အဘက်ဘက်မှ သဘောထား
Vol. 164 Ch. 2342
စွန့်ပစ်ခံကလန် အနီးတဝိုက် ကျယ်ပြောသော လေဟာနယ်အတွင်း လေထုအခြေအနေက မယုံနိုင်စရာကောင်းလောက်အောင် မွန်းကြပ်ဖွယ် ဖြစ်လာခဲ့သည်။
စွန့်ပစ်ခံကလန်မှ အစွမ်းထက် ကျင့်ကြံသူများစွာ ထွက်လာခဲ့ပြီး အချို့သော ကျင့်ကြံသူများက အဆောက်အအုံများ၏ ထိပ်တွင် ရပ်နေခဲ့ပြီး သူတို့၏ မျက်လုံးများက အင်အားစုအသီးသီးမှ ကျင့်ကြံသူများပေါ်တွင် စူးစိုက်ကာ ရှိနေခဲ့သည်။ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားတို့ မရှိဘဲ ထိုကဲ့သို့သော မျက်လုံးများက မြင်ရသူတိုင်းကို တစိမ့်စိမ့် ကြောက်ရွံ့စေခဲ့သည်။
စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများက သေဆုံးခြင်းကို အကြောက်အရွံ့ မရှိပေ။ သူတို့ စွန့်ပစ်ခံကလန်သို့ ဝင်ရောက်လာသည့် နေ့မှစကာ သေခြင်းတရားနှင့် တွေ့ဆုံလာပါက သူတို့၏ အသက်များကို စတေးရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ထိုကျင့်ကြံသူများက ဆက်လက်တိုးတက်လာသည်နှင့် သူတို့၏ နှလုံးသားထဲက နက်ရှိုင်းစွာ ကိုင်စွဲထားသည့် ယုံကြည်ချက်များနှင့် ရဲစွမ်းသတ္တိတို့က သေခြင်းတရားကို ကြောက်ရွံ့ခြင်းအား ကျော်လွန်သွားခဲ့သည်။
သူတို့က နှစ်ပေါင်းများစွာကြာအောင် အမှောင်ခေတ်များအတွင်း ဖြတ်သန်းလာခဲ့ပြီးနောက် သူတို့ကို ကြောက်ရွံ့လာအောင် လုပ်နိုင်သည့်အရာ မရှိတော့ပေ။ ယခု သူတို့ ရင်ဆိုင်နေရသော အရာအားလုံးက အမှောင်ခေတ်အတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံ တကျော့ပြန်လာခြင်းသာ ဖြစ်ပေသည်။
နေရာအသီးသီးမှ ကျင့်ကြံသူအားလုံး၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတို့ ရှိနေခဲ့သည်။ ဤနေရာတွင် သေဆုံးခြင်းကို မကြောက်ရွံ့သည့် ကျင့်ကြံသူများစွာ ရှိနေပြီး သူတို့အားလုံးက အလွန် ထိတ်လန့်အံ့သြဖွယ် ကောင်းလှခြင်း သိပ်မရှိသော်လည်း ဤအဆင့်ကျင့်ကြံခြင်း၌ပင် သေဆုံးခြင်းကို ကြောက်ရွံ့ခြင်းမရှိသည်မှာ ကြောက်စရာပင် ဖြစ်သည်။ ဥပမာအနေနှင့် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်၏ ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ကြည့်ကာ သိနိုင်ပေသည်။ ကိုးယောက်ထဲမှ မည်သူမဆို အံ့သြထိတ်လန့်ဖွယ်ပင် ဖြစ်သည်။ သို့သော် ဤနေရာတွင် သူတို့က စွန့်ပစ်ခံကလန်၏ တိုက်ပွဲဝင်္ကပါကို အသေခံစောင့်ကြပ် ကာကွယ်ပေးသည့် အဖွဲ့ဝင်မျှသာ ဖြစ်သည်။ သူတို့ စွမ်းဆောင်မှုများက အလွန် ထိတ်လန့်ဖွယ် ကောင်းလှပြီး ရှေးဟောင်းနတ်ဘုရားကလန်မှ အဆင့်ရှစ်ရန်ဟောင် ဖြစ်သော ပါရမီရှင်များသည်ပင် မချိုးဖျက်နိုင်ခဲ့ပေ။ သူတို့က ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် နှစ်ဖက်လုံးက အထိအခိုက်အကျအဆုံး များလာပေလိမ့်မည်။
ထို့ကြောင့် သူတို့က အမှန်တကယ် တိုက်ပွဲဖြစ်လိုလျှင် သူတို့ကို ရင်ဆိုင်ရန် စွန့်ပစ်ခံကလန်၌ နည်းလမ်း မည်မျှများများ ရှိနေမည်ကို မသိရသေးပေ။ သို့သော် စွန့်ပစ်ခံကလန်မှ ပြသခဲ့သည့် အကြောက်တရားကင်းမဲ့မှုအရ သူတို့သည် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများစွာကို သတ်ပစ်နိုင်လျှင်ပင် သူတို့လည်း ဆိုးဝါးစွာ ထိခိုက်လိမ့်မည်မှာ သေချာပေသည်။
"စွန့်ပစ်ခံကလန်က အခွင့်အခါသင့်လို့ မူလဘုံကို ရောက်လာခဲ့ပေမယ့် ကျုပ်တို့မှာ ပြဿနာရှာဖို့ စိတ်ကူးနည်းနည်းမှ မရှိဘူး။ ကျုပ်တို့က အားလုံးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ယှဥ်တွဲနေချင်တာ။ အဲဒါကပဲ ကျုပ်တို့ရဲ့ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ဖို့အတွက် ကောင်းမွန်တဲ့ ဆန္ဒနဲ့ လူတိုင်းကို ဖိတ်ခေါ်လိုက်တာ။ ကျုပ်တို့က ချစ်ကြည်ရေးအတွက် လူတိုင်းကို ကျုပ်တို့ရဲ့ လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံဖို့တောင် ခွင့်ပြုခဲ့တယ်။ အခုတော့ ခင်ဗျားတို့ စိတ်ထဲမှာ ဘာကို လိုချင်နေလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောဖို့ မလိုအပ်တော့ဘူး။ ကျုပ်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စွန့်ပစ်ခံကလန်ကို ကာကွယ်ရလိမ့်မယ်။ စွန့်ပစ်ခံကလန်က ဖျက်ဆီးခံလိုက်ရရင် လျှို့ဝှက်နယ်မြေလည်း ပျက်စီးသွားလိမ့်မယ်။ စွန့်ပစ်ခံကလန်ရဲ့ အမွေအနှစ်ကို ဘယ်သူမှ ရရှိလိမ့်မှာ မဟုတ်ဘူး။" အဘိုးအိုက တည်ငြိမ်ပြီး နက်ရှိုင်းသည့် အသံနှင့် ပြောလိုက်သည်။
စွန့်ပစ်ခံကလန်က ဖျက်ဆီးခံလိုက်ရလျှင်ပင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် စွန့်ပစ်ခံကလန်က မည်သည့် အရာကိုမှ ယူဆောင်သွားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ စွန့်ပစ်ခံကလန်က လျှို့ဝှက်နယ်မြေကိုပါ ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
"စွန့်ပစ်ခံကလန်က လူတွေ ကျုပ်တို့ရဲ့ သစ္စာတရားကို တိုင်တည်လို့ အသက်နဲ့ရင်းပြီး စွန့်ပစ်ခံကလန်ကို ကာကွယ်ကြရမယ်။" အဘိုးအိုက ပို၍ပင် တည်ငြိမ်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေပြီး အဆုံးမဲ့ လေဟာနယ်အတွင်း လွှမ်းခြုံသွားစေသည်။ ဤနေရာတစ်ခုလုံးက စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများအားလုံး၏ စွမ်းအားများနှင့် ဖွဲ့တည်ထားပုံရသည်။
"စွန့်ပစ်ခံကလန်ကို အသက်နဲ့ရင်းပြီး ကာကွယ်ကြမယ်။" တစ်ယောက်ပြီးတစ်ယောက် ကြွေးကြော်လိုက်သည့် အသံများက စွန့်ပစ်ခံကလန်အတွင်း ပဲ့တင်ထပ်လာသည်။
"စွန့်ပစ်ခံကလန်ကို အသက်နဲ့ရင်းပြီး ကာကွယ်မယ်။" စွန့်ပစ်ခံကလန် အပြင်ဘက်မှ ရန်ဟောင်ကျင့်ကြံသူများကလည်း တည်ငြိမ်သော အသံများနှင့် သစ္စာစကားကို ကြွေးကြော်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြား လေဟာနယ်ထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခုက ပြည့်နှက်လာသည်။ ထိုအသံများက ဆက်လက်ပျံ့နှံ့နေခဲ့ပြီး ထိတ်လန့်ဖွယ် မွန်းကြပ်စေနိုင်သည့် ဖိအားများက လေဟာနယ်အတွင်း ရှိနေသော ကျင့်ကြံသူများစွာကို မွန်းကြပ်လာစေသည်။
စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် စတင်၍ လျှောက်လာကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်လာသည်။ အများစုက အကြီးအကဲများ ဖြစ်ကြပြီး အချို့သည် ပို၍ပင် အိုမင်းနေပုံပေါ်ကာ အရေးအကြောင်းများ ဖြစ်နေခဲ့သည်။ သို့သော် သူတို့၏ မျက်လုံးများက စူးရှနေကာ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေပြီး စွမ်းအားအပြည့်ဖြင့် နေရာအနှံ့မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
သူတို့၏ မျက်လုံးများထဲတွင် မြင်သာလှသည့် စွမ်းအားများ ရှိနေခဲ့သည်။
တည်ငြိမ်သည့် အသံနှင့် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားများက အင်အားစုအသီးသီးမှ ကျင့်ကြံသူများ အားလုံးကို လွှမ်းခြုံသွားခဲ့သည်။ မည်သူကမှ ဂရုမစိုက်ဘဲ မလုပ်ဆောင်ရဲခဲ့ပေ။ နေရာအနှံ့မှ ကျင့်ကြံသူများသည် စွန့်ပစ်ခံကလန်၏ ခွန်အားကို အရင် စမ်းသပ်ခဲ့ဖူးပြီး သူတို့က အလွန် အားကောင်းလှကြောင်း သိရှိထားသည်။ သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်း ဖြတ်သန်းတွေ့ကြုံခဲ့ပြီးနောက် စွန့်ပစ်ခံကလန်၏ စွမ်းအားများနှင့် လုပ်နိုင်စွမ်းကို ပိုမို နားလည်သဘောပေါက်လာခဲ့ကြပေသည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူတစ်စုက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့သည်။ ထိုလူများက ထူးခြားဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းသော စွမ်းအားတို့ ရှိနေကာ သူတို့ထံမှ ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါကို ခံစားမိနိုင်ပေသည်။ သူတို့ကို ဝန်းရံနေသည့် နတ်အလင်းက အလွန်ပင် စိတ်ကျေနပ်နှစ်သိမ့်စေနိုင်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။
ထိုသူများက လူသားဘုံမှ လူများ ဖြစ်လေသည်။
လူသားဘုံ၏ ခေါင်းဆောင်ဖြစ်သူက စွန့်ပစ်ခံကလန် ရှိရာဘက်သို့ ကြည့်ကာ အဝေးမှာရှိနေသူကို အရိုအသေပေးရင်း ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်က ရှန်းယိကုန်းမြေကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့တာကြောင့် လေးစားဖို့ ထိုက်တန်ပါတယ်။ လူသားဘုံက စွန့်ပစ်ခံကလန်နဲ့ ရန်သူတွေ မဟုတ်တာမို့ စွန့်ပစ်ခံကလန်နဲ့ ပတ်သတ်တဲ့ ဘယ်တိုက်ပွဲ အငြင်းပွားမှုကိုမှ ပါဝင်မှာ မဟုတ်ဘူး။ ကျုပ်တို့ ဒီနေရာကို ရောက်လာတာက အမွေအနှစ်တွေ ပေါ်လာတာကြောင့်ပါ။ အခု စွန့်ပစ်ခံကလန်အကြောင်း သိပြီးတဲ့နောက် ကျုပ်တို့က တကယ် လေးစားမိပါတယ်။"
လူသားဘုံက လက်လျှော့လိုက်ပြီ ဖြစ်သည်။ သူတို့က စွန့်ပစ်ခံကလန်ကို ဆန့်ကျင်ခြင်းမပြုရန် ရွေးချယ်ခဲ့သည်။
စွန့်ပစ်ခံကလန်မှ အကြီးအကဲက ထိုစကားများကို ကြားသောအခါ လက်များကို အရိုအသေပြုဟန် ဆုပ်ကာ ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်က ခင်ဗျားရဲ့ မှန်ကန်မှုနဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။"
"မူလဘုံရဲ့ ရန်ဟောင်ရီပြောတာ မှန်တယ်။ ကျုပ်တို့အပေါ် မလုပ်စေချင်တဲ့ အရာတွေကို တခြားလူတွေအပေါ်မှာ ကျူးလွန်လို့မရဘူး။ ရှန်းယိကုန်းမြေကို ကာကွယ်စောင့်ရှောက်မယ့် စောင့်ရှောက်သူတွေ ရှိတယ်ဆိုမှတော့ ကျိုးကြောင်းမသင့်ဘဲ အတင်းအကျပ် လုပ်နေလို့ မရဘူးလေ။ စွန့်ပစ်ခံကလန်ဆိုတာ ရှေးခေတ်အချိန်ကတည်းက တည်ရှိနေတဲ့ အင်အားစုတစ်ခုဖြစ်ပြီး ဒီနေ့အထိ တည်ရှိဖို့ လွယ်ကူတာမဟုတ်ဘူး။ စွန့်ပစ်ခံကလန်ကို ဒီကျင့်ကြံခြင်းကမ္ဘာထဲက အင်အားစုတစ်ခု ဖြစ်လာဖို့ ဘာလို့ ခွင့်ပြုမပေးနိုင်ရမှာလဲ။" လူသားဘုံက ကျင့်ကြံသူတစ်ယောက်က ထောက်ခံစကား ဆက်ပြောလိုက်ပြီး သူ စကားပြောနေစဥ် ရီဖူရှင်းကို ကြည့်နေခဲ့၏။
သို့သော် မှော်နက်လောက၊ နတ္ထိဘုံနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် လူသားဘုံမှ ပြုလုပ်လာသည့် အပြုအမူများနှင့် စကားလုံးတို့ကို အထင်ကြီးခြင်း မရှိပေ။ သူတို့၏ အမြင်အရ လူသားဘုံမှ လူများသည် ရီဖူရှင်းကဲ့သို့ပင် အတုအယောင် ချစ်ကြည်ရင်းနှီးမှုတို့ လုပ်ပြနေခြင်း ဖြစ်သည်။ သို့သော် ထိုသို့သော အပြုအမူမျိုးက လူသားဘုံအတွက် သာမန်သာဖြစ်ကြောင်း သူတို့ ကြားဖူးကြသည်။ သူတို့က သူတို့ကိုယ်သူတို့ လူသားမျိုးနွယ်မှ ကောင်းကင်လမ်းစဥ် ဆက်ခံသူများဟု ကြွေးကြော်ထားကြပြီး လူသားဘုံမှ မဟာအင်ပါယာ၏ အမည်သည်ပင် လူသားဘိုးဘေးဟူ၍ ဖြစ်လေသည်။
"စွန့်ပစ်ခံကလန်က ကျင့်ကြံခြင်းလောကရဲ့ အင်အားစုတစ်ခု ဖြစ်မလာနိုင်ဘူးလို့ ကျုပ်တို့ မပြောခဲ့ဖူးဘူး။ ကျုပ်တို့က သူတို့ရဲ့ လျှို့ဝှက်နယ်မြေထဲကို တစ်ချက်ဝင်ကြည့်ချင်ရုံပဲ ဖြစ်ပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဒါပေမယ့် စွန့်ပစ်ခံကလန်က ဒီလို ရိုးရှင်းတဲ့ တောင်းဆိုမှုကိုတောင် သဘောတူမပေးနိုင်ဘူးလေ။ ကျုပ်တ်ို့က ဘယ်လိုများ မိတ်ဆွေတွေ ဖြစ်နိုင်မှာလဲ။" အလွန် စိတ်အနှောက်အယှက် ဖြစ်စေသည့် အသံတစ်ခုက ပြောလိုက်ပြီး ၎င်းသည် နတ္ထိဘုံမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
နတ္ထိဘုံကို နတ်ဆိုးအင်ပါယာဘုံဟုလည်း ခေါ်ကြသည်။ နတ္ထိဘုံ၏ အရှင်သခင်ကို ဆိုးယုတ်မှု၏အရှင်သခင်ဟု ခေါ်ကြကာ သူ၏ တပည့်များသည်လည်း အတော်လေး ဆိုးသွမ်းလှပေသည်။ ယခု စကားပြောလိုက်သူမှာ နတ္ထိဘုံအရှင်သခင်၏ တပည့်များထဲမှ တစ်ယောက် ဖြစ်သည်။
"အဲဒါဟုတ်တယ်။ လူသားဘုံက မပါဝင်ချင်ရင် ကျုပ်တို့ လမ်းကနေ ဖယ်နေလိုက်။ ကျုပ်တို့က စွန့်ပစ်ခံကလန်ရဲ့ လျှို့ဝှက်နယ်မြေထဲ တစ်ချက်လောက်ကြည့်ချင်ရုံပဲ။ အဲဒါလေးလောက်နဲ့ စွန့်ပစ်ခံကလန်က ကျုပ်တို့ကို ရန်ငြိုးထားလိမ့်မယ်လို့ မယုံဘူး။" မှော်နက်လောကမှ ကျင့်ကြံသူတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။ သူတို့က အဝေးမှ လာရောက်ခဲ့ခြင်း ဖြစ်သည့်အတွက် အလွယ်တကူ လက်မလျှော့နိုင်ပေ။
"သေချာပေါက် စွန့်ပစ်ခံကလန်က ဒီလိုတောင်းဆိုချက်မျိုးကို သဘောမတူနိုင်ဘူး။" စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူက ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်ရဲ့ လျှို့ဝှက်နယ်မြေကို ဝင်ချင်ရင် ကျုပ်တို့ အလောင်းတွေပေါ် ဖြတ်သွားမှ ရမယ်။"
ထိုအသံထွက်ပေါ်လာသည့်အခါ အခြေအနေ၏ လေးနက်မှုက ပိုမို ပြင်းထန်လာသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများပေါ် တောက်ပနေသည့် နတ်အလင်းများက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံနေသည်။ ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်တို့က နေရာအနှံ့တွင် ပေါ်ပေါက်လာ၏။
သူတို့၏ အရှေ့နှင့်အနောက်တွင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ ရှိနေခဲ့ပြီး ရှေးဟောင်းနတ်ဘုရားများ၏ ပုံရိပ်များက စစ်မှန်သော နတ်ဘုရားများအဖြစ် ပေါ်ပေါက်လာသည်။ ကြီးမားပြီး ခမ်းနားထည်ဝါကာ ကောင်းကင်သို့တိုင် ရောက်ရှိသွားပေသည်။ တိုင်းတာ၍မရအောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့က သူတို့ထံမှ ပေါက်ကွဲထွက်လာသည်။