လောကသခင်ခန္ဓာ အစစ်နှင့် အတု
Vol. 26 Ch. 357
“သခင်လေးရှု နန်းတွင်းက ဝိုင်ကို သောက်ဖူးလား”
မိုးသံနားဆင်စံအိမ်ထဲတွင် ချင်မူ ရှုရှန်းဟွာအတွက် ဝိုင်တချို့ ငှဲ့ပေးနေသည်။ ကြည့်မိသူတိုင်းကို တစ်ရစ်ချင်း ဆွဲဆောင်ညှို့ငင်နိုင်သည့် မိန်းမငယ်လေးများက တူရိယာများကို တီးမှုတ်၍ သံစဉ်အတိုင်း လိုက်ပါစီးမျောကာ ကခုန်နေကြသည်။
ချင်မူ ပြုံးလိုက်သည်။ “ဒါက ဆဋ္ဌမမင်းသမီး ယူလာတဲ့ နန်းတွင်းဝိုင်ပါ။ ကျွန်တော်က ဝိုင်သိပ်မသောက်တော့ ကောင်းလား၊ ဆိုးလား မသိဘူး။ အရသာ ဘယ်လိုနေပါလဲ”
ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ထားသော လင်ယွိရှို့က မျက်ဝန်းလှလှလေးများဖြင့် ဟိုဟိုသည်သည် အကဲခတ်နေသည်။ ‘နွားကျောင်းတဲ့ကောင်လေးက ငါ့ကို ပြည့်တန်ဆာအိမ်ကို ခေါ်လာတယ်။ ဒီအကြောင်း ခမည်းတော် နားထဲ ရောက်သွားလို့ကတော့ သူ့ကို သေချာပေါက် ခေါင်းဖြတ်ပစ်မှာ။ ဒီနေရာက မြို့တော်မှာ နာမည်အကျော်ကြားဆုံး မိုးသံနားဆင်စံအိမ်ပဲ... ဒါပေမဲ့ သူများတွေပြောသလို ပြည့်တန်ဆာအိမ်နဲ့လည်း မတူဘူး”
ဟူလင်းအာက မိုးသံနားဆင်စံအိမ်၏ မိန်းကလေးများနှင့် ရင်းနှီးနေသည့်အတွက် အတင်းတုပ်ရန် ထွက်သွားလေသည်။
ရှုရှန်းဟွာက လှပပျိုမြစ်သော မိန်းကလေးများ ဝိုင်းနေသည့်တိုင် တိမ်းမောယစ်မူးနေပုံမပေါ်ဘဲ ဝိုင်ကို အရသာခံသောက်နေသည်။ “နန်းတွင်းဝိုင်က ကောင်းပေမယ့်လို့ ကျွန်တော်တို့ အထက်ကောင်းကင်ဘုံရဲ့ ဝိုင်ကို မယှဉ်နိုင်သေးဘူး။ ကြည့်ရတာ နှပ်ထားတဲ့အချိန်က သိပ်မကြာသေးတာ ဖြစ်မယ်။ ဂိုဏ်းသခင်ချင် ဒီဝိုင်မသောက်ခင် ကျွန်တော်တို့အထက်ကောင်းကင်ဘုံက ဝိုင်ကို သောက်ဖူးလို့ကတော့ သေချာပေါက် အရသာကွဲတာကို ခံစားရမှာပဲ”
လင်ယွိရှို့က ချင်မူ့အရှေ့ရှိ လူငယ်ကို အကဲခတ်နေသည်။ ရှုရှန်းဟွာသည် ကျောက်စိမ်းသားကဲ့သို့ လှပချောမော၏။ လူသားဟုပင် ထင်ရက်စရာ မရှိပေ။
သူ၏သွင်ပြင်၊ ဝတ်ပုံစားပုံ၊ အပြုအမူများနှင့် စကားလုံးများတွင်ပင် ထောက်ပြစရာ ပြစ်ချက်ဟူ၍ မရှိပေ။
အခြားတစ်ဖက်တွင် သူ့အရှေ့၌ ထိုင်နေသော ချင်မူ့တွင်တော့ ပြစ်ချက်သေးသေးလေးများ အမြောက်အမြား ရှိသည်။
သူ၏သွင်ပြင်က သိပ်လှပချောမောခြင်းမရှိ။ ကြည့်ရမဆိုးသော်လည်း ရှုရှန်းဟွာနှင့် မယှဉ်နိုင်ပေ။ ချင်မူ့သွင်ပြင်က တောင့်တင်းကြံ့ခိုင်သောပုံစံ ရှိပြီး အားအင်တို့ ပြည့်နေသည်ဟု ခံစားရစေသည်။ အလုပ်များလွန်း၍ တစ်ရေးမှ မအိပ်ရသေးသော်လည်း သူကား တက်ကြွလန်းဆန်းနေသေး၏။
အခြားတစ်ဖက်တွင် ရှုရှန်းဟွာက ဣန္ဒြေသိက္ခာအပြည့်ဖြင့် တည်ငြိမ်သည်။ မိုးကောင်းကင် ပြိုကျလျှင်ပင် သူ့နှလုံးသားက ရေပြင်ပမာ တည်ငြိမ်နေဆဲရှိမည့် ပုံရသည်။
ချင်မူက တစ်ခါတရံ အလွန်နှိမ့်ချတတ်သော်လည်း တစ်ခါတရံ အလွန်ဝင့်ကြွားတတ်သည်။ သူ့စိတ်ရင်းက ကြင်နာတတ်သော်လည်း ဉာဏ်များ၏။ တစ်ခါတရံ တုံးအသော်လည်း တစ်ခါတရံ နွေဦးရာသီတွင် ပန်းပွင့်လေးများ ပွင့်လန်းလာသကဲ့သို့ ရင်ခုန်သံများ ပေါက်ဖွားလာစေတတ်သည်။
ချင်မူသည် လုပ်ငန်းတာဝန်များကို စေ့စေ့ပေါက်ပေါက် ဂရုတစိုက် လုပ်တတ်သည့်အခါများလည်း ရှိသလို၊ အားအဟုန်ဖြင့် အကြမ်းပတမ်း လောလုပ်တတ်သည့်အခါများ ရှိ၏။ မကြာခဏ ပြဿနာလည်း ရှာတတ်သည်။
တစ်ခါတရံ အလွန်ဉာဏ်ကောင်းသော်လည်း တစ်ခါတရံ ဒေါသတကြီး အံကြိတ်မိရသည်အထိ တုံးအလွန်းသည်။
သို့ရာတွင် ရှုရှန်းဟွာကတော့ ဤသို့မဟုတ်။ ပြစ်ချက်ကင်းသော လူတစ်ယောက်ဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လှပချောမောသည်ဟု ချီးမွန်းတတ်လေ့မရှိသော်လည်း ရှုရှန်းဟွာကတော့ အမှန်တကယ် မိန်းကလေးရှုံးလောက်အောင် လှပချောမောလွန်းသည်။
သူက ရန်သူနှင့်ဖြစ်စေ၊ မိတ်ဆွေနှင့်ဖြစ်စေ မတုန်လှုပ်သောရေပြင်ပမာ တည်ငြိမ်နေသူ ဖြစ်သည်။
‘သူနဲ့ပတ်သက်ပြီး စစ်မှန်တယ်လို့ ခံစားရတာလည်း မရှိဘူး။ လမ်းလျှောက်နေတဲ့ ကျောက်ရုပ်ကြီးအတိုင်းပဲ’
လင်ယွိရှို့ သူ့အနောက်ရှိ မိန်းကလေးနှစ်ယောက်ကို ကြည့်ကာ ကရုဏာသက်မိသည်။ ရှုရှန်းဟွာကို ကြည့်နေသော သူတို့၏မျက်ဝန်းများက စူးရဲရွှန်းလဲ့နေ၍ သူ့အပေါ် ခံစားချက်ရှိနေကြမှန်း သိသာသော်လည်း မတန်ရာကို မှန်းနေသကဲ့သို့ ဖြစ်နေသည်။
ရှုရှန်းဟွာလို လူတစ်ယောက်က သူတို့ကို မည်သည်နည်းနှင့်မျှ ပြန်သဘောကျမည်မဟုတ်ပေ။ သဘောကျလျှင်တောင်မှ သူတို့ကိုယ်တိုင်က မပြည့်စုံသည့်အတွက် သူ့အချစ်ကို လက်ခံဝံ့ကြမည်မဟုတ်။ သူတို့ အမြဲသိမ်ငယ်နေရလိမ့်မည်။
ဤအချစ်မျိုးက ရေရှည်ခံမည်မဟုတ်ပေ။ ယုတ္တိမကျသော အိပ်မက်တစ်ခုသဖွယ်သာ ဖြစ်လိမ့်မည်။
“ကျွန်တော်တို့ စစချင်း တွေ့တုန်းက နောင်တော်နဲ့ ကျွန်တော် ရန်သူတွေ ဖြစ်လာမယ် မထင်ထားခဲ့ဘူး” ချင်မူ ဝိုင်ခွက်ကို ချကာ ပြောလိုက်သည်။ “နောက်ပိုင်း သိလိုက်ရတော့ သိပ်ဝမ်းနည်းမိသွားတယ်။ ဒါပေမဲ့လည်း အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် နောင်တော့်လို ရန်သူတစ်ယောက် ရှိဖို့ လိုနေတာ”
သူက ပြုံးလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ နောင်တော်နဲ့ ကျွန်တော့်လို ထူးချွန်ထက်မြက်တဲ့လူတွေ သိပ်မရှိဘူး။ မိတ်ဆွေလုပ်နေရင် ပျင်းစရာကောင်းသွားမှာပေါ့”
လင်ယွိရှို့က သူ့ကို လက်တို့၍ ခပ်တိုးတိုး သတိပေးလိုက်သည်။ “နွားကျောင်းသား နှိမ့်ချတတ်စမ်းပါ...”
ချင်မူ ပြုံးကာ ပြောလိုက်သည်။ “ငါ အမှန်ကိုပဲ ပြောနေတာပါဟ”
ရှုရှန်းဟွာနောက်ရှိ ယွီလျုတ်က ပြုံးလိုက်၏။ “လူသားဧကရာဇ်က တကယ် မနှိမ့်ချတတ်ဘူးပဲ။ အထက်ကောင်းကင်ဘုံဆိုတာ လူ့ပြည်မဟုတ်ဘူး။ အထက်ကောင်းကင်ဘုံရဲ့ ရှုရှန်းဟွာက လူသားဧကရာဇ်လို လူသားတစ်ယောက်မှ မဟုတ်တာ၊ လူသားဧကရာဇ်က သခင်လေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ရှုရှန်းဟွာ ခေါင်းယမ်းကာ ပြောလိုက်သည်။ “လူသားဧကရာဇ်ပြောတာ မှန်တယ်။ အထက်ကောင်းကင်ဘုံကို နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် တိုက်ခိုက်ခဲ့တဲ့ လူသားဧကရာဇ်ခန်းမရဲ့ ဆက်ခံသူအနေနဲ့ ငါ့ကို ဘာကြောင့် မယှဉ်နိုင်ရမှာလဲ။ နင် သူ့ကို စော်ကားတာဟာ ငါ့ကို စော်ကားတာနဲ့ အတူတူပဲ”
ယွီလျုတ် မျက်နှာရဲသွားသည်။
“လူသားဧကရာဇ်အသစ်ကို ရှင်းပစ်ဖို့ တောင်အောက်ဆင်းလာပေမယ့် နောင်တော်ချင်နဲ့ တွေ့တုန်းက တာအိုဂိုဏ်းရဲ့ တောက်ကျစ်မှတ်နေတာ။ ကျွန်တော် ရှာနေတဲ့ လူသားဧကရာဇ်ဖြစ်နေမယ် မထင်မိခဲ့ဘူး။ နောက်ပိုင်းမှ အခွင့်အရေးနဲ့ လွဲချော်သွားမှန်း သိလိုက်ရတယ်။ လူ့ပြည်ကို ဆင်းလာတဲ့အတောအတွင်း လက်ရှိမျိုးဆက်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တွေနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နဲ့တောင် ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ကျွန်တော့်မျှော်လင့်ချက်တွေနဲ့ မကိုက်ညီခဲ့ဘူး။ ပြန်စဉ်းစားကြည့်တော့ နောင်တော်ချင်က ကျွန်တော့်ကို အံ့အားအသင့်စေခဲ့ဆုံးပဲ” ရှုရှန်းဟွာက ပြောသည်။
ချင်မူ သူ့အတွက် ဝိုင်ငှဲ့ပေးကာ ပြုံးလိုက်၏။ “ကျွန်တော် နောင်တော့်ကို အရက်တစ်ခွက်တိုက်မယ်လို့ ကတိပေးခဲ့တယ်။ ဒါပြီးရင်တော့ ကျွန်တော်ကပဲ နောင်တော့်ကို သေအောင် ရိုက်သတ်ရိုက်သတ်၊ နောင်တော်ကပဲ ကျွန်တော့်ကို သေအောင် ရိုက်သတ်ရိုက်သတ် နောင်တရစရာမရှိတော့ဘူး”
ရှုရှန်းဟွာ ဝိုင်ခွက်ကို မြှောက်၍ ချင်မူနှင့် ခွက်ချင်းတိုက်ကာ နှစ်ယောက်သား တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ချင်မူက သက်ပြင်းချသည်။ “လောကသခင်ခန္ဓာတွေပဲဆိုပေမယ့် အစစ်နဲ့ အတုကြားမှာ ကွာခြားချက်တွေ ရှိသေးတယ်။ နောင်တော် ကျွန်တော့်ကို ရှာတွေ့တာက တိုက်ဆိုင်ရုံသက်သက် မဟုတ်ဘူး။ အစစ်နဲ့ အတုကြားက ပတ်သက်မှုကြောင့်ပဲ။ နောင်တော်နဲ့ ကျွန်တော်က မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်ရမယ့် ကံကို ပါနေပြီးသား “
“လောကသခင်ခန္ဓာတဲ့လား” ရှုရှန်းဟွာ ဆွံ့အတွေဝေသွားသည်။
“နောင်တော်ရှု လောကသခင်ခန္ဓာအကြောင်း မသိဘူးပေါ့” ချင်မူက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြုံးလိုက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာအစစ်၊ နောင်တော်က လောကသခင်ခန္ဓာအတု။ နောင်တော်နဲ့ ကျွန်တော့်ကြားမှာ မမြင်နိုင်တဲ့ ပတ်သက်မှုတစ်ခု ရှိနေတယ်။ နောင်တော်က အထက်ကောင်းကင်ဘုံရဲ့ တပည့်၊ ကျွန်တော်က လူသားဧကရာဇ်ရဲ့ တပည့်မလို့ သေတဲ့အထိ တိုက်ခိုက်ရမှာမဟုတ်ဘူး။ နောင်တော်နဲ့ ကျွန်တော်နှစ်ယောက်လုံးက လောကသခင်ခန္ဓာတွေ ဖြစ်နေလို့ပဲ။ နောင်တော်က လောကသခင်ခန္ဓာအတု၊ ကျွန်တော်က အစစ်မလို့၊ ကျွန်တော့်ကံတရားကို ယူပြီး လောကသခင်ခန္ဓာအစစ် ဖြစ်လာဖို့ ကျွန်တော့်ကို သတ်ရမှာ”
ရှုရှန်းဟွာ ပို၍ပင် ဆွံ့အတွေဝေသွားသည်။
“နောင်တော်ရှု မသိတာ အံ့ဩစရာတော့မဟုတ်ပါဘူး” ချင်မူ အလေးအနက် ပြောလိုက်သည်။ “လောကသခင်ခန္ဓာက လျှို့ဝှက်ချက်တစ်ခုပဲ သိတဲ့လူ များများစားစား မရှိဘူး။ ကြည့်လေ ဒီလောကမှာ အထူးချွန်ဆုံးတွေဖြစ်တဲ့ နောင်တော်နဲ့ ကျွန်တော်က အထက်ကောင်းကင်ဘုံနဲ့ လူသားဧကရာဇ်ရဲ့ တပည့်တွေကိုယ်စီ ဖြစ်လာကြတယ်။ အဲ့ဒါက တိုက်ဆိုင်တယ်ထင်လား။ တိုက်ဆိုင်တာ မဟုတ်ဘူး”
လူငယ်က လက်သီးဆုပ်၍ အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။ “ဒါက လောကသခင်ခန္ဓာတွေကြားက ကံတရားကြောင့်ပဲ”
ရှုရှန်းဟွာ ဇဝေဇဝါဖြစ်နေသည်။ အတန်ကြာသော် သူ ပြောလိုက်၏။ “ကျွန်တော်က လောကသခင်ခန္ဓာလား။ ကျွန်တော့်ဆရာ ကျောက်စိမ်းဧကရာဇ် ဒီအကြောင်း တစ်ခါမှ မပြောခဲ့ဖူးဘူး”
“လောကသခင်ခန္ဓာက အသန်မာဆုံးခန္ဓာပဲ။ နောင်တော် ပထမဆုံးတစ်ကြိမ်တည်းနဲ့ အကုန်လုံးကို လွယ်လွယ်ကူကူ မတတ်မြောက်ဘူးလား။ ကျန်တဲ့ဝိညာဉ်ခန္ဓာတွေ လေ့လာတာတောင် မစရသေးဘူး ၊ နောင်တော် ကျွမ်းကျင်သွားပြီမဟုတ်လား” ချင်မူက လေးနက်သောအမူအရာဖြင့် ပြောနေသည်။
ရှုရှန်းဟွာ ခေါင်းညိတ်ကာ တအံ့တဩ ပြောလိုက်သည်။ “ဒါဆို လောကသခင်ခန္ဓာကြောင့်ပေါ့”
“အမှန်ပဲ” ချင်မူ ဝိုင်ခွက်ကို ချကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “နောင်တော့်ရဲ့ ကျင့်စဉ်စွမ်းအင်က သူ့များတွေထက် သိပ်သည်းနေတယ်လို့ မခံစားရဘူးလား။ ကောင်းကင်နတ်သိုင်းအတူတူ သုံးတာတောင်မှ သူတို့ရဲ့ ကောင်းကင်နတ်သိုင်းက နောင်တော့်လောက် အားမကောင်းဘဲ မနေဘူးလား”
ရှုရှန်းဟွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်တော် အသက်ဆယ့်လေးနှစ်ပြည့်တော့ အထက်ကောင်းကင်ဘုံမှာ ပြိုင်ဘက်တစ်ယောက်မှ မရှိတော့ဘူး။ ကျွန်တော့်ဆရာ ကောင်းကင်ရတနာတွေကို ပိတ်လိုက်ရင်တောင် သူ့ မှော်စွမ်းအင်က ကျွန်တော့်လောက် မသိပ်သည်းဘူး”
“အဲ့ဒါ လောကသခင်ခန္ဓာပဲ” ချင်မူ ရိုးသားစွာ ပြောလိုက်၏။
ရှုရှန်းဟွာက တစ်ယောက်တည်း တီးတိုးရေရွတ်နေသည်။ “လောကသခင်ခန္ဓာ ဖြစ်နေတာပေါ့.... ဒါပေမဲ့ နောင်တော်က ဘာကြောင့်အစစ်ဖြစ်ပြီး ကျွန်တော်က အတုဖြစ်နေတာလဲ။ ဘယ်လိုကွာလို့လဲ”
သူ့အမူအရာက အလွန်လေးနက်နေသည်။
ချင်မူ သူ့အတွက် ဝိုင်ထပ်ငှဲ့ပေးကာ ပြုံးလိုက်၏။ “နောင်တော်က ကျွန်တော့်ကို မနိုင်နိုင်ဘူးလေ။ အဲ့ဒါကြောင့် လောကသခင်ခန္ဓာ ဖြစ်နေတာ။ လာ လောကသခင်ခန္ဓာအချင်းချင်း ခွက်ချင်းတိုက်ရအောင်”
နှစ်ယောက်သား တစ်ကျိုက်တည်း သောက်လိုက်ကြပြီးနောက် ရှုရှန်းဟွာက ခေါင်းခါလိုက်သည်။ “မတိုက်ကြည့်သေးဘဲ ဘယ်သူက နိုင်မယ်ရှုံးမယ် ဘယ်သိနိုင်မလဲ။ ကျွန်တော်က အစစ်ဖြစ်ပြီး နောင်တော်က အတုဖြစ်နေလောက်တာပဲ။ မမြင်ရတဲ့ကံတရားက လောကသခင်ခန္ဓာအစစ်ဖြစ်လာဖို့ နောင်တော့်ကို ဒီခေါ်လာတာလည်း ဖြစ်နိုင်တာပဲ”
ချင်မူ အံ့အားသင့်သွားပြီး ခေါင်းကုတ်ကာ ပြောလိုက်၏။ “အဲဒါလည်း ဖြစ်နိုင်ပါတယ်။ လာ လောကသခင်ခန္ဓာအစစ်အတွက် ထပ်သောက်ရအောင်”
သူ ရှုရှန်းဟွာ၏ အရှေ့သို့ ဝိုင်တစ်ခွက်တွန်းပေးပြီး သူ့အတွက်သူ တစ်ခွက်ငှဲ့ကာ ခေါင်းမော့သောက်လိုက်သည်။
ရှုရှန်းဟွာ မျက်မှောင်ကြုတ်သွားသည်။ သူ ယခင်က ဝိုင်သောက်ဖူးသော်လည်း အရသာခံပြီးလျှင် ရပ်ခဲ့သည်။ မည်သည့်အခါမှ စိတ်တိုင်းကျ မသောက်ခဲ့ဖူးပေ။ သို့သော် ချင်မူက အားရပါးရ သောက်နေရာ သူလည်း လိုက်သောက်လိုက်ရသည်။
လင်ယွိရှို့က ချင်မူ့ကို လက်တို့ပြီး သတိပေးသည်။ “နွားကျောင်းသား နင် မူးတော့မယ် မသောက်နဲ့တော့”
ချင်မူ အတန်ငယ် မူးနေပြီဖြစ်သည်။ သူက ပြုံး၍ ပြောလိုက်၏။ “လမ်းတူတဲ့ လူတစ်ယောက်ကို တွေ့ရခဲတယ်ဟ။ အမူးသောက်ရမှာပေါ့။ ငါ့ကို နန်းတွင်းကနေ ဝိုင်နည်းနည်းလောက် သွားယူပေးပါလား”
“မရှိတော့ဘူး။ ငါ ယူလာတာ နောက်ဆုံးလက်ကျန် သုံးပုလင်းပဲ။ ခမည်းတော်က ဘဏ္ဍာတိုက်ပြန်ဖြည့်ဖို့ ဝိုင်တွေအကုန် ရောင်းပစ်လိုက်တာ” လင်ယွိရှို့ ခေါင်းယမ်းပြီး ဆက်ပြောလိုက်သည်။ “ငါ့လက်ဝတ်ရတနာနဲ့ အဝတ်အစားတွေကိုတောင် ရောင်းလိုက်ရသေးတယ်”
ချင်မူ တဟားဟား ရယ်လိုက်သည်။ သူက ခွက်ကို စားပွဲပေါ် ဒုန်းခနဲ ချပြီး ထရပ်လိုက်၏။ “မူးအောင် သောက်ပြီး အမူးပြေမှ နောင်တော်ရှုနဲ့ ချကြမယ် တွေးထားတာ။ မမူးခင် ကုန်သွားမယ် မထင်ခဲ့ဘူး။ ကဲ နောင်တော် ရှု သွားကြစို့”
ရှုရှန်းဟွာလည်း ခွက်ကိုချ၍ ထရပ်လိုက်သည်။ ကျင်းယန်က သူ့အတွက် ရေစိုအဝတ်စတစ်စ ကမ်းပေးပြီး လက်နှစ်ဖက်နှင့် နှုတ်ခမ်းကို သုတ်စေ၏။ “သွားကြတာပေါ့”
နှစ်ယောက်သား ထွက်သွားကြသည်။ သွားနေရင်းတန်းလန်း ချင်မူက နောက်လှည့်ကာ အော်ပြောလိုက်၏။ “မမယွင်အာ မှတ်ထားဦးနော်”
ဖုချင်းယွင်က တခစ်ခစ် ရယ်၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်က နောက်နေပြန်ပြီ။ မိုးသံနားဆင်စံအိမ်က ဂိုဏ်းသခင်ရဲ့ ပိုင်ဆိုင်မှုပဲ ဘာကို မှတ်ထားရမှာလဲရှင်”
လင်ယွိရှို့၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။ ‘နွားကျောင်းသားက ပြည့်တန်ဆာအိမ်တောင် ဖွင့်ထားတယ်ပေါ့။ ဒီကောင်လေး ငါ့ကို ပြည့်တန်ဆာအိမ်ဆီ ဘာကြောင့်ခေါ်လာတာလဲ တွေးနေတာ။ သူဖွင့်ထားတာ ဖြစ်နေတာကိုး’
သူမ ခပ်သွက်သွက် လျှောက်လိုက်ပြီး ဟူလင်းအာက နောက်မှပြေးလိုက်လာသည်။ သူမနောက်မှ ယွီလျုတ်နှင့် ကျင်းယန်က ဖီဖာနှင့် ကျောက်စိမ်းပန်းအိုကို ကိုင်လျက် လိုက်လာ၏။
နန်းစိုက်မြို့တော်၏အပြင်မှ တဒေါင်ဒေါင် တဒင်ဒင် မြည်သံများ ထွက်ပေါ်နေသည်။ ကုန်ထုတ်စက်ရုံတွင် နေသူရိန်ခွင်းအမြှောက် သွန်းလုပ်နေသောအသံများ ဖြစ်၏။ ချင်မူနှင့် ရှုရှန်းဟွာက ဘေးချင်းယှဉ်လျက် လျှောက်နေပြီး အသံလာရာ မြို့ပြင်ဆီသို့ ထွက်လာကြသည်။
ယွီလျုတ်နှင့် ကျင်းယန်မှာ စိတ်ထဲ မသက်မသာဖြစ်နေကြသည်။ ချင်မူ့လူအားလုံး မြို့ပြင်တွင် ရှိသည့်အတွက် ထိုသိုင်းပညာရှင်များ၏ အကူအညီဖြင့် ရှုရှန်းဟွာအား ရှင်းပစ်မည်ကို သူတို့ စိုးရိမ်မိကြ၏။
ချင်မူ ရှုရှန်းဟွာကို ဦးဆောင်ခေါ်သွားပြီး မေးလိုက်သည်။ “နောင်တော်ရှု၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်လိုမြင်ပါသလဲ”
“သိပ်ထူးခြားတယ်” ရှုရှန်းဟွာက ကုန်ထုတ်စက်ရုံထဲရှိ ဆေးမီးဖိုများနှင့် ယန္တရားစက်ရုပ်ကြီးများကို ကြည့်ကာ ချီးကျူးမိလိုက်သည်။ “သိပ်ပြောင်မြောက်တဲ့ လက်ရာပဲ”
ချင်မူ သတ္တုပိုင်းတစ်ပိုင်းကို ယူ၍ အမှတ်အသားများ ရေးဆွဲလိုက်သည်။ “ဒီကောင်းကင်အမြှောက်ကို ကျွန်တော် သေသေချာချာ အချိန်ပေးထားတာ။ သင်္ချာပညာရှင်တွေကို လိုက်စုပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဘဏ္ဍာတိုက်ထဲက ရတနာတွေအကုန်လုံးနီးပါးလည်း သုံးပြီးသွားပြီ။ နှစ်လကျော်လောက်နေရင် အမြှောက်ကို သွန်းလုပ်ပြီးလိမ့်မယ်။ နောင်တော် အဲဒီအချိန်အထိ အသက်ရှင်နေသေးရင်တော့ လာကြည့်ဖြစ်အောင် ကြည့်ပါ။ ဒီကောင်းကင်အမြှောက်က အထက်ကောင်းကင်ကို သတ်ဖို့ သုံးမှာမလို့”
ရှုရှန်းဟွာ ရင်ထဲတွင် အတန်ငယ် တုန်လှုပ်သွားပြီး အမှတ်အသားများကို ဂရုတစိုက် ကြည့်ရှုလိုက်၏။ သူက လေးနက်သောအမူအရာဖြင့် တခြားအစိတ်အပိုင်းများအပေါ်ရှိ အမှတ်အသားများကိုလည်း သွားကြည့်သည်။
ချင်မူက သူ့ဘေးတွင် အေးအေးလူလူ လျှောက်လျက် လက်နောက်ပစ်ကာ စောင့်နေသည်။ သူ သူ့ဘာသာသူ တွေးနေမိ၏။ ‘တိုက်ပွဲတောင် မစသေးဘူး မင့်နှလုံးသားက နောက်ကျိသွားပြီ။ ဒါကြောင့် မင်း ရှုံးနေပြီ နောင်တော်ရှု။ မင်းက အတွေ့အကြုံသိပ်နည်းလွန်းတယ်’