← Chapters

တက်တက်ပြောင်ခြင်း

Vol. 26 Ch. 356

တက်တက်ပြောင်ခြင်း

Vol. 26 Ch. 356

“ဘိုးဘိုးနားကန်း ကူပေးရင် ကျွန်‌တော် ပုံကြမ်းဆွဲစရာမလို‌တော့ဘူး။ နေသူရိန်ခွင်းအမြှောက်ရဲ့ တည်ဆောက်ပုံက အင်မတန် ရှုပ်ထွေးတယ်။ ဘိုးဘိုးနားကန်းသာ အဲဒီပုံကြမ်း အသက်ဝင်လာအောင် ဆွဲလိုက်ရင် တိုင်းတာရ ပိုလွယ်သွားမှာ။ သွန်းလုပ်ရတာလည်း ပိုလွယ်မယ်”

ချင်မူ စိတ်သက်သာရာရသွားသည်။

နားကန်း လပေါင်းများစွာ ပန်းချီထိုင်ရောင်းနေခဲ့သော်လည်း တစ်ကားမှ ရောင်းမထွက်ခဲ့ပေ။ ထို့နောက် ချင်မူ ရောက်လာပြီး သူ့ကို ပန်းချီတစ်ကား ကူရောင်းပေးခဲ့၍ ရရှိလိုက်သော တန်ဖိုးက သူ့တစ်သက်လုံး ရှာဖွေခဲ့သမျှထက် များပြားလေသည်။ ကောင်းကင်ပန်းချီအိမ်ရှေ့မင်းသား သက်ပြင်းချမိသွားသည်။ လူများ၏ စိတ်နှလုံးကား ယခင်တုန်းကလို မဟုတ်တော့ပေ။

အဝတ်အစား၊ အစားအသောက်နှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိတော့လေရာ သူ့အနေဖြင့် နန်းတွင်းကောလိပ်တွင် ကူညီပေးရန် တောင်းဆိုနေသော ချင်မူ့ကို ငြင်းစရာအကြောင်းလည်း မရှိပေ။

ချင်မူ ပြန်ရောက်သောအခါ အနားယူရန် မတွေး။ သင်္ချာပညာရှင်အားလုံးကို တမုဟုတ်ချင်း စုဝေးပြီး တာဝန်ကိုယ်စီ ပေးအပ်လိုက်သည်။

ကျောက်စိမ်းမြို့တော်ငယ်၏ ရသေ့ကြီးချင်းယို၊ ရုံဟယ်နှင့် ရုံယွင်၊ တာအိုဂိုဏ်း၏ တာအိုသခင်လင်းရွှမ်နှင့် တာအိုရသေ့ဆယ်ဦး၊ နန်းတွင်းကောလိပ်၏ သင်္ချာပညာရှင်များ၊ နန်းတွင်းမှ ဗိသုကာဆောင်၊ ‌ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် ရွာလူကြီးတို့အပါအဝင် လူအင်အားအယောက်နှစ်ဆယ့်ခြောက်ယောက် ရှိသည်။ နဂါးချီလင်လည်း ပါဝင်၏။ သူတို့က ရွှေစာအုပ်ထဲမှ ရုပ်ပုံများကို ကူးဆွဲပြီး သင်္ချာညီမျှခြင်း တည်ဆောက်ရန် တာဝန်ယူသည်။

နဂါးချီလင်၏ သင်္ချာစွမ်းရည်က တာအိုရသေ့များထက် မနိမ့်ကျပေ။ နဂါးချီလင်မှာ ကျေးဇူးတင်လွန်း၍ မျက်ရည်များကျလာ၏။ နောက်ဆုံးတော့ နှစ်သစ်ကူးညစာစားပွဲပေါ် ရောက်မည့်ဘေးမှ လွတ်မြောက်သွားပြီဖြစ်၍ အင်တိုက်အားတိုက် သင်္ချာတွက်တော့သည်။

ရွှေစာအုပ်နှင့်ပတ်သက်၍ ချင်မူ ဝင်ပါစရာမလိုတော့သည့်အတွက် နေသူရိန်ခွင်းကောင်းကင်အမြှောက်ကိုသာ အားစိုက်လိုက်သည်။

ဝမ့်မူရန်၊ မူချင်းသိုင်နှင့် လောင်ယွီတို့က တာအိုဂိုဏ်း၊ နန်းတွင်းကောလိပ်၊ ဗိသုကာဆောင်နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ သင်္ချာပညာရှင်များကို ကူညီရန် တာဝန်ပေးအပ်ခံရသည်။

နန်းတွင်းကောလိပ်၏ မှတ်တမ်းဆောင်မှ မှတ်တမ်းထိန်းအများစုက ဝင်္ကပါစွမ်းရည် မြင့်မားသူများ ဖြစ်ကြ၏။ မှော်လမ်းစဉ်ကောင်းကင်နတ်သိုင်းများတွင်လည်း ကျွမ်းကျင်ပြီး လမ်းလျှောက်နေသော စာကြည့်တိုက်များပမာ ဗဟုသုတကြွယ်ဝကြသည်။ သူတို့ကိုလည်း ချင်မူ ဖိတ်ခေါ်လိုက်သည်။

နေသူရိန်ခွင်းကောင်းကင်အမြှောက်က နေသူရိန်ခွင်းကောင်းကင်မျက်လုံးဟူသည့် မျက်လုံးကျင့်စဉ်တစ်ခု ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံက ရှာတွေ့ခဲ့၍ ကောင်းကင်မှတ်တမ်းဆောင်တွင် သိမ်းထားခဲ့ခြင်းဖြစ်ရာ ညွှန်ကြားပြသပေးဖို့ မှတ်တမ်းထိန်းများကို လိုအပ်၏။

ချင်မူ သူတို့ဆီမှ ရက်အနည်းငယ်ကြာ သင်ယူပြီးနောက် နေသူရိန်ခွင်းကောင်းကင်မျက်လုံး၏ ဝင်္ကပါဖွဲ့တည်ပုံနှင့် တည်ဆောက်ပုံကို တတ်မြောက်သွား၍ နေသူရိန်ခွင်းကောင်းကင်လက်နက်၏ တည်ဆောက်ပုံအတွက် လိုအပ်သော ဝင်္ကပါအလွှာများအဖြစ် ပြောင်းလဲလိုက်သည်။

နားကန်းက ဘေးမှ ကြည့်နေသည်။ ချင်မူ တည်ဆောက်ပုံကို ပြောင်းလဲပြီးသောအခါ နားကန်းက တမုဟုတ်ချင်း ပုံကြမ်းဆွဲသည်။

ပန်းချီနတ်ဘုရားဟု တင်စားခံရသော သူပင် ကောင်းကင်အမြှောက်၏ ပုံကြမ်းကို ရေးဆွဲရန် ငါးရက်အချိန်ယူလိုက်ရ၏။

ပုံကြမ်းဆွဲပြီးသောအခါ သူက မြို့ပြင်ထွက်၍ မြေကွက်လပ်တစ်နေရာတွင် ဖြန့်လိုက်သည်။ တမုဟုတ်ချင်း ကိုက်ပေါင်းသုံးရာမြင့်မားသော အမြှောက်ကြီးတစ်ခု ဖွဲ့တည်လာသည်။ ၎င်းက ဧကပေါင်းခြောက်ဆယ့်ခြောက်ဧကကျော် နေရာယူသွားသည်။

ကောင်းကင်အမြှောက်သည် အဝေးပစ်အမြှောက်များနှင့် မတူ။ ၎င်းတွင် အမြှောက်ပြောင်းမရှိပေ။ ဧရာမစင်မြင့်ကြီးတစ်ခုနှင့်သာ တူသည်။

အမြှောက်၏ဘေးဘက်တွင် စက်ဝိုင်းသဖွယ် ကွေးလျက် အပေါ်တက်လာသော ဘောင်နှစ်ခု ရှိသည်။ ဘောင်တစ်ခုစီ၏အပေါ်တွင် အလုံးခပ်တုတ်တုတ် ဝင်ရိုးတစ်ခုစီ ရှိ၏။

ဝင်ရိုးနှစ်ခုက အချိုးညီပြီး တစ်ခုနှင့်တစ်ခု ဆက်မနေပေ။ ဝင်ရိုး၏အဆုံးတွင် စက်ဝိုင်းခြမ်းပုံစံ ခွတစ်ခွစီ ရှိသည်။ ခွနှစ်ခုခွ၏ အကြား၌ ကိုက်နှစ်ရာ့လေးဆယ်မျှ လွတ်နေ၏။ ထိုလွတ်နေသော နေရာတွင် မီးတဟုန်းဟုန်း တောက်လျက် ဂျုန်းခနဲ ဂျုန်းခနဲ မြည်နေသော ကောင်းကင်မျက်လုံးတစ်လုံး ရှိသည်။

မျက်လုံး ပွင့်လာသောအခါ မီးတန်းတစ်တန်း တရှိန်ထိုး ပြေးထွက်သွားသည်။

ပိတ်လိုက်သောအခါ မျက်လုံးသည် လည်နေ၏။

ဤသည်မှာ ချင်မူ၏ နေသူရိန်ခွင်းကောင်းကင်မျက်လုံးဖြင့် တီထွင်ဖန်တီးထားသော နေသူရိန်ခွင်းကောင်းကင်အမြှောက် ဖြစ်သည်။

သင်္ချာပညာရှင်များက ပန်းချီပုံရိပ်၏ဘေးပတ်ပတ်လည်တွင် ဝိုင်းအုံလာကြပြီး အမြှောက်ကြီးအား စေ့စေ့စပ်စပ် ကြည့်ရှုကြသည်။ သူတို့က တိုင်းတာကြသည်၊ တွက်ချက်ကြသည်၊ ကိုယ်ထည်ကို အစိတ်အပိုင်းအသေးများအဖြစ် ခွဲပြီး တည်ဆောက်ပုံနှင့် အတိုင်းအတာများကို အမှားမပါအောင် မှတ်သားနေကြ၏။

အစိတ်အပိုင်းတစ်ခုချင်းစီ၏ ဝင်္ကပါအမှတ်အသားများကိုလည်း တိုင်းတာရန် လိုအပ်ရာ တွက်ချက်စရာ အလွန်များပြားလေသည်။

ချင်မူ၏ နေသူရိန်ခွင်းကောင်းကင်အမြှောက်ပုံစံက အသေးစိတ် ဖော်ပြမထားပေ။ သူက ကောင်းကင်အမြှောက်၏ ပင်မကိုယ်ထည်ကို တီထွင်ရေးဆွဲခဲ့သော်လည်း ထိုမျှကြီးမားသော ကောင်းကင်အမြှောက်တစ်လက်ကို တစ်ခါတည်း တည်ဆောက်ရန် ကျယ်ဝန်းသည့် ကုန်ထုတ်စက်ရုံမရှိပေ။

ထို့ကြောင့် သူ တည်ဆောက်ချင်လျှင် အစိတ်အပိုင်းအသေးများအဖြစ် ခွဲချပြီး တစ်ခုချင်းစီ သွန်းလုပ်ပြီးမှ ပြန်ဆက်ရလိမ့်မည်။

သို့အတွက် သင်္ချာပညာရှင်များစွာ လိုအပ်ခြင်းဖြစ်၏။

အကုန်လုံး အမှားမပါအောင် အတူတူတိုင်းတာ၍ တွက်ချက်နေကြသည်။ ညှိနှိုင်းဆောင်ရွက်ကြရာမှတစ်ဆင့် တစ်ဖွဲ့ထံမှ တစ်ဖွဲ့ သင်ယူစရာများလည်း ရှာတွေ့ကြသည်။

ချင်မူ ဧကရာဇ်ယန်ဖုန်းကို မြို့တော်မှ ပင့်ကာ သင်္ချာပညာရှင်များနှင့် ဆွေးနွေးရန် လျှောက်တင်လိုက်သည်။ ဧကရာဇ်ယန်ဖုန်း၏ ဒဏ်ရာများက သက်သာနေပြီဖြစ်သော်လည်း သူ၏ကောင်းကင်ရတနာများမှာ ပျက်စီးနေသေးသည့်အတွက် သိုင်းအဆင့်မှာ မူလအတိုင်း ပြန်မဖြစ်သေးပေ။ ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်နေသေးသည်။

ချင်မူနှင့် အဆိပ်ဘုရင်ငယ်က တစ်ယောက်နှင့်တစ်ယောက် ပြိုင်ရန် သူနှင့် ဧကရာဇ်အတိုင်ပင်ခံကို မြေစာပင်အဖြစ် အသုံးချခဲ့၍ ဧကရာဇ်ယန်ဖုန်းမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး ချင်မူ့ကို အခဲမကြေသေးပေ။

“အရှင်မင်းကြီး၊ ကျွန်တော် ဖိတ်ထားတဲ့ ဒီသင်္ချာပညာရှင်တွေက အရှင်မင်းကြီးရဲ့ အသုံးတော်ခံတွေ မဟုတ်ဘူးနော်။ သူတို့ အရှင်မင်းကြီး အမျက်ရှအောင် တစ်ခုခုလုပ်ရန် ကွပ်မျက်လို့မရဘူး” ချင်မူ သတိပေးလိုက်သည်။

ဧကရာဇ်ယန်ဖုန်းက ပြုံး၍ မိန့်တော်မူသည်။ “ငါကိုယ်တော်က ကွပ်မျက်ဖို့ပဲ တတ်တဲ့ မင်းတစ်ပါး မဟုတ်ပါဘူး။ မပူပါနဲ့”

စက်မှုဝန်ကြီးဌာနမှ အရာရှိများလည်း စက်မှုစံအိမ်သခင်ရှန်းယိုရှင်အတူ ရှေ့တန်းမှ ပြန်ရောက်နေကြသည်။ မြက်ခင်းလွင်ပြင်စစ်ပွဲအတွက် သူတို့ကို မလိုအပ်တော့၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြို့တော်ဆီသို့ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

“ဧကရာဇ်အတိုင်ပင်ခံက လိုလန်ရွှေနန်းတော်ကို တိုက်ခိုက်နေတုန်းပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ထွက်လာတုန်းက တိုက်ပွဲမစသေးပါဘူး” စက်မှုဝန်ကြီးဌာန၏ ဝန်မင်းက ဧကရာဇ်ယန်ဖုန်းဆီ လျှောက်တင်သည်။ “စီမံမှူးချင်က အရှင်မင်းကြီး သူ့ကို ပေးအပ်ထားတဲ့ ကုန်ထုတ်စက်ရုံငါးရုံက သေးလွန်းပြီး တစ်ရုံနဲ့တစ်ရုံ အလှမ်းဝေးလွန်းတယ်လို့ ဆိုပါတယ်။ သူက စက်ရုံတွေကို တစစီ ဖြိုပြီး မြစ်ကမ်းဘေးမှာ ကုန်ထုတ်စက်ရုံအသစ် ဆောက်ဖို့ ပြင်နေပါတယ်”

“ငါကိုယ်တော်ရဲ့ ကုန်ထုတ်စက်ရုံငါးရုံကို တစစီ ဖြိုပစ်မယ်တဲ့လား။ တကယ့် ရွှေအစစ်၊ ငွေအစစ်နဲ့ တည်ဆောက်ထားတာတွေ မဟုတ်ပေလား။ စီမံမှူးချင်က သူ့ဘဏ္ဍာမဟုတ်တိုင်း သုံးဖြုန်းနေတာပဲ။ ခေါင်းဖြတ်ပစ်” ဧကရာဇ်ယန်ဖုန်း ဒေါသထွက်သွားသည်။

“အရှင်မင်းကြီး မေ့သွားတော်မူပြီလား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ထုတ်စက်ရုံတွေကို စီမံမှူးချင်က တီထွင်ရေးဆွဲပြီး အဆင့်မြှင့်တင်ထားတာပါ” စက်မှုဝန်ကြီးဌာန၏ ဝန်မင်းက ပြောလိုက်သည်။

ဧကရာဇ်ယန်ဖုန်း၏အမူအရာ ပျော့ပျောင်းသွား၏။ “သူက အမှန်တကယ် အားကိုးရတဲ့ အရာရှိမင်းတစ်ယောက်ပဲ။ ခေါင်းဖြတ်ဖို့ မှတ်ထားလိုက်”

တခဏကြာ‌သော် ချင်မူက လေသင်္ဘောများဖြင့် ကုန်ထုတ်စက်ရုံအပိုင်းအစများကို သယ်၍ ရွှံ့မြစ်ဘေးသို့ ရွှေ့လိုက်သည်။ လင်ယွိရှို့၏ ဦးဆောင်ကွပ်ကဲနိုင်စွမ်းက မညံ့သည့်အတွက် ချင်မူ သူမကို ခေါ်ကာ ကုန်စက်စက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းအား ညွှန်ကြားကြီးကြပ်စေလိုက်သည်။

ထို့နောက် ဘဏ္ဍာတိုက်မှ ရှားပါးသောရတနာများနှင့် ကေင်းကင်သတ္ထုများကို ကုန်ထုတ်စက်ရုံအသစ်ဆီ ရွှေ့ခိုင်းသည်။

ဧကရာဇ်ယန်ဖုန်းက သင်္ချာပညာရှင်များကို ဦးဆောင်ညွှန်ကြားရင်း အလုပ်များနေသည့်အတွက် ဘဏ္ဍာတိုက်မှ ရတနာများအား မ,သွားသည်ကို အာရုံမရှိလိုက်ပေ။

ဆယ်ရက်ကြာသောအခါ နေသူရိန်ခွင်းကောင်းကင်အမြှောက်နှင့် ပတ်သက်သည့် တွက်ချက်မှုအားလုံး ပြီးမြောက်သွား၏။ သင်္ချာပညာရှင်အားလုံးက သူတို့၏ချီစွမ်းအင်များဖြင့် တွက်ချက်ထားသော အစိတ်အပိုင်းများကို ဖွဲ့တည်လိုက်ကြသည်။ ထို့နောက် အစိတ်အပိုင်းများကို အမှားမပါအောင် အသေအချာ ဆက်လိုက်ရာတွင် ပြီးပြည့်စုံသော နေသူရိန်ခွင်းအမြှောက်တစ်လက်၏ ပုံစံပေါ်လာ၏။

အနီးနားတွင် ချင်မူက ဘဏ္ဍာတိုက်တစ်တိုက်လုံးနီးပါး အပြောင်သုံးပြီးသည့်အပြင် အင်ပါယာအနားပတ်ဝန်းကျင်ရှိ သတ္တုတွင်းများမှ မဟူရာရွှေ၊ မဟူရာသံနှင့် မဟူရာကြေးမည်းတချို့ကိုပင် တောင်းဆိုသေးသည်။ ကုန်ထုတ်စက်ရုံအပြင်၌ သတ္တုမျိုးစုံ တောင်လိုပုံနေတော့သည်။

ကုန်ထုတ်စက်ရုံအသစ် တည်ဆောက်ပြီးသည့်အခါ ချင်မူ တီထွင်ထားသော ဆေးမီးဖိုအသစ်များက ပို၍ပင်အားကောင်းသော မီးပြင်းအားကို ထောက်ပံပေး၏။ ဧရာမယန္တရားစက်ရုပ်ကြီးများက မဟူရာရွှေ၊ မဟူရာသံတို့ကို ထုရိုက်၍ ရွှေ၊ ငွေ၊ သံနှင့် ကြေးတို့ကို အစီအစဉ်တကျ သွန်းလုပ်နေကြသည်။

ဧကရာဇ်ယန်ဖုန်း သတိရလိုက်၍ စက်မှုဝန်ကြီးဌာန၏ ဝန်မင်းကို ဆင့်ခေါ်လိုက်သည်။ “မောင်မင်း ငါကိုယ်တော်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဘာတွေကျန်သေးလဲ”

စက်မှုဝန်ကြီးဌာန၏ ဝန်မင်း ဖြေရခက်သွားသည်။ “အရှင်မင်းကြီး၊ မသိုဝှက်ဘဲ လျှောက်တင်ရရင် ဘာမှမကျန်တော့ပါဘူး။ စီမံမှူးချင်ကြောင့် ဘဏ္ဍာတိုက်ထဲက ရတနာအားလုံးနီးပါး တက်တက်ပြောင်သွားပါပြီ”

ဧကရာဇ်ယန်ဖုန်း ကုန်ထုတ်စက်ရုံအသစ်ဆီ ကြွသောအခါ စက်ရုံတစ်ရုံလုံး တရုံးရုံး အလုပ်များနေသည်ကို တွေ့မြင်တော်မူရသည်။ ယန္တရားအသစ်များ အသက်ဝင်နေကြပြီး ဆေးမီးဖိုများက တဟုန်းဟုန်းတောက်နေကြ၏။ အရွယ်အစားစုံလင်သော သတ္ထုအရည်ကျိုစက်များကလည်း အငွေ့တထောင်း‌ထောင်းဖြင့် တရှိန်းရှိန်း အပူဟပ်နေကြသည်။

“ကုန်ထုတ်စက်ရုံအသစ်ကြောင့် ကုန်သွားတဲ့ ဆေးစွမ်းအင်ကျောက်တုံးပမာဏက အလယ်အလတ်စစ်ပွဲတစ်ပွဲရဲ့ တစ်ရက်စာ ဆေးစွမ်းအင်ကျောက်တုံးပမာဏနဲ့ ညီမျှပါတယ်” စက်မှုဝန်ကြီးဌာန၏ ဝန်မင်းက ရှင်းပြသည်။

“စီမံမှူးချင်က ကောင်းကင်အမြှောက်ရဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်လာမယ့် အားအပြင်းဆုံးဆေးမီးဖို ၅၆ လုံးကိုလည်း တီထွင်ရေးဆွဲထားပါတယ်။ ကောင်းကင်အမြှောက်တစ်ချက် ပစ်ရင် ကုန်ကျမယ့် ဆေးစွမ်းအင်ကျောက်တုံးပမာဏက ဧကရာဇ်အတိုင်ပင်ခံ မန်သီလူရိုင်းနယ်မြေကို ချေမှုန်းဖို့ ယူသွားတဲ့ ဆေးစွမ်းအင်ကျောက်တုံးပမာဏနဲ့ အတူတူပါပဲ”

ဧကရာဇ်ယန်ဖုန်း မှင်သက်သွားသည်။ အတန်ကြာသော် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကုန်နေတာက သူ့ငွေတွေမှ မဟုတ်တာ။ စီမံမှူးချင် ဘယ်ရောက်သွားလဲ။ ငါကိုယ်တော်ရဲ့ငွေကို သုံးရတာ ပျော်လား မေးချင်မိတယ်”

“စီမံမှူးချင်က မင်းသမီးလေးကို အရက်သောက်ဖို့ ခေါ်သွားပါတယ်”

စက်မှုဝန်ကြီးဌာန၏ ဝန်မင်းက အရိပ်အခြည်ကြည့်ကာ လျှောက်တင်သည်။ “သူ အရက်တိုက်မယ်ပြောထားတဲ့ လူက စောင့်နေတာ အတော်ကြာပြီတဲ့။ ဒီမှာလည်း လုပ်စရာသိပ်မရှိတော့ အဲဒီလူအပေါ် အကြွေးမတင်တော့‌အောင် အရက်သွားတိုက်တာ ကောင်းမယ်လို့ ပြောပါတယ်။ မင်းသမီးလေး ကြားသွားတော့ စီမံမှူးချင်နောက် လိုက်သွားတာပါ။ မြေခွေးလေးတစ်ကောင်လည်း ပါသွားသေးတယ်။ စီမံမှူးချင်က သူ့မှာ တိုက်စရာ ဝိုင်ကောင်းကောင်းမရှိဘူးပြောလို့ မင်းသမီးလေးက နန်းတွင်းကို လက်ဆောင်အဖြစ် ဆက်သထားတဲ့ ဝိုင်တစ်ပုလင်း ယူသွားတော်မူပါတယ်”

ဧကရာဇ်ယန်ဖုန်း ဒေါကန်သွားသည်။ “စီမံမှူးချင်က အရှင်မင်းကြီး ကြွလာပါဦးဆိုလို့ ငါကိုယ်‌တော် ရေးကြီးသုတ်ပျာနဲ့ ရောက်လာရတယ်။ အခုတော့ သူ ဘာလုပ်နေလဲ ကြည့်စမ်း။ ဝိုင်သောက်ဖို့ ထွက်သွားတယ်တဲ့။ ရိုးရိုးတန်းတန်း ဝိုင်တောင် မဟုတ်ဘူး ငါကိုယ်တော်ရဲ့ဝိုင်။ ငါ့သမီးတော်ကိုတောင် သူနဲ့အတူတူ သောက်စားပျော်ပါးဖို့ ခေါ်ထုတ်သွားသေးတယ်။ ခေါင်းဖြတ်ပစ်”

ဝန်မင်းက ကပျာကယာ လျှောက်တင်သည်။ “အရှင်မင်းကြီး၊ နေသူရိန်ခွင်းအမြှောက်က အခုထိ မပြီးသေးပါဘူး”

ဧကရာဇ်ယန်ဖုန်း ဒေါသပြေသွားသည်။ “ဒါဆိုလည်း ခေါင်းဖြတ်ဖို့ ချမှတ်ထား”

“စီမံမှူးချင်က လစာတွေ နောက်မကျပါစေနဲ့လို့ လျှောက်တင်ထားပါတယ်။ စာရင်းတောင် ရေးပြီးသွားပါပြီ။ အရှင်မင်းကြီး တစ်ချက်လောက် ကြည့်တော်မူပါ”

ဧကရာဇ်ယန်ဖုန်း တစ်ချက်ကြည့်ပြီး ဒေါသထွက်လာပြန်သည်။ “ဒီလောက်အများကြီးလား။ ငါ့ဘဏ္ဍာတိုက်က သူ့ကြောင့် တက်တက်ပြောင်နေပြီလေ။ ဘယ်ကနေ ငွေသွားရှာရမှာတုန်း။ ခေါင်းဖြတ်ပစ်”

“အရှင်မင်းကြီး၊ မန်သီလူရိုင်းနယ်မြေကို သိမ်းပိုက်ပြီးပါပြီ။ ဝံပုလွေအသိုက်နယ်မြေကိုလည်း ကျူးကျော်စစ်ဆင်နေပြီဆိုတော့ မကြာခင် ဘဏ္ဍာတွေ ပြန်ပြည့်တော်မူတော့မှာပါ” ဝန်မင်းလည်း ကပျာကယာ လျှောက်တင်ရပြန်သည်။

ဧကရာဇ်ယန်ဖုန်းက ဒေါသထွက်နေရာမှ ဝမ်းသာသွားပြီး ပြုံးလိုက်သည်။ “ကောင်းပြီ။ စီမံမှူးချင်ကို ခေါင်းဖြတ်ဖို့ ချမှတ်ထားလိုက်။ ဒီကောင်းကင်အလုပ်သမားတွေကို ငါကိုယ်တော် မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး။ ငွေရတာနဲ့ လခပေးရမယ်။ မြောက်ပိုင်းနယ်စပ်က ဘာသတင်းထူးသေးလဲ”

“အရှင်မင်းကြီး၊ သနင်္ဂဗျူဟာစစ်သူကြီးထံမှ အောင်ပွဲရရှိကြောင်း အစီရင်ခံစာရောက်ရှိထားပါတယ်။ ဝံပုလွေအသိုက်နယ်မြေဘုရင်ရဲ့ နန်းတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လို့ ဘုရင်က လက်နက်ချသွားပြီးပါပြီ။ သနင်္ဂဗျူဟာစစ်သူကြီးက ဝံပုလွေအသိုက်နယ်မြေကို ‌စောင့်ကြပ်ဖို့ ကျန်ခဲ့ပြီး အိမ်ရှေ့မင်းသားက ဝံပုလွေအသိုက်ဘုရင်ကို မြို့တော်ဆီ ခေါ်လာနေပါတယ်။ ဒီနေ့ မဟုတ်ရင် မနက်ဖြန် ရောက်ပါလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်း ခေါင်းညိတ်၍ ပြုံးလိုက်သည်။ “ယွိရှုက သူ့နောင်တော်ထက်ပိုပြီး စိတ်ချရတယ်”

“စီမံမှူးချင်...”

ဧကရာဇ်ယန်ဖုန်း လက်ကာလိုက်သည်။ “သူ့အကြောင်းမပြောနဲ့။ တခြားအကြောင်းပြော”

“ပါမောက္ခချုပ် ကူလင်းနွမ်က ဘဏ္ဍာရေးဌာနကို လစာ ကြိုထုတ်ချင်တဲ့အကြောင်း တင်ပြထားပါတယ်...”

“ပေးစရာမရှိဘူး” ဧကရာဇ်ယန်ဖုန်း သရော်တော်တော် ပြောလိုက်သည်။ “ပါမောက္ခချုပ် ကူလင်းနွမ်က သူ့အတွက်သူပဲ သိတတ်တာပဲလေ။ ဘယ်လိုလုပ် မွဲနေနိုင်မှာလဲ”

“သခင်ကြီးကူ တကယ် မွဲနေတာပါ အရှင်မင်းကြီး” စက်မှုဝန်မင်းက ပြုံးလိုက်သည်။ “သူ့ပိုင်ဆိုင်မှုတွေအားလုံး အိမ်ရှေ့စံဓားအတွက် ကုန်သွားပါတယ်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ‌ကောင်းကင်နတ်မယ်က သူ့ဓားကို လာပြပြီး ပြန်လိုချင်လား မေးတယ်တဲ့။ အဲ့ဒါနဲ့ သခင်ကြီးကူ တက်တက်ပြောင်သွားတာ။ ဒါ့အပြင် ကောင်းကင်အမြှောက်ရဲ့ ပုံကြမ်းရေးဆွဲတာနဲ့ တိုင်းတာတဲ့နေရာမှာ ဝင်ကူညီပေးထားရလို့ လစာကြိုလိုချင်နေတာပါလို့ ပြောပါတယ်”

ဧကရာဇ်ယန်ဖန်း ဇဝေဇဝါဖြစ်သွားသည်။ “အိမ်ရှေ့မင်းသားဓားက စီမံမှူးချင်ဆီမှာ မဟုတ်ပေဘူးလား။ ဘယ်နှယ့်ကြောင့် ကောင်းကင်နယ်မယ်လက်ထဲ ရောက်သွားတာလဲ... မင်း သူ့အကြောင်း ပြောပြန်ပြီ။ မင့်ခေါင်းဖြတ်ပစ်။ ငါကိုယ်တော်လည်း မွဲနေတဲ့အပြင် အင်ပါယာတစ်ခုလည်း မွဲနေပြီ။ ငွေကို ရှာရမလဲ။ မောင်မင်းတို့အားလုံးက ကိုယ်တော့်ဆီက ငွေလိုချင်နေကြတယ်။ ကိုယ်တော်လည်း နန်းတွင်းထဲက ရောင်းလို့ရတဲ့ ပစ္စည်းမှန်သမျှ ရောင်းချပြီးသွားပြီ။ နဂါးဝတ်ရုံနဲ့ နဂါးပင်လယ် ကျန်တော့တာ။ ‌ရောင်းစရာ ဘာမှကို မကျန်တော့ဘူးကွ”

ဝန်မင်းက ပြုံးကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ မြက်ခင်းလွင်ပြင်နှင့် နှင်းတောင်တန်းတွေကို သိမ်းပိုက်ပြီးတာနဲ့ ဘဏ္ဍာတိုက်က ပြန်ပြည့်သွားမှာပါ။ ဒါ့အပြင် စီမံမှူးချင်က ကုန်ထုတ်စက်ရုံတွေကို အဆင့်မြှင့်ပေးနေတာဆိုတော့ လေသင်္ဘောတွေ ၊ ယန္တရားတွေ သွန်းလုပ်ပြီး ကုန်သည်တွေဆီ ရောင်းချရင် ငွေတွေက ရေလို ဝင်လာလိမ့်မှာပါ..”

ဧကရာဇ်ယန်ဖုန်း သက်ပြင်းချလိုက်သည်။ “မောင်မင်းနဲ့ စီမံမှူးချင်ကို ခေါင်းဖြတ်ဖို့ မှတ်ထားလိုက်။ စီမံမှူးချင်က ငါကိုယ်တော်ရဲ့ အဖိုးတန်သမီးတော်လေးကို ခေါ်ပြီး ဘယ်သူနဲ့ အရက်သွားသောက်တာပါလိမ့်”

All Chapters