← Chapters

တို့ဟူးနှလုံးသား

Vol. 26 Ch. 352

တို့ဟူးနှလုံးသား

Vol. 26 Ch. 352

ချင်မူ ကုန်းရုန်းထလိုက်သည့်အခါ သူ့ခြေထောက်မှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ ထွက်လာသည်။ တောင်စောင်းနံရံများ၊ မြေပြင်များအား အားအဟုန်နှင့် ဝင်တိုက်မိခဲ့၍ ခြေရိုးများ အက်နေခဲ့ရာ အားထည့်လိုက်သည့်အချိန်တွင် ဖြောင်းခနဲ ကျိုးသွားတော့၏။

သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသကဲ့သို့ နာကျင်နေသည်။ လက်မောင်းရိုးများလည်း ကျိုးကြေနေသည်။ ချင်မူ မလှုပ်ရဲတော့ပေ။

ရင်ဘတ်အရိုးများလည်း အောင့်မျက်လာသဖြင့် အသက်ဝဝရှူလိုက်လျှင် ကျိုးကြေကုန်မည်စိုး၍ သူ အသက်ပင်မရှူရဲ ဖြစ်နေသည်။

နာကျင်မှုက လှိုက်၍လှိုက်၍ တိုးပွားလာနေသောကြောင့် သူ ချွေးသီးချွေးပေါက်များ ကျလာသည်။

ကိုယ်ပေါ်ရှိ ဓားဒဏ်ရာများလည်း ပွင့်ထွက်သွားပြီး သွေးများ စီးကျလာသည်။ ချော်ရည်ပူလို သူ့တစ်ကိုယ်လုံး ပူခြစ်လာသည်ကို ချင်မူ ခံစားလိုက်ရ၏။ သို့သော် ဤခံစားချက်က အစစ်အမှန်မဟုတ်ကြောင်း သူ သိသည်။ သွေးများစွာ ဆုံးရှုံးလိုက်ရသည့်အတွက် ခန္ဓာကိုယ်က တဖြည်းဖြည်း အေးခဲလာကာ သူ့ဦးနှောက်ထဲတွင် ထင်ယောင်ထင်မှား ခံစားချက်များ ပေါ်ပေါက်လာစေခြင်း ဖြစ်၏။

ဤအကြောင်းကို ဆေးဆရာထံမှ သူ သင်ယူခဲ့ရသည်။

သွေးထွက်လွန်ပါက သေရလိမ့်မည်။

အနားရှိ ကျင်းကြီးဆီမှ အုန်းခနဲ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရ၍ ချင်မူ စိတ်ပျက်လက်မှိုင် ကျသွားသည်။ “ငါက အတုအယောင် လောကသခင်ခန္ဓာများလား... မဟုတ်ဘူး ငါ ကြိုးစားတာ မလုံလောက်သေးလို့ လောကသခင်ခန္ဓာရဲ့ စွမ်းရည်အားလုံးကို မထုတ်လွှတ်နိုင်သေးတာ...”

နောက်ဆုံးဓားကွက်တွင် သူ့တစ်ဘဝလုံးဖြင့် ပုံအောခဲ့သော်လည်း သူ၏အင်အားအားလုံး ကုန်ခမ်းသွားခဲ့သည်။

ရုတ်တရက် လေစီးကြောင်းသုံးခုက ကျင်းကြီးထဲမှ တရှိန်ထိုး မြောက်တက်လာပြီး မြားသုံးစင်းပမာ ချင်မူ့ဆီ ထိုးဆင်းလာကာ သူ့ကိုယ်ထဲ ဝင်ရောက်သွား၏။

တမုဟုတ်ချင်း သူ့အရိုးများ ရွေ့သွားပြီး ပြန်ဆက်သွားသည်ကို ချင်မူ ခံစားလိုက်ရသည်။ ကျိုးသွား‌သော နေရာများ ပြန်ဆက်သွားသည်သာမက အက်နေသောနေရာများသည်လည်း ပြန်စေ့သွားသည်။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း လျင်မြန်စွာ ပြန်သက်သာလာ၏။

စောစောက တိုက်ပွဲကြောင့် ကျွတ်ထွက်သွားသည့် သွားများလည်း ပြန်ပေါက်လာသည်။

ချင်မူ မှင်သက်နေသည့်အချိန်မှာပဲ တစ်ဟုန်ထိုး စီးဆင်းနေသော မြစ်ပြင်မှ လှိုင်းလုံးကြီးများ ကမ်းခြေကို ရိုက်ခတ်သွားသကဲ့သို့ ကျယ်လောင်သည့် ဝေါခနဲ တိုးတိုက်သံကြီးတစ်သံ ကြားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ချီစွမ်းအင် အလုံးအရင်း စီးဆင်းသွားခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်၏။ သူ၏ကျင့်စဉ်စွမ်းအင်သည် အလွန်လျင်မြန်စွာ ပြန်ပြည့်လာနေ၏။

အားအင်လည်း ပြန်ပြည့်ဖြိုးလာသည်သာမက ကြွက်သားအရွတ်များ စုတ်ပြဲနေခြင်းလည်း အ‌ကောင်းအတိုင်း ပြန်ဖြစ်သွားသည်။ မကြာမီ သူ၏ဒဏ်ရာအားလုံး အနည်းနှင့်အများ ပျောက်ကင်းသွားသည်။

ထို့အပြင် မြားသုံးစင်းမှ ထူးဆန်းသောစွမ်းအားက သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ကြောက်မက်ဖွယ်ရာ ပြောင်းလဲသွားစေသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ချီစွမ်းအင်က ရေအသွင်ဖွဲ့၍ ဝိညာဉ်သန္ဓေသားကို ပွေ့ဖက်ရစ်သိုင်းထားရာ ဝိညာဉ်သန္ဓေသားသည် နွေးထွေးသော ပင်လယ်တစ်စင်းထဲတွင် ရေစိမ်ရင်း လွန်စွာသက်တောင့်သက်သာ ရှိနေသည်နှင့် တူနေ၏။

‘ငါ အသက်သုံးနှစ်လောက်တုန်းက ဒီလိုသက်တောင့်သက်သာ ခံစားချက်မျိုး ခံစားရဖူးတယ်။ အဲဒီအချိန်တုန်းက အဘွားစစ်ခုတင်ပေါ်မှာ အိပ်ပြီး အိပ်မက်ထဲမှာ သေးပေါက်ဖို့ အိမ်သာ ရှာမတွေ့ဖြစ်နေတာ။ ရှာမတွေ့တော့တဲ့ နောက်ဆုံး အိပ်ရာထဲ သေးပေါက်မိသွားတယ်။ အဘွားစစ် ဒေါသထွက်ပြီး ငါ့ကို နှင်းတောထဲ လွှတ်ပစ်လိုက်တာပဲ’

ချင်မူ မျက်တောင်ထဲ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ သူ ခံစားနေရသည်က ကောင်းကင်ဒြပ်စင်၊ မြေဒြပ်စင်နှင့် ရေဒြပ်စင်ဆိုသည့် ဒြပ်စင်သုံးပါးဖြစ်လိမ့်မည်။

ဒြပ်စင်သုံးပါး၏စွမ်းအင်က တရှိန်ထိုး ဝင်ရောက်လာ၍ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ ဝိညာဉ်သန္ဓေသားက လျင်မြန်စွာ ကြီးထွားလာပြီး သူ့ခြေထောက်အောက်ရှိ ဝိညာဉ်စင်မြင့်လည်း အလားတူ ကြီးမားလာ၏။ ၎င်းက ကျွန်းငယ်တစ်ကျွန်းပမာ ပင်လယ်ထဲတွင် မျောနေသည်။

ဝိညာဉ်သန္ဓေသား၏ နှာခေါင်းဝမှ ရှူထုတ်လိုက်သော ချီစွမ်းအင်က လေပေါ်မြောက်တက်လာပြီး တရှိန်ရှိန် စီးဆင်းလာသည့် ရေအသွင်ချီစွမ်းအင်နှင့် ပေါင်းစည်းကာ တောက်ပနီရဲနေသော စက်လုံးကြီးတစ်လုံးအဖြစ် ဖွဲ့တည်၍ လေလယ်တွင် ဝဲနေသည်။

ထိုအလုံးကြီးက နေနှင့်မတူပေ။ လနှင့်လည်း မတူ။

ရေအသွင်ချီစွမ်းအင်က ရေလုံးကြီးပမာ စုဝေးနေခြင်းဖြစ်သည်။ သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာ နတ်ဘုရားတစ်ပါး၏ ကောင်းကင်ရတနာနှင့် မယှဉ်နိုင်သေးပေ။

ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရန် ကြိုးစားလိုက်သော်လည်း မရသေးကြောင်း တွေ့လိုက်ရသည်။ မသက်သာသေးသော အတွင်းဒဏ်ရာတချို့ ရှိနေသေးပုံရ၏။

“လူသားဧကရာဇ် ဒြပ်စင်သုံးပါးစမ်းသပ်မှုကို ကျော်ဖြတ်နိုင်သွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”

ရုတ်တရက် ကောင်းကင်ထက်ရှိ နေနှင့်လ ပျောက်ကွယ်သွားပြီး တောင်တန်းများလည်း ပျောက်ကွယ်သွားသည်။ ချင်မူ ခန်းမကြီးတစ်ခုထဲတွင် လှဲနေ၏။ သူ့ကျောနှင့် ကပ်နေသော ကြမ်းပြင်က အေးစက်နေသည်။

သူ ကုန်းရုန်းထလိုက်သည့်အခါ နေရာငါးနေရာတွင် ထိုင်နေသော နတ်ဝိဇ္ဇာငါးဦးကို မြင်လိုက်ရသည်။ သူတို့က ဒြပ်စင်သုံးပါးဝိညာဉ်သခင်များနည်းတူ အိုမင်းနေကြ၏။

သူ ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း သူ ဝင်လာခဲ့သည့် ဒြပ်စင်သုံးပါးခန်းမ မဟုတ်တော့ပေ။ ဤနေရာက ခန်းမနောက်တစ်ခု ဖြစ်ဟန်တူသည်။ ဤနတ်ဝိဇ္ဇာအိုကြီးငါးယောက်၏ အသွင်ပြင်ကလည်း ဒြပ်စင်သုံးပါးဝိညာဉ်သခင်များနှင့် ကွဲပြားသည်။

ချင်မူ မာန်တင်းထားသော်လည်း သူ၏ကြွက်သားများမှာ ကိုက်ခဲနေပြီး တဆတ်ဆတ် တုန်နေသည်။

“စောစောက နတ်ဝိဇ္ဇာအိုကြီးသုံးယောက် ဘယ်ရောက်သွားတာလဲ” ချင်မူ တုန်ရီ‌နေသောအသံဖြင့် မေးလိုက်သည်။

“ဒြပ်စင်သုံးပါးဝိညာဉ်သခင်တွေ ဒီမှာမရှိဘူး”

နတ်ဝိဇ္ဇာအိုကြီးတစ်ယောက်က အရပ်ပုသော်လည်း သူ့အသံက အလွန်ကျယ်လောင်ပြတ်သားသည်။ “ငါတို့က ဓာတ်ကြီးငါးပါးခြေသလုံးအိမ်တိုင်တွေပဲ။ ဒါက စွမ်းအင်ငါးရပ်ခန်းမ။ လူသားဧကရာဇ်က ဒြပ်စင်သုံးပါးခန်းမကို အောင်လို့ စွမ်းအင်ငါးရပ်ခန်းမကို ရောက်တာတာ။ ငါတို့ မင်းကို အမှန်တကယ် လေးစားမိပါတယ်။ လူသားဧကရာဇ်အနေနဲ့ ဒီခန်းမမှာ စွမ်းအင်ငါးရပ်စစ်ဆေးမှုကို ခံယူရမယ်”

“ကျွန်တော် ဒြပ်စင်သုံးပါးစစ်ဆေးမှုကို အောင်သွားပြီလား”

ချင်မူ အံ့ဩဝမ်းသာသွားသည်။ သို့သော် သူ့ခြေထောက်များက တဆတ်ဆတ် တုန်လျက်ရှိသေးသည်။

“သူက တကယ် လောကသခင်ခန္ဓာအတုပဲ။ ငါကမှ လောကသခင်ခန္ဓာအစစ်” လူငယ်လေးသည် သူ့ကိုယ်သူ ကျေနပ်နေ၏။

ဓာတ်ကြီးငါးပါး ခြေသလုံးအိမ်တိုင်များမှာ သူ့စကားကို ကြားလျှင် အကြောင်သားဖြစ်သွားကြသည်။

လောကသခင်ခန္ဓာဆိုသည်က ဘယ်အရာနည်း။ လောကသခင်ခန္ဓာအတုပင် ရှိသည်တဲ့လော။

ချင်မူ ငြိမ်ငြိမ်ရပ်နိုင်အောင် အကောင်းဆုံးကြိုးစားသော်လည်း ခြေထောက်နှစ်ချောင်းက သစ္စာဖောက်နေသည်။ လက်မောင်းနှစ်ဖက်သည်လည်း သူ့စကားကို နားမထောင်။

ခြေသလုံးအိမ်တိုင်နတ်ဝိဇ္ဇာအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်သွားပြီး မေးသည်။ “လူသားဧကရာဇ်က ဒြပ်စင်သုံးပါးစမ်းသပ်မှုကို အောင်ဖူးတဲ့ ဒုတိယမြောက်လူပါ။ ဓာတ်ကြီးငါးပါးစမ်းသပ်မှုကို စိန်ခေါ်မယ့် စိတ်ကူးများရှိသေးလား”

ချင်မူ အရှက်မကွဲအောင် မြေကြီးပေါ်တွင်သာ ထိုင်ချလိုက်ရသည်။ သူ မေးလိုက်၏။ “ဓာတ်ကြီးငါးပါးစမ်းသပ်မှုက ဒြပ်စင်သုံးပါးစမ်းသပ်မှုနဲ့ ယှဉ်ရင် ဘယ်လိုပါလဲ”

“အနည်းငယ် ပိုခက်ပါတယ်”

“လူသားဧကရာဇ် ဒြပ်စင်သုံးပါးစမ်းသပ်မှုကို အောင်သွားတုန်းက အခြေခံက ပိုလို့တောင် ခိုင်မာလာတဲ့အတွက် ဓာတ်ကြီးငါးပါးစမ်းသပ်မှုက မခက်လောက်ပါဘူး” အဘွားအိုတစ်ဦးက ခင်မင်ဖွယ်ကောင်းသောမျက်နှာဖြင့် ပြောသည်။

“အနည်းငယ် ပိုခက်သေးတယ်တဲ့လား” ချင်မူ ကြောက်လန့်သွားပြီး ခေါင်းခါလိုက်သည်။ “ဘိုးဘိုးတို့ဘွားဘွားတို့၊ ကျွန်တော့်ကို ‌သက်ညှာပြီး နောက်တစ်ရက်ရက်မှ စိန်ခေါ်ခွင့်ပြုပေးပါလား”

ယခုချက်ချင်း ဓာတ်ကြီးငါးပါးစမ်းသပ်မှု စိန်ခေါ်ရန် သူ အားနည်းနေသည်။

နတ်ဘုရားငယ်ကို အနိုင်ယူ၍ ဒြပ်စင်သုံးပါးရရှိခဲ့ခြင်းကြောင့် ဒဏ်ရာအများစု ပျောက်ကင်းသွားပြီဖြစ်သော်လည်း တစ်ကိုယ်လုံး ကိုင်ရိုက်ထားသကဲ့သို့ နာနေဆဲဖြစ်သည်။ ထို့အပြင် ကိုက်ပေါင်းထောင်ချီ မြင့်မားသော တောင်မှ ပြုတ်ကျသည့် ဒဏ်ကလည်း မသေးပေ။ သူ့ရုပ်ခန္ဓာသာ တုန်ရီနေခြင်းမဟုတ်၊ ဝိညာဉ်မှာလည်း ကိုယ်ထဲမှ ထွက်သွားတော့မည့်အလား ယိုင်ထိုးနေသည်။

ခြေသလုံးအိမ်တိုင်ငါးယောက်က သူ့အခြေအနေ မကောင်းသည်ကို မြင်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်က ပြော၏။ “ငါတို့ ကျောက်စိမ်းမြို့တော်ငယ်မှာ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဖူးဘူး။ ဒြပ်စင်သုံးပါးခန်းမကို အောင်ရင် စွမ်းအင်ငါးရပ်ခန်းမကို ဝင်နိုင်တယ်။ မအောင်တဲ့အခါ ထွက်သွားရမယ်။ ကြားထဲ အနားယူတာမျိုး တစ်ခါမှ မရှိခဲ့ဘူး”

ထို့နောက် အဘွားအိုတစ်ဦးက ဝင်ပြောသည်။ “ဒါပေမဲ့ ဒြပ်စင်သုံးပါးစမ်းသပ်မှုက ခက်လွန်းပါတယ်။ နောက်ဆုံးတစ်ယောက်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ထောင်တုန်းက အောင်ခဲ့တာ။ လူသားဧကရာဇ်က ဒီအဆင့်အထိ ကျော်ဖြတ်လာရတာပဲ။ ငါတို့ သူ့ကို နောက်ရက်မှ စိန်ခေါ်ခွင့်မပြုရင် လွန်လွန်းရာကျတာပေါ့”

နတ်ဝိဇ္ဇာအိုကြီးများ တီးတိုးတိုင်ပင်နေကြပြီးနောက် ခေါင်းဆောင်ဖြစ်သူက ပြောသည်။ “လူသားဧကရာဇ်က တောင်းဆိုမှတော့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်လည်း ခေါင်းမာနေဖို့ မသင့်ပါဘူး။ လူသားဧကရာဇ် သက်သာတဲ့အခါ စွမ်းအင်ငါးရပ်ခန်းမကို လာစိန်ခေါ်နိုင်ပါတယ်”

“ကျေးဇူးအများကြီးတင်ပါတယ်ဗျ” ချင်မူ ကပျာကယာ ထ၍ နတ်ဝိဇ္ဇာအိုကြီးငါးယောက်ကို အရိုအသေပေးလိုက်သည်။

သူ ကျောပြန်မတ်လိုက်သည့်အခါ သူ့မျက်စိရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး ဒြပ်စင်သုံးပါးခန်းမအရှေ့တွင် ပေါ်လာသည်။ ဒြပ်စင်သုံးပါးဝိညာဉ်သခင်သုံးဦးက အံ့အားသင့်နေပုံပေါ်သော ရသေ့ကြီးချင်းယိုကို စကားပြောနေပြီး ရွာလူကြီးကတော့ အလွန်ဂုဏ်ယူဝင့်ကြွားနေသောအမူအရာ ရှိသည်။

“လူသားဧကရာဇ်” ဒြပ်စင်သုံးပါးဝိညာဉ်သခင်သုံးဦးက သူ့ကို နှုတ်ဆက်ကြပြီး ကောင်းကင်ဒြပ်စင်ဝိညာဉ်သခင်က တအံ့တဩ မေးသည်။ “လူသားဧကရာဇ် ဘာလို့ ဓာတ်ကြီးငါးပါးစမ်းသပ်မှုကို မဖြေဘဲ ထွက်လာတာလဲ”

ချင်မူ့ခြေထောက်များမှာ တုန်နေဆဲဖြစ်သည်။ “ဓာတ်ကြီးငါးပါးခြေသလုံးအိမ်တိုင် ဘိုးဘိုးတွေက ကျွန်တော့်အခြေအနေ မကောင်းတာသိလို့ နောက်မှ စိန်ခေါ်ခွင့်ပေးခဲ့တာ။ ရသေ့ကြီးချင်းယို၊ ကျွန်တော် ရက်ပိုင်းလောက်အနားယူပြီးမှ စွမ်းအင်ငါးရပ်ခန်းမကို ဝင်လို့ရလား”

ရသေ့ကြီးချင်းယို အမူအရာပျော့ပျောင်းသွားပြီး သူက အတည်အကြည် ပြောလိုက်သည်။ “လူသားဧကရာဇ်ရဲ့ အခြေအနေက ဆက်တိုက်ခိုက်ဖို့ မသင့်တော်ပါဘူး။ စွမ်းအင်ငါးရပ်ခန်းမပြီးရင် အရပ်ခြောက်မျက်နှာခန်းမ ရှိသေးတယ်။ တာအိုသခင်နဲ့ တထာဂတကလည်း အရပ်ခြောက်မျက်နှာခန်းမနဲ့ အသားမကျသေးတော့ လူသားဧကရာဇ် နောက်တစ်ရက်ရက်မှ ကျောက်စိမ်းမြို့တော်ငယ်ကို လာနိုင်ပါတယ်”

ချင်မူ သွေးတိုးစမ်းလိုက်သည်။ “ဒါဆို ကျောက်စိမ်းမြို့တော်ရဲ့ သင်္ချာပညာရှင်တွေ တောင်အောက် ဆင်းလာဖို့ကိစ္စက....”

ရသေ့ကြီးချင်းယို ပြုံးလိုက်သည်။ “ငါ့တပည့်သုံးယောက်ကို အနိုင်ယူနိုင်ရင် မင်းနဲ့အတူ တောင်အောက်ဆင်းမယ် ပြောခဲ့တယ်မဟုတ်လား။ အခု မင်းက ဒြပ်စင်သုံးပါးစမ်းသပ်မှုကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတော့ ငါမျှော်မှန်းထားတာထက်တောင် ကျော်သွားပါပြီ။ ပေးပြီး ကတိဖျက်ရိုး ထုံးစံမရှိပါဘူး။ ရသေ့ကြီး လူသားဧကရာဇ်နောက် လိုက်ခဲ့ပါ့မယ်”

ချင်မူ အံ့အားသင့်သွားသည်။ ရသေ့ကြီးချင်းယိုသည် သူ တောင်ပေါ်ရောက်ကတည်းက အကောင်းတစ်စက်မှ မပြောခဲ့ဘဲ အထင်အမြင်သေးခဲ့သော်လည်း မည်သည့်အချိန်က ယခုလို ပြောရဆိုရကောင်းသွားသနည်း။

ရသေ့ကြီးချင်းယို ဒြပ်စင်သုံးပါးနတ်ဝိဇ္ဇာသုံးဦးကို ကြည့်၍ ပြောလိုက်သည်။ “နောင်‌တော်တို့၊ ကျွန်တော် ‌လောကီဇာတ်ထုတ်တချို့ ရှင်းစရာရှိလို့ လူသားဧကရာဇ်နဲ့ တောင်အောက်လိုက်ဆင်းလိုက်ဦးမယ်။ ကျွန်တော် တောင်ပေါ်မရှိတဲ့ရက်ပိုင်း နောင်တော်တို့ ကျွန်တော့်တာဝန်တွေကို ကူညီပေးထားလို့ရမလား”

ရေဒြပ်စင်ဝိညာဉ်သခင်က ပြောသည်။ “လောကီလူ့ဘောင်ဆိုတာ အနှောင့်အယှက်တွေ သိပ်များတယ်။ အေးအေးချမ်းချမ်း နေဖို့ မဖြစ်နိုင်ဘူး။ တောင်အောက်ဆင်းရင် သန့်ရှင်းနေတဲ့ နှလုံးသား မစွန်းထင်းရအောင် ဂရုစိုက်ပါ”

ရသေ့ကြီးချင်းယိုက ပြုံးလိုက်သည်။ “လူ့ပြည်မှာ သင်ခန်းစာကောင်းကောင်း ရထားဖူးပါတယ်။ ဒါကြောင့် လူ့နှလုံးသားက သေသွားတာ ကြာပါပြီ။ မပူပါနဲ့ အစ်မတော်၊ ကျွန်‌တော် သေချာပေါက် ပြန်လာခဲ့ပါ့မယ်”

သူ ဝမ့်မူရန်၊ မုချင်းသိုင်နှင့် လောင်ယွီတို့ကို လှမ်းခေါ်ကာ ပြောလိုက်သည်။ “ငါ လူသားဧကရာဇ်နဲ့ တောင်အောက် လိုက်ဆင်းတော့မယ်။ မင်းတို့လည်း လိုက်ခဲ့ကြ။ တစ်သက်လုံး ‌ကျောက်စိမ်းမြို့တော်ငယ်မှာပဲ နေစရာအကြောင်းမရှိဘူး။ ငါတို့လို အဘိုးကြီး၊ အဘွားကြီးတွေနဲ့ပဲ နေရတာ ပျင်းစရာကောင်းမှန်း ငါ သိပါတယ်”

သုံးယောက်လုံး ပျော်ရွှင်သွားကြသည်။ တောင်အောက်ဆင်းချင်သည်မှာ ကြာပြီဖြစ်သော်လည်း ကျောက်စိမ်းမြို့တော်ငယ်၏ တင်းကြပ်သော စည်းကမ်းချက်များကြောင့် မတတ်နိုင်ခဲ့ပေ။ ရသေ့ကြီးချင်းယိုကလည်း သူတို့ကို တောင်အောက်ဆင်းခွင့် မပေးခဲ့။

ရသေ့ကြီးချင်းယိုက တာအိုသခင်နှင့် တထာဂတကို သွားရောက်နှုတ်ဆက်သောအခါ အဘိုးအိုနှင့် ရဟန်းအိုကြီးတို့က ပြုံးသည်။ “ကိုယ်တော်တို့က လောကီလူ့ဘောင်ကနေ အခုမှ ရုန်းထွက်လာနိုင်လို့  ကျောက်စိမ်းမြို့တော်ငယ်မှာ အေးအေးချမ်းချမ်း လာနေတာပဲ။ ရသေ့ကြီးချင်းယိုက တောင်အောက်ဆင်းမယ်ဆိုတော့ လောကီကိစ္စတွေနဲ့ နစ်မျောသွားပြီး ပြန်တက်မလာနိုင်မှာ စိုးမိပါတယ်”

“ကိုယ်တော်တို့ စိတ်ပူလွန်းနေတာပါ။ ကျုပ်က ကတိအတိုင်း ဆင်းရုံလေးပဲ။ ကတိတည်ပြီးတာနဲ့ ပြန်လာမှာပါ။ လောကီလူ့ဘောင်က ကျုပ်ကို ဆွဲမထားနိုင်ဘူး” ရသေ့ကြီးချင်းယို အ‌လေးနက် ပြောလိုက်သည်။

“အဲဒီလိုပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်”

ထို့နောက် ရသေ့ကြီးချင်းယိုက နောက်ထပ်နတ်ဝိဇ္ဇာအိုကြီးနှစ်ယောက်ကို လှမ်းခေါ်သည်။ “ရုံယွင်၊ ရုံဟယ် နောင်တော်တို့နှစ်ယောက်က သင်္ချာကျွမ်းတယ်။ တောင်အောက်လိုက်ခဲ့မလား”

နတ်ဝိဇ္ဇာအိုကြီးနှစ်ယောက်က ပြုံး၍ ပြောလိုက်ကြသည်။ “အညားပြေအညာပြေ လမ်းလျှောက်ကြည့်တာပေါ့လေ”

ဝမ့်မူရန်က ခြေသလုံးအိမ်တိုင်ကျန်း စီးသည့် သမင်ကြီးကို စီးထားသည်။ ဆရာဖြစ်သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏လက်ထဲတွင် ဆုံးပါးသွားသော်လည်း သမင်ကြီးကိုတော့ ဝမ့်မူရန် စောင့်ရှောက်ပေးထားခဲ့သည်။

သမင်ကြီးက နဂါးချီလင်အောက် မနိမ့်ကျပေ။ နှစ်ကောင်ယှဉ်လိုက်လျှင် နဂါးချီလင်က အဆီတစ်ပြီး ဝနေသဖြင့် သမင်ကြီးက ပိုမိုကြံ့ခိုင်သယောင် ထင်ရသည်။ သူက နဂါးချီလင်ကို မျက်လုံးထောင့်မှ မသိသာအကဲခတ်ပြီး ရွံရှာနေဟန်ရှိ၏။

နဂါးချီလင်က အသားကျနေပြီဖြစ်၍ အာရုံပင်မရှိပေ။ သို့တိုင်အောင် ရှုန်းချီအာက သူ့ကို တိုးတိုးကပ်ပြောသည်။ “ဖက်တီးနဂါး၊ သမင်ကြီးက နင့်ကို အထင်သေးနေတယ်”

“သူ ငါ့မျက်နှာပေါ် တံတွေးနဲ့ ထွေးတောင် သုတ်စရာမလိုဘူး။ သူ့ဘာသာသူ ခြောက်သွားလိမ့်မယ်” နဂါးချီလင်က ခန္တီပါရမီအရာ၌ ထွက်ရပ်ပေါက်ထားပြီးဟန်တူသည်။ “သူ့ဘာသာသူ တွေးချင်ရာ တွေးပလေ့စေ။ တောင်ကို ကြက်ဥနဲ့ ပေါက်သလိုပဲ ရှိတယ်”

အကုန်လုံး ကျောက်စိမ်းမြို့တော်ငယ်မှ ထွက်လာကြပြီး ရသေ့ကြီးချင်းယိုက နောက်ပြန်လှည့်ကြည့်သည်။ သူက သက်ပြင်းချ၍ ရွာလူကြီးကို ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါ မင်းနဲ့အတူ ဒီနေရာက‌ ထွက်သွားခဲ့တယ်။ ငါ့ရင်ထဲမှာ ရည်မှန်းချက်အပြည့်နဲ့ မင်းနဲ့အတူတူ ကမ္ဘာကြီးတုန်လှုပ်သွားအောင် လုပ်ပစ်ချင်ခဲ့တာ။ ပြန်လာတော့ ငါ့အားမာန်တွေ လျော့ကျသွားပြီး ရည်မှန်းချက်တွေလည်း မရှိတော့ဘူး။ ဘယ်တော့မှ ထွက်မသွားတော့ဘူး တွေးခဲ့ပေမယ့် မင်းတပည့်ကြောင့် ကျောက်စိမ်းမြို့တော်ငယ်ကနေ ထွက်လာရပြန်တယ်။‌ ဪ ရေစက် ရေစက်”

“မူအာကြောင့် မင်း ထွက်လာတာမဟုတ်ပါဘူး။ မင့်ရင်ထဲ လှုပ်ခတ်သွားလို့သာ” ရွာလူကြီးက အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

ရသေ့ကြီးချင်းယို ရယ်လိုက်သည်။ “မှားနေပြီ ငါ့ရဲ့ လူ့နှလုံးသားက သေသွားတာကြာပေါ့။ ပြန်ရှင်လာမှာမဟုတ်ဘူး”

ရွာလူကြီးက ပြုံးလျက် ခေါင်းခါလိုက်၏။ “မင်းပါးစပ်က ဓားလိုထက်ပေမယ့် မင်းနှလုံးသားကတော့ တို့ဟူးလို့ ပျော့နေတယ်။ မူအာ၊ ဒီအဘိုးကြီး အပြောဆိုးတာကိုပဲ မကြည့်နဲ့။ သူက တကယ်တော့ အနူးညံ့ဆုံး။ မင်း သူ့ကို ဝမ်းနည်းအောင် လုပ်လိုက်ရင် သူ့တို့ဟူးနှလုံးသားက ကြမ်းပြင်တစ်ပြင်လုံးမှာ မွစာကြဲသွားလိမ့်မယ်။ ဘယ်သူ့မှ ပြန်ဆက်ပေးနိုင်မှာမဟုတ်ဘူး”

ရသေ့ကြီးချင်းယိုက သရော်တော်တော် ပြောသည်။ “ငါ့နှလုံးသားကို ပြန်မဆက်နိုင်ဘူးဟုတ်လား။ စောစောက ကြမ်းပြင်ပေါ်မှ ပက်လက်လန်ပြီး ငိုနေတာ မင်း မဟုတ်ဘူးလား”

ရွာလူကြီး ဒေါပွသွားသည်။ “နတ်သမီးရွှယ်ချီ မင်းကို ထားခဲ့တုန်းက မြေကြီးပေါ်မှ တုံးလုံးပက်လက်နဲ့ မျက်လုံးတွေ ရောင်ကိုင်းတဲ့အထိ ငိုနေတာ ဘယ်သူလဲ”

“စောစောက မင်း ‌အော်ငိုနေလို့ လူသားဧကရာဇ်တောင် ဖက်ပေးထားရတာလေ”

“မင်း ပြန်တွဲဖို့ အော်ငိုပြောတုန်းက ဘယ်လောက်ရှက်စရာကောင်းလဲ တွေးမိလား”

“မင်းက လူသားဧကရာဇ်ရင်ဘတ်မှာ နှပ်ချေးတွေတောင် သုတ်ပစ်သေးတယ်”

...

ချင်မူ မျက်လုံးပြူးလျက် ကြည့်နေမိသည်။ ဤအဘိုးကြီးနှစ်ယောက်သည် နှစ်ယောက်လုံး၏ အသက်ကို ပေါင်းလိုက်လျှင် တစ်ထောင့်ခြောက်ရာနှစ်နီးပါး ရှိသော်လည်း တစ်ယောက်အောက်ဖဲ တစ်ယောက်လှန်၍ ရန်ဖြစ်နေကြသေး၏။

‘ကလေးကြီးတွေအတိုင်းပဲ’

ချင်မူ ခေါင်းယမ်းကာ သူ့ဘာသူ တွေးလိုက်သည်။ ‘ဘိုးဘိုးထော့ကျိုး ဘယ်ရောက်သွားပါလိမ့်။ တာအိုဂိုဏ်းသားတွေ သူ့ကို လိုက်မမှီရင် ကျောက်စိမ်းမြို့တော်ငယ်ဆီ ရောက်လာသင့်နေပြီ။ ဒီမှာနေတာ နှစ်ရက်သုံးရက်လောက် ရှိပြီဆိုတော့ ဘိုးဘိုးထော့ကျိုးအတွက် ကျောက်စိမ်းမြို့တော်ငယ်ကို အပြောင်ခိုးဖို့တောင် လုံလောက်တယ်။ မြက်ခင်းလွင်ပြင်ရဲ့ အခြေအနေရော ဘယ်လိုရှိလဲမသိဘူး။ ဧကရာဇ်အတိုင်ပင်ခံ လိုလန်ရွှေနန်းတော်ကို ရောက်နေပြီလား”

လိုလန်ရွှေနန်းတော်၏အပြင် သွေးချောင်းစီးနေ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်နှစ်ဖက်ကျောနောက်ပစ်လျက် မှင်သေသေ ရပ်နေသည်။ သူ့အကြည့်က ရွှေသားကျောက်စိမ်းတို့ဖြင့် စီခြယ်ထားသော နန်းတော်ကြီးဆီ ရောက်သွား၏။ သူ့အနောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က စနစ်တကျ စီတန်းနေကြသည်။ စစ်သည်များသည် မည်သည့်အသံကိုမှ မထွက်သည့်အပြင် ဆန်းကြယ်သားရဲများပင် တိတ်ဆိတ်နေကြ၏။

စစ်သူကြီးတစ်ဦးက ရှေ့တက်ကာ အရိုအသေပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ လွမ်သီခန် အညံ့လာခံပါတယ်”

All Chapters