ပန်းချီရောင်းနေသော နားကန်း
Vol. 26 Ch. 355
ချင်မူ သေချာမပြောတတ်ပေ။ နန်းတွင်းကောလိပ်သည် တခြားဂိုဏ်းများကဲ့သို့ ကျောင်းသားခေါ်ယူရာတွင် အမျိုးအစားခွဲခြားခြင်းမျိုး မရှိပေ။ စာမေးပွဲအောင်သရွေ့ နန်းတွင်းကျောင်းသားတစ်ဦး ဖြစ်လာနိုင်သည်။ ထို့ကြောင့် နန်းတွင်းကောလိပ်ထဲတွင် မိစ္ဆာနွယ်ဖွားကျောင်းသားတချို့ ရှိသလို၊ ကျောင်းသူအရေအတွက်ကလည်း တစ်ဝက်နီးပါး နေရာယူထားသည်။ သူတို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်ပယ်အသီးသီးများတွင် အရာရှိများ ဖြစ်လာတတ်ကြပြီး စစ်သူကြီးများအဖြစ် ရှေ့တန်းထွက်တိုက်သူများလည်း ရှိသည်။
သို့သော် ချစ်စရာကောင်းသော ကလေးမလေး၏ နောက်၌ စာအုပ်များ သပ်သပ်ရပ်ရပ် စီထားပုံမှာ ဟူလင်းအာ၏ပုံစံ ဖြစ်သည်။
သို့တိုင်အောင် စာတစ်လုံးမှ မဖတ်တတ်သည့်အတွက် နေရာတကာ စာအုပ်အပုံလိုက် သယ်သွားသည်က မြေခွေးမိစ္ဆာမလေး၏ပုံစံ မဟုတ်ပြန်ပေ။
ကလေးမလေးက ချင်မူ့ကို မမြင်၍ ကျောင်းသားများကို နှုတ်ဆက်ကာ ထွက်သွားသည်။ သူမသည် ကောင်းကင်နတ်သိုင်းအိမ်ရာဆီ မလျှောက်ဘဲ တောင်အောက်ဆင်းသွား၏။ ချင်မူ ဓာတ်ငါးပါးဝင်္ကပါခန်းမအပြင်တွင် အတန်ကြာစောင့်နေသော်လည်း အထဲမှ မည်သူမျှထွက်မလာတော့ပေ။
“လင်းအာ ဓာတ်ငါးပါးဝင်္ကပါခန်းမမှာ အတန်းသွားတက်တယ်လို့ ယွိရှို့ အသေအချာ ပြောလိုက်တာပါ။ ခန်းမထဲက ဘယ်သူမှ ထွက်မလာတော့ဘူးဆိုတော့ စောစောက ကလေးမလေးက သူပဲ ဖြစ်ရမယ်။ လူပုံစံတောင် ပြောင်းနိုင်သွားပြီလား’
ချင်မူ မှင်သက်အံ့ဩသွားသည်။ ‘မဟာမြို့ပျက်ရဲ့ မဟာမှော်မိစ္ဆာဘုရင်က တကယ် သေသင့်တဲ့ကောင်ပဲ။ လင်းအာက ဒီလောက် ငယ်ငယ်လေးရှိသေးတာကို လက်ထပ်ချင်နေတယ်’
သူ ဇဝေဇဝါဖြင့် တောင်အောက်ဆင်းလိုက်သည်။ ‘လင်းအာဆို ကောင်းကင်နတ်သိုင်းအိမ်ရာ မပြန်ဘဲ ဘယ်သွားနေတာပါလိမ့်’
သူ တိတ်တိတ်လေး လိုက်သွားသည့်အခါ အမြီးသုံးချောင်း ကလေးမလေး တောင်အောက် ပြေးဆင်းသွားသည်ကို မြင်လိုက်ရ၏။ သူမက ရုတ်တရက် ‘အိုင်းရား’ ဟု ညည်းတွားရင်း မြေကြီးပေါ် ပစ်လှဲချပြီး လေးဖက်ထောက်သွားသည်။ အတန်ကြာသော် အမြီးသုံးချောင်းကို ယမ်းရင်း ပြန်ထလာသည်။ လူလိုလျှောက်ရန် ကြိုးစားသော်လည်း မြေကြီးပေါ် ပြန်လှဲချသွား၏။
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ ကလေးမလေးက ဟိုကြည့်သည်ကြည့် ကြည့်ပြီး မည်သူ့ကိုမျှ မမြင်သည့်အခါ လေးဖက်ထောက်ကာ ပြေးတော့သည်။ သူက အမြီးလေးလှုပ်ကာလှုပ်ကာဖြင့် ခုန်ဆွခုန်ဆွ ပြေးကာ သူ့ကိုယ်သူ အလွန်ကျေနပ်ပီတိဖြစ်နေပုံပေါ်၏။
ဟူလင်းအာ လူအသွင်ပြောင်းနိုင်သည်မှာ မကြာသေး၍ ခြေနှစ်ချောင်းဖြင့် လျှောက်ရသည်ကို ကျင့်သားမရသေးပုံပေါ်သည်။ သူမက ပြေးနေရင်းမှ ပြန်ထပြီး လူလို လျှောက်ကြည့်ပြန်သည်။
အသွင်ပြောင်းပြီးနောက် ဟူလင်းအာမှာ ကလေးမလေးနှင့် တူသွားသော်လည်း ခြေနှစ်ချောင်းနှင့် လျှောက်ရသည်ထက် လေးဖက်ထောက်သွားသည်က ပိုမြန်နေသေး၏။
ဟူလင်းအာ နန်းတွင်းကောလိပ်အပြင်ထွက်၍ မြို့ထဲ သွားသည်။ သို့သော် လူကြားထဲ ရောက်သွားသည့်အတွက် သူမက ပြန်ရပ်ပြီး ခြေနှစ်ချောင်းဖြင့် လျှောက်၏။ ဟန်ချက်ထိန်းနိုင်အောင် သူ၏အမြီးသုံးချောင်းက လှုပ်ယမ်းနေသည်။
ဘိုင်း
ကလေးမလေး မြေကြီးပေါ် ဘိုင်းခနဲ ဟက်ထိုးလဲကျသွားသည်ကို ချင်မူ တွေ့လိုက်ရသည်။ သူမအမြီးသုံးချောင်းက မျဉ်းဖြောင့်တစ်ကြောင်းလို ထောင်နေပြီးနောက် တွန့်သွားပြီး ကွေးကျသွားသည်။
“လူဖြစ်ရတာ ပျော်စရာမကောင်းဘူးပဲ...”
ကလေးမလေးက နှုတ်ခမ်းဆူ၍ ကုန်းရုန်းထသည်။ သစ်ပင်အိုကြီးတစ်ပင်နောက် ခိုးကြောင်ခိုးဝှက် လျှောက်သွားပြီး အနည်းငယ်ကြာသော် မြေခွေးဖြူလေးတစ်ကောင် ထွက်လာ၏။ မြေခွေးလေးက အမွှေးဖွားဖွား အမြီးလေးသုံးချောင်း တခါခါဖြင့် လှစ်ခနဲ ပြေးထွက်သွားသည်။
မကြာမီ မြို့တော်ထဲရှိ ရှားပါးရတနာစျေးသို့ ရောက်သွားသည်။ လမ်းတွင် သူက စားစရာတချို့နှင့် သစ်သီးများကို ချိန်ဆစျေးဆစ်ပြီး ဝယ်လာခဲ့၏။
ရှားပါးရတနာပစ္စည်းဆိုင်မှာ တစ်ပတ်ရစ်ပစ္စည်းများ ရောင်းချသော ဖြစ်သည်။ ရှေးဟောင်းပစ္စည်းများ၊ အမွေအနှစ်များအပြင် ရှားပါးရတနာများနှင့် ဝိညာဉ်လက်နက်များပင် ရောင်းချလေသည်။ ပိုက်ဆံပြတ်နေသော ကျောင်းတော်သားများက လက်ရေးလှစာများနှင့် ရှေးစာအုပ်များကဲ့သို့ ပစ္စည်းများ လာရောက်ရောင်းချတတ်သည်။
‘လင်းအာ စာအုပ်တွေ လာရောင်းတာတော့ မဟုတ်ဘူးမလား’ ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ ရှားပါးရတနာစျေးသို့ ရောက်သည့်အခါ ဟူလင်းအာ ကလေးမလေးအသွင် ပြန်ပြောင်းပြီး လူအုပ်ကြားထဲ ဂရုတစိုက် တိုးဝင်သွားသည်ကို သူ မြင်လိုက်ရ၏။ သူမက မန္တန်တစ်ခုဖြင့် သူမစာအုပ်များကို လေပေါ် မြှောက်ထားသည်။
လက်ရေးလှနှင့် ပန်းချီလမ်းကြားသို့ ရောက်သည့်အခါ ကလေးမလေးမှာ သက်ပြင်းချပြီး ဟိုကြည့်သည်ကြည့် ကြည့်လိုက်သည်။ ရုတ်တရက် သူမမျက်လုံးများ ဝင်းလက်သွားပြီး ဆိုင်တစ်ဆိုင်ဆီ အပြေးထွက်သွား၏။
ဆိုင်ထဲတွင် ချုံးချုံးကျနေသော မုတ်ဆိတ်မွှေးထူလဗျစ်နှင့် ပန်းချီဆရာတစ်ဦး ရှိသည်။ သူက လက်ပိုက်လျက် ထိုင်နေပြီး ခေါင်းငုံ့ထားသည့်အတွက် ငွေရောင်သံနားရွက်နှစ်ခု ပေါ်နေသည်။
သူ့အနောက်တွင် ပန်းချီများနှင့် လက်ရေးလှစာများ ရှိပြီး အရှေ့တွင်မူ စာရွက်များ ခင်းထား၏။ လေကြောင့် ဆိုင်လွင့်ထွက်မသွားအောင် ဆိုင်အမိုး၏ ထောင့်လေးဖက်တွင် ကျောက်ခဲများ ချိတ်ဆွဲထားသည်။
“ဘိုးဘိုးနားကန်း ဒီနေ့ ပန်းချီနဲ့ လက်ရေးလှ ဘယ်နှခု ရောင်းရလဲ”
ဟူလင်းအာက ဆိုင်ထဲ ဝင်ပြီး စားစရာများနှင့် သစ်သီးများ ချလိုက်သည်။
နားကန်းက ခေါင်းပင်မဖော်ပဲ ယူစား၏။ “ငါ့ပန်းချီကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ မင်း ရောက်လာတာ အတော်ပဲ ငါ ဗိုက်ဆာနေတာ”
“ဘိုးဘိုးနားကန်း ဧကရာဇ်အတိုင်ပင်ခံရဲ့ အိမ်ရှေ့မှာ ပန်းချီသွားရောင်းပါလား။ အဲဒီလူကြီးက ဘိုးဘိုးပန်းချီတွေဆို စျေးကြီးပေးဝယ်မှာ”
ဟူလင်းအား ဤသို့ပြောပြီးသောအခါ တစ်စုံတစ်ခုကို သတိရသွားဟန်တူသွားပြီး စိတ်ပျက်လက်မှိုင် ကျသွားသည်။ “ဧကရာဇ်အတိုင်ပင်ခံလည်း မွဲနေတယ်။ သူ့ဇနီးက တလောကမှ သားလေးမွေးတာ။ အိမ်တော်ထိန်းဖူ သခင်လေးဆီ ဖိတ်စာလာပို့ပေမယ့် သခင်လေးမရှိလို့ ကျွန်မ လက်ခံလိုက်ရတာ။ ဧကရာဇ်အတိုင်ပင်ခံလည်း ရှေ့တန်းရောက်နေတော့ ပွဲက သိပ်မစည်ဘူး။ လက်ဆောင်လည်း နည်းနည်းပါးပါးပဲ ရတယ်
“သားအမိနှစ်ယောက်သား အစာရေစာ ငတ်ပြတ်ပြီး မျက်နှာလေးတွေ ဖျော့တော့နေတာပဲ။ ဧကရာဇ်အတိုင်ပင်ခံက စစ်တိုက်နေတဲ့အပြင် ဧကရာဇ်ဘဏ္ဍာတိုက် ကုန်တော့မယ်ကြားလို့ သူ့ပစ္စည်းတွေ အကုန်လှူလိုက်တယ်တဲ့လေ။ ကျွန်မလည်း စိတ်မကောင်းတာနဲ့ သူတို့သားအမိကို တဖုန်းကြေးပြားတစ်အိတ် ပေးခဲ့မိတယ်။ အဲဒီအချိန်ကစပြီး သခင်လေးကို သူတို့သားရဲ့ ခေါင်းကိုင်ဖခင် လုပ်စေချင်တဲ့အကြောင်း ကျွန်မကို ပြောတော့တာပဲ.... ဧကရာဇ် သူတို့အခြေအနေကို ကြားမှ ထောက်ပံ့ငွေရသွားတာ။ နန်းတော်က ကယ်လို့ တော်သေးတယ်”
“လူတစ်ယောက်ဆိုတာ ဆင်းရဲရင် ဆင်းရဲပါစေ ကိုယ်ကျင့်တရားကတော့ မဆင်းရဲရဘူး။ ဧကရာဇ်အတိုင်ပင်ခံက ငါနဲ့ ခံယူချက်ချင်း တူတယ်” နားကန်း ပြောလိုက်သည်။
ဟူလင်းအာ နှုတ်ခမ်းဆူသွားသည်။ နားကန်းက စာရွက်တချို့ ထုတ်ကာ ပြောလိုက်၏။ “ငါ အစက်ချပြီး စာလုံးတွေ ရေးထားတယ်။ အဲဒီအစက်တွေအတိုင်း ဆွဲရုံပဲ”
ကလေးမလေးက စာရွက်များကို မြေကြီးပေါ်ချကာ စုတ်တံကို မှင်ထဲ နှစ်ရန် ပြင်လိုက်စဉ် နားကန်းက ပြောလိုက်သည်။ “မှင်မသုံးနဲ့။ စုတ်တံနဲ့ပဲ အစက်တွေအတိုင်း ဆွဲကြည့်။ အဲ့ဒါမှ ခဏခဏ လေ့ကျင့်နိုင်မှာ။ အရင်ဆုံး နင့်စာအုပ်ပေးစမ်းပါဦး ဖတ်ကြည့်ပြီးမှ ရှင်းပြပေးမယ်”
ဟူလင်းအာ မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ပြီး နားကန်း၏လက်ရေးစာကို အပီအပြင် လေ့ကျင့်နေသည်။
“ပန်းချီတစ်ကားလောက် ဝယ်ချင်လို့ပါ”
အသံကို ကြားလျှင် ဟူလင်းအာ အံ့ဩဝမ်းသာသွားသည်။ သူမ ခေါင်းကလေးထောင်၍ မော့ကြည့်လိုက်သောအခါ ဆိုင်ရှေ့တွင် ရပ်နေသော လူငယ်ကို မြင်လိုက်ရ၏။
“သခင်လေး”
ကလေးမလေးက ချင်မူ့ရင်ခွင်ထဲ ခုန်ဝင်လာသည်။ သူ သူမကို ဖမ်းလိုက်သည့်အချိန်တွင် မြေခွေးဖြူလေးအသွင် ပြန်ပြောင်းသွားပြီး သူ့ရင်ခွင်ထဲတွင် လူးလွန့်ကာ သူ့လည်ပင်းပေါ် တက်သွား၏။
သူမ ခုန်လိုက်သည့်အတွက် မှင်များက စာရွက်တချို့အပေါ် ဖိတ်ကျသွားသည်။ နားကန်းက ကမန်းကတန်း သုတ်ပြီး မြည်တွန်တောက်တီးသည်။ “လင်းအာ၊ နင် တော်တော်ဆိုးဆိုးပဲ။ ဒီစာရွက်တွေက ပိုက်ဆံနဲ့ ဝယ်ထားရတာ၊ အခုတော့ ညစ်ပတ်ကုန်ပြီ..”
“ဘိုးဘိုးနားကန်း”
ချင်မူ တဟားဟား ရယ်၍ မပြောမဆိုနှင့် နားကန်းကို တင်းတင်းကြပ်ကြပ် ပြေးဖက်လိုက်သည်။ နားကန်းက မနေတတ်သဖြင့် အတင်းရုန်းပြီး ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ “ရောက်လာပြီပေါ့”
“ဘိုးဘိုးရွာလူကြီးလည်း ပါတယ်” ချင်မူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
နားကန်း၏မျက်နှာ မည်းမှောင်သွားပြီး သူက နှာခေါင်းရှုံ့လိုက်သည်။ “သူရော ထွက်လာတယ်ပေါ့။ ဘာလဲ ငါ့ကို ဟာသလုပ်ဖို့ လာတာလား”
ချင်မူ နားကန်း၏မာနကို ကောင်းကောင်း သိ၍ ပြုံးလိုက်သည်။ “ဘိုးဘိုးရွာလူကြီးက နန်းတွင်းကောလိပ်မှာပါ။ ဆိုင်သိမ်းတော့ ဘိုးဘိုးနားကန်း၊ ကျွန်တော်နဲ့ လိုက်ခဲ့”
နားကန်းက ခေါင်းခါသည်။ “ငါ့ဘာသာ ပန်းချီရောင်းပြီး အသက်မွေးလို့ရတယ်။ မင်း ငါ့ကို စောင့်ရှောက်ပေးစရာမလိုဘူး။ နှစ်လအတွင်း ငါ နှစ်သစ်ကူးအတွက် ပစ္စည်းတွေ ပြင်ပေးမှာပါ။ သေချာပေါက် ရောင်းထွက်မယ့် တံခါးစောင့်နတ်ဘုရားပုံတွေ ငါ ဆွဲမယ်”
ချင်မူ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူ လည်ပင်းတွင် ရစ်ခွေနေသော ဟူလင်းအာကို ပွေ့ပြီး ခေါင်းကို ပွတ်ပေးကာ ပြုံးလိုက်သည်။ “လင်းအာက ဘိုးဘိုးနားကန်းဆီက စာဖတ်နည်း သင်နေတာလား။ စာအုပ်ထဲက စာလုံးတွေကို သိပြီလား”
ဟူလင်းအာက ကလေးမလေးအသွင် ပြန်ပြောင်းပြီး ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ “သိပြီ သခင်လေး၊ အဓိပ္ပါယ်တော့ နားမလည်သေးဘူး။ အဲ့ဒါကြောင့် ဒီကို ခဏခဏလာပြီး ဘိုးဘိုးနားကန်းကို သင်ပေးခိုင်းနေရတာ”
ချင်မူ ဟူလင်းအာကို အောက်ချပေးကာ ပြောလိုက်၏။ “ဘိုးဘိုးနားကန်း ပန်းချီတွေကို ဒီလိုရောင်းလို့မရဘူး။ အဖိုးတန်တာကို နားလည်တဲ့လူတွေမှ သိပ်မရှိတာ။ ဒါ့အပြင် အခုလို စားဝတ်နေရေး ကြပ်တည်းနေတဲ့အချိန်မှာ ပန်းချီနဲ့ နတ်ဘုရားတွေကို ရွှေလိုဘယ်တန်ဖိုး ထားနိုင်တော့မှာလဲ။ ကပ်ဘေးကြောင့် အတော်များများ ချွတ်ခြုံကျသွားပြီလေ။ ဘိုးဘိုး ပန်းချီရောင်းထွက်ချင်ရင် မျက်လှည့်လေးသုံးဖို့ လိုတယ်”
နားကန်း၏ပန်းချီများနှင့် လက်ရေးလှစာအကုန်လုံးကို သူ သိမ်းကျုံး၍ ဘေးတွင် ပုံထားကာ စုတ်တံမြှောက်၍ ပန်းချီ စဆွဲလိုက်သည်။
စာရွက်ထဲမှ လိပ်ပြာငယ်များ ပျံထွက်လာပြီး ဆိုင်ခန်းကို လှည့်ပတ်ပျံဝဲနေ၏။ စာကလေးများလည်း ကျိလိကျိလိ အော်လျက် ပျံသန်းနေကြရာ ဖြတ်သွားဖြတ်လာများ တအံ့တဩ စိတ်ဝင်စားသွားကြသည်။
ချင်မူ ပန်းချီဆက်ဆွဲနေသည်နှင့်အမျှ စာရွက်ထဲမှ ငှက်များ ပျံထွက်လာနေသည်။ စာပုတီးလေးများက ကောင်းကင်ထက်တွင် ကခုန်သီဆိုနေကြပြီး တောင်ပံဖြန့်လျက် ပျံဝဲနေသော ငန်းကြီးတစ်ကောင်ပင် ရှိသည်။ ငန်းကြီး၏ တောင်ပံများက ခုနစ်ပေ၊ ရှစ်ပေခန့် ရှည်လျားပေရာ အကုန်လုံး တအံ့တဩ ချီးကျူးကြသည်။
နားကန်းက သရော်တော်တော် ပြောသည်။ “ကြွားနေတယ်။ ငါက မျက်ကန်းမဟုတ်ဘူးနော်။ မင်း ဒီလိုကြွားစရာမလိုဘူး။ တန်ဖိုးကို သိတဲ့လူက ဘာက တန်ဖိုးရှိလဲ နားလည်တယ်။ ဒီလူတွေ ငါ့ကို တောင်းပန်ရင်တောင် ငါ့ပန်းချီကို ရောင်းမှာမဟုတ်ဘူး”
ချင်မူ သူ့ကို လျစ်လျူရှုထားသည်။ စာရွက်ထဲမှ သက်တံ့ရောင် ဖုန့်ဟွမ်ငှက်တစ်ကောင် ထွက်လာ၏။ ၎င်းက လက်ရေးလှနှင့် ပန်းချီလမ်းကြားထဲတွင် တွန်ကျူးနေရာ စိတ်ဝင်စားသူများ ပိုမိုများပြားလာသည်။
ချင်မူ စုတ်တံကို မြှောက်၍ တံခါးစောင့်နတ်ဘုရားတစ်ပါး ရေးဆွဲလိုက်သောအခါ ပန်းချီထဲမှ ခုန်ထွက်လာသည်။ တံခါးစောင့်နတ်ဘုရားသည် အရပ်အမောင်းမြင့်မားပြီး ခံညားသောအသွင်အပြင်ရှိရာ လူတိုင်းကို တအံ့တဩ နောက်ဆုတ်မိသွားစေသည်။
“မင့်ပန်းချီက အဲဒီအဆင့် မရောက်သေးဘူး”
နားကန်းက မြင်ရလေလေ၊ စိတ်တိုလေလေ ဖြစ်လာ၍ စုတ်တံကို ဆွဲလုလိုက်သည်။ သူလည်း စုတ်တံကို မြှောက်ကာ တံခါးနတ်ဘုရားတစ်ပါး ဆွဲလိုက်၏။ တမုဟုတ်ချင်း နတ်ဘုရားတစ်ပါးနှင့် မိစ္ဆာတစ်ပါး၏ ခံညားထည်ဝါမှု ပေါ်ထွက်လာ၍ လမ်းထဲရှိသူတိုင်း လှမ်းကြည့်မိလိုက်ကြသည်။ သူတို့ မြင်လိုက်ရသည်က ကိုက်သုံးရာမြင့်မားသော တံခါးစောင့်နတ်ဘုရားတစ်ပါး ဖြစ်၏။ ဤနတ်ဘုရားတွင် ဖုန့်ဟွမ်ငှက်ကဲ့သော နီစွေးသောမျက်လုံးများ၊ ခံညားသော ပါးသိုင်းမွှေးရှိပြီး ခါး၌ မကောင်းဆိုးဝါးမှန်သမျှ ချေမှုန်းပစ်နိုင်သည့် ကောင်းကင်ဓားမတစ်လက် ချိတ်ထားသည်။ နတ်ဘုရား၏အသွင်အပြင်သည် အင်အားကြီးမားမှုကို ပေါ်လွင်နေစေ၏။
“တံခါးစောင့်နတ်ဘုရားတစ်ပါးပဲ”
နားကန်း စုတ်တံပြန်ချလိုက်သောအခါ တံခါးစောင့်နတ်ဘုရားက ပန်းချီထဲ ပြန်ဝင်သွားသည်။ ပန်းချီကားပေါ်တွင် တံခါးစောင့်နတ်ဘုရား၏ ရုပ်ပုံကား အနုစိတ်အသက်ဝင်လျက် ရှိနေသေးသည်။ ထိုအချိန်တွင် ချင်မူ ဆွဲခဲ့သော လိပ်ပြာများ၊ ငှက်များ၊ ဖုန့်ဟွမ်ငှက်နှင့် တံခါးစောင့်နတ်ဘုရားက မှင်စက်များ ပြန်ဖြစ်သွားပြီး မြေကြီးပေါ် တပေါက်ပေါက် ကျလာ၏။
မည်သူက စွမ်းရည်မြင့်မားပြီး မည်သူက နိမ့်ကျသည်လဲ ရှင်းလင်းသွားချေပြီ။
ချင်မူ ပတ်ဝန်းကျင်ရှိ လူတိုင်းနည်းတူ တအံ့တဩ စုတ်သပ်လိုက်မိသည်။ တံခါးစောင့်နတ်ဘုရားကို ဝယ်လို၍ အပြေးအလွှားရောက်လာသူများ များလာ၏။ သူတို့ စျေးခေါ်သောအခါ နားကန် အကြီးအကျယ် အံ့အားသင့်သွားသည်။ ဤနေရာတွင် သူ ပန်းချီရောင်းနေသည်မှာ နှစ်လကျော်ပြီဖြစ်သော်လည်း ဟူလင်းအာ သူ့ကို ရှာတွေ့၍သာမဟုတ်လျှင် ငတ်သေနေပြီဖြစ်သည်။ ထို့ကြောင့် ဤမျှမြင့်မားသောတန်ဖိုးဖြင့် သူ့ပန်းချီတစ်ချပ် ရောင်းထွက်လိမ့်မည်ဟု မထင်ခဲ့ပေ။
ဟူလင်းအာလည်း တအံ့တဩ ထခုန်မိပြီး စျေးညှိရန် ကပျာကယာ ထွက်သွားသည်။ နဂါးသွားရည်ထက် အဆပေါင်းများစွာ တန်ဖိုးမြင့်မားနေခြင်းက သူတို့ကို အမှန်တကယ် မှင်သက်သွားစေ၏။
နားကန်း၏ပန်းချီတစ်ချပ် ရောင်းရငွေသည် တစ်သက်လုံး အေးအေးဆေးဆေး ထိုင်စားရန် လုံလောက်လေသည်။
ဟူလင်းအာက တံခါးစောင့်နတ်ဘုရား၏ပန်းချီကို ရောင်းချပြီး ငွေထုပ်ပိုက်လာသည်။ သူမက ကျန်ပန်းချီများအား ကပျာကယာ သိမ်းလိုက်ပြီး ချင်မူ ထောင်ကျယ်အိတ်ဖွင့်ပေးကာ ထည့်စေလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်၍ မျက်စိတစ်ဖက် မှိတ်လိုက်ကြသည်။ သူတို့ တွေးနေသောအရာက တူ၏။
ရှားပါးခြင်းက လူများကို စုဆောင်းချင်လိုစိတ် ဖြစ်ပေါ်လာစေနိုင်သည်။ အလွန်အကျူးရောင်းမိလျှင် ရိုးအီသွားနိုင်သည်။
ချင်မူ နားကန်းကို ဆွဲကာ ပြုံးလိုက်သည်။ “ဘိုးဘိုးနားကန်း အခု ပိုက်ဆံရပြီပဲ။ ဘိုးဘိုးအတွက် ချည်သားကောင်းကောင်းနဲ့ အဝတ်သွားချုပ်ရအောင်။ အစားကောင်းကောင်းလည်း သွားစားကြမယ်။ ပြီးမှ ရွာလူကြီးနဲ့ တွေ့ကြတာပေါ့။ ဪ ရှိသေးတယ်၊ ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာ သင်္ဘောပေါ်မှ ဘိုးဘိုးရဲ့ပန်းချီလမ်းစဉ်နဲ့ ကွဲထွက်နေတဲ့ ပန်းချီလမ်းစဉ်နောက်တစ်ခုကို တွေ့ထားတယ်သိလား။ ဘိုးဘိုးက ပန်းချီထဲကနေ တကယ့်လောကအပြင် ထွက်လာနိုင်အောင် ရေးဆွဲပေမယ့် ရွှင်ပျော်ပျော်ကျေးရွာရဲ့ ပန်းချီလမ်းစဉ်က ပန်းချီကားထဲမှာ ကမ္ဘာတစ်ခု တည်ဆောက်တာမျိုးဗျ”
နားကန်းက ချင်မူ့နောက် မလိုက်ချင်သော်လည်း ပန်းချီလမ်းစဉ်ဆိုသည်ကို ကြားလျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ “ပန်းချီကားထဲမှာ ကမ္ဘာတစ်ခု တည်ဆောက်တယ်ဟုတ်လား။ အဲဒီလိုပန်းချီလမ်းစဉ်မျိုး ရှိတယ်လား။ ငါ့ကို အသေးစိတ်ပြောစမ်းပါဦး”
ချင်မူ အထည်ဆိုင်မှ ချည်သားကောင်းကောင်း သွားဝယ်၍ နားကန်းအတွက် အဝတ်အစားအသစ်များ ကိုယ်တိုင်ချုပ်ပေးလိုက်သည်။ ထို့နောက် ဝက်ခုတ်ဓားမထုတ်ကာ သူ့ပါးသိုင်းမွှေးများ ရိတ်၍ ဆံပင်များ ညှပ်ပေးလိုက်၏။ အဘိုးကြီးမှာ နန်းတွင်ကောလိပ်သို့ မလိုက်ခင် သပ်သပ်ရပ်ရပ် လူတစ်လုံးသူတစ်လုံး ပြန်ဖြစ်သွားသည်။
“ဘိုးဘိုးနားကန်း၊ ဘိုးဘိုးရဲ့ ပန်းချီလမ်းစဉ်ကို ပန်းချီထဲမှာ ကမ္ဘာတည်ဆောက်တဲ့လမ်းစဉ်နဲ့ ပေါင်းစည်းနိုင်လိုက်ရင် ဘိုးဘိုး သေချာပေါက် နောက်တစ်ဆင့်တက်သွားမှာပဲ။ ဧကရာဇ်အတိုင်ပင်ခံက ကျွန်တော့်ကို နေသူရိန်ခွင်းအမြှောက် သွန်းလုပ်ခိုင်းထားတာ။ ဘိုးဘိုးရဲ့ပန်းချီစွမ်းရည်ကို လိုတယ်။ အရင်ဆုံး ဘိုးဘိုး နေသူရိန်ခွင်းအမြှောက်ကို ဆွဲပေးရလိမ့်မယ်”