← Chapters

မြေခွေးမိစ္ဆာမလေး

Vol. 26 Ch. 354

မြေခွေးမိစ္ဆာမလေး

Vol. 26 Ch. 354

“အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေက သူတို့အရှိန်အဝါတွေကို မဖုံးကွယ်ကြဘူး။ ကြည့်ရတာ အဘွားကြီးစစ်ရဲ့ နေရာဆီ သွားတဲ့ပုံပဲ”

သားသတ်သမားနှင့် မျက်ကန်းသည် မိုင်တစ်ထောင်ကွာဝေးသော ဖန့်စုန်းပြည်နယ်တွင် ဖြစ်၏။ မျက်ကန်းက ကန်းနေသော်လည်း မြင်ချင်သည့်အခါတွင် မြင်ရ‌ပုံပေါ်သည်။ သူက ထူးဆန်းသော မျက်နှာထားရှိပြီး ပြော၏။ “အခုက ညဆိုတော့ မိစ္ဆာအိုကြီးလီ ထွက်လာလောက်ပြီ”

“အဘွားကြီးစစ်ရဲ့ အသွင်အပြင်နဲ့ မိစ္ဆာအိုကြီးလီကို တွေ့ရင် သူတို့ သေရလိမ့်မယ်ဟ” သားသတ်သမားက အထိတ်အလန့် ပြောလိုက်သည်။

မျက်ကန်း၏အမူအရာက ထူးဆန်းသထက် ထူးဆန်းလာ၏။ “မိစ္ဆာအိုကြီးလီက သူတို့နဲ့ စကားပြောနေတယ်”

“ဒါဆို သေချာပေါက် သေကုန်တော့မှာပဲ။ မိစ္ဆာအိုကြီးလီ ရွာမှာရှိတုန်းက ဘယ်သူခံနိုင်လို့တုန်း။ ရွာလူကြီးတောင်မှ သူ့ကို မကြည့်ရဲဘူး။ မင်းပဲ အဘွားကြီးစစ်ရဲ့ အလှကို ခံနိုင်တာ။ အဲဒီဧကရာဇ်လေးပါး ဘယ်တော့ထချမယ်ထင်လဲ” သားသတ်သမားက မေးလိုက်သည်။

မျက်ကန်း ခေါင်းခါလိုက်သည်။ “သူတို့က နတ်ဘုရားတွေလေ။ ဘယ်လိုလုပ် မိန်းမတစ်ယောက်ကို လုကြမှာလဲ။ ငါထင်တာတော့...ဟာ ချကုန်ပြီ ချကုန်ပြီ”

မျက်ကန်းက တခဏ ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောသည်။ “မဟုတ်ဘူးကွ တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာ။ တော်တော် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တာပဲ။ ချနေတာနဲ့ မခြားဘူး။ အဘွားကြီးစစ်ကတော့ တကယ် ပြဿနာအိုးပဲ”

သားသတ်သမား ခေါင်းခါလိုက်သည်။ “အဘွားကြီးစစ်က ပြဿနာအိုးမဟုတ်ဘူး။ ဂိုဏ်းသခင်လီကမှ ပြဿနာအိုး။ အဘွားကြီးစစ်က အမြဲကြင်နာတတ်တယ်၊ ငါတို့ကို ဘယ်တော့မှ အန္တရာယ်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ ဂိုဏ်းသခင်လီ ထွက်လာတာနဲ့ ငါတို့ရွာလေး ဗြန်းဗြန်းကွဲတော့တာပဲ။ ဟုတ်သား မင်း လာတုန်းက မျက်ကန်းနဲ့ ရွှေအကို တွေ့မိသေးလား။ အဲဒီနှစ်ယောက်က ပုံမှန်ဆို မခွဲနိုင်မခွာနိုင်လေ”

“မတွေ့မိဘူး” မျက်ကန်း ပြုံးလိုက်သည်။ “‌ရွှေအက သင်္ဘောတစ်စင်းနောက် ပြေးလိုက်သွားတာ။ နားကန်းလည်း သူ့နောက် လိုက်သွားပေမယ့် လိုက်မမှီဘူးလေ။ ရွှေအက သိပ်မြန်တယ်၊ ထော့ကျိုးအောက် မဆိုစလောက်လေးပဲ နိမ့်ကျတယ်။ ဒီနတ်ဘုရားလေးပါး ဘယ်တော့ရန်သူဖြစ်လာမယ် ထင်လဲ”

သားသတ်သမားက ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ “ဂိုဏ်းသခင်လီ သူတို့နဲ့ ဘယ်လောက်ကြာကြာ ကစားချင်လဲပေါ် မူတည်တယ်။ အခု အထက်ကောင်းကင်ဘုံက ဒီနတ်ဘုရားလေးပါးကို ထည့်တွက်နေစရာမလိုတော့ဘူး။ ဂိုဏ်းသခင်လီ ကစားလို့ဝမှ အခြေအနေ သွားကြည့်ကြတာပေါ့”

နဂါးချီလင်၏ ကျောပေါ်တွင်

ချင်မူ တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိလိုက်၍ ရသေ့ကြီးချင်းယိုကို မေးလိုက်သည်။ “ရသေ့ကြီးချင်းယို၊ ရှုရှန်းဟွာ ဒြပ်စင်သုံးပါးခန်းမကို ဝင်တုန်းက ဘယ်စစ်‌ဆေးမှုကို ရွေးချယ်ခဲ့တာလဲ”

“သူကတော့ မပြောပေမယ့် ဒြပ်စင်သုံးပါးဝိညာဉ်သခင်တွေက ငါ့ကို ပြောပြထားတယ်။ သူ ရွေးခဲ့တာ ကောင်းကင်ဒြပ်စင်ပဲ။ ခပ်လွယ်လွယ်နဲ့ အောင်သွားတော့ ဒြပ်စင်သုံးပါးစမ်းသပ်မှုကို မရွေးမိခဲ့လို့ နောင်တရသွားတယ် ပြောတယ်” ရ‌‌သေ့ကြီးချင်းယို ပြောလိုက်သည်။

“ဒါဆို စွမ်းအင်ငါးရပ်ခန်းမမှာ ဘယ်စစ်‌ဆေးမှုကို ရွေးခဲ့တာလဲ” ချင်မူ မေးလိုက်ပြန်သည်။

“မြေဓာတ်စစ်ဆေးမှု။ ဓာတ်ကြီးငါးပါးထဲမှာ မြေဓာတ်က အခက်ဆုံးပဲ”

ချင်မူ ခေါင်းညိတ်လိုက်သည်။ ရှုရှန်းဟွာသည် အမှန်တကယ် သန်မာအားကောင်း၏။ ယခင်တုန်းက ရှုရှန်းဟွာ၏ချီစွမ်းအင်က သူ့ထက် နိမ့်ကျသော်လည်း သူ၏ကောင်းကင်နတ်သိုင်းများက သူ့ထက် ပိုမိုရှုပ်ထွေးခဲ့သည်။

ရှုရှန်းဟွာက ဒြပ်စင်သုံးပါးခန်းမနှင့် စွမ်းအင်ငါးရပ်ခန်းမကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၍ သူ၏ကျင့်စဉ်စွမ်းအင် နိမ့်ကျနေမှုအား ဖာထေးပြီးဖြစ်လိမ့်မည်။ ချင်မူက ဒြပ်စင်သုံးပါးစစ်ဆေးမှုကို ကျော်ဖြတ်ကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအား အခြေခိုင်မာစေခဲ့သည်။ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာ၏ အခြေခံဖြစ်သော ကောင်းကင်ဒြပ်စင်နှင့် မြေဒြပ်စင်နှစ်ခုလုံးကိုလည်း ရရှိခဲ့သည်။

သို့တိုင်အောင် ချင်မူ၏မှော်စွမ်းအင်က ရှုရှန်းဟွာကို ဖိနှိပ်နိုင်မည်လား ပြောရခက်သေးသည်။

‘သူက အထက်ကောင်းကင်ဘုံရဲ့ တပည့်တစ်ယောက်ဆိုတာ မသိခဲ့လို့ လက်ဖက်ခြောက်တောင်းပြီး အရက်ပြန်တိုက်မယ် ပြောခဲ့မိတယ်’

ချင်မူ စဉ်းစားခန်းဖွင့်နေသည်။ ရှုရှန်းဟွာသည် အမှန်တကယ် သဘောကောင်းသော လူတစ်ယောက်ဖြစ်သည့်အပြင် စိတ်ထားလည်း မွန်မြတ်သည်။ ရှားမှရှားသော ပြိုင်ဘက်တစ်ယောက်ဖြစ်၍ ချင်မူ သူနှင့် ပြန်ဆုံချင်သလို၊ မဆုံချင်စိတ်လည်း ဖြစ်မိသည်။

“ရွာလူကြီး၊ အထက်ကောင်းကင်ဘုံက ဘယ်လိုနေရာမျိုးလဲ”

“အစောင့်ခွေးတွေ နေတဲ့ နေရာ၊ နတ်ဘုရားအစစ်တွေ ခွေးတွေကို ထိန်းကျောင်းပေးတဲ့နေရာ” ရွာလူကြီး ပြောလိုက်သည်။ “အနောက်ကမ္ဘာမြေမှာ ရှိတယ်။ သိပ်လျှို့ဝှက်သိုသိပ်ပေမယ့် ငါ တစ်ခါမှ မသွားဖူးလို့ ဘယ်နေရာမှာလဲ အတိအကျ မပြောတတ်ဘူး။ တချို့လူတွေက အနောက်ကမ္ဘာမြေမှာရှိတဲ့ နတ်တောင်ထွတ်ဆီ သွားပြီး အထက်ကောင်းကင်ဘုံကို အမွှေးတိုင်နဲ့ ပူဇော်ကြတာပဲ ငါ သိတယ်။ အဲဒီအမွှေးတိုင်က သာမန်အမွှေးတိုင်မဟုတ်ဘူး၊ သီးသန့်ဖန်တီးထားတဲ့ အမွှေးတိုင်။ ငါ့မှာသာ ရှိလို့ကတော့ တက်သွားပြီး တိုက်ခိုက်ပစ်တာ ကြာပြီ”

ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ အထက်ကောင်းကင်ဘုံ၏ သိုင်းပညာရှင်များနှင့် တစ်သက်လုံး မတည့်ခဲ့သည့်အတွက် ရွာလူကြီးက ထိုအထွတ်အမြတ်မြေကို ကြည့်မရခြင်းဖြစ်မည်။

“နန်းဆောင်သခင်မရော အထက်ကောင်းကင်ဘုံဆိုတာ ကြားခဲ့ဖူးလား” ချင်မူ ရှုန်းရှီယွီကို မေးလိုက်သည်။

“အထက်‌ကောင်းကင်ဘုံက ကျွန်မတို့အနောက်ကမ္ဘာမြေမှာ ရှိတာဟုတ်ပါတယ်။ အထက်ကောင်းကင်ဘုံက လူတွေကို အစစ်အမှန်နန်းတော်ကလူတွေ မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအထွတ်အမြတ်မြေက ကျောက်စိမ်းမြို့‌တော်လိုပဲ အင်မတန် လျှို့ဝှက်သိုသိပ်တယ်”

ရှုန်းရှီယွီ၏ အကြည့်များ လှုပ်ခတ်သွားပြီး သူမက နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြောသည်။ “ရွာလူကြီးပြောတဲ့ အမွှေးတိုင်က နတ်အမွှေးတိုင်တဲ့။ အစစ်အမှန်ကောင်းကင်နန်းတော်မှာ အဲဒီလိုအမွှေးတိုင်သုံးတိုင် ရှိပါတယ်။ ဂိုဏ်းသခင်ချင်သာ ကျွန်မကို နန်းဆောင်သခင်မနေရာ ပြန်ယူနိုင်အောင် ကူညီပေးရင် ပေးပါ့မယ်”

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြန်မဖြေပေ။ သူက စဉ်းစားပြီး ပြောလိုက်သည်။ “လိုလန်ရွှေနန်းတော်မှာ နတ်အမွှေးတိုင်တွေ ရှိမလားမသိဘူး။ ပန်ကုန်းစုန် အဲဒီခွေးသူတောင်းစားက ခဏခဏပြန်ရှင်လာပြီး ရတနာတွေ အများကြီး စုဆောင်းထားတာ။ ဒီအမွှေးတိုင်တောင် ပါလောက်တယ်။ ဧကရာဇ်အတိုင်ပင်ခံဆီကနေ လိုလန်ရွှေနန်းတော်ရဲ့ ရတနာတစ်ရာ ငါ ရဦးမယ်... တွေးကြည့်တော့မှ ဘိုးဘိုးထော့ကျိုး ဘာလို့ပြန်မလာသေးတာလဲ။ အခုလောက်ဆို ကျောက်စိမ်းမြို့တော် ပြောင်သွားလောက်ပြီမလား”

ရှုန်းရှီယွီ သက်ပြင်းချမိသည်။

မြို့တော်သို့ ရောက်သည့်အခါ ချင်မူက အကုန်လုံးကို နန်းတွင်းကောလိပ်ဆီ ခေါ်သွားသည်။ နန်းတွင်းကောလိပ်တွင် ကျောင်းသားသိပ်မရှိပေ။ အများစုက ရှေ့တန်းထွက်သွားကြရ၏။

“ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အထွတ်အမြတ်မြေ နန်းတွင်းကောလိပ်လား” အကုန်လုံး စပ်စပ်စုစု ကြည့်လိုက်ကြသည်။

ချင်မူနှင့် နဂါးချီလင်မှလွဲ၍ ကျန်ရှိသူများမှာ နန်းတွင်းကောလိပ်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။ ကျန်အထွတ်အမြတ်မြေများနှင့် ယှဉ်လျှင် နန်းတွင်းကောလိပ်သည် အလွန်သက်တမ်းနုသေး၏။ မဟာမိုးခြိမ်းသံကျောင်းတော်၏ မြင့်းမိုရ်တောင်ကဲ့သို့ မထည်ဝါသလို၊ တာအိုဂိုဏ်း၏ ခွန်းလွန်းယွင်ရှုတောင်ကဲ့သို့လည်း မခမ်းနား၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တန်ခိုးရှင်သက်ဆင်းတောင်ကဲ့သို့လည်း မဆန်းကြယ်ပေ။ အလွန်အခြေခိုင်မာပြီး ရှေးကျသော ကျောက်စိမ်းမြို့တော်ကိုတော့ မည်သည်နည်းနှင့်မျှ မယှဉ်နိုင်သည်သာ ဖြစ်သည်။

အသွင်အပြင်သက်သက်ဖြင့်ပင် နန်းတွင်းကောလိပ်သည် အနောက်ကမ္ဘာမြေ၏ အစစ်အမှန်နန်းတော်ကိုလည်း မယှဉ်နိုင်ပေ။

သို့တိုင်တောင် ထိုကဲ့သို့နေရာတစ်နေရာက ထင်ပေါ်ကျော်ကြားသော စစ်သူကြီးများနှင့် အရာရှိများကို မွေးထုတ်ပေးခဲ့ပြီး ပါရမီရှင်ပေါင်း မရေမတွက်နိုင်အောင် ပေါ်ထွန်းလာစေခဲ့သည်။

နန်းတွင်းကောလိပ်က သက်တမ်းနုသေးသော်လည်း တခြားဂိုဏ်းများထက် နယ်ပယ်အသီးသီးတွင် သာလွန်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ချင်မူ ကောင်းကင်နတ်သိုင်းအိမ်ရာသို့ ရောက်သည့်အခါ သူ့အိမ်ကို သပ်သပ်ရပ်ရပ် ရှင်းလင်းထားကြောင်း တွေ့လိုက်ရသည်။ သူ စိတ်ရှုပ်ထွေးသွား၏။ ‘လင်းအာ နန်းတွင်းကောလိပ်ကို ရောက်နေတာများလား’

အပြင်မှ အသံတစ်သံ ထွက်လာသည်။ “နွားကျောင်းတဲ့ကောင်လေး၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့လေ။ နင် သိလား၊ ပါမောက္ခပါ့ရှန်က ငါနဲ့ ‌ကောင်းကင်နတ်မယ်ကို ခေါ်ပြီး အစ်ကိုတော်နဲ့အတူ မြောက်ပိုင်းလိုက်သွားခိုင်းတယ်။ ငါတို့တွေ ဝံပုလွေအသိုက်နယ်မြေနဲ့ တိုက်ခိုက်.....”

ချင်မူ လှည့်ကြည့်လိုက်ရာ အပြင်မှ အပြေးအလွှားလာနေသော လင်ယွိရှို့ကို တွေ့လိုက်ရသည်။ လင်ယွိရှို့က သူ့အနောက်ရှိ လူများကို မြင်လျှင် ထိတ်လန့်သွားပြီး အသံကျယ်ကျယ်မပြောရဲတော့ပေ။ သူမမှာ တမုဟုတ်ချင်း အသက်အောင့်လိုက်ပြီး ခြေလှမ်းများက ဖြေးညှင်းညင်သာလာ၏။ မင်းသမီးတစ်ပါး၏ ဣန္ဒြေသိက္ခာအပြည့်ဖြင့် ဟန်ပါပါ လျှောက်လာပြီး ချင်မူ့ဘေးတွင် ငှက်ကလေးတစ်ကောင်လို ရပ်လိုက်သည်။ “နွားကျောင်းသား သူတို့က ဘယ်သူတွေလဲ”

“ဒါက ငါ့ရဲ့ဘိုးဘိုး ရွာလူကြီး”

ချင်မူ လှုပ်ကုလားထိုင်ကို နဂါးချီလင်ကျောပေါ်မှ ချပေးလိုက်သည်။ ရွာလူကြီးက လှုပ်ကုလားထိုင်ပေါ်မှ မထဘဲ အပြုံးပန်းများ ဝေဆာနေသော မျက်နှာဖြင့် လင်ယွိရှို့ကို ကြည့်နေသည်။

“ဒီဘက်က ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာဘိုးဘိုးတွေ။ ရသေ့ကြီးချင်းယို၊ နတ်ဝိဇ္ဇာရုံယွင်၊ နတ်ဝိဇ္ဇာရုံဟယ်”

အဘိုးအိုသုံးယောက်ကို မိတ်ဆက်ပေးပြီးနောက် သူ ပြောလိုက်သည်။ “ဒီသုံးယောက်ကတော့ ကျောက်စိမ်းမြို့တော်ငယ်က နောင်တော်တွေပဲ။ ဝမ့်မူရန်၊ လောင်ယွီနဲ့ မုချင်းသိုင်တဲ့။ ဒီသားအမိကတော့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မ ရှုန်းရှီယွီနဲ့ မင်းသမီးလေးရှုန်းချီအာ”

လင်ယွိရှို့ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ပြီး အကုန်လုံးကလည်း ပြန်နှုတ်ဆက်ကြသည်။

“ငါ့နေရာက ဒီလောက်လူတွေအများကြီး နေဖို့ သိပ်မကျယ်လို့ နင့်မှာ အခန်းလွတ်တွေ ရှိလား” ချင်မူ မေးလိုက်သည်။

လင်ယွိရှို့က ပြုံးလျက် ပြော၏။ “မိန်းကလေးတွေ ငါ့နေရာမှာ နေလို့ရတယ်”

ချင်မူ သူမကို ကျေးဇူးတင်လိုက်သည်။ “ငါ မရှိတုန်း အခန်းရှင်းပေးထားတဲ့အတွက် ကျေးဇူးပါပဲ”

လင်ယွိရှို့က ခေါင်းခါကာ ပြောသည်။ “ငါမဟုတ်ဘူး။ နင့်ရဲ့မြေခွေးလေး ရှင်းထားတာ”

“လင်းအာ တကယ် ရောက်နေတာလား” ချင်မူ အံ့ဩဝမ်းသာသွားသည်။ သူ ဟူလင်းအာကို အမှန်တကယ် လွမ်းနေခဲ့သည်။

“စောစောက အတန်းတက်ဖို့ ထွက်သွားတယ်၊ ပြန်မလာသေးဘူး” လင်ယွိရှို့က ဆက်ပြောသည်။ “အဲဒီကလေးမလေးက တော်တော် အရိပ်အခြေကြည့်တတ်တယ်။ နင်မရှိတဲ့ရက်တွေမှာ အတန်းပုံမှန်တက်လို့ အဆောင်မှူးတွေက သူ့ကို သိပ်သဘောကျနေကြတာ”

‘ကလေးမလေးတဲ့လား’

ချင်မူ မှင်သက်သွားသော်လည်း တွေးမနေတော့ဘဲ ရသေ့ကြီးချင်းယိုတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးလိုက်သည်။ သူ့ခြံဝင်းက သိပ်မကျဉ်းသည့်အပြင် အခန်းများလည်း ရှိသည်။ အကုန်လုံး အခန်းကိုယ်စီ ယူလိုက်ကြပြီး ရှုန်းရှီယွီ၊ ရှုန်းချီအာနှင့် မုချင်းသိုင်တို့ကတော့ မျက်နှာချင်းဆိုင်အိမ်တွင် နေရကြလိမ့်မည်။

ချင်မူ နေရာချပေးနေစဉ် လင်ယွိရှို့က ခပ်တိုးတိုး ကပ်ပြောသည်။ “တလောက တာအိုရသေ့တွေ ရောက်လာပြီး နင့် လာရှာသေးတယ်။ ကူလင်းနွမ်ခမျာ သူတို့ကို ဧည့်ခံရင်း ကြောက်နေတာ။ တစ်ရက်တောင် ဖျားသွားသေးတယ်”

ချင်မူ ပြုံးလိုက်သည်။ “တာအိုဂိုဏ်းရဲ့ သင်္ချာပညာရှင်တွေ ရောက်နေပြီပဲ”

“ခမည်းတော်က နင့်ကို ကောင်းကင်လက်နက်စီမံမှူးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း အမိန့်စာလွှာ ပို့ထားတယ်။ နင့်ကို ကောင်းကင်အမြှောက်ဆိုလား သွန်းလုပ်ခွင့်ပြုတယ်တဲ့။ အမိန့်စာလွှာကို နင့်မြေခွေးလေး သိမ်းထားတယ်”

“ခမည်းတော်က နန်းတွင်းကောလိပ်ရဲ့ သင်္ချာဆရာတွေနဲ့ ကုန်ထုတ်စက်ရုံကြီးငါးရုံကိုလည်း နင့်အမိန့်နားထောင်ဖို့ မိန့်ကြားထားတယ်။ ပြီးတော့ နတ်ဂိုဏ်းက ကောင်းကင်နတ်မင်းယွီနဲ့ ကောင်းကင်နတ်မင်းရှီလေ နင့်ကို တစ္ဆေတောင်ကြားမှာ ရှာမတွေ့လို့ ရူးမလိုတောင် ဖြစ်ခဲ့သေးတယ်”

ချင်မူ ခေါင်းကိုက်စပြုလာသည်။ မြို့တော်သို့ ပြန်ရောက်ကတည်းက စီမံစရာများ ပုံနေ၍ သူ အနားယူရန် အချိန်မရှိပေ။

“ဟုတ်သား ရှုရှန်းဟွာဆိုတဲ့တစ်ယောက်လည်း ရှိတယ်။ သူက လွန်ခဲ့တဲ့နှစ်ရက်တုန်းက မိန်းကလေးနှစ်ယောက် ခေါ်လာပြီး နင့်လာရှာတယ်။ နင် အရက်တိုက်မှာကို စောင့်နေမယ်တဲ့”

လင်ယွိရှို့က တွေးပြီး ထပ်ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဇနီး မီးဖွားပြီးလို့ ဖိတ်စာပို့ထားတယ်။ သူက နတ်ဂိုဏ်းသခင်ကို ကလေးရဲ့ ခေါင်းကိုင်ဖခင် ဖြစ်စေချင်တယ်ပြောတယ်”

ချင်မူ တအံ့တဩ မေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ကလေးတောင် မွေးပြီးလား၊ ယောက်ျားလေးလား မိန်းကလေးလား”

“ယောက်ျားလေး”

ချင်မူ ပြုံးလိုက်သည်။ “ငါ့ကို ခေါင်းကိုင်ဖခင်တဲ့လား။ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဇနီးက တော်တော်နောက်တာပဲ။ ငါက ကလေးပဲ ရှိသေးတာကို ဘယ်လိုလုပ်ခေါင်းကိုင်ဖခင် လုပ်ရမှာလဲ”

ရွာလူကြီးက လင်ယွိရှို့ကို အကဲခတ်နေပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။ “မူအာ မင်းက မငယ်တော့ဘူး။ မင်းဘာသာတောင် ကလေးယူလို့ ရနေပြီ”

ချင်မူ့မျက်နှာ နီရဲသွားပြီး လှမ်းအော်လိုက်သည်။ “ပေါက်ပေါက်ရှာရှာဗျာ ရုတ်တရက်ကြီး ကလေးယူဖို့ ထပြောရတယ်လို့ ... ရွာလူကြီး ကျွန်တော်က ဒီနှစ်မှ ဆယ့်ငါးနှစ်ပဲ ရှိသေးတာနော်”

လင်ယွိရှို့က တခစ်ခစ် ရယ်သည်။ “ဆယ့်ငါးနှစ်က ဘယ်ငယ်တော့မှာလဲ။ ငါ့မယ်တော်နဲ့ အဘွားတော်ဆို ငါ့ကို ကြင်ယာဖက်ရွေးဖို့ အမြဲလောဆော်နေတာ။ ခမည်းတော်ကလည်း ပြောရဆိုရလွယ်ပါတယ်။ တစ်ယောက်‌ယောက်သာ သူ့ကို အဲဒီအကြောင်း ပြောလိုက်တာနဲ့ သ‌ဘောတူပေးမှာ...”

လင်ယွိရှို့က ခပ်ရဲရဲလေး ‌ပြောလိုက်ပြီး မျက်တောင်လေးပုတ်ခတ်ကာဖြင့် ချင်မူ့အဖြေကို စောင့်နေသည်။

“ဧကရာဇ်က အဲဒီလောက်ပေါ့ရလား” ချင်မူ ခေါင်းယမ်းလိုက်သည်။ “မဟုတ်သေးဘူး။ လက်ထပ်တယ်ဆိုတာ ခပ်ပေါ့ပေါ့ ဘယ်လုပ်လို့ရမှာလဲ”

လင်ယွိရှို့မှာ အရိပ်အကဲမခတ်တတ်သော လူငယ်လေးကို အပြူံးသားကြည့်နေမိသည်။ သူက သင်ကြားရေးခန်းမဆီ ထထွက်သွားသည်။

ကူလင်းနွမ် ချင်မူ့ကို မြင်သည့်အခါ ရင်ဘတ်ထဲမှ အလုံးကြီးကျသွားသည်။ “ဂိုဏ်းသခင် ၊ မြန်မြန်လာပြီး တာအိုရသေ့တွေကို ငါ့အိမ်က ခေါ်သွားပါတော့”

တာအိုဂိုဏ်း၏ တာအိုရသေ့များက ဤရက်ပိုင်း သူနှင့်အတူ နေခဲ့၍ သူ့မှာ ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပေ။

တာအိုဂိုဏ်းသည် သမာသမတ်လမ်းစဉ်၏ အကြီးအမှူးဖြစ်ကာ သူက မိစ္ဆာလမ်းစဉ်၏ ဆရာသခင်တစ်ဦး ဖြစ်သည်။ တာအိုရသေ့များ သူ့အား ထသတ်မည်ကို ကြောက်လန့်နေခဲ့ရလေသည်။

ချင်မူ တာအိုဂိုဏ်း၏ သိုင်းပညာရှင်များနှင့် တွေ့ရန် အလျင်မလိုသေး၍ ပြုံးပြုံးရယ်ရယ်ဖြင့် ထိုင်လိုက်သည်။ “ပါမောက္ခချုပ်ရဲ့ သင်္ချာစွမ်းရည်က ဘယ်လိုရှိလဲ”

ကူလင်းနွမ်က ပြုံးလျက် ပြောသည်။ “ငါက မိစ္ဆာလမ်းစဉ်လိုက်စားတဲ့သူပါ။ သင်္ချာစွမ်းရည် ဘယ်အားနည်းပါ့မလဲ”

“သိပ်ကောင်းတယ်၊ သခင်ကြီးကူနဲ့ တာအိုဂိုဏ်းက ရသေ့တွေနဲ့ဆို အသက်ရှူချောင်ပါပြီ”

ကူလင်းနွမ်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။ “တာအိုဂိုဏ်းက လူတွေနဲ့ နေရဦးမှာလား”

“အရှင်မင်းကြီးက နတ်ဘုရားတွေကို ပစ်နိုင်တဲ့ နေသူရိန်ခွင်းကောင်းကင်အမြှောက် သွန်းလုပ်ဖို့ ကျုပ်ဆီ အမိန့်စာပို့ထားတယ်။ တာအိုဂိုဏ်းက ရသေ့တွေက သူတို့နေရာသူတို့ သိပါတယ်။ သခင်ကြီးကူကို မထိပါဘူး”

ကုလင်းနွမ် ရတက်မအေးသေးပေ။ သူ၏ဂုဏ်သတင်းက သိပ်မကောင်းသည့်အတွက် တာအိုရသေ့များ၏ဘေးတွင် စိတ်အေးလက်အေး မနေနိုင်ဖြစ်နေိသည်။

ချင်မူ တာအိုသခင်လင်းရွှမ်ကို သွားတွေ့သည်။ “ငါ လုပ်စရာကိစ္စလေးတွေ အပြီးသတ်ပြီးရင် မင်းတို့ကို ဒုက္ခပေးရတော့မယ်။ သတင်းပို့တာကို စောင့်နေပေးပါ”

“အဆင်ပြေပါတယ်”

ချင်မူ ထွက်လာပြီး ဓာတ်ငါးပါးဝင်္ကပါခန်းမအရှေ့မှ ဖြတ်သွားသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင် အတန်းဆင်းသည့်အချိန်နှင့် တိုးသွား၏။ ကျောင်းသားဆယ်ယောက်ကျော် ခန်းမထဲမှ ထွက်လာပြီး သူတို့ထဲတွင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက် ပါသည်။ သူမက ဉာဏ်ကောင်းပြီး ချစ်စရာကောင်းမည့်ပုံပေါ်ကာ သပ်သပ်ရပ်ရပ် စီထပ်ထားသော စာအုပ်များကို မိစ္ဆာလေဖြင့် သယ်၍ ခုန်ဆွခုန်ဆွ သွားနေသည်။

ကလေးမလေးသည် အရပ်ပုသော်လည်း သူမနောက်တွင် နှင်းကဲ့သို့ ဖြူဆွတ်နေသော အမွှေးဖွားဖွား အမြီးသုံးချောင်းက လှုပ်ရမ်းနေ၏။

‘လင်းအာလား၊ သူ စာမဖတ်တတ်ဘူး မဟုတ်ဘူးလား...’ ချင်မူ့ခြေလှမ်းများ ရပ်သွားသည်။

All Chapters