အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါး
Vol. 26 Ch. 353
“တက်လာခိုင်းလိုက်” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခပ်အေးအေး ပြောလိုက်သည်။
လွမ်သီခန်မှာ သံကြိုးများဖြင့် တင်းတင်းကြပ်ကြပ် တုပ်နှောင်ခံထားရပြီး စစ်သည်များက သူ့ကို တွန်းနေသည်။
“အပြစ်သား လွမ်သီခန်...”
လွမ်သီခန် ဒူးထောက်ရန် ပြင်လိုက်စဉ် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ဆွဲထူပေးလိုက်သည်။ သူက ပြုံးတုံ့မပြုံးတုံ့ဖြင့် ပြောလိုက်၏။ “နောင်တော်လွမ်သီခန်က ကျုပ်ကို ဘုရင့်အမျက်ရှစေချင်တာလား”
လွမ်သီခန်က ထပြီး ပြုံးသည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကြားက ယုံကြည်မှုကို ဖျက်စီးနိုင်ရင် ကျုပ် ခေါင်းပြန်ထောင်နိုင်လောက်ပါတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းယမ်းလိုက်သည်။ “နောင်တော် ဖျက်စီးလို့မရပါဘူး။ ကျုပ်ကို စစ်တပ်တစ်ခုလုံးရဲ့ အရှေ့မှာ ဒူးထောက်ဂါဝရပြုရင်တောင်မှ ဧကရာဇ်က ကျုပ်ကို သံသယဝင်မှာမဟုတ်ဘူး။ အတိုက်အခံတွေကြောင့်သာ ကျုပ် ခေါင်းကိုက်ရတာပါ။ နောင်တော်လွမ်သီခန်လည်း ဒုက္ခမပေးရင် ခေါင်းကိုက်သက်သာတာပေါ့။ သံကြိုးတွေကို ချွတ်လိုက်ပါ။ ကျုပ် နောင်တော် အညံ့ခံတာကို မခံယူပါဘူး။ မြို့တော်ကို ပြန်ရောက်မှ ဧကရာဇ်ကို ကိုယ်တိုင်အညံ့ခံသင့်ပါတယ်”
လွမ်သီခန် ကိုယ်ကို လှုပ်ခါလိုက်ရာ သူ့ကိုယ်ပေါ်ရှိ သံကြိုးများ တဖြည်းဖြည်း ပြတ်တောက်သွားသည်။ စစ်သည်အားလုံး အံ့အားသင့်သွားပြီး ရှေ့တက်လိုက်ကြသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ကာ၍ သူတို့ကို ပြန်ဆုတ်သွားစေသည်။ “မလိုဘူး”
လွမ်သီခန်၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားတစ်ပါးနဲ့ တိုက်ခိုက်ခဲ့လို့ ဒဏ်ရာအပြင်းအထန် ရထားတယ် ကြားတယ်။ အဆိပ်ဘုရင်ငယ်နဲ့ နတ်ဆေးသမားတော်လေးနှစ်ယောက် ပေါင်းပြီး ကုပေးတာတောင်မှ လက်ရှိကျင့်စဉ်စွမ်းအင်က အကောင်းတိုင်း ပြန်မဖြစ်သေးဘူးတဲ့။ ကျုပ် ဒီအခွင့်အရေးကို အသုံးချပြီး ခင်ဗျားကို သတ်ပစ်မှာ မကြောက်ဘူးလား”
“မကြောက်ဘူး” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “လွန်ခဲ့တဲ့တစ်လက ဆိုရင်တော့ ကြောက်ခဲ့မိလိမ့်မယ်။ ဒါပေမဲ့ ဓားလမ်းကို ရှာတွေ့သွားပြီမလို့ ဒဏ်ရာရထားတာတောင်မှ နောင်တော်လွမ်သီခန်ကို ကြောက်စရာမလိုတော့ပါဘူး။ တိုက်ခိုက်ရင် သေရမယ့်လူက ခင်ဗျားပဲ”
လွမ်သီခန် ထိတ်လန့်သွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ရှေ့တူရူရှိ လိုလန်ရွှေနန်းတော်ကို မော့ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “နောင်တော်လွမ်သီခန်၊ ကြည့်စမ်းပါဦး။ လိုလန်ရွှေနန်းတော်က အဆင့်မြင့်မှော်ဆရာတွေ၊ မှော်ဆရာဘုရင်တွေနဲ့ အခိုင်အမာရပ်တည်နေတယ်။ ဒီနန်းတော်ကို ကျူးကျော်စီးနင်းဖို့ ခက်လိမ့်မယ်။ ကျုပ် အတင်းအကြပ် ကျူးကျော်လိုက်ရင် ကျုပ်ရဲ့စစ်တပ် အထိအခိုက်များမှာပဲ။ နန်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ ကြောက်စရာအရှိန်အဝါတွေကိုလည်း ခံစားနေရတယ်။ အဲဒီအရှိန်အဝါတွေက မှော်ဆရာသခင်ရဲ့ ကိုယ်အဟောင်းတွေကနေ လာတာပဲဖြစ်မယ်။ နတ်ဘုရားလို အရှိန်အဝါဆယ့်ရှစ်ခု... အဲ့ဒါတွေကြောင့် ကျုပ် ဒီမှာ တပ်ချပြီး မလှုပ်ရှားသေးတာပဲ”
“မှော်ဆရာသခင်ရဲ့ ကိုယ်အဟောင်းတွေက နတ်ဘုရားလို၊ မိစ္ဆာလို၊ ဗုဒ္ဓလို ခန္ဓာကိုယ်တွေပဲ။ အင်မတန် ကြောက်စရာကောင်းတဲ့အပြင် လိုလန်ရွှေနန်းတော်ကို စောင့်ရှောက်နေတဲ့ အင်အားအကောင်းဆုံး စွမ်းအားဆိုလည်း မမှားဘူး။ မှော်ဆရာသခင်ရဲ့ ခန္ဓာကိုယ်ဆယ့်ရှစ်ခုအပြင် ကောင်းကင်တံတားအဆင့် ကျင့်ကြံပေါက်မြောက်ထားတဲ့ ဂိုဏ်းသခင်အဆင့် မှော်ဆရာဆယ့်နှစ်ယောက်လည်း ရှိသေးတယ်။ သန်မာအားအကောင်းဆုံးတစ်ယောက်ကတော့ မှော်ဆရာသခင်ကလွဲပြီး တခြားမဟုတ်ဘူး။ သူ့စွမ်းရည်က ကျုပ်အောက် မနိမ့်ကျဘူး” လွမ်သီခန် ပြောလိုက်သည်။
“သေခြင်းရှင်ခြင်းအဆင့် မှော်ဆရာ ဘယ်နှစ်ယောက် ရှိလဲ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မေးလိုက်သည်။
လွမ်သီခန်က ပြုံး၍ ပြောသည်။ “ကျုပ်က ဘယ်လိုလုပ် သိမှာလဲ”
“ခင်ဗျားက ဧကရာဇ်ယန်ဖုန်းကို အတုယူနေတာပဲ။ သိမှာပါ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို တစ်ချက်ကြည့်၍ လေသံအေးအေးဖြင့် ပြောသည်။ “ဥပမာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ရှိတဲ့ သိုင်းပညာရှင်အားလုံးရဲ့ နာမည်တွေ၊ စွမ်းရည်တွေနဲ့ ဝိညာဉ်လက်နက်အမျိုးအစားတွေက ကျုပ်လက်ထဲ ရှိနေသလိုပေါ့။ အင်ပါယာဟာ သိုင်းဂိုဏ်းအားလုံးရဲ့ အထက်မှာ ရှိတယ်။ ဘယ်အထွတ်အမြတ်မြေမှ လျှိုထားပိုင်ခွင့်မရှိဘူး။ ခင်ဗျားက မြက်ခင်းလွင်ပြင်ရဲ့ ဧကရာဇ်ဆိုတော့ လိုလန်ရွှေနန်းတော်ကို ခင်ဗျားခေါင်းပေါ် မတင်ထားသင့်ဘူး။ ခင်ဗျား သိပါတယ်”
“ဧကရာဇ်အတိုင်ပင်ခံ ရှိနေသရွေ့ ဧကရာဇ်ယန်ဖုန်းကို ကျုပ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်မှာသာ ခင်ဗျားလို တိုင်ပင်ဖော်တိုင်ပင်ဖက် ရှိနေလို့ကတော့ ဘယ်အညံ့ခံစရာ လိုတော့မှာလဲ။ ကောင်းကင်နတ်အသွင်အဆင့်နဲ့ သေခြင်းရှင်ခြင်းအဆင့် မှော်ဆရာစာရင်းကို ကျုပ် ပြင်ထားပါတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအတွက် လက်ဆောင်လို့ပဲ သဘောထားပေးပါ” လွမ်သီခန်က စကားပြောပြီးနောက် စာအုပ်တစ်အုပ် ထုတ်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စာအုပ်ကို သူ့အနောက်ရှိ နယ်စားဝေ့ဆီ ပေးကာ ပြောလိုက်သည်။ “စစ်သည်တွေကို ဖတ်ခိုင်းပြီး ပြိုင်ဘက်ရှာခိုင်းလိုက်။ ရန်သူကို သတ်ဖို့ ပြင်ရမယ်”
နယ်စားဝေ့က စစ်တပ်အတွင်းရှိ ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် စစ်သူကြီးများကို ခေါ်၍ အကုန်လုံးကို စုဝေးကာ ဖတ်ခိုင်းလိုက်သည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “လိုလန်ရွှေနန်းတော်ကို ကာကွယ်ပေးထားတဲ့ ဝင်္ကပါတွေ ရှိတယ်။ အဲဒီဝင်္ကပါတွေက ကာကွယ်ဖို့ရော၊ သတ်ဖြတ်ဖို့အတွက်ပါ အရင်မှော်ဆရာသခင်တွေနဲ့ ဥသျှောင်မှော်ဆရာတွေ တည်ဆောက်ထားခဲ့တာ။ အခု ဝင်္ကပါအားလုံး အသက်ဝင်နေတယ်။ နောင်တော်လွမ်သီခန် လိုလန်ရွှေနန်းတော်ကို မြေလှန်ပစ်ချင်တဲ့ စိတ်ရှိရင် ဒီခံတပ်ကို ဖြိုချနိုင်မယ့် အစီအစဉ်တစ်ခုတော့ ရှိမှာပဲ”
လွမ်သီခန်က မဖြေဘဲ ပြန်မေးသည်။ “ဧကရာဇ်အတိုင်ပင်ခံက ကျုပ် ဘာကြောင့်အညံ့ခံတာလဲ မမေးတာလဲ။ ကျုပ် အညံ့လာခံတာကို မြင်တာတောင် အခုလို အကြောင့်အကြမရှိ ယုံကြည်ရဲသေးတယ်။ လိုလန်ရွှေနန်းတော်ကို ဘယ်လိုဖြိုချရမလဲကိုလည်း မေးသေးတယ်။ ကျုပ် ဟန်ပြအညံ့ခံပြီး ခင်ဗျားစစ်တပ်တစ်ခုလုံး သေသွားအောင် သတင်းအမှားတွေ ပေးမှာ မကြောက်ဘူးလား”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းကာ ပြောလိုက်သည်။ “မှော်ဆရာအဆိပ်ကြောင့် ခင်ဗျား အညံ့ခံခဲ့တာ”
လွမ်သီခန် တိတ်ဆိတ်သွားသည်။
“မှော်ဆရာသခင်က မှော်ဆရာတွေကို ရေအဆိပ်ခတ်ခိုင်းခဲ့တယ်။ အဆိပ်ကြောင့် မြက်ခင်းလွင်ပြင်ရဲ့ စံအိမ်ဆယ်ခုထဲက ကိုးခု ပျောက်ကွယ်သွားပြီ။ မြို့ကြီးပြကြီးတွေမှာ နေတဲ့ လူရိုင်းမျိုးနွယ်စုဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်
“ခင်ဗျားက မြက်ခင်းလွင်ပြင်ရဲ့ ဧကရာဇ်ဖြစ်ပေမယ့် ခင်ဗျားပြည်သူတွေ အသတ်ခံလိုက်ရတယ်။ ခင်ဗျား ဘယ်သူ့ကို ကလဲ့စားချေချင်မလဲ။ လိုလန်ရွှေနန်းတော်ပေါ့။ ဒါကြောင့် ကျုပ် ခင်ဗျားကို ယုံတာ။ ခင်ဗျားစကားကို သံသယဝင်စရာအကြောင်း မရှိဘူး”
လွမ်သီခန်က အတန်ငယ်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “အင်ပါယာနှစ်ခုကြားက စစ်ပွဲမှာ ပြည်သူပြည်သားတွေ မြေစာပင် မဖြစ်သင့်ပါဘူး။ ကျုပ် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကျူးကျော်သိမ်းပိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူတွေဟာ ကျုပ်ပြည်သူတွေပါပဲ။ ဒါကြောင့် သူတို့ကို အန္တရာယ်ပြုမှာမဟုတ်ဘူး။ ဧကရာဇ်ယန်ဖုန်း မြက်ခင်းလွင်ပြင်ကို ကျူးကျော်သိမ်းပိုက်ရင်လည်း မြက်ခင်းလွင်ပြင်ရဲ့ ပြည်သူတွေဟာ ဧကရာဇ်ယန်ဖုန်းရဲ့ ပြည်သူတွေ ဖြစ်လိမ့်မှာပါ။ သူ သူတို့ကို အန္တရာယ်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ လိုလန်ရွှေနန်းတော်က ကျုပ်ပြည်သူတွေကို သတ်ပစ်ခဲ့တယ်။ ကျုပ် ဒီတိုင်းငြိမ်မနေနိုင်ဘူး။ ဧကရာဇ်အတိုင်ပင်ခံ၊ ကျုပ် လိုလန်ရွှေနန်းတော်ရဲ့ အားနည်းချက်အားလုံး ပြောပြမယ်။ အသေးငယ်ဆုံး လျှို့ဝှက်ချက်လေးကိုတောင် မချန်ဘူး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးလိုက်သည်။ “ကျုပ် ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ သိလား။ အခု ခင်ဗျား ရောက်လာပြီဆိုတော့ ဒီလောကကြီးမှာ အထွတ်အမြတ်မြေတစ်မြေ လျှော့သွားပြီပေါ့ဗျာ”
လွမ်သီခန် စိတ်အားတက်လာသည်။ “ဧကရာဇ်အတိုင်ပင်ခံ ရှိနေသရွေ့ လွမ်သီခန် ဘယ်တော့မှ မပုန်ကန်ဘူး။ ကျုပ် သစ္စာဖောက်ရင် ကျုပ်မျက်လုံးတွေကို စွန်ရဲတွေ ထိုးဖောက်ပါစေသား။ ကျုပ်နှလုံးသားတွေကို သိမ်းငှက်တွေ ဆွဲထုတ်ပါစေသား”
နန်းစိုက်မြို့တော်သည် နဂါးကိုးကောင် ကိန်းဝပ်နေသော နေရာဖြစ်၏။ မြေပြင်ညီပေါ်သို့ တွားသွားတက်နေသည့် နဂါးကြီးများကဲ့သို့သော တောင်ကြော ကိုးခုက မြို့တော်တည်ရှိရာ နေရာတွင် ဆုံစည်းသွားသည်။ နဂါးကိုးကောင် စုဆုံသည့် နေရာ၊ နဂါးဦးခေါင်းများ စုဝေးသည့် နေရာမှာ နန်းစိုက်မြို့တော် ဖြစ်သည်။
“ဒီတစ်ခေါက် လူ့ပြည်ဆင်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ မြက်ခင်းလွင်ပြင်ကို ကျူးကျော်နေတာ မြင်မှပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က ကောင်းကင်စစ်တပ်နဲ့ ပိုပိုတူလာတာ မြင်ရတော့တယ်။ ခိုင်ဧကရာဇ်ခေတ်က နတ်ဘုရားမိစ္ဆာစစ်တပ်နဲ့တောင် တူလာနေသလိုပဲ”
မြို့တော်၏အပေါ် ကောင်းကင်ယံတွင် ခြောက်ဧကမျှ ကျယ်ပြောသော ဗိမာန်တစ်ခု ပျံဝဲနေသည်။ အလွန်ထူးခြားသော ယောက်ျားများ၊ မိန်းမများက ထိုင်လျက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ငုံ့ကြည့်နေသည်။
ထိုယောက်ျားမိန်းမအားလုံးသည် အလွန်ခံ့ညားလှပပြီး တစ်ယောက်မှ အိုမင်းရင့်ရော်ခြင်း မရှိသည်သာမက သိုင်းအဆင့်များက နတ်ဘုရားများ၊ ဗုဒ္ဓများပမာ ကြောက်မက်ဖွယ်ရာ မြင့်မားလှ၏။
တစ်ယောက်က ကြယ်ဧကရာဇ်ချောင်ဖြစ်သည်။ သူ့ဘေးတွင် ယွီလျုတ်နှင့် ကျန်မိန်းကလေးများ ရပ်နေကြသည်။ ရှုရှန်းဟွာလည်း ရှိသော်လည်း သူ ရပ်နေသည်က သူ့ဆရာ၊ ကျောက်စိမ်းဧကရာဇ်ဖြစ်သော လူငယ်၏ဘေးတွင် ဖြစ်၏။
အထက်ကောင်းကင်ဘုံတွင် ခေါင်းဆောင်လေးဦးရှိပြီး ကြယ်ဧကရာဇ်ချောင်နှင့် ကျောက်စိမ်းဧကရာဇ်အပြင် ပန်းဧကရီနှင့် ကြယ်ဧကရာဇ်ယန်လည်း ရှိသေးသည်။
ရွာလူကြီး မဟာမြို့ပျက်မှ ထွက်လာသည့်အတွက် အထက်ကောင်းကင်ဘုံ၏ ခေါင်းဆောင်လေးဦးလုံး ထွက်လာကြ၏။
သူတို့လေးယောက်က အံ့အားသင့်နေသော သွင်ပြင်များဖြင့် ငုံ့ကြည့်နေကြသည်။
“အရင်တစ်ခေါက် ကပ်ဘေးလာလွှတ်တုန်းက အသေးစိတ် မကြည့်ခဲ့မိဘူး” ကျောက်စိမ်းဧကရာဇ်က ခပ်တိုးတိုး ရေရွတ်သည်။ “အဲဒီတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အင်အားတောင့်တင်းလာစေတဲ့ နဂါးသွေးကြောကိုးခုကိုပဲ သာမန်ကာလျှံကာ ကြည့်ခဲ့မိတယ်”
ပန်းဧကရီသည် အလွန်လှပသောမိန်းမတစ်ဦး ဖြစ်ပြီး သူမ၏အသံက ဆည်းလည်းသံလေးလို အလွန်နားဝင်ချိုလှ၏။ “နဂါးကိုးကောင်သွေးကြောတွေက နဂါးဝါတောင်တန်းဆိုပေမယ့် အဲ့ဒါအပြင် ရွှံ့မြစ်၊ ရွှေမြစ်၊ မာန်ဟုန်မြစ်နဲ့ လီမြစ်ဆိုတဲ့ မြစ်နဂါးသွေးကြောလေးခုလည်း ရှိနေတယ်”
သူမလက်ဝါးက လေကို အသာအယာ ပွတ်သပ်လိုက်သည့်အခါ သူမ၏ချီစွမ်းအင်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြေအောက်အလွှာကို ပြသနေသော ကြေးမုံတစ်ချပ်အဖြစ် ဖွဲ့တည်သွား၏။
ထိုကြေးမုံက မြေကြီးအောက် ဆယ်မိုင်ကျော်ကို ထိုးဖောက်၍ နဂါးကြီးသုံးကောင်ကို ဖော်ပြသည်။ ၎င်းတို့သည် မြို့တော်အောက်ရှိ ချော်ရည်မြစ်များ ဖြစ်၏။
“မြေကြီးအောက်မှ ငုပ်လျှိုးနေတဲ့ ဒီမီးနဂါးသွေးကြောသုံးကြောနဲ့ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နဂါးသွေးကြောဆယ့်ခြောက်ကြော ရှိနေပြီ”
ကြယ်ဧကရာဇ်ချောင် ခေါင်းယမ်းလိုက်သည်။ “မကသေးဘူး။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကမ်းခြေကို ကြည့်လိုက်။ အဲဒီအနားတစ်ဝိုက်က တောင်တန်းတွေဟာ နဂါးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် ရစ်ပတ်နေသလို နိမ့်ချည်မြင့်ချည် သွယ်တန်းနေတယ်။ သူတို့က နဂါးသွေးကြောနောက်နှစ်ကြောပဲ။ ငါတောင် အဲဒီသွေးကြောနှစ်ကြောကို ဘယ်လိုခေါ်ရမှန်း မသိဘူး။ နဂါးသွေးကြောဆယ့်ရှစ်ကြောနဲ့ ပါရမီရှင်တွေ ပြည့်နှက်နေတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အင်အားမကြီးမားဘဲ ဘယ်နေတော့မလဲ”
“မြက်ခင်းလွင်ပြင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာလက်အောက် ရောက်နေပြီ။ အခုလောက်ဆို ဧကရာဇ်အတိုင်ပင်ခံ လိုလန်ရွှေနန်းတော်ကို ရောက်နေလောက်ပြီထင်တယ်။ မြက်ခင်းလွင်ပြင်မှာ နဂါးသွေးကြောဘယ်နှကြော ရှိသလဲ” ကြယ်ဧကရာဇ်ချောင်က အလေးအနက် မေးလိုက်သည်။
ကျန်ဧကရာဇ်သုံးပါး ရင်ထဲတွင် အတန်ငယ်လှုပ်ခါသွား၏။
“မြောက်ပိုင်းက နှင်းတောင်တန်းနဲ့ ဝံပုလွေအသိုက်နယ်မြေမှာရော နဂါးသွေးကြောဘယ်နှကြော ရှိလဲ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နဂါးသွေးကြောအရေအတွက်က ငါထင်ထားတာထက် ပိုများတယ်။ နဂါးသွေးကြောတစ်ကြောတည်းဆို အခြေအနေကို မပြောင်းလဲနိုင်လို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ နဂါးအကုန်လုံး ကောင်းကင်ဘုံတက်လာရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ကံတရား ပြောင်းလဲသွားလိမ့်မယ်။ လူသားဧကရာဇ်အိုကြီးကို သတ်တာထက် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပင်မနဂါးသွေးကြောကို ရှာပြီး ယူသွားတာ ဒါမှမဟုတ် ပြောင်းလဲလိုက်တာက ပိုအရေးကြီးတယ်။ ကျန်တဲ့နဂါးတွေ ခေါင်းဆောင်ပျောက်သွားအောင် လုပ်ရမယ်” ကြယ်ဧကရာဇ်ချောင်က ပြောလိုက်သည်။
ကျောက်စိမ်းဧကရာဇ်က သူ့ဘာသာသူ တီးတိုးရေရွတ်နေပြီးနောက် ပြောလိုက်၏။ “ပင်မနဂါးသွေးကြော မရှိတော့ရင် နဂါးတွေ ခေါင်းဆောင် ပျောက်သွားလို့ ကံတရားပျက်စီးသွားလိမ့်မယ်။ သူရဲကောင်းတွေအားလုံး ထကြွပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးပစ်လိမ့်မယ်။ အကြံကောင်းပဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်နဂါးသွေးကြောက ပင်မသွေးကြောပါလိမ့်”
အကုန်လုံး လိုက်ရှာကြည့်သော်လည်း ပင်မသွေးကြောကို မမြင်ရသေးပေ။
“နဂါးထိန်းဧကရာဇ်ကို ပင်မသွေးကြောရှာဖို့ ခေါ်ကြစို့။ သူက နဂါးမျိုးနွယ်စုကို စောင့်ရှောက်တာဆိုတော့ နဂါးမျိုးကွဲတွေကို သိလောက်တယ်။ မြေပြင်အနေအထား အကဲခတ်တာလည်း တော်တယ်”
“ချင်းယင်၊ ယောင်ဟွာ၊ အထက်ကောင်းကင်ဘုံကို ပြန်ပြီး နဂါးထိန်းဧကရာဇ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နဂါးသွေးကြောတွေကို လေ့လာပေးဖို့ ဆင်းလာခဲ့ပါလို့ လျှောက်တင်လိုက်” ကြယ်ဧကရာဇ်ချောင်က အမိန့်ပေးလိုက်သည်။
ချင်းယင်နှင့် ယောင်ဟွာလည်း ခပ်သုတ်သုတ် ထွက်သွားကြ၏။
ကျောက်စိမ်းဧကရာဇ်က ပြုံးလိုက်သည်။ “ဓားနတ်ဘုရား အခုထိ ရောက်မလာသေးတာကို ကြည့်ရင် တော်တော်စိတ်ဓာတ်ကျနေတာဖြစ်မယ်။ ငါတို့ အရှိန်အဝါလွှတ်လိုက်တာနဲ့ တန်းရောက်လာမယ် ထင်နေတာ။ ကြောက်နေတဲ့ပုံပဲ။ ဒီအဖြစ်မျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ဓားနတ်ဘုရား တကယ်ပဲ အိုလာပြီဖြစ်မယ်”
“အဲ့ဒါက လူဖြစ်ရတဲ့ ဒုက္ခပဲ” ပန်းဧကရီ ပြုံး၍ ပြောလိုက်သည်။ “အရွယ်ကောင်းတုန်းမှာ ဘယ်လောက်ပဲ သန်မာပါစေ၊ အသက်ကြီးလာတဲ့အခါ ချီနဲ့သွေးတွေ ခမ်းခြောက်ပြီး ပျက်စီးရတယ်။ အခြေအနေကြည့်ရတာ သူ့အတွက် နှစ်နှစ်ပဲ ကျန်တော့တယ်ထင်တယ်။ ဒီနှစ်နှစ်အတွင်း အသက်ရှင်ဖို့ တိုက်ပွဲကို ရှောင်နေတယ် ဘယ်လောက်သနားစရာကောင်းလိုက်လဲ။ ရှုရှန်းဟွာ၊ လူသားဧကရာဇ်အသစ်နဲ့ တွေ့ပြီးပြီလား”
“တပည့် သူနဲ့ ကံချင်းတိုက်ဆိုင်ပြီး ဆုံတွေ့ခဲ့ပေမယ့် သူ့ကို မသိခဲ့တာကြောင့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ခြောက်တစ်ထုပ် ပေးလိုက်လို့ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မြို့တော်မှာ အရက်တစ်ခွက်တိုက်မယ် ပြောပါတယ်။ အဲဒီကိုသွားရင် ကျွန်တော် သူနဲ့ တွေ့ရမယ်ထင်တယ်”
ကျောက်စိမ်းဧကရာဇ် စိတ်ဝင်စားသွားသည်။ “လူသားဧကရာဇ်အသစ်ရဲ့ အစွမ်းအစတွေက ဘယ်လိုလဲ”
“သိပ်မြင့်မားတယ်” ရှုရှန်းဟွာ ချင်မူနှင့် ဆုံတွေ့ခဲ့သောအချိန်ကို ပြန်တွေးကာ ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက သူ့မှော်စွမ်းအင်က အင်မတန်သိပ်သည်းတယ်။ ချီစွမ်းအင်ကလည်း ကျွန်တော့်ထက်တောင် သိပ်သည်းသေးတယ်။ ဒါပေမဲ့ သူ့ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက ကျွန်တော့်ကို မမှီဘူး။ ကောင်းကင်နတ်သိုင်းထုတ်ဖော်နိုင်စွမ်းကလည်း ကျွန်တော့်ထက် အားနည်းတယ်”
“ကျင့်စဉ်စွမ်းအင်က မင်းထက်တောင် သိပ်သည်းတယ်လား”
အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါး အံ့အားသင့်သွားကြသည်။ ရှုရှန်းဟွာ၏ ကျင့်စဉ်စွမ်းအင်က အထက်ကောင်းကင်ဘုံတစ်ခုလုံးကို အနိုင်ယူနိုင်ခဲ့သည့်အပြင် ဧကရာဇ်လေးပါး၏ ကျင့်စဉ်စွမ်းအင်များပင် သူ့အောက် နိမ့်ကျ၏။ သို့တိုင်အောင် လူသားဧကရာဇ်အသစ်၏ ကျင့်စဉ်စွမ်းအင်က သူ့ထက် သာသည်တဲ့လော။
“ဒါပေမဲ့ ကျွန်တော် ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားပြီး ကျင့်စဉ်စွမ်းအင်ကို မြှင့်တင်နိုင်ခဲ့ပါတယ်” ရှုရှန်းဟွာ ပြောလိုက်သည်။ “ကျွန်တော့်လို အခွင့်အရေးကိုသာ သူ မရရင် ကျင့်စဉ်စွမ်းအင်က ကျွန်တော့်ထက် သာတော့မှာမဟုတ်ပါဘူး”
ကျောက်စိမ်းဧကရာဇ်က ပြုံးလိုက်ပြီး ပြောလာသည်။ “မြို့တော်ကို သွား။ သူ့ကို သတ်။ အထက်ကောင်းကင်ဘုံဆီ မြန်မြန်ပြန်လာ။ လူ့ပြည်ဆိုတာ ယစ်မူးလွယ်တဲ့နေရာပဲ။ ကြာကြာနေဖို့ မကောင်းဘူး။ ငါတို့ နဂါးထိန်းဧကရာဇ်ကို စောင့်ပြီး နဂါးသွေးကြောတွေ စစ်ဆေးဖို့ နေရာတစ်နေရာ ရှာသင့်တယ်။ ဓားနတ်ဘုရားက စိန်ခေါ်တာကို လက်ခံရဲရင် ကောင်းပေမယ့် လက်မခံရဲရင်လည်း ငါတို့ ပင်မသွေးကြောကို ယူပြီးမှ ပြန်ကြမယ်”
ရှုရှန်းဟွာ ခေါင်းညိတ်လိုက်သည်။
“ကျင်းယန်နဲ့ ယွီလျုတ်ကို ခေါ်သွားချည်။ လူသားတွေ မင်းကို မထိစေနဲ့” ကြယ်ဧကရာဇ်ချောင်က လှမ်းသတိပေးသည်။
ယွီလျုတ်နှင့် ကျင်းယန်မှာ ကြိတ်၍ ဝမ်းသာသွားကြသည်။ ယွီလျုတ်က ကျောက်စိမ်းပန်းအိုးကို ပွေ့ထားပြီး ကျင်းယန်က ဖီဖာတစ်လက်ကို ပိုက်ထား၏။ နှစ်ယောက်သား ရှုရှန်းဟွာနောက် လိုက်သွားကြသည်။
အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါးသည် မိုးမှောင်ကျလာသည်ကို မြင်လိုက်ရ၍ တိတ်ဆိတ်အေးချမ်းသော နေရာတစ်နေရာဆီသို့ ဗိမာန်အား ဆင်းလိုက်ကြသည်။
ဤနေရာသည် စိမ်းစိမ်းစိုစို တောင်တန်းများဖြင့် သာယာသောနေရာဖြစ်ပြီး ပတ်ဝန်းကျင်အနီးနားတွင် ရွာတစ်ရွာမှ မရှိပေ။ သို့သော် သူတို့အရှေ့၌ တဲအိမ်တစ်လုံး ရှိနေသည်။ ထိုအချိန်တွင် အိမ်တံခါးပွင့်လာပြီး လှပကြော့ရှင်းသောမိန်းမတစ်ဦး လမ်းလျှောက်ထွက်လာ၏။ သူမက ရေခပ်ရန် ခပ်သေးသေး သစ်သားပုံးတစ်ပုံး ကိုင်ထားသည်။ အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါးမှာ သူမကို မြင်လျှင် မျက်နှာများနီရဲသွားကြပြီး ရင်တဒိန်းဒိန်း ခုန်လာကြသည်။
အထက်ကောင်းကင်ဘုံ၏ အလှဆုံး ပန်းဧကရီပင် အတန်ငယ်ရှက်ရွံ့သွားပြီး သိမ်ငယ်သွားသည်။ သို့တိုင်အောင် သူမလည်း ဤအမျိုးသမီးကို မြင်မြင်ချင်း ချစ်စိတ်များ ဖြစ်ပေါ်လာ၏။
“နတ်ဘုရားတွေကိုတောင် မနာလိုစေတဲ့ မိန်းမလှတစ်ဦးပဲ”
ဧကရာဇ်လေးပါး ဣန္ဒြေပြန်ဆည်လိုက်ကြစဉ် အမျိုးသမီးက မည်သည့်နေရာကမသိ ပေါ်လာသော အုပ်စုကို သတိထားမိသွားသည်။ “ဧည့်သည်လေးယောက်ပါလား။ နေဝင်တော့မယ် ညဆို အပြင်မထွက်သင့်ဘူး”
ကျောက်စိမ်းဧကရာဇ်၏ နှလုံးသားထဲတွင် အချစ်ပျားရည်များ ယိုဖိတ်သွားပြီး သူက ပြုံးလိုက်သည်။ “နတ်သမီးလေး၊ ဒီနေရာက မဟာမြို့ပျက်မဟုတ်ပါဘူး။ ဘာကြောင့် ညဆို အပြင်မထွက်သင့်တာလဲ။ မဟာမြို့ပျက်မှာဆိုရင်တောင် အစ်ကိုတော်တို့ စိတ်ရှိသလို သွားနိုင်လာနိုင်ပါတယ်”
ကြယ်ဧကရာဇ်ချောင်နှင့် ကြယ်ဧကရာဇ်ယန်၏ နှလုံးသားထဲတွင်လည်း ချစ်စိတ်များ ပေါက်ဖွားလာသည်။ သူတို့မှာ ထိုအမျိုးသမီးအနား တိုးကပ်သွားလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာပြီး ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေကြ၏။ “လှပတဲ့အချိန်၊ လှပတဲ့ရှုခင်း၊ လှပတဲ့နတ်သမီးလေးနဲ့... ဒီနေရာက အမှန်တကယ် အထွတ်အမြတ်မြေတစ်ခုပါပဲ”
ပန်းဧကရီမှာ မနာလိုစိတ်များ ဖြစ်ပေါ်လာသော်လည်း အမျိုးသမီး၏အလှကို မြင်လျှင် မနာလိုစိတ်များ တစ်စက်မကျန် ပျောက်ကွယ်သွား၏။
အမျိုးသမီးက အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ဒါဆို ရှင်တို့လေးယောက်က မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့ နတ်ဝိဇ္ဇာလို လူတွေပေါ့။ စိတ်မရှိပါနဲ့ အတွေးများသွားတာ ကျွန်မပဲ ထင်ပါရဲ့” သူမက စကားပြောပြီးနောက် ရေခပ်ရန် ထွက်သွားသည်။
ညရောက်သောအခါ အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်သုံးပါးက အရှေ့ရှိ အိမ်ကို လည်တမျှော်မျှော် ကြည့်နေကြသည်။ ပန်းဧကရီလည်း မျှော်လင့်ချက်များ ပြည့်နေ၍ ပြောလိုက်သည်။ “ရှင်တို့ ရင်ခုန်သွားရင်လည်း သူ့ကို ဗိမာန်ထဲ ဖိတ်ခေါ်လိုက်ပါ့လား”
သူမပြောပြီးသည့်အချိန်မှာပဲ တံခါးက ပွင့်လာသည်။ လူသားတစ်ယောက်၏ သွေးများကို ပွက်ပွက်ဆူလာစေပြီး ရင်ခုန်သံများ ဗြောင်းဆန်သွားစေနိုင်သော ရယ်သံသဲ့သဲ့ ထွက်လာ၏။ “ဧည့်သည်တော်ကြီးလေးပါးက အဝေးက လာရတာကို အိမ်ပိုင်ရှင်ကျွန်မ နိုးလာတာ နောက်ကျသွားပါတယ်”
အထက်ကောင်းကင်ဘုံ၏ ဧကရာဇ်လေးပါးလည်း လှမ်းကြည့်ပြီး တစ်ပြိုင်တည်း ရေရွတ်မိလိုက်ကြသည်။ “နတ်ဝိဇ္ဇာတွေတောင် ကြွေဆင်းရမယ့် မိန်းမလှတစ်ဦးပါပဲ”