လူ့ပြည်မှ အစားအစာ
Vol. 26 Ch. 359
ရှုရှန်းဟွာ တဖြည်းဖြည်း နိုးလာသည်။ သူ့နဖူးပေါ်တွင် ခပ်နွေးနွေး သဘတ်စရှိနေပြီး အိပ်ရာထဲ လဲနေရကြောင်း သတိထားမိလိုက်သည်။ နိုးနိုးချင်း ခေါင်းထဲ ဆစ်ခနဲ ကိုက်ခဲသွားပြီး နားလည်း အူထွက်သွားသည်။ အသံဗလံများက နားထဲတွင် ဆူညံနေသည့်အတွက် ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ကိုက်ခဲနာကျင်လာ၏။ နာကျင်လွန်း၍ ခေါင်းကို ဖြတ်ကာ ဆောင့်ကန်ပစ်ချင်စိတ်များပင် ပေါက်လာသည်။
သူ မညည်းမိဘဲ မနေတော့ပေ။ ကျင်းယန်၏အသံ ထွက်လာသည်။ “သခင်လေး နိုးပြီလား”
ကျင်းယန် အပြေးအလွှား ရောက်လာသည့်အခါ ဆေးနံ့လည်း အတူပါလာသည်။ သူမက သူ့ကို အံ့ဩဝမ်းသာစွာဖြင့် ကြည့်နေသည်။
“ငါ ရှုံးသွားပြီ” ရှုရှန်းဟွာ မှင်သေငေးကြောင်သွားသည်။
ကျင်းယန်က ကမန်းကတန်း ပြောလိုက်၏။ “သခင်လေး အိပ်နေတာ အတော်ကြာပြီ။ ကျွန်မ သခင်လေးအတွက် ဆေးကျိုနေတာ...”
“ငါ အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒီနေရာကရော ဘယ်နေရာလဲ” ရှုရှန်းဟွာ စိတ်နောက်ကျိစွာဖြင့် မေးလိုက်သည်။ သူ့နှလုံးခုန်သံက သူ့နားထဲတွင် တဒိန်းဒိန်း အူနေစေ၏။
“မြို့တော်မှာပဲ ရှိသေးတယ်။ သခင်လေး အိပ်ပျော်နေတာ နှစ်ရက်ကျော်ကြာပြီ”
ကျင်းယန် သူ့ကို အိပ်ရာခေါင်းရင်းကို မှီထိုင်စေလိုက်သည်။ သူမက ပြောလိုက်သည်။ “အစ်မတော်ယွီလျုတ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်ဆေးသမားတော်လေးတစ်ယောက် ရှိတယ်ကြားလို့ သူ့ကို သွားပင့်ပါတယ်”
ရှုရှန်းဟွာ လက်မြှောက်ချင်သော်လည်း ညည်းလိုက်ရသည်။ သူ့ခေါင်းမှာ ဓားမဖြင့် ခုတ်ထစ်ခံနေရသကဲ့သို့ နာကျင်နေ၏။
“သခင်လေး ဘာမှမတွေးပါနဲ့။ လှုပ်လည်း မလှုပ်ပါနဲ့” ကျင်းယန်က ကပျာကယာ ပြောလိုက်သည်။ “ဟိုမကောင်းဆိုးဝါးချင်ကြောင့် သခင်လေး အခုလို ဖြစ်ရတာ။ သူက သခင်လေးကို စိတ်ပင်ပန်းအောင် လုပ်ပြီး တိုက်ခိုက်ထားတာ။ အဲ့ဒါကြောင့် အခု အနားယူတာ အကောင်းဆုံးပါပဲ။ နတ်ဆေးသမားတော်လေး ကြွလာတာကိုပဲ စောင့်နေလိုက်ပါ”
ရှုရှန်းဟွာ မျက်လုံးပိတ်ပြီး ဘာမှမပြောပေ။ လှုပ်လည်း မလှုပ်တော့။
ချင်မူနှင့် တိုက်ခိုက်ခဲ့စဉ်က အခြေအနေကို သူ မှတ်မိသည်။ ချင်မူက နေသူရိန်ခွင်းကောင်းကင်အမြှောက်ဖြင့် သူ၏ဦးနှောက်ကို အလုပ်လုပ်စေခဲ့သည်။ ထိုလှည့်ကွက်ကို သူ မြင်သွားသောအခါ သူ့စိတ်ကို ဖိအားပေးပြီး သူ့စည်းချက်အတိုင်း လျှောက်ရအောင် လုပ်ခဲ့ပြန်သည်။
သူတို့နှစ်ယောက် လမ်းလျှောက်ရင်း အရှိန်အဝါချင်း ယှဉ်ပြိုင်နေခဲ့ကြခြင်းဖြစ်သည်။ ချင်မူက အသာစီးရနေခဲ့၏။ သူ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သောအခါ အတိုက်ခံရနိုင်သည်ကို ခံစားလိုက်ရ၍ တမုဟုတ်ချင်း ကိုယ်လှုပ်ရှားမှုများနှင့် ချီစွမ်းအင်စီးဆင်းမှုကို ပြောင်းလဲ၍ ခံစစ်အနေအထားဖြင့် နေခဲ့ရသည်။
သူ၏ကျင့်စဉ်သည် အတိုင်းထက်အလွန် ဆန်းပြားပြီး ရန်သူ၏သိုင်းကွက်များကို တန်ပြန်တိုက်ခိုက်ရန် ကောင်းကင်နတ်သိုင်းများကို ဖန်တီးနိုင်၏။ သို့ရာတွင် ချင်မူက မတိုက်ခိုက်သည့်အတွက် ရှုရှန်းဟွာမှာ ကောင်းကင်နတ်သိုင်းများ မထုတ်လွှတ်နိုင်တော့ပေ။
ချင်မူက ထိုအတိုင်း သူ၏အရှိန်အဝါဖြင့် တရစပ် တိုက်ခိုက်ခဲ့နေရာ ရှုရှန်းဟွာ ဆက်တိုက်ခုခံနေခဲ့ရသည်။ မိုင်နှစ်ရာလေးအတွင်း သူ၏ဦးနှောက်မှာ ပင်ပန်းသွားပြီး မတောင့်ခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည်လည်း ဒဏ်မခံနိုင်တော့၍ တောက်လျှောက် သွေးအန်ခဲ့ရသည်။ ထိုအခါ သူ၏စိတ်အလျဉ်မှာ နုံးခွေသွားပြီး နေရာမှာတင် သတိလစ်လဲကျသွားခဲ့၏။
သို့ရာတွင် ချင်မူက ဆက်မသွားဘဲ ရပ်ခဲ့သည်။ ချင်မူ ဆက်သွားခဲ့လျှင် သူ့အနေဖြင့် ဦးနှောက်သေဆုံးသွားသည်အထိ သွေးအန်ရင်း လိုက်သွားခဲ့ရမည်ဖြစ်သည်။ အလောင်းဖြစ်သွားမှသာ ရပ်နိုင်လိမ့်မည်။
အပြတ်အသတ် ရှုံးနိမ့်ခြင်း
ရှုရှန်းဟွာ တစ်ခါမှ အရှုံး၏အရသာကို မခံစားခဲ့ဖူး၍ ရင်ထဲတွင် အတန်ငယ် ခါးသီးမိသည်။
ယွီလျုတ်၏အသံက အပြင်မှ ထွက်လာသည်။ “ယန်ကျစ် ခဏလောက် ထွက်လာခဲ့ပါဦး”
ကျင်းယန် ကပျာကယာ ထွက်သွားသည်။ “သခင်လေး နိုးနေပြီ ဒါပေမဲ့ လှုပ်မရသေးဘူး။ အစ်မတော် နတ်ဆေးသမားတော်လေးကို ခေါ်လာပြီလား”
“သွားပင့်လာပြီးပေမယ့် ...”
ကျင်းယန် အပြင်ရောက်သော် အလန့်တကြား အော်လိုက်မိသည်။ “ဘာလို့ ရှင်ဖြစ်နေတာလဲ”
“ငါ နင့်ထက်တောင် အံ့ဩမိသေးတယ်။ ဒါပေမဲ့ သူ ဒီကို ကြွလာချင်စိတ်ပေါက်အောင် ငါ မနည်းတောင်းပန်ခဲ့ရတာ...” ယွီလျုတ်က မချိပြုံးပြုံးလျက် ပြောသည်။
ရှုရှန်းဟွာ မျက်လုံးဖွင့်၍ မနည်းအားထည့်ကာ ပြောလိုက်သည်။ “နတ်ဆေးသမားတော် အထဲကြွပါ”
လိုက်ကာစ အဖယ်ခံလိုက်ရပြီး ချင်မူက ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်ဝင်လာသည်။ “နောင်တော်ရှု”
ရှုရှန်းဟွာ သူ့ကို ကြည့်ပြီး မှင်သက်သွားသည်။ သူ့ခေါင်းမှာ ပေါက်ကွဲတော့မတတ် ထိုးကိုက်လာ၏။
ချင်မူ ကပျာကယာ လျှောက်သွားပြီး စွမ်းအင်ဗုဒ္ဓဆေးလုံးတချို့ ထုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ “စိတ်ကို သိပ်အလုပ်မပေးနဲ့ဦး။ အရင်တုန်းက ငါလည်း မင်းလို ဖြစ်ခဲ့ဖူးတယ်။ ကျင့်စဉ်တစ်ခု ကျင့်ကြံနေတုန်း ငါ့စွမ်းအင်အားလုံး ကုန်ခမ်းသွားလို့ သေတော့မလိုတောင် ဖြစ်ခဲ့သေးတယ်။ အဓိက,က ဦးနှောက်နဲ့စိတ် ပင်ပန်းသွားတဲ့ဒဏ်က ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ထက် ကျော်သွားလို့ပဲ။ စိတ်မပူပါနဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး၊ တစ်လ၊ နှစ်လလောက် အနားယူလိုက်ရင် ဖြည်းဖြည်းချင်း သက်သာသွားမှာ။ ဒါပေမဲ့ ငါ ကုပေးလိုက်ရင်တော့ နေ့ဝက်တည်းနဲ့ ကောင်းသွားလိမ့်မယ်”
ရှုရှန်းဟွာ စွမ်းအင်ဗုဒ္ဓဆေးလုံးကို စားပြီးသည့်အခါ များစွာနေသာထိုင်သာ ရှိသွားသည်။ ခေါင်းကိုက်နေသေးသော်လည်း စောစောကလောက် မပြင်းထန်တော့ပေ။ ခြေလက်များကို တဖြည်းဖြည်း ထိန်းချုပ်နိုင်လာပြီး ခန္ဓာကိုယ်ကိုလည်း ပြန်ခံစားလာရသည်။
“မင်းက နတ်ဆေးသမားတော်လည်း ဖြစ်တာပဲလား” သူ အက်ကွဲကွဲ ပြောလိုက်သည်။
“နတ်ဆေးသမားတော်တော့ မဖြစ်သေးပါဘူး။ ဆေးပညာမှာ ငါက နံပါတ်နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ င့ါထက် ဆေးကောင်းကောင်းကုပေးနိုင်တဲ့သူ မရှိသေးဘူး”
ချင်မူ သူ့ကို စမ်းသပ်ပြီးနောက် ဆေးညွှန်းချရေးကာ ယွီလျုတ်အား ပရဆေးပင်တချို့ သွားဝယ်စေလိုက်သည်။ သူက ပြုံး၍ ပြောလိုက်သည်။ “ဒီဆေးပင်တွေနဲ့ဆို မင့်ခန္ဓာကိုယ်က နှစ်ရက်သုံးရက်နေရင် အားပြန်ပြည့်လာလိမ့်မယ်။ စစ်တိုက်တဲ့အခါ နိုင်ရင်နိုင်သလို၊ ရှုံးရင်လည်း ရှုံးတယ်။ ငါတို့သိုင်းသမားတွေအတွက်လည်း အဲဒီလိုပဲ။ စိတ်ထဲ သိပ်မထားနဲ့”
ရှုရှန်းဟွာ သူ့ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ “ငါ မင်းထက် အားနည်းနေတဲ့နေရာတွေ ရှိတယ်။ မင်းက ငါ့ကို အနိုင်ယူဖို့ အကွက်ချစီစဉ်ခဲ့ပေမယ့် ငါ မင်းကို မမုန်းပါဘူး။ မင်းကို သတ်ဖို့ ငါ့ဆရာ အမိန့်ပေးလို့ အထက်ကောင်းကင်ဘုံကနေ ဆင်းလာပြီး တာဝန်ပြီးတာနဲ့ ပြန်ဖို့ပဲ တွေးထားတာ။ မင်းကို သူငယ်ချင်းလို သဘောထားမိမယ်လို့ မထင်ထားခဲ့ဘူး”
ချင်မူ သက်ပြင်းလိုက်သည်။ “လောကသခင်ခန္ဓာတွေဟာ ရှားပါးတယ်။ ဒါပေမဲ့ မင်းနဲ့ငါ ရန်သူပဲ ဖြစ်နိုင်တယ်။ သူငယ်ချင်းလုပ်ဖို့ မဖြစ်နိုင်ဘူး”
နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။
များစွာမကြာလိုက်ဘဲ ယွီလျုတ် ဆေးပင်များဖြင့် ပြန်ရောက်လာ၍ ချင်မူ ရှုရှန်းဟွာအတွက် စွမ်းအင်ဆေးလုံးများ ဖော်ပေးကာ စားစေသည်။
ရှုရှန်းဟွာ ခုတင်ဘေးတွင် လမ်းထလျှောက်ကြည့်သည့်အခါ တစ်ကိုယ်လုံး တုန်ရီနေ၏။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ငါ့ဒဏ်ရာတွေ သက်သာနေတာကို ခံစားနေရပါတယ်။ ဘာလို့ ငြိမ်ငြိမ်မရပ်နိုင်သေးတာလဲ။ ငါ့လက်လည်း တုန်နေတုန်းပဲ...”
ချင်မူ တခဏ စဉ်းစားကြည့်ပြီးနောက် မျက်လုံးများ ဝင်းလက်သွားသည်။ သူ ပြုံးလိုက်၏။ “မင်း ဘာရောဂါ ဖြစ်နေတာလဲ ငါ သိပြီ။ လာ လိုက်ခဲ့”
ရှုရှန်းဟွာ သူ့နောက် လိုက်သွားချင်သော်လည်း တစ်ကိုယ်လုံး တုန်ရီနေ၍ ယွီလျုတ်နှင့် ကျင်းယန်မှာ သူ့ကို အခန်းအပြင်သို့ ကူတွဲပေးလာရသည်။
ရှုရှန်းဟွာသည် အထက်ကောင်းကင်ဘုံ၏ တပည့်တစ်ဦးဖြစ်သည့်အတွက် သူ တည်းခိုသော နေရာမှာ နုံနုံချာချာ မဟုတ်ပေ။ တည်းခိုခန်းက အလွန်ဆူညံတတ်၍ အတော်လေး တိတ်ဆိတ်အေးချမ်းသော အိမ်တစ်လုံးကို သူတို့ ငှားခဲ့ကြသည်။
ချင်မူ သူ့ကို လမ်းထဲ ခေါ်လာပြီး ဝင်းလက်နေသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ရှာနေသည့်အရာကို မြင်လျှင် သူ ပြုံးလိုက်၏။ “မင်းရောဂါကို ကုပေးနိုင်မယ့် ဆေးက ဒီမှာပဲ”
ရှုရှန်းဟွာ မှင်သက်သွားသလို သူ့ဘေးရှိ မိန်းကလေးနှစ်ယောက်လည်း မှင်သက်သွားကြသည်။ ချင်မူ ဆိုင်တစ်ဆိုင်၏အရှေ့တွင် ထိုင်ချလိုက်ပြီး ဆိုင်ပိုင်ရှင်ကို ပြောလိုက်၏။ “ခေါက်ဆွဲ ပွဲကြီးဆယ်ပွဲ ချပါဗျို့။ ပထမပွဲမှာ ငရုပ်သီးမထည့်ဘူး။ ဆားလည်း နည်းနည်းပဲ ထည့်မယ်။ မေ့တော့မလို့ ခေါက်ဆွဲနယ်ရင် ကြက်ဥထည့်နယ်ပေးပါဗျ။ ဘာရပ်ငေးနေတာလဲ လာထိုင်ကြလေ”
ယွီလျုတ်နှင့် ကျင်းယန် မျက်မှောင်ကြုတ်သွားသည်။ ခပ်နွမ်းနွမ်း လမ်းဘေးခေါက်ဆွဲဆိုင်ကို သူတို့ ကြည့်လိုက်ကြ၏။ လမ်းသွားလမ်းလာများကြောင့် ဖုန်များ ထနေသည်။ ဤနေရာတွင် ထိုင်စားနေကြသူအားလုံးက ထွားထွားကြိုင်းကြိုင်း ယောက်ျားသားများ ဖြစ်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံမျှနှင့် သူတို့သည် အလုပ်ကြမ်းသမားများဖြစ်ကြောင်း သိသာ၏။
အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများက ယခုလို ခေါက်ဆွဲဆိုင်တွင် မည်ကဲ့သို့ စားရမည်နည်း။ ညစ်ပတ်လွန်းသည် မဟုတ်ပါလော။
အထက်ကောင်းကင်ဘုံသည် လူ့လောက၏အထက်တွင် စံမြန်းသော နတ်ဘုရားတို့၏ အထွတ်အမြတ်မြေဖြစ်၏။ သူတို့ စားသောက်သုံးဆောင်သောအရာများမှာ လူ့ပြည်၌ အလွန်ရှားပါးသည့် နတ်သုဒ္ဓါများ ဖြစ်ကြသည်။ အလွန်သန့်ရှင်းလွန်း၍ ဖုန်ကပ်ညိနေရန်မှာ စိတ်ကူးထဲတွင်ပင် မဖြစ်နိုင်ပေ။
ခေါက်ဆွဲဆိုင်ပိုင်ရှင်လည်း ခပ်ထွားထွားယောက်ျားကြီး ဖြစ်သည်။ သူက လက်နှစ်ဖက်ဖြင့် ခေါက်ဆွဲများကို ဆွဲကာ တဖြန်းဖြန်း ရိုက်နေသည်။ ကြည့်ရုံနှင့်တင် မသတီစရာ ကောင်း၏။
သို့တိုင်တောင် ရှုရှန်းဟွာက ထိုင်ချလိုက်သည်။
ယွီလျုတ်နှင့် ကျင်းယန်လည်း သူ့ဘေးတွင် ထိုင်ကာ စားပွဲပေါ်ရှိ ဆီများကို သန့်ရှင်းပေးလိုက်၏။ သို့သော် ဆီက မည်မျှသုတ်သုတ် မပြောင်ရာ သူတို့နှစ်ယောက်လုံး တင်ပါးအောက် ခုထိုင်ထားသော ခုံကိုပင် မသတီသလို ခံစားနေရ၍ ငြိမ်ငြိမ် မထိုင်နိုင်ကြပေ။
သို့သော်လည်း ရှုရှန်းဟွာက ခေါက်ဆွဲပွဲများကို တည်တည်ငြိမ်ငြိမ် စောင့်နေ၏။
ပထမဆုံးပွဲ ချပေးသည်။ လူ့မျက်နှာမျှ ကြီးမားသော ပန်းကန်လုံးထဲတွင် ခေါက်ဆွဲရည်က ကြည်လဲ့နေပြီး အလယ်တည့်တည့်တွင် ကြက်ဥခေါက်ဆွဲများ စုနေ၏။ ခေါက်ဆွဲများက အထူအပါးညီပြီး ကျောက်စိမ်းမျှင်များသဖွယ် ပြောင်လက်နေသည်။ ခေါက်ဆွဲများအပေါ်၌ ကြက်သွန်နီကို လှီး၍ ဖြူးထားသည်။
ရှုရှန်းဟွာ ခေါက်ဆွဲများကို ကြည့်ကာ မည်သို့စားရမည်မှန်း မသိပေ။
ချင်မူ သူ့ထံ တူနှစ်ချောင်း ကမ်းပေးလိုက်သော်လည်း ရှုရှန်းဟွာက ကြောင်တောင်တောင် ဖြစ်နေသည်။ သူက တူနှစ်ချောင်းကို ကိုင်၍ ပန်းကန်လုံးထဲ ထည့်မွှေကြည့်သော်လည်း ခေါက်ဆွဲဖတ်အား ဆည်မရပေ။ အထက်ကောင်းကင်ဘုံတွင် စွမ်းအင်ဆေးလုံးများကိုသာ မှီဝဲကြပြီး သောက်ရသည်မှာလည်း မိုးရေစက်များသာ ဖြစ်သည့်အတွက် သူ တူတစ်ခါမှ မသုံးခဲ့ဖူးပေ။ လူ့ပြည်မှ အစားအသောက်ကိုလည်း သူ တစ်ခါမှ မစားဖူးခဲ့။
ရှုရှန်းဟွာ ခေါက်ဆွဲစားနေသူများကို ကြည့်ပြီး တဖြည်းဖြည်း တူကိုင်တတ်လာသည်။
“ဖြည်းဖြည်းစား” ချင်မူက တောက်ပစွာ ပြုံးရင်း ပြောသည်။ “မင်း ဘာမှမစားရတာ ကြာပြီဆိုတော့ မြန်မြန်စားလိုက်ရင် ဗိုက်နာလိမ့်မယ်။ မင့်ရောဂါက ဆာလောင်မှုပဲ။ မင်းဦးနှောက်က ခံနိုင်တာထက်ပိုပြီး ပင်ပန်းထားတာဆိုတော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက ဦးနှောက်ဆီ ရောက်ကုန်တယ်။ မင်း သတိလစ်တုန်းက စွမ်းအင်အကုန်လုံး သုံးလိုက်ပြီးတာတောင် နှစ်ရက်လုံး ဘာမှမစားဘူးဆိုတော့ အခုလို တုန်နေတာ မထူးဆန်းဘူး။ အရင်ဆုံး အရည်ကိုသောက်၊ အစာကြေလိမ့်မယ်”
ရှုရှန်းဟွာ သူ့စကားကို နားထောင်ကာ အရည်များသောက်လိုက်သည်။
ချင်မူ၊ ယွီလျုတ်နှင့် ကျင်းယန်တို့ကိုလည်း ခေါက်ဆွဲပွဲများ လာချပေးသည်။ မိန်းကလေးနှစ်ယောက်က ဣန္ဒြေနှင့် စားနေကြသော်လည်း ချင်မူကတော့ မည်သည်ကိုမျှ ဂရုမစိုက်ဘဲ သူ့ပန်းကန်လုံးထဲ ငရုပ်သီးမှုန့်များ ထည့်ကာ အားပါးတရ စားသည်။
ရှုရှန်းဟွာက အရင်ဆုံးစားပြီးသွား၍ သူတို့ကို စိတ်မရှည်စွာ ကြည့်သည်။
ချင်မူ ကပျာကယာ ပြောလိုက်၏။ “အရင်ဆုံး အစာချေဦး။ ခဏနေရင် နောက်တစ်ပွဲ ချပေးလိမ့်မယ်”
ရှုရှန်းဟွာ ငြိမ်ငြိမ်ထိုင်စောင့်နေသည်။ ချင်မူ စားပြီးသွားသောအခါ စားပွဲပေါ်တွင် ခေါက်ဆွဲသုံးပွဲ ရောက်နေပြီဖြစ်သည်။ သူက ခေါင်းညိတ်၍ ပြုံးလိုက်၏။ “နောင်တော်ရှု၊ စားလို့ရပြီ”
ရှုရှန်းဟွာ တမုဟုတ်ချင်း စ,စားသည်။ ချင်မူကို ကြည့်ထားသည့်အတိုင်း သူ့ပန်းကန်လုံးထဲ ငရုပ်သီးများထည့်လိုက်သည်။ ရုတ်ခြည်းဆိုသလို သူ့တစ်ကိုယ်လုံး ပူသွား၏။
ယွီလျုတ်နှင့် ကျင်းယန် သူတို့အရှေ့မှ ခေါက်ဆွဲပွဲများကို စားပြီးသည့်အချိန်တွင် ရှုရှန်းဟွာက ခုနစ်ပွဲမြောက် စားပြီးသွား၍ ခြေပစ်လက်ပစ်ထိုင်ကာ အတော်လေးနေသာထိုင်သာ ရှိနေ၏။။
ယွီလျုတ်နှင့် ကျင်းယန် တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်လိုက်ကြသည်။ သခင်လေးရှုသည် ဣန္ဒြေသိက္ခာကို ထိန်းသိမ်းတတ်သူဖြစ်သည်။ မည်သည့်အချိန်ကမှ ယခုကဲ့သို့ ခြေပစ်လက်ပစ် မထိုင်ဖူးပေ။
‘လူသားဧကရာဇ်က တကယ် မိစ္ဆာပဲ။ သခင်လေး သူနဲ့ တွေ့တာ ခဏတဖြုတ်ပဲ ရှိသေးတယ်၊ အကျင့်ဆိုးတွေ ကူးနေပြီ’ မိန်းကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်၍ ရင်လေးလာကြသည်။
ချင်မူ ထရပ်ပြီး မေးလိုက်သည်။ “နောင်တော်ရှုမှာ တဖုန်းကြေးပြားတွေ ရှိလား”
ရှုရှန်းဟွာက ငိုင်တွေတွေဖြင့် ခေါင်းခါသည်။ “ယွီလျုတ်က ငွေကိုင်တာ”
ယွီလျုတ်က အခက်တွေ့သွားသော အမူအရာဖြင့် ခပ်တိုးတိုး ပြောသည်။ “သခင်လေး၊ စောစောက ဆေးပင်တွေ ဝယ်လိုက်လို့ ကျွန်မတို့ငွေတွေ အကုန်ကုန်သွားပြီ။ ငွေမလောက်လို့ ကျွန်မဆံထိုးကိုတောင် အပေါင်ထားလိုက်ရသေးတယ်”
ချင်မူ တဖုန်းကြေးပြားတစ်ပြား ထုတ်၍ ခေါက်ဆွဲပွဲဖိုး ပေးလိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ ဝယ်ကျွေးလိုက်ပါ့မယ်။ နောင်တော်ရှု၊ ထ။ အများကြီး စားထားတာဆိုတော့ လမ်းနည်းနည်းပါးပါး လျှောက်ကြတာပေါ့”
ရှုရှန်းဟွာ ထလိုက်သည်။ ယွီလျုတ်နှင့် ကျင်းယန်က သူ့ကို တွဲပေးရန် ကပျာကယာ ထလိုက်ကြသော်လည်း ရှုရှန်းဟွာ ခေါင်းယမ်းကာ ပြောလိုက်သည်။ “မတွဲနဲ့တော့ ရပြီ။ ငါ တကယ် ဆာလောင်မှုရောဂါကို ခံစားနေရတာပဲ။ အခုတော့ အများကြီး နေသာထိုင်သာ ရှိသွားပြီ ကိုယ့်ဘာသာကိုယ် လျှောက်နိုင်ပါတယ်”
လေးယောက်သား အေးအေးလူလူ လျှောက်နေကြသော်လည်း ယွီလျုတ် မစိုးရိမ်ဘဲ မနေနိုင်ဖြစ်နေသည်။ ‘လူသားဧကရာဇ်က သခင်လေးကို သေအောင် လမ်းလျှောက်ခိုင်းဦးမှာများလား’
မြို့တော်၏အပြင် ရောက်သည့်အခါ ချင်မူ သူတို့ကို ကုန်ထုတ်စက်ရုံဘက် ခေါ်သွားသည်။ ရှုရှန်းဟွာ၏ အကြည့်များ လှုပ်ခတ်သွားပြီး မေးလိုက်၏။ “နောင်တော်ချင် ဘာလို့ ဒီနေရာကို ခေါ်လာတာပါလဲ”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အထင်မမှားပါနဲ့။ မင်း မေ့မျောနေတဲ့ ဒီနှစ်ရက်အတွင်း နေသူရိန်ခွင်းကောင်းကင်အမြှောက်ရဲ့ အောက်ခြေကို သွန်းလုပ်ပြီးသွားပြီလေ။ ငါတို့ အစိတ်အပိုင်းတွေကို ဆက်ရတော့မှာ။ အဲ့ဒါကြောင့် အမှားမပါအောင် ငါ သွားကြည့်မလို့။ ဟုတ်သား ဆေးကုခ ဘယ်တော့ပေးမှာလဲ။ ငါက စျေးကြီးတယ်နော်”
ရှုရှန်းဟွာ ညည်းသည်။ “ပိုက်ဆံမရှိတော့ဘူး”
“ဒါဆို နောင်တော်ရှု..” ချင်မူ့မျက်လုံးများ ဝင်းလက်သွားပြီး သူက ရှေ့တက်လာကာ မေးသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ ကြားဖူးလား”