ ဓားဒဏ်ရာဗလပွဖြင့် တောင်စောင်းနံရံတစ်ခုကို ဝင်တိုက်သွားသည်။ တောင်စောင်းနံရံပေါ်တွင် သွေးနီနီများက ဖွားခနဲ စွန်းထင်းသွား၏။
“ငါ့ဓားသိုင်း...” ချင်မူ သွေးအန်ပြီး တောင်စောင်းနံရံမှ လျှောကျသွားသည်။ သူ ဘုတ်ခနဲ မြေကြီးပေါ် ကျသွားသည့်အချိန်တွင်ပင် သူ့မျက်နှာပေါ်ရှိ အံ့အားသင့်နေမှုက ပျောက်ကွယ်မသွားသေးပေ။ “ငါ ရှုံးသွားပြီ...”
သူ၏အင်အားအကြီးဆုံး ဓားကွက်ကို ပထမဆုံးအကြိမ် ထုတ်လွှတ်လိုက်ခြင်းလည်း ဖြစ်သလို၊ ပထမဆုံးအကြိမ် အပြတ်အသတ် ရှုံးနိမ့်သွားခြင်းလည်း ဖြစ်သည်။ သူ့ဓားကွက်မှာ ရန်သူကြောင့် ပြိုကွဲပျက်စီးခဲ့ရသည်။
နတ်ဘုရားငယ်လည်း တောင်တစ်လုံးကို အုန်းခနဲ ဝင်တိုက်သွား၍ ကျောက်တုံးကြီးများ မြေကြီးပေါ် တဝုန်းဝုန်း ကျလာသည်။ သူ၏ကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ချက်မှ မရှိသော်လည်း ချင်မူ့ဓားကွက်၏ စွမ်းအားက သူ ခံနိုင်သောအတိုင်းအတာထက် ကျော်လွန်သွားခဲ့သည်။
ဓားပညာတွင် သူ၏ဓားသိုင်းသည် ချင်မူ့ဓားသိုင်းထက် အမှန်စင်စစ် သာလွန်၏။ ချင်မူ ဓားအလက်တစ်ရာကို ထိန်းချုပ်၍ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ ဖြင့် သူ့ကို တိုက်ခိုက်ခဲ့သော်လည်း သူ ဒဏ်ရာတစ်ချက် မရခဲ့ပေ။
သို့သော် ချင်မူ့ဓားကွက်၏ သန်မာအားကောင်းလှသော စွမ်းအားက သူ့ကို အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့သည်။ ဓားကွက်၏စွမ်းအား ပေါ်ထွက်လာသည့်အခါ ကြောက်မက်ဖွယ်ရာစွမ်းအင်က သူ့ကို လွှမ်းခြုံသွားခဲ့၏။ သူ့ကို တိုက်ရိုက်မထိခဲ့သော်လည်း သူ့ထံမှ နံရိုးကျိုးသံများ ထွက်လာသေးသည်။
နတ်ဘုရားငယ်က နာကျင်မှုကို ခံစားရဟန်မတူပေ။ လက်မောင်းနှစ်ဖက်ကို လှုပ်၍ တောင်ထဲမှ ထွက်လာကာ မြေကြီးပေါ် အေးအေးလူလူ ဆင်းသက်လိုက်၏။
သူ့ပခုံးအောက်မှ နံရိုးများက အသားကို ဖောက်ထွက်နေသော်လည်း သူက မည်သည်ကိုမျှ ခံစားရပုံမပေါ်။ ထိုးထွက်နေသော အရိုးကျိုးများကို ဆွဲထုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်သည်။
တောင်စောင်းနံရံအောက်တွင် ချင်မူ အယိမ်းယိမ်းအယိုင်ယိုင်ဖြင့် ထလာသည်။ သူက မာန်သွင်းဟစ်ကြွေး၍ လူသားဘုရင်ဖန်ဆင်းပညာကို လှည့်ပတ်ကာ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ချုပ်လိုက်သည်။
ရန်သူ၏ဓားအာရုံက ဓားဒဏ်ရာများအတွင်း ပုန်းကွယ်နေနိုင်သည့်အတွက် နဂါးချီလင်၏သွားရည်ဖြင့် ဒဏ်ရာများကို သူ မကုခြင်းဖြစ်သည်။ ဓားအာရုံကို မဖယ်လျှင် နဂါးသွားရည်က သူ၏ဒဏ်ရာများကို အလျှင်းပျောက်စေမည်မဟုတ်ပေ။
‘လောကသခင်ခန္ဓာက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်။ ငါ မင်းကို မနိုင်ရင် ငါ ကြိုးစားတာ မလုံလောက်သေးလို့ပဲ’
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ အမြွှာနဂါးနှစ်ကောင် စီးနင်းထားသော မီးလျှံအပိုင်စား အင်္ဂါဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ သူ့မျက်ခုံးနှစ်ခု အလယ်တည့်တည့်၌ နွားမျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။
မီးတောက်မီးလျှံများက သူ့ခန္ဓာကိုယ်၏ ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လာပြီး သူ့ခြေထောက်အောက်ရှိ အမြွှာနဂါးနှစ်ကောင်က နတ်ဘုရားငယ်ဆီ တဟုန်ထိုး ပြေးထွက်သွား၏။
‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’က သူ၏ချီစွမ်းအင်ကို များစွာ ကုန်ခမ်းစေခဲ့၍ ဤအတိုင်းဆက်တိုက်နေလျှင် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ သိုင်းကွက်ပုံစံ ပြောင်းလဲရန် လိုအပ်သည်။
နတ်ဘုရားငယ်ကလည်း အမြွှာနဂါးနှစ်ကောင်ကိုပင် စီးနင်းထားသော သောကြာဂြိုဟ်အရှင်သခင် အသွင်ပြောင်းလိုက်သည်။ ချင်မူ့ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က မီးချီစွမ်းအင်ဖြင့် ဖွဲ့တည်လာသော်လည်း သူ၏နဂါးနှစ်ကောင်က ရွှေချီစွမ်းအင်မှ ဖွဲ့တည်လာခြင်းဖြစ်သည်။
သူတို့အောက်ရှိ အမြွှာနဂါးများက လူးလွန့်ပျံသန်းသွားပြီး နှစ်ယောက်လုံး ဖျတ်ခနဲ ဦးတည်ရာပြောင်းကာ ဘေးရှိ တောင်တစ်လုံးပေါ် ပြေးတက်လိုက်ကြသည်။ နဂါးကြီးများက တောင်စောင်းနံရံကို လက်သည်းများဖြင့် ကုပ်တွယ်၍ တောင်ကို အကဲခတ်နေသည့်အလား ရွေ့လျားနေကြသည်။ ထိုစဉ် နဂါးတို့၏ကျောပေါ်ရှိ နှစ်ယောက်က အစွမ်းထက်ဆုံး ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်၍ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြ၏။
ထိုတောင်သည် အတိုင်းထက်အလွန် မြင့်မားပြီး မြေဒြပ်စင်ဝိညာဉ်သခင် မတ်တပ်ရပ်နေသော တောင်ဖြစ်သည်။
ကိုက်ပေါင်းသုံးထောင် မြင့်မားသော်လည်း ချင်မူနှင့် နတ်ဘုရားငယ်က တောင်ထိပ်ရောက်သည့်တိုင်အောင် တောက်လျှောက် တိုက်ခိုက်သွားကြသည်။ နှစ်ယောက်လုံးက နွားခေါင်းလူဂြိုဟ် အင်္ဂါဂြိုဟ်အရှင်သခင်တစ်လှည့်၊ ကျားခေါင်းလူကိုယ် သောကြာဂြိုဟ်အရှင်သခင်တစ်လှည့် ပြောင်းနေသည့်အပြင် လူခေါင်းငှက်ကိုယ် ကြာသပတေးဂြိုဟ်အရှင်သခင်၊ လူခေါင်းမြွေကိုယ် စနေဂြိုဟ်အရှင်သခင်၊ သွေးနီရောင်မြွေခန္ဓာကိုယ် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်အသွင်လည်း ပြောင်းကာ သိုင်းကွက်များကို ပုံစံမျိုးစုံ ထုတ်လွှတ်နေကြ၏။
မြေဒြပ်စင်ဝိညာဉ်သခင်က လက်နှစ်ဖက်လုံးကို ပင့်မြှောက်၍ တောင်အား ပိုမိုမြင့်မားလာစေသည်။
ချင်မူနှင့် နတ်ဘုရားငယ်က အပေါ်အထိ ဆက်လက်တိုက်ခိုက်သွားပြီး သူတို့၏အားလှိုင်းများကြောင့် ကျောက်ခဲများ တဖွားဖွား လွင့်စင်ထွက်နေ၏။
‘သူ့မှော်စွမ်းအင်က ငါ့အောက် မလျော့ဘူး။ သေချာပေါက် လောကသခင်ခန္ဓာပဲ ဖြစ်ရမယ်’
ချင်မူ အကြီးအကျယ် အံ့အားသင့်နေသည်။ ထိုအချိန်တွင် သတိလက်လွတ် ဖြစ်သွား၍ ရန်သူ့သိုင်းကွက်များကိုသာ ခုခံနေရတော့သည်။
သူ အလျဉ်းသင့်လျှင် သင့်သလို ကျောက်တုံးများကို ထုခွဲ၍ ကျောက်ဓား၊ သံဓား၊ ကြေးဓားများ သွန်းလုပ်နေသော်လည်း ရန်သူကို မတွန်းလှန်နိုင်ပေ။ နတ်ဘုရားငယ်က အောက်တွင် ဖြစ်သော်လည်း သူ့မှာ မတတ်သာဘဲ အပေါ်ကို ဆုတ်ပြေးနေကြ၏။ ချင်မူ သွန်းလုပ်ထားသော ဓားပျံများမှ တရစပ် ဖြတ်ကန်ခံရနေသဖြင့် လမ်းတစ်လျှောက်လုံး ဓားအကျိုးအပဲ့များ ပြန့်ကြဲနေတော့သည်။
‘ဒီတောင်ကို ဆက်မြှင့်လို့မရတော့ဘူး။ မြှင့်လိုက်ရင် ပြိုကျသွားလိမ့်မယ်”
မြေဒြပ်စင်ဝိညာဉ်သခင် မျက်မှောင်ကြုတ်၍ သူတို့စိတ်တိုင်းကျ တိုက်ခိုက်နိုင်အောင် တောင်ထိပ်ပေါ်မှ ထွက်သွားရန် ပြင်လိုက်စဉ် ချင်မူက ရုတ်တရက် သူ၏မှော်စွမ်းအင်အကုန်လုံးကို ထုတ်လွှတ်လိုက်သည်။
“လူသားဧကရာဇ်က ငယ်လွန်းသေးတယ်။ ဓားပျံအများကြီး သွန်းလုပ်လိုက်လို့ မှော်စွမ်းအင်တွေ အလဟဿ ဖြစ်ကုန်ပြီ။ အခု နတ်ဘုရားငယ်ကို အင်အားချည်းသက်သက်နဲ့ တိုက်ခိုက်နေတာဆိုတော့ နိုင်လောက်မှာမဟုတ်ဘူး”
မြေဒြပ်စင်ဝိညာဉ်သခင် ဤသို့ပြောလိုက်သည့်အချိန်မှာပဲ ချင်မူနှင့် နတ်ဘုရားငယ်မှာ တုန်ခါလှိုင်းများကြောင့် အောက်ပြုတ်ကျသွားကြသည်။ ချင်မူက အပေါ်စီးမှ ဖြစ်ပြီး နတ်ဘုရားငယ်က အောက်တွင် ဖြစ်သည်။
ချင်မူ သူ့ခန္ဓာကိုယ်ကို ရပ်ရန် ကြိုးစားလိုက်ရသည့်အခါ ချုပ်ထားသော ဒဏ်ရာများ ပွင့်ထွက်သွားပြီး သွေးများ ရဲခနဲ ဖြာသွားသည်။
“ရလဒ်က ဆုံးဖြတ်ပြီးပြီ” ချင်မူ အော်ဟစ်၍ အောက်သို့ တရှိန်ထိုး ပြေးဆင်းသွား၏။ သူ ဖြတ်သွားသည့်နေရာတိုင်းရှိ ကျောက်ဓား၊ သံဓား၊ ကြေးဓားအစအနများက နတ်ဘုရားငယ်ကို တိုက်ခိုက်ရန် ပျံထွက်လာသည်။
တောင်တစ်လုံးတွင် သူ သွန်းလုပ်ထားသည့် ဓားမျိုးစုံပြည့်နေသည့်အတွက် ထိုအခိုက်အတန့်တွင် ချင်မူ ထိန်းချုပ်နိုင်သော ဓားပမာဏက မရေမတွက်နိုင်တော့ပေ။
ဓားများက နတ်ဘုရားငယ်ဆီ တဟုန်ထိုး ပြေးဝင်ကာ တိုက်ခိုက်သည်။ နတ်ဘုရားငယ်မှာ ရှောင်ရန် အချိန်မရှိသောကြောင့် ချီစွမ်းအင်ကို စုစည်း၍ ဓားသိုင်းထုတ်ဖော်လိုက်သည်။ စုစည်းထားသော ဓားရောင်များက ဓားပျံများကို မုန်တိုင်းတိုက်ခတ်သွားသည့်ပမာ အားကုန်ဝင်တိုက်သွား၏။ သူ၏ဓားကွက်က အဆင့်မြင့်သော်လည်း လက်ဦးမှုမရယူနိုင်ခဲ့သည့်အတွက် အပေါ်မှ ဖိအားကြောင့် တောင်အောက်ပြုတ်ကျသွားသည်။
ထိုစဉ် တောင်စောင်းပေါ်ရှိ ကျောက်ဓား၊ သံဓား၊ ကြေးဓားများ ပျံထွက်လာကာ ရေလှိုင်းကြီးပမာ ဆင်းချသွား၏။ ဓားတစ်လက်စီ၏ အမြန်နှုန်းက မတူညီသည့်အတွက် ရွေ့လျားပုံကလည်း မတူညီပေ။ တစ်ခါတရံ နှေးပြီး တစ်ခါတရံ မြန်သည်။ တစ်ခါတရံ ထိုးဆင်းလာပြီး တစ်ခါတရံ ဆုတ်သွားသည်။
ချင်မူ ထုတ်လွှတ်လိုက်သည်က အားအပြင်းဆုံးဓားကွက် ဖြစ်သည့် တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားပင် ဖြစ်နေသေးသည်။ နတ်ဘုရားငယ်၏ ဓားရောင်က ဓားရေလှိုင်းကို တစ်ချက်တစ်ချက် ဖြိုခွင်းလျက် ထွက်လာတတ်သဖြင့် ချင်မူ့ခန္ဓာကိုယ်ပေါ် ဓားချက်များ မကြာခဏ ကျလာတတ်သည်။
ချင်မူက မည်သည်ကိုမှ ခံစားရဟန်မတူဘဲ နတ်ဘုရားငယ်ကိုသာ ဓားရေလှိုင်းဖြင့် ဖိချနေ၏။
မြေကြီးနှင့် နီးသထက် နီးလာသည်။
“မင်း ရှုံးပြီ”
ချင်မူ ပြုံးလိုက်သည့်အချိန်မှာပဲ ဓားပျံများက နတ်ဘုရားငယ်ကို မြေကြီးပေါ် ဖိချလိုက်၏။
အုန်း
မြေကြီးမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ကျောက်ခဲများ တဖွားဖွား ဖြာထွက်သွားသည်။ မြေကြီးထဲတွင် ဓားကျိုးများ ဝန်းရံနေသော ကျင်းနက်ကြီးတစ်ကျင်း ပေါ်လာ၏။
ဘုန်း
ချင်မူလည်း ပြုတ်ကျသွားပြီး အနည်းငယ်မျှသာ သေးသော ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာ၏။ ထို့နောက် သူ၏ ယိုင်ယိုင်ယွဲ့ယွဲ့အသံက အောက်မှ ထွက်လာသည်။ “မင်းက အတုအယောင်လောကသခင်ခန္ဓာပဲကွ ဟားဟားဟား...”
ထိုအချိန်တွင် ဘေးရှိ ကျင်းထဲမှ လှုပ်ရှားသည့်အသံ ကြားလိုက်ရ၍ ချင်မူ့သွေးများ အေးခဲသွား၏။ “အသက်ရှင်သေးတယ်လား”