ခွန်းယွင်ရဲ့ ရတနာမျာ
Vol. 84 Ch. 1176
“ ဒီကလေးက ရိုင်းနေတာ ” ဟွမ်တိက ရယ်မောလိုက်ရင်း အမှုမထားသလို ပြောလိုက်သည်။
ထုံမင်လည်း ရယ်မောလိုက်ရင်း
“ ထန်းဟန်က အခုလေးတင် ထွက်သွားတာ … သူလည်း ဒီကလေးနဲ့ ရင်မဆိုင်နိုင်မှန်း သိလို့ ထင်တယ် ”
ဟွမ်တိက မထူးမခြားနား ပြောလိုက်သည် “ ထန်းဟန်က ဒီကလေး မပြောခင်က ထွက်သွားတာ။ မဟုတ်ရင် ထန်းဟန်က သေချာပေါက် ထွက်သွားမှာ မဟုတ်ဘူး ”
ထန်းဟန်၏ မာနဖြင့် သူ့ဘာသာ ထွက်သွားခြင်းက အဆင်ပြေသော်လည်း လိန်ဟုန်ကျီ ပြော၍ ထွက်သွားရလျှင် သူ့မျက်နှာကို ဘယ်နားသွားထားရမည်နည်း။
“ ခဏနေရင် ငါ အဲဒီကလေးဆီ သွားမယ်။ ငါ တစ်ယောက်တည်း မလုံလောက်ရင် မင်းရော လိုက်ခဲ့လိုက် ” ထုံမင်က လိန်ဟုန်ကျီအား များများစားစား အာရုံမရှိပေ။
သို့သော်လည်း သူက လိန်ဟုန်ကျီအား လုံးဝ လျစ်လျူရှုမထားနိုင်ပေ။ မိုဝူကျိက ဝိဇ္ဇာတပိုင်း အစောပိုင်းအဆင့်လေးမျှဖြင့် မည်မျှ ကြောက်စရာကောင်းကြောင်း မြင်တွေ့ထားလေသည်။ မိုဝူကျိက ဖန်းရှီယူနှင့် တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန်တို့ ပူးပေါင်းမှုကိုပင် အနိုင်ယူနိုင်လိုက်သည် မဟုတ်ပါလော။ ဤသည်မှာ ထုံမင်အား ဝိဇ္ဇာတပိုင်း အဆင့် ၁ ဖြစ်နေစေကာမူ လျော့မတွက်သင့်ကြောင်း သတိပေးနေလေ၏။
သူ့ရှေ့ရှိ လိန်ဟုန်ကျီမှာ ဝိဇ္ဇာအဆင့်သို့ တက်ရောက်လာခါစ ဖြစ်သော်လည်း လိန်ဟုန်ကျီ၏ မိုးကြိုးစမ်းသပ်ချက်မှာ အတာ်လေး ကြောက်ဖို့ ကောင်းပေသည်။ ထုံမင်က သူ့ဝိဇ္ဇာတပိုင်း မိုးကြိုးစမ်းသပ်ချက်ပင် ဤလောက် ကြောက်ဖို့ မကောင်းကြောင်း အမှတ်ရလိုက်မိ၏။
“ အစ်ကိုမိုနဲ့ ယှဉ်ရင် ဒီလူက လိုအပ်နေသေးတယ် ” လျန်ကျီက မလေးမစား ပြောလိုက်သည်။
မိုဝူကျိ၏ ပိုသာလွန်းသော အင်အားအကြောင်း ထည့်မပြောလျှင်ပင် သူ့အင်အားကို သုံး၍ အားနည်းသူကို အနိုင်မကျင့်ကြံခြင်းမှာ လေးစားစရာ ကောင်းနေလေပြီ။ တစ်ဖက်တွင် လိန်ဟုန်ကျီက သူ့အင်အားဖြင့် မမျှမတ လုပ်မည့်သူမှန်း တစ်ချက်ကြည့်ရုံဖြင့် တန်းသိလိုက်ကြသည်။
မိုးကြိုးချက်များက ဆက်တိုက် ကျရောက်နေသည်။ ထုံမင်တို့က လိန်ဟုန်ကျီ၏ အင်အားမှာ တိုးမြင့်နေဆဲ ဖြစ်ကြောင်း ခံစားမိကြ၏။
“ ဝုန်း ” နောက်ဆုံး မိုးကြိုးချက်က လိန်ဟုန်ကျီအပေါ် ကျရောက်လာကာ သူ့ကျင့်ကြံဆင့်မှာ ထိပ်ဆုံးသို့ မြင့်တက်သွားသည်။ ဘေးတွင် လေ့လာစောင့်ကြည့်နေကြသော ထုံမင်နှင့် ဟွမ်တိတို့က အတော်လေး အံ့အားသင့်သွားကြသည်။ လိန်ဟုန်ကျီသည် ဝိဇ္ဇာတပိုင်း အဆင့် ၂ ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့ပေသည်။
သူတို့က မိုးကြိုးစမ်းသပ်ချက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိက်ကြရသော်လည်း မိုးကြိုးစမ်းသပ်ချက်အပြီးတွင် အဆင့် ၂ သို့ နီးကပ်သွားသည့် ကျင့်ကြံသူကို မမြင်ဖူးသေးပေ။
မိုးကြိုးစမ်းသပ်ချက် ပြီးဆုံးသွားပြီးသည့်နောက် လိန်ဟုန်ကျီက ကိုယ့်ဘာသာ သန့်ရှင်းကာ ထုံမင်တို့ရှေ့ ရောက်ရှိလာသည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်
“ အခုကစပြီး ဒီဂြိုလ်က ငါ့ကျင့်ကြံရေး နယ်မြေပဲ … မင်းတို့ သုံးယောက်က ထွက်မသွားချင်ဘူးဆိုတော့ ဒီမှာနေပြီး မြေဩဇာ ဖြစ်လာလိုက်တော့ ”
ထိုသို့ပြောပြီး လိန်ဟုန်ကျီက လျှပ်စီးတူကို ဆွဲထုတ်လိုက်သည်။
လိန်ဟုန်ကျီက မြန်ဆန်သော်လည်း ထုံမင်က ပို၍ မြန်ဆန်ပေသည်။
လိန်ဟုန်ကျီ၏ တူ မဆင်းသက်လာခင် နှင်းခဲဓားစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်ကို နှင်းခဲစွမ်းအားက ချက်ချင်း ပိတ်ဆို့ထားလိုက်သည်။ လျှပ်စီးတူက ထိုပိတ်ဆို့ထားသည့် နယ်ပယ်အတွင်း လှုပ်ရှားလာရသောကြောင့် နှင်းခဲစွမ်းအားနှင့် လျှပ်စီးတို့က ဆက်တိုက် ပေါက်ကွဲထွက်ကုန်သည်။
သူတို့ဘေးပတ်ဝန်းကျင်၌ တုန်ခါသွားကာ လေထုကြား အက်ကြောင်းများ စတင်၍ ပေါ်ပေါက်လာသည်။
လိန်ဟုန်ကျီ အမူအယာမှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။ သူက သူ့ထက် အားမနည်းသည့် ပညာရှင်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့နှစ်ယောက်က စွမ်းအားစက်ကွင်းနှင့် တိုက်ကွက်တစ်ခုစီ ထုတ်ဖော်ခဲ့သော်လည်း လိန်ဟုန်ကျီက သူသည် ထုံမင်ကို အနိုင်ယူဖို့ရာ အနည်းငယ် လိုအပ်နေသေးကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ သူက မဟာလျှပ်စီး ပညာရပ်ကို မသိသရွေ့ ဖြစ်သည်။
ဟွမ်တိက လိန်ဟုန်ကျီ သဘောထားကို မကျေမနပ် ဖြစ်နေလေရာ သူ့သရဖူလည်း ကျဆင်းလာကာ အနီရောင်လျို သက်တံ့ဓားချက်ကြီးက လိန်ဟုန်ကျီဆီ ဆင်းသက်လာသည်။
သူတို့ဘေးပတ်ဝန်းကျင်၌ အက်ကြောင်းအသေးလေးများစွာ ဖြစ်ပေါ်နေလေပြီ ဖြစ်သော်လည်း ထိုသက်တံ့ဓားချက် ပေါ်လာသည့်အခါ အက်ကြောင်းများက ပို၍ ကျယ်လာသည်။ လိန်ဟုန်ကျီက ဆက်မနေရဲတော့ချေ။ သူ့ပုံရိပ်က ဖြတ်ခနဲ လျှပ်စီးအသွင် ပြောင်းကာ ပျောက်ကွယ်သွားလေသည်။
“ အဲဒီစွမ်းရည်လောက်နဲ့ လာမောက်မာရဲသေးတယ်။ အစ်ကိုမိုက သူထက် အများကြီး အားကောင်းတာတောင် ဘယ်မှာမှ မမောက်မာဘူး ” လိန်ဟုန်ကျီ ထွက်သွားသည်ကို ကြည့်ကာ ဟွမ်တိက မကျေမနပ် ပြောလိုက်သည်။
သူနှင့် ထုံမင်တို့က လိန်ဟုန်ကျီနောက် လိုက်မဖမ်းကြပေ။ သူတို့က တစ်ချက်ကြည့်ရုံဖြင့် လိန်ဟုန်ကျီ၏ အမြန်နှုန်းမှာ သူတို့ လိုက်မမီကြောင်း သိလိုက်ကြသည်။
ထုံမင်က ခေါင်းခါကာ “ အဲဒီလူက ထိပ်တန်းအဆင့် လျှပ်စီးသဘာဝ ကျင့်ကြံသူပဲ။ သူက ဝိဇ္ဇာတပိုင်းအဆင့် ဝင်ခါစ ရှိသေးတယ်။ သူ့ကျင့်ကြံဆင့်က ဝိဇ္ဇာတပိုင်း အဆင့် ၂ နား ဆိုပေမဲ့ လျှပ်စီးတိုက်ကွက်က ကျင့်ကြံဆင့်နဲ့ အတူ အဆင့်တက်မလာသေးဘူး။ တကယ်လို့ သူသာ အချိန်ပိုရရင် လျှပ်စီးတိုက်ကွက်ကို အားအပြည့် ထုတ်သုံးနိုင်လိမ့်မယ်။ အဲဒီအခါကျ အစ်ကိုမိုထက် အများကြီး အားနည်းနေမှာ မဟုတ်တော့ဘူး … ”
ဤတစ်ကြိမ်၌ ဟွမ်တိက မပြောတော့ပေ။ သူ့အမြင်အရ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ သူက မသက်မသာ ခံစားနေရ၍သာ ဖြစ်သည်။ အတိတ်တုန်းက သူသည် စကြဝဠာတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည့် တည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူ့ထက် ပိုကြောက်ဖို့ကောင်းသည့် လူတစ်ဦးနှင့် ရုတ်ချည်း တွေ့ဆုံခဲ့ရသည်။ ဤသည်မှာ သူ့အား ထူးဆန်းစေ၏။
“ ငါတို့တွေ ဒီမှာ တစ်လတာ အရင်းအမြစ်တွေ စုဆောင်းကြမယ်။ ပြီးသွားရင် အစ်ကိုမိုကို ပြန်သွားရှာကြမယ် ” ထုံမင်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
***
နတ်ဘုရားသင်္ချိုင်းတောင်ကြား
“ ဒီနေရာက ခင်ဗျား ရတနာတွေ ဝှက်ထားတဲ့ နေရာလား ” မိုဝူကျိက သူ့ရှေ့ရှိ အနံ့တထောင်းထောင်း စိမ့်တောကို ကြည့်ကာ မယုံကြည်နိုင်စွာ ကြည့်ရင်း ပြောလိုက်သည်။
စည်းမျည်းအချို့ကြောင့် စိမ့်တောထဲ နှစ်မြှပ်နေသည့် အလောင်းများက ဗလာနတ္ထိအဖြစ် ပြိုကွဲမသွားသေးပေ။ ထို့အစား သူတို့က မခံမရပ်နိုင်သည့် အနံ့ဆိုးကို ထုတ်လွှင့်နေကြသည်။
ခွန်းယွင်က နေရခက်စွာ ရယ်မောလိုက်ပြီး
“ ဟုတ်တယ် …. အဲဒီနေရာပဲ။ ဒီစိမ့်တောကို ဝင်ပြီးရင် သဘာဝစွမ်းအားရော၊ စိတ်စွမ်းအားရော သုံးလို့ မရတော့ဘူး။ မင်းက လူသားတာအိုကို ကျင့်ကြံတာဆိုတော့ အဲဒါကို ဖြတ်နိုင်မှာပဲလေ ”
“ အဲတုန်းက ခင်ဗျားရဲ့ ရတနာတွေကို ဘယ်လို ဝှက်ခဲ့တာတုန်း ” မိုဝူကျိ၏ အမူအယာမှာ မည်းမှောင်လာလေ၏။ သူက ထိုအလောင်းများ ပြည့်နေသည့် စိမ့်တောအတွင်း မဝင်လိုပေ။
“ အရင်က ဒီလို မဟုတ်ဘူး။ ကပ်ဘေးပြီးသွားတော့မှ ဒီလို ဖြစ်သွားတာ ” ခွန်းယွင်က မြန်မြန် ပြောလိုက်သည်။
မိုဝူကျိ၏ အသိစိတ်ပင်လယ်ရှိ စိတ်စွမ်းအားမှာ ထိုစိမ့်တောအတွင်း အမှန်တကယ် မထိုးဖောက်နိုင်ပေ။ သို့သော်လည်း သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားက လုပ်နိုင်သောကြောင့် အစီအရင်ဂိတ်၏ မှိန်ဖျဖျပုံရိပ်ကို မြင်တွေ့နေရသည်။
သူက သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ ခွန်းယွင် ပြောသည်က အမှန်ဖြစ်ပုံ ပေါ်သည်။ ဤနေရာ၌ အမှန်တကယ် ရတနာ ရှိနေသည်။
မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားမှ သဘာဝစည်းမျည်းနှစ်ခု ဖွဲ့စည်းကာ ရေကန်ဆီ ပစ်လွှတ်လိုက်သည်။ ရေကန်က အလိုလို အစိတ်စိတ်အမြွာမြွှာ ကွဲထွက်သွားပြီး ရွံ့နွံ့အရောင် တောင်ကြား ပေါ်လာ၏။ ထိုတောင်ကြားအတွင်း အစီအရင်ဂိတ်ပေါက် ပေါ်လာသည်။
မိုဝူကျိက ရေကန်ကို ပိုင်းချလိုက်သည်ကို မြင်သောအခါ ခွန်းယွင်က စိတ်လှုပ်ရှားစွာ လက်အချင်းချင်း ပွတ်လိုက်သည်။ သူ့အလိုချင်ဆုံး ပစ္စည်းကို မိုဝူကျိ ယူသွားလျှင်ပင် သူက နှစ်များစွာ တောင့်တနေရသည့် ရတနာများစွာ ပြန်ရလာမည် ဖြစ်၏။
မိုဝူကျိက ထိုအထဲဝင်ကာ အစီအရင်ဂိတ်ပေါက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
အစီအရင်က စိမ့်တောအတွင်း လျို့ဝှက်ထားသော်လည်း ကာကွယ်ရေး စွမ်းဆောင်ရည်မှာ အရမ်းအားမကောင်းလှပေ။ မိုဝူကျိဆီမှ လက်သီးတစ်ချက်ဖြင့် အစီအရင်ဂိတ်ပေါက်က တစစီ ပျက်စီးသွားသည်။
ခွန်းယွင်က အဘယ်ကြောင့် အချိန်ဆက်ဖြုန်းရမည်နည်း။ သူက ထောင်ထျဲ့အိုးကို ဆုပ်ကိုင်ကာ အစီအရင်ဂိတ်ပေါက်ကို ဖြတ်လာလိုက်သည်။ သူက ထောင်ထျဲ့အိုးကို ဤအခိုက်အတန့်အတွက် ဌားလာခဲ့ခြင်း ဖြစ်၏။
မိုဝူကျိက ကျောက်စိမ်းပေလွှာ၊ ဆေးလုံးများ၊ နတ်ဝိညာဉ်သွေးကြောများ၊ တာအိုအသီးများနှင့် နတ်ဘုရားကျောက် အပုံလိုက်ကို ချက်ချင်း မြင်လိုက်ရသည်။
ဤနေရာ၌ ပစ္စည်းများနှင့် ဆေးပင်များ မရှိသော်လည်း သူတို့အကြား၌ မိုဝူကျိပင် မမှတ်မိသည့် တချို့အရာများ ရှိနေသည်။
တစ်ချိန်တည်းတွင် ပိတ်ဆို့ထားသော ကျောက်စိမ်းသေတ္တာများစွာလည်း ရှိနေသည်။ ထိုသေတ္တာများက အရောင်မျိုးစုံ ထုတ်လွှင့်နေပြီး တာအိုလှိုင်းများက တစ်ခုနှင့်တစ်ခု ရောယှက်နေကြသည်။
ခွန်းယွင်က လက်ကို ပွတ်ကာ ပြောလိုက်သည်
“ ညီအစ်ကိုမို စိတ်ကြိုက်တစ်ခု ရွေးပါ … အဲဒီနောက်ကျ ကျန်တာတွေကို ညီတူညီမျှ တစ်ဝက်ခွဲကြတာပေါ့ ”
တခြားနည်းဖြင့်ဆိုရလျှင် ခွန်းယွင်က မိုဝူကျိ ပစ္စည်းကို ယူပြီးသည့်နောက်တွင် ခွဲဝေပေးမည် ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။ မိုဝူကျိက ခွန်းယွင် ဆိုလိုရင်းကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ အကယ်၍ သူသာ မင်ယွမ်ဆီမှ ပစ္စည်းများ ရမလာခဲ့လျှင် ဤနေရာရှိ ရတနာတစ်ဝက်ကို သေချာပေါက် ယူမိပေလိမ့်မည်။ သို့သော် ယခုအခါ မင်ယွမ်ဆီမှ ပစ္စည်းများစွာ ရထားလေရာ ခွန်းယွင်၏ ရတနာများကို ဂရုမစိုက်တော့ပေ။
သူ့စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို စစ်ဆေးကြည့်လိုက်သည်။ မိုဝူကျိအား စိတ်ပျက်သွားစေသည်က ထူးခြားနေသည့်အရာ မရှိနေခြင်း ဖြစ်၏။ ကူးတို့ဝါးနှင့် အဆင့်တူ ရတနာမျိုးပင် မရှိချေ။ အကောင်းဆုံးပစ္စည်းမှာ တိုက်ခိုက်ရေး မှော်ရတနာ ဖြစ်၏။ ထိုမှော်ရတနာက ခွန်းယွင်အတွက် အသုံးဝင်သော်လည်း မိုဝူကျိက မျက်လုံးထဲပင် မထည့်ပေ။
မဟုတ်သေးပါဘူး … ခွန်းယွင်က ဒီနေရာကို ပြန်လာဖို့ အရမ်းအားစိုက်ထုတ်ထားတာ … သေချာပေါက် ရိုးရှင်းမှာတော့ မဟုတ်ဘူး ….
ဤတစ်ကြိမ်၌ မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။ မကြာခင် သူက အနီရောင်အလင်းကို မြင်တွေ့လိုက်ရသည်။
မိုဝူကျိက ချက်ချင်းဆိုသလို အံ့ဩသွားမိသည်။ သူက သဘာဝအတားအဆီး ချိတ်ပိတ်မှုတစ်ခုကို မြင်လိုက်ရသည်။ သူက အစီအရင်တာအို၊ အတားအဆီးနှင့် အဆောင်တာအိုတို့ကို လေ့လာခဲ့သည်။ သူက သဘာဝ အတားအဆီးသည် မည်မျှ ရှားပါးကြောင်း သိထား၏။ သဘာဝ အတားအဆီးများနှင့် သဘာဝအစီအရင်သည် မတူပေ။ သဘာဝ အစီအရင်သည် မကြာခဏ မြင်တွေ့ရသော်လည်း သဘာဝအတားအဆီးမှာ ပို၍ ရှားပါးပေသည်။
ထို့အပြင် ဤသဘာဝ အတားအဆီးတွင် ဖန်ဆင်းမှု တာအိုအငွေ့အသက်များ ပါဝင်နေသည်။ ဤတာအိုအငွေ့အသက်သည် ပတ်ဝန်းကျင်ထဲ ပျောက်ကွယ်သွားသောကြောင့် စိတ်စွမ်းအားသုံး၍ ရှာသည့်အခါ ဘာမှ မထူးခြားနေခြင်း ဖြစ်၏။
ထိုအနီရောင်အလင်းအပြင် ပိတ်ဆို့ထားသော သစ်သားသေတ္တာတစ်လုံးလည်း ရှိနေသည်။
သို့သော်လည်း မိုဝူကျိ၏ အာရုံက သဘာဝ အတားအဆီးအပေါ်သာ ကျရောက်နေသည်။ သူက တုံ့ဆိုင်းမနေဘဲ ထိုအရာကို ယူလိုက်သည်။
နောက်အခိုက်အတန့်လေး၌ သဘာဝအတားအဆီးသည် မိုဝူကျိ လက်ထဲ ရောက်ရှိလာသည်။ သူက ချက်ချင်းဆိုသလို ထိုအရာမှ မူလဇာစ်မြစ် အငွေ့အသက်ကို ခံစားမိလိုက်သည်။
ဤသည်မှာ ပစ္စည်းကောင်းလေး ဖြစ်ပေသည်။ မိုဝူကျိ၏ နှလုံးသားက မြူးထူးစွာ ခုန်ပေါက်လာသည်။ သူက နှစ်ခါပြန် မကြည့်နေတော့ဘဲ လူသားကမ္ဘာထဲ ကောက်ထည့်လိုက်တော့သည်။
ခွန်းယွင်က ခေါင်းပုတ်ကာ သက်ပြင်းချလိုက်၏ “ ဟူး … မင်းက တွေ့သွားတာပဲ။ ငါက အဲဒီပစ္စည်းနဲ့ ကံမစပ်ဘူး ထင်တယ်။ ငါက မီးဓာတ် သဘာဝအမြုတေ မရခဲ့ဘူးဆိုတော့ အဆင်ပြေပါတယ် …”
“ အရင်တုန်းက ဒါကြောင့် ပင်းထန်းဝါး တွေ့တဲ့ နေရာဆီ ခေါ်သွားစေချင်တာ မီးဓာတ် သဘာဝအမြုတေ လိုချင်လို့လား ” မိုဝူကျိက ခွန်းယွင်သည် ထိုဂြိုလ်ဆီ အရမ်းသွားချင်ခဲ့ကြောင်း အမှတ်ရသွားမိ၏။
ခွန်းယွင်က ခေါင်းညိတ်ကာ
“ အင်း … မင်းက မူလရှေးဦး စကြဝဠာမှာ ဖြစ်တည်လာတဲ့ မိခင်မီးတောက် စည်းမျည်းတစ်ခုကို ယူသွားခဲ့တာ။ အဲဒါက ဝိဇ္ဇာတာအိုကို အတည်ပြုနိုင်ဖို့ ကူညီပေးနိုင်တယ်။ တစ်ချိန်တည်းမှာ ဘယ်မီးတောက်မဆို ဝိဇ္ဇာမီးတောက်အဖြစ် ဆင့်ကဲပြောင်းလဲသွားစေနိုင်တယ်။ ငါက ဒိစည်းမျည်းကြောင့် အသက်ဆုံးရှုံးရမလို ဖြစ်ခဲ့ပေမဲ့ ဟူး … ”
မိုဝူကျိက မိခင်မီးတောက် စည်းမျည်း ရခဲ့ကြောင်း ကြားလိုက်ရသည့်အခါ စိတ်အခြေအနေက ပို၍ ကောင်းလာသည်။ သူက ခွန်းယွင် ပခုံးကို ပုတ်ကာ “ ညီအစ်ကိုခွန်း … ကျန်တာတွေကို သိမ်းလိုက်တော့။ ကျုပ် ဘာမှမယူတော့ဘူး။ အားလုံးက ခင်ဗျားအပိုင်ပဲ ”
နောက်ဆုံးတွင် မိုဝူကျိက ခွန်းယွင်သည် မီးဓာတ် သဘာဝအမြုတေ လိုအပ်နေသည့် အကြောင်းအရင်းကို သိသွားလေပြီ။ အကယ်၍ မီးဓာတ် သဘာဝအမြုတေက မိခင်မီးတောက် စည်းမျည်းနှင့် ပေါင်းစပ်သွားလျှင် ထိပ်တန်း မီးအမျိုးအစား ကမ္ဘာကို တည်ဆောက်နိုင်လိမ့်မည်။
ခွန်းယွင်က မိုဝူကျိသည် ကျန်သည့်အရာများ မလိုချင်ကြောင်း ကြားလိုက်ရသည့်အခါ မျက်ဝန်း၌ ပျော်ရွှင်မှုများ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်မြှောက်ကာ အရာအားလုံးကို ကမ္ဘာထဲ သိမ်းကျုံးထည့်လိုက်သည်။ ထိုသစ်သား သေတ္တာလေးလည်း အပါအဝင် ဖြစ်၏။
***