← Chapters

သေသည်အထိ ပင်ပန်းခြင်း

Vol. 26 Ch. 358

သေသည်အထိ ပင်ပန်းခြင်း

Vol. 26 Ch. 358

ကျင့်စဉ်စွမ်းအင်၊ ကောင်းကင်နတ်သိုင်းများနှင့် သိုင်းကွက်များသည်သာ သေခြင်းရှင်ခြင်းတိုက်ပွဲများအပေါ် သက်ရောက်မှုရှိခြင်းမဟုတ်ပေ။ စိတ်အလျဉ်နှင့် အသိအမြင်ကလည်း သက်ရောက်မှုရှိသည်။

ဤအပိုင်းတွင် ချင်မူက အတွေ့အကြုံများ၏။

သေခြင်းရှင်ခြင်းတိုက်ပွဲမတိုင်ခင် တာအိုဂိုဏ်း၏ တာအိုရသေ့များသည် စိတ်တည်ငြိမ်အောင် အမွှေးတိုင်ထွန်း၍ ရေချိုးတတ်ကြသည်။ တချို့က သုံးရက်တိတိ တရားထိုင်ကာ နောက်ကျိနေသောအတွေးများ ရှင်းလင်းပစ်တတ်သည်။

ရှုရှန်းဟွာသည် အထက်ကောင်းကင်ဘုံတစ်ခုလုံးကို အနိုင်ယူ၍ အဆင့်တူတွင် ပြိုင်ဘက်မရှိဟု ဆိုသော်ငြား အထက်ကောင်းကင်ဘုံရှိ တိုက်ပွဲများက သေခြင်းရှင်ခြင်းတိုက်ပွဲများ မဟုတ်ပေ။

ဤအပိုင်းတွင် အတွေ့အကြုံနည်းပါး၍ သူ့အား စာရွက်ဗလာတစ်ရွက်ဟုပင် ပြောနိုင်သည်။ လူ့ပြည်က သူ့အတွက် ‘ညစ်ညမ်းသည်’ ဆိုသော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် ရှိ၏။ တာအိုသခင်လင်းရွှမ်ဖြစ်စေ၊ ပန်ကုန်းစုန်ကဲ့သို့ အဆင့်မြင့်မားသောလူတစ်ယောက်ဖြစ်စေ၊ လင်ယွိရှို့ကဲ့သို့ မင်းသမီးဖြစ်စေ၊ စစ်ယွင်ရှန်း၊ ချန်ဝမ်ယွင်ကဲ့သို့ လူငယ်သိုင်းပညာရှင်များဖြစ်စေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းကဲ့သို့ ထင်ပေါ်ကျော်ကြားသူများဖြစ်စေ အကုန်လုံး သေခြင်းရှင်ခြင်းတိုက်ပွဲများမှတစ်ဆင့် တစ်ပါးသူတို့ထက် ပိုမိုထူးချွန်လာကြသူများဖြစ်ကြသည်။

တိုက်ပွဲအတွေ့အကြုံအရာ၌ သူတို့အားလုံး ရှုရှန်းဟွာထက် မိုင်ပေါင်းများစွာ သာကြသည်။

ချင်မူသာဆိုလျှင် သေခြင်းရှင်ခြင်းတိုက်ပွဲမတိုင်ခင် ရန်သူ၏ နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို သွားရောက်ကြည့်ရှုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်ကို အတင်းအကြပ် အလုပ်လုပ်ခိုင်းရာကျ၍ ဖြစ်သည်။

နေသူရိန်ခွန်းအမြှောက်ကို တီထွင်ရန် ချင်မူ သင်္ချာပညာရှင်များစွာကိုသာမက ပန်းပဲပညာရှင်များကိုပင် ဖိတ်ကြားခဲ့သည်။ သူကိုယ်တိုင် ကုန်ထုတ်စက်ရုံကို ပြန်လည်တည်ဆောက်၍ ထိုပညာရှင်များ၏ အသိအမြင်ဗဟုသုတအားလုံးကို ပေါင်းစည်းကာ နေသူရိန်ခွင်းအမြှောက် သွန်းလုပ်စေခဲ့သည်။ ရှုရှန်းဟွာအနေဖြင့် နေသူရိန်ခွင်းအမြှောက်၏ ဆန်းကြယ်သောသဘောတရားများကို နားလည်လိုပါက သူတို့၏အသိအမြင်ဗဟုသုတအားလုံးအား အချိန်တိုအတွင်း မှတ်သားရလိမ့်မည်။ ထိုအခါ ဦးနှောက်ကား အလွန်ပင်ပန်းရလိမ့်မည်။

သူ၏စိတ်ပင်ပန်းမှုက သူ့စွမ်းရည်များကိုလည်း ကျဆင်းသွားစေမည်။ တိုက်ပွဲတွင် သူ၏အလိုက်သင့်ပြောင်းလဲနိုင်စွမ်းလည်း အကြီးအကျယ် လျော့နည်းသွားလိမ့်မည်။

ချင်မူကဲ့သို့ သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ရှုရှန်းဟွာ၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှသာ လျော့နည်းသွားလျှင်ပင် အလွယ်တကူ အနိုင်အရှုံးဆုံးဖြတ်နိုင်၏။

ရှုရှန်းဟွာ ကုန်ထုတ်စက်ရုံထဲရှိ အစိတ်အပိုင်းများကို လျှောက်ကြည့်ပြီး နေသူရိန်ခွင်းကောင်းကင်အမြှောက်၏ ပုံသဏ္ဍာန်နှင့် စွမ်းအားကို တွက်ချက်ကြည့်လိုက်သည်။ အစိတ်အပိုင်းအရေအတွက်က သောင်းကျော်ရှိသည့်အပြင် တစ်ခုစီ၏ သင်္ကေတအမှတ်အသားများက မတူညီပေ။ ဝင်္ကပါအမှတ်အသားများလည်း အလားတူဖြစ်၏။ အစဉ်လိုက် စီထားခြင်းလည်း မဟုတ်၍ အကုန်လုံးကို ဆက်စပ်ကြည့်ရန် ဦးနှောက်သုံးရလိမ့်မည်။ ထိုအခါ သူ ပို၍ပင် စိတ်ပင်ပန်းသွားတော့သည်။

ရုတ်တရက် သူ မူးဝေသွားပြီး သဘောပေါက်လိုက်၏။ သူ မျက်လုံးများကို အလျင်အမြန် ပိတ်၍ တခဏကြာသော် ပြန်ဖွင့်ကာ ချင်မူ့ကို ကြည့်သည်။

ချင်မူက ပြုံး၍ သူ့ကို ခေါင်းညိတ်ပြသည်။

သူ့အပြုံးသည် နေရောင်လို တောက်ပနေပြီး ဉာဏ်နီဉာဏ်နက်မများတတ်သော ကလေးကြီးနှင့် တူနေ၏။ သို့‌သော် ရှုရှန်းဟွာ၏ မျက်လုံးထဲတွင်တော့ ထိုအပြုံးက မကောင်းဆိုးဝါးဆန်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် နောင်တော်ချင်။ ကျွန်တော် အကွက်အသစ် သင်ယူလိုက်ရပါတယ်”

ရှုရှန်းဟွာ ဣန္ဒြေဆည်၍ လမ်းလျှောက်လာသည်။ သူက စော‌စောက မှတ်ထားသည့် သင်္ကေတများကို မမေ့အောင် အကောင်းဆုံး ကြိုးစားနေ၏။ မည်သည်ကိုမှ မရလိုက်သည်ထက် မှတ်မိနေခြင်းက ‌ကောင်းသေးသည်မဟုတ်ပါလော။

ချင်မူ ပြုံးပြလိုက်ပြီး ကုန်ထုတ်စက်ရုံအပြင် ထွက်ကာ အေးအေးဆေးဆေး မေးလိုက်၏။ “နောင်တော်ရှု အထက်ကောင်းကင်ဘုံမှာ နေရတာ ကောင်းတယ် ထင်နေတုန်းပဲလား”

ရှုရှန်းဟွာ ခေါင်းယမ်းလိုက်သည်။ “အထက်ကောင်းကင်ဘုံမှာ နေတုန်းက တကယ့်တိုက်ပွဲတွေကို မရင်ဆိုင်ခဲ့ဖူးလို့ တိုးတက်မှု နှောင့်နှေးခဲ့ရပါတယ်။ လူ့ပြည်က အမှန်တကယ် တိုးတက်လာစေတဲ့ နေရာပဲ။ နောင်တော်ချင်က ဒီမှာ ကြီးပြင်းလာတာဆိုတော့ ကျွန်တော် တွေ့ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက် ဖြစ်ပါတယ်”

သူတို့နှစ်ယောက် ရွှံ့မြစ်ပေါ်တွင် ဘေးချင်းယှဉ်လျှောက်နေကြသည်။

သူတို့အနောက်မှ ဟူလင်းအာ၊ လင်ယွိရှို့၊ ယွီလျုတ်နှင့် ကျင်းယန်လည်း လိုက်လာပြီး မြစ်ရေပြင်ပေါ် တက်လိုက်ကြ၏။ ထိုအချိန်တွင် တာအိုသခင်လင်းရွှမ် ဦးဆောင်လာသော တာအိုရသေ့များ ကုန်ထုတ်စက်ရုံထဲမှ ထွက်လာကြသည်။ သူတို့လည်း ချင်မူတို့နောက်မှ လိုက်ကာ မြစ်ဆီသို့ ရောက်လာကြ၏။

တာအိုသခင်လင်းရွှမ်က အံ့ဩမှုအပြည့်ဖြင့် လှမ်းကြည့်နေသည်။ သူ့အကြည့်က မိန်းကလေး‌လေးယောက်အပေါ်တွင် မဟုတ်ဘဲ မြစ်ရေပြင်ထက်တွင် လမ်းလျှောက်နေသော ချင်မူနှင့် ရှုရှန်းဟွာအ‌ပေါ်တွင် ဖြစ်သည်။

“တာအိုသခင် အဲဒီလူငယ်နှစ်ယောက်က သိပ်သန်မာအားကောင်းတယ်” တာအိုရသေ့အိုကြီးတစ်ဦးက ခပ်တိုးတိုး ပြောသည်။ “ဂိုဏ်းသခင်ချင်ကို ကျုပ်တို့အားလုံး သိပေမယ့် ဟိုဘက်က လူငယ်က ဘယ်ကလာတာပါလိမ့်”

“အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာပဲ။ ဆရာနဲ့အတူ ကျောက်စိမ်းမြို့တော်ငယ်ကို လိုက်သွားတုန်းက သူနဲ့ တွေ့ခဲ့ဖူးတယ်” တာအိုသခင်လင်းရွှမ်၏ အကြည့်များ လှုပ်ခတ်သွားသည်။ “သူက ကျွန်တော့်ကို သိုင်းကွက်ငါးကွက်နဲ့ အနိုင်ယူခဲ့တာ”

တာအိုရသေ့များ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ချင်မူပင် သိုင်းကွက်ငါးကွက်တည်းဖြင့် တာအိုသခင်လင်းရွှမ်အား အနိုင်ယူနိုင်ရန် မသေချာပေ။ တာအိုသခင်ဟောင်းနှင့်အတူ နှစ်ပေါင်းများစွာ သိုင်းကျင့်ခဲ့ပြီးနောက် တာအိုသခင်လင်းရွှမ်၏ သင်္ချာစွမ်းရည် ပိုမိုအဆင့်မြင့်မားလာခဲ့သည်။ တာအိုဓားအပေါ် နားလည်မှုသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့၏။

သူ၏အစွမ်းအစက တာအိုသခင်ဟောင်းထက် မနိမ့်ကျသည့်အပြင် ပို၍ပင် မြင့်မားလောက်သည်။

တာအိုသခင်လင်းရွှမ်က မရပ်ဘဲ တာအိုရသေ့များနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။ “သူ့သိုင်းကွက်က ပိုအစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့တွေ့ရင် ပိုအားကောင်းလာတယ်။ ကြောက်စရာအကောင်းဆုံးက သူ့ပြိုင်ဘက် ပိုအားကောင်းလေလေ၊ သူ့ကောင်းကင်နတ်သိုင်းတွေက ပိုအားကောင်းလေလေပဲ။ ကျောက်စိမ်းမြို့တော်ငယ်မှာ သူ လူအများကြီးကို အနိုင်ယူခဲ့တယ်။ သူ့ကောင်းကင်နတ်သိုင်းကို ခုခံနိုင်တဲ့သူ၊ သူ့သိုင်းကွက်တွေကို ထိုးဖောက်နိုင်တဲ့သူ ရှိရဲ့လား သိချင်မိတယ်”

“လူသားဧကရာဇ်က အဲဒီလိုလူဖြစ်လောက်တယ်” တာအိုသခင်လင်းရွှမ်၏ စိတ်ဓာတ်အားမာန်တို့ တရှိန်ရှိန် တက်လာသော်လည်း တိုက်ခိုက်နေသူနှစ်ယောက်ကို မနှောင့်ယှက်မိအောင် ပြန်လည်ထိန်းချုပ်လိုက်သည်။

မြစ်ရေပြင် မြောက်တက်လာ၏။

ချင်မူနှင့် ရှုရှန်းဟွာက ခြေလှမ်းများကို မရပ်ဘဲ ရှေ့ဆက်လျှောက်သွားသည်။ မကြာမီ တစ်ဖက်မြစ်ကမ်းစပ်သို့ ရောက်သွားသည့်တိုင် သူတို့ခြေထောက်များ မရပ်ပေ။

‘သူက ငါ့ကို အနားယူဖို့ အချိန်ပေးနေတာပဲ’ ရှုရှန်းဟွာ နောက်တစ်ကွက် သင်ယူလိုက်ရ၍ ရင်ထဲ အနည်းငယ် လှုပ်ခါသွားမိသည်။ ‘ငါ စိတ်ပင်ပန်းသွားအောင် ကုန်ထုတ်စက်ရုံကို ခေါ်သွားပြီး အသာစီးယူခဲ့တယ်။ အခု သူက ငါ့ကို အနားယူဖို့ အချိန်ပေးနေတာဆို‌တော့ ငါ့ထက် သာနေပြီးသားမလို့ ငါ စိတ်ပင်ပန်းနေ၊ မနေ ဂရုမစိုက်ကြောင်း ပြချင်နေတာပဲ။ သူက ငါ သူ့ထက် နိမ့်ကျသလို ခံစားရအောင် လုပ်နေတာ’

ချင်မူ့အကွက်ကို ရှုရှန်းဟွာ သဘောပေါက်သွားသော်လည်း ထောင်ချောက်ထဲ ကျသွားပြီဖြစ်၍ မရုန်းထွက်နိုင်တော့ပေ။

မိုးသံနားဆင်စံအိမ်တွင် ချင်မူနှင့် ဝိုင်စသောက်သည့်အချိန်ကတည်းက တိုက်ပွဲက စနေခဲ့ပြီဖြစ်သည်။

ထိုအချိန်မှစ၍ သူ့မှာ ချင်မူ၏စည်းချက်အတိုင်း လှုပ်ရှားခဲ့ရပြီး ချင်မူ၏အစီအစဉ်အတိုင်း မျောသွားခဲ့သည်။ နှစ်ယောက် လှုပ်ရှားသည့်အခါ ချင်မူ့သိုင်းကွက်က မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို အလွယ်တကူ တွေးကြည့်နိုင်၏။

‘လောကသခင်ခန္ဓာက အမှန်တကယ် ထူးခြားတာပဲ’ ရှုရှန်းဟွာ စိတ်ပြန်ထိန်းလိုက်ပြီး သူ့အကြည့်များ လှုပ်ခတ်သွားသည်။ ‘ဒါပေမဲ့ ငါကလည်း လောကသခင်ခန္ဓာပဲ။ လောကသခင်ခန္ဓာချင်းအတူတူ ငါက သူ့ထက် နိမ့်ကျမှာမဟုတ်ဘူး’

သူတို့၏ခြေလှမ်းများက တဖြည်းဖြည်း စည်းချက်ညီလာသော်လည်း တစ်ယောက်က အလျင်လျှောက်နေခြင်းဖြစ်ပြီး တစ်ယောက်က လိုက်ညှိနေရခြင်းဖြစ်သည်။ ချင်မူ ခြေတစ်လှမ်းလှမ်းတိုင်း ရှုရှန်းဟွာလည်း တစ်လှမ်းလှမ်းသည်။ သူက အရိပ်သဖွယ်ဖြစ်နေရာ ကြည့်နေကြသူများအား တစ်မျိုးတစ်မည် ခံစားလာရစေ၏။

သူတို့‌နောက်မှ လိုက်လာနေသော မိန်းကလေးလေးယောက်က ဤမြင်ကွင်းကို မြင်ကြသည်။ တစ်ယောက်က ရှေ့မှလျှောက်၍ ‌နောက်လူကို ကျောခိုင်းထားသော်လည်း နောက်လူမှာ တစ်လှမ်းချင်း လိုက်မှီအောင် လျှောက်နေပြီး အသေသတ်သိုင်းကွက်အား ထုတ်လွှတ်ရန် အခွင့်အရေးမရပေ။ ကြိုးတစ်ချောင်းနှင့် ချည်နှောင်ခံထားရ၍ မလျှောက်ချင် လျှောက်ချင် လျှောက်နေရသည်နှင့် တူသည်။

‘သခင်လေး အခြေအနေမကောင်းဘူး’

ယွီလျုတ်နှင့် ကျင်းယန်တို့ ရင်ထဲတွင် အတန်ငယ် တုန်လှုပ်သွားမိသည်။ တိုက်ပွဲပင် မစခင် ရှုရှန်းဟွာ အရေးနိမ့်နေသည်ကို သူတို့ ပထမဆုံးမြင်ရခြင်းဖြစ်၏။

အထက်ကောင်းကင်ဘုံတွင် ရှုရှန်းဟွာက ထူးချွန်လွန်း၍ နတ်ဘုရားအားလုံးကို မှင်သက်အံ့ဩစေခဲ့သည်။ နှစ်ငါးရာမှ တစ်ခါပေါ်သော အရည်အချင်းအရှိဆုံးလူငယ်ဟုပင် ချီးကျူးခံခဲ့ရ၏။

လူ့ပြည်ဆင်းလာသည့်အချိန်တွင်လည်း ရှုရှန်းဟွာ၏ ဂုဏ်သတင်းသည် မမှေးမှိန်သွားခဲ့။

လိုလန်ရွှေနန်းတော်၏ ပန်းကုန်စုန်က ထွက်မတိုက်ခဲ့ပေ။ မဟာမိုးခြိမ်းသံကျောင်းတော်တွင်လည်း တိုက်ဝံ့သူမရှိခဲ့။ တောက်ကျစ်လင်းရွှမ်က စိန်ခေါ်ခဲ့သော်လည်း ကျောက်စိမ်းမြို့တော်ငယ်၏ လူငယ်သိုင်းပညာရှင်များနည်းတူ ရှုံးနိမ့်ခဲ့သည်။ ရှုရှန်းဟွာက ဒြပ်စင်သုံးပါးခန်းမနှင့် စွမ်းအင်ငါးရပ်ခန်းမကိုလည်း အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့၏။

သို့တိုင်တောင် ရှုရှန်းဟွာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ပြိုင်ဘက်နှင့် ဆုံတွေခဲ့သည်။

ချင်မူ ရှုရှန်းဟွာကို မိုင်တစ်ရာအထိ ခေါ်လာသော်လည်း အတန်ငယ် အံ့အားသင့်မိသည်။ ယခုအချိန်ထိတိုင်အောင် ရှုရှန်းဟွာ၏ခြေလှမ်းများက အမှားမရှိခဲ့ပေ။

နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့သော မကောင်းဆိုးဝါအိုကြီး ပန်ကုန်းစုန်ပင် ခြေကွက်များကို ပြောင်းလဲခဲ့ရပြီး ဤမျှတည်တည်ငြိမ်ငြိမ် လိုက်မလာနိုင်ခဲ့။

ပန်ကုန်းစုန်သည် မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်း၊ ကျောက်စိမ်းမြို့တော်ငယ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့၏ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို ကျွမ်းကျင်တတ်မြောက်ထား၏။ သို့သော် ဆယ်မိုင်ကျော်သော် ကိုယ်ဟန်အနေအထား မထိန်းနိုင်ဘဲ ချင်မူ့လှုပ်ရှားမှုများအတိုင်း လိုက်ပါပြောင်းလဲခဲ့ရသည်။

မိုင်နှစ်ဆယ်ရောက်သည့်အခါ ပန်ကုန်းစုန်၏ ဟာကွက်များ ပေါ်လာကာ ဆက်လက်ပြောင်းလဲနိုင်စွမ်းမရှိတော့ပေ။ နှစ်ဆယ့်တစ်မိုင်ရောက်လျှင် ပန်ကုန်းစုန်အနေဖြင့် အသာစီးရအောင် ချင်မူ့ကို တိုက်ခိုက်ရလိမ့်မည်။ မဟုတ်လျှင် သေချာပေါက် သေရမည်။

ပန်ကုန်းစုန် ချင်မူ့ခြေလှမ်းများအတိုင်း ဆက်လိုက်ပြီး မတိုက်ခိုက်လျှင် နှစ်ဆယ့်လေးမိုင်ရောက်သည့်အခါ ချင်မူ၏သိုင်းကွက်တစ်ကွက်တည်းကြောင့် အသက်ထွက်ရလိမ့်မည်။

သို့တိုင်အောင် ရှုရှန်းဟွာက ချင်မူ့ခြေလှမ်းများအတိုင်း လိုက်ပါပြောင်းလဲနိုင်ပြီး နောက်မှလိုက်နေရသော်လည်း သူ၏ခြေလှမ်းများနှင့် ခန္ဓာကိုယ်က ယိမ်းထိုးမနေပေ။ ရွှံ့မြစ်မှ မိုင်တစ်ရာကျော် ဝေးလာသည့်တိုင်အောင် ဟာကွက်တစ်ကွက်မှ မပေါ်ခဲ့။

‘ဝမ့်မူရန်က သူ့သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက သိပ်ထူးဆန်းတဲ့အပြင် ပိုသန်မာတဲ့ ရန်သူနဲ့တွေ့လေ ပိုအားကောင်းလာလေလေလို့ ပြောတယ်။ သူ့ကောင်းကင်နတ်သိုင်းအားလုံးက တိုက်ပွဲထဲမှာပင် အလိုက်သင့်ပြောင်းလဲပြီး ဖန်တီးခံလိုက်ရတာ။ ဒီကျင့်စဉ်မျိုးက အင်မတန် အဆင့်မြင့်မားတယ်။ သိုင်းကွက်အဆင့်ကို ကျော်လွန်ပြီး ဖန်တီးတဲ့အဆင့်တောင် ရောက်နေပြီ”

ချင်မူ ပိုမိုစိတ်လှုပ်ရှားလာသည်။ သူက ပြန်မလှည့်ဘဲ အရှိန်တင်၍ ဆက်လျှောက်နေသည်။

ရှုရှန်းဟွာ၏ကျင့်စဉ်သည် အလွန်ထူးခြား၍ သိုင်းကွက်အဆင့်ကိုပင် ကျော်လွန်ကာ ဖန်တီးခြင်းအဆင့်သို့ပင် တန်းရောက်နေ၏။

ချင်မူ ထိုကျင့်စဉ်၏ နောက်ဆုံးအတိုင်းအတာကို စမ်းသပ်ကြည့်ချင်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ယှဉ်လျှင် မည်သို့ကွာခြားနေသည်ကို ကြည့်ချင်သည်။

သူ့ခြေလှမ်းများက မြန်သထက်မြန်လာကာ သူ့အရှိန်အဝါလည်း အားကောင်းသထက် အားကောင်းလာသည်။ သူက လျှပ်စီးလို တဟုန်ထိုး သွားနေ‌သော်လည်း သူ့ခြေလှမ်းများက တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်သည်။ အလျင်လိုနေမှု မရှိပေ။

ရှုရှန်းဟွာက နောက်မှလိုက်လာသည်။ သူ့ခြေလှမ်းများသည်လည်း တည်ငြိမ်နေဆဲ ဖြစ်ပြီး ဟာကွက်တစ်ကွက်မှ မပေါ်သေးပေ။

သူတို့နှစ်ယောက် တဖြည်းဖြည်း မြန်လာကြသည်။ ရုတ်တရက် ရှုရှန်းဟွာ၏မျက်နှာ ဖြူဖျော့သွားပြီး အသားအရေလည်း တစတစ ဖြူဆုပ်လာသည်။ ချင်မူက သူ့ကို နောက်ထပ်မိုင်တစ်ရာ ခေါ်လာခဲ့၍ သူ တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်လိုက်ရ၏။

ချင်မူက ဆက်လျှောက်နေပြီး ရှုရှန်းဟွာ သွေးတစ်ပွက်ပြီးတစ်ပွက် အန်လျက် ပြေးလိုက်နေရသည်။

ပြေးလိုက်နေရသော်လည်း သူ့လှုပ်ရှားမှုများတွင် ဟာကွက်မရှိသေးပေ။ သို့တိုင်တောင် ဤအတိုင်း သွေးအန်နေပါက သွေးလွန်ပြီး သေရလိမ့်မည်။

အစမှအဆုံးအထိ ချင်မူ သူ့ကို မတိုက်ခိုက်ရသေးပေ။ သူ့ဘာသာသူ ဒဏ်ရာရနေခြင်းဖြစ်သည်။

ချင်မူ လမ်းလျှောက်နေသည့်အချိန်တွင် သူတို့၏အရှိန်အဝါများ၊ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများ တိုက်ခိုက်နေခြင်းဖြစ်သည်။ အန္တရာယ်မရှိပုံပေါ်သော်လည်း တိုက်ပွဲစခဲ့ပြီဖြစ်၍ အမှားပါရန် မဖြစ်ပေ။

ရှုရှန်းဟွာ၏ သိုင်းကွက်များနှင့် ‌ကောင်းကင်နတ်သိုင်းများက တမုဟုတ်ချင်း အလိုက်သင့်ပြောင်းလဲ၍ ဖန်တီးခြင်းအပေါ်တွင် အခြေခံ၍ ဦးနှောက်ကို အလွန်သုံးရသည်။

ကုန်ထုတ်စက်ရုံတွင် ဦးနှောက်ကို များစွာအလုပ်ပေးခဲ့မိ၍ ချင်မူ သူ့ကို အနားယူရန် အချိန်ပေးသော်လည်း အလွယ်တကူ အားအင်ပြန်ပြည့်လာမည်မဟုတ်ပေ။

သွေးအန်လေလေ၊ ဦးနှောက်၏ပင်ပန်းမှုက ပြင်းထန်လာလေလေ ဖြစ်နေသည်။ ချင်မူ တိုက်ခိုက်စရာပင် မလိုဘဲ သူ့ဘာသူ ပင်ပန်းပြီး ‌သေရလိမ့်မည်။

သူ ဆက်လျှောက်နေပါက သူ့ဦးနှောက် အမှန်တကယ် အားအင်ကုန်ခမ်းသွားလိမ့်မည်။

ရှုရှန်းဟွာ၏ နက်မှောင်သောဆံပင်များ ဖြူလျော်လာသည်။ သူက သွေးအန်ရင်း ချင်မူ့ခြေလှမ်းများနောက် လိုက်နေ၏။ ဦးနှောက်၏ပင်ပန်းမှုက ခန္ဓာကိုယ်အပေါ် သက်ရောက်နေပြီဖြစ်သည့်အတွက် တစ်ခုခုမပြောင်းလဲလျှင် သူ မကြာမီ ပင်ပန်းနွမ်းနယ်ကာ သေဆုံးရလိမ့်မည်။

ရုတ်တရက် ချင်မူက ရပ်၍ ပြုံးလိုက်သည်။ “ငါ မင်းကို ဒီအတိုင်း သတ်လိုက်ရင် မင်း သေချာပေါက် လက်ခံချင်မှာမဟုတ်ဘူး။ ငါလည်း တိုက်ခိုက်စရာလိုလိုက်မှာ မဟုတ်ဘူး။ နောင်တော်ရှု၊ ဒဏ်ရာတွေ ကုပြီး အားပြန်ဖြည့်ပါ။ နောက်တစ်ခေါက်ကျမှ အဆုံးအဖြတ်တိုက်ပွဲကို တိုက်ခိုက်မယ်”

ရှုရှန်းဟွာ ခြေလှမ်းများကို ရပ်၍ ပါးစပ်ဟလိုက်သည်။ တစ်ခုခုပြောချင်သော်လည်း ဘုန်းခနဲ မြေကြီးပေါ် လဲကျကာ သတိလစ်သွား၏။

“တကယ် လေးစားစရာကောင်းပြီး ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ” ချင်မူ ချီးကျူးလိုက်သည်။ သူက သတိလစ်သွားသော ရှုရှန်းဟွာကို ထား၍ လှည့်ထွက်လိုက်၏။

ချင်မူ့ပါးစပ်မှ သွေးများ စီးကျလာသော်လည်း လည်ချောင်းဝမှ တက်လာသည်နှင့် အလျင်အမြန် ပြန်မျိုချလိုက်သည်။ ရှုရှန်းဟွာ သေလုမျောပါး ပင်ပန်းအောင် သူ ဖိအားပေးခဲ့သည်တိုင်အောင် သူကိုယ်တိုင်လည်း မတောင့်ခံနိုင်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ရွာမှလူများ အမြဲပြောခဲ့ဖူး၏။

တိုက်ပွဲကို ရှုံးနိမ့်ပါစေ ၊ ဟန်မပျက်စေနဲ့

All Chapters