ပြောင်းလဲသွားသော နှလုံးသား
Vol. 26 Ch. 360
ရှုရှန်းဟွာ စိတ်ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။ “လူသားဧကရာဇ်ဖြစ်တဲ့အပြင် မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လည်း မဟုတ်ပေလား။ ဒါကြောင့် ကြားဖူးတာပေါ့။ ဘာကြောင့် နောင်တော်ချင် အခုလို မေးတာပါလဲ”
ချင်မူ သူ့ကို တောက်ပစွာ ပြုံးပြလိုက်သည်။ “နောင်တော်ရှု ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်မယ်ဆို ငါ့ကို ဆေးကုခမပေးလို့ ရပြီ။ ငါက လူသားဧကရာဇ်ဆိုပေမယ့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်လည်း ဟုတ်တယ်။ လူသားဧကရာဇ်အနေနဲ့ အထက်ကောင်းကင်ဘုံနဲ့ ရန်ငြိုးတွေ ရှိပေမယ့်လို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ကတော့ မရှိဘူးမဟုတ်လား။ နောင်တော်ရှု ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်မယ်ဆို ဘယ်သူမှ အရှုံးမရှိတော့ဘူးပေါ့”
ယွီလျုတ်နှင့် ကျန်းယန်တို့၏ မျက်နှာအမူအရာများ ထူးဆန်းနေသည်။ ဤလူသားဧကရာဇ်၏ အပြုအမူများသည် ရဲတင်းပြီး စည်းမဲ့ကမ်းမဲ့ဖြစ်လွန်း၏။ အထက်ကောင်းကင်ဘုံနှင့် လူသားဧကရာဇ်က ရန်သူတော်ကြီးများဖြစ်သည့်တိုင် ရန်သူကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲ ဝင်ရန် ဖိတ်ခေါ်နေသေးသည်။
‘ဒီလူသားဧကရာဇ်က ခေါက်ဆွဲကိုးပွဲနဲ့ သခင်လေးကို ကုသပေးလိုက်လို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တကယ် ဝင်ခိုင်းနေတာတော့ မဟုတ်ဘူးမလား။ ရိုးတယ်လို့ ပြောရမလား၊ ဉာဏ်များတယ်လို့ပဲ ပြောရမလား’ ကျင်းယန် သူမဘာသာ တွေးနေမိသည်။
ရှုရှန်းဟွာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “နောင်တော်ချင် မနောက်ပါနဲ့။ ငါ အမြန်ဆုံး ပြန်ဆပ်ပါ့မယ် မပူပါနဲ့”
ချင်မူလည်း ရှုရှန်းဟွာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲ ဝင်မည့်အပေါ် မျှော်လင့်ထားခြင်းမရှိပေ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အထက်ကောင်းကင်ဘုံနှင့် ရန်သူမဟုတ်သော်လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တန်ခိုးရှင်သစ်ခုတ်သမားနှင့် လူသားဧကရာဇ်ခန်းမ၏ ပထမမျိုးဆက်လူသားဧကရာဇ်တို့ နှစ်ယောက်လုံးက ခိုင်ဧကရာဇ်ခေတ်မှ ဖြစ်ကြသည်။ သူတို့၏ရည်ရွယ်ချက်က အတူတူပင် ဖြစ်၏။ နည်းလမ်းများသာ ကွဲပြားခြင်းဖြစ်ချေသည်။
လူသားဧကရာဇ်ခန်းမက ရည်ရွယ်ချက်ပြည့်ဝရန် တိုက်ခိုက်ခြင်းကို အားကိုးပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက သာမန်ပြည်သူများဖြင့် ကမ္ဘာလောကကြီးတိုးတက်အောင် မြှင့်တင်ခြင်းကို အားကိုးသည်။
အထွတ်အမြတ်မြေနှစ်ခုလုံး၏ ရည်ရွယ်ချက်က နတ်ဘုရားတို့၏ စည်းမျဉ်းများကို ချိုးဖျက်ကာ သူတို့စိတ်တိုင်းကျ ပုံဖော်နိုင်မည့် ကမ္ဘာလောကကို တည်ဆောက်ရန် ဖြစ်သည်။
ဤရည်ရွယ်ချက်က အထက်ကောင်းကင်ဘုံကို ဆန့်ကျင်နေ၏။
ကုန်ထုတ်စက်ရုံထဲမှ ကောင်းကင်နတ်သိုင်းပညာရှင်အမြောက်အမြား ထွက်လာကြသည်။ သူတို့က ချီစွမ်းအင်ကို ထုတ်လွှတ်၍ ဧရာမစက်သွားကြီးများကို မြှောက်လိုက်ကြသည်။ စက်အစိတ်အပိုင်းများ ပျံဝဲနေစဉ် ချင်မူက လေပေါ်တွင် လမ်းလျှောက်ကာ ၎င်းတို့ နေရာတကျဖြစ်အောင် ပြောင်းရွှေ့နေ၏။
နေသူရိန်ခွင်းကောင်းကင်အမြှောက်၏ အောက်ခုံသာ ဖြစ်သေးသော်လည်း ဝင်္ကပါအမှတ်အသားများက အတိုင်းထက်အလွန် ရှုပ်ထွေးသည်။ အထူးသဖြင့် ချင်မူ ကိုယ်တိုင် တီထွင်ထားသော ဆေးမီးဖိုငါးဆယ့်ခြောက်လုံးသည် အလွန်ကြီးမားလှ၍ တစ်ခါတည်း သွန်းလုပ်ရန် ခက်ခဲ၏။ အစိတ်အပိုင်းတစ်ရာကျော် ခွဲထားရလေရာ အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ပြန်ဆက်သည့်အခါ အမှားမပါရပေ။
အစိတ်အပိုင်းများ သွန်းလုပ်ရာတွင် တစ်ဖက်အစွန်း၌ စရွေးတံဖော်ပြီး တစ်ဖက်၌ စရွေးပေါက် ဖောက်ထားသည်။ ထိုအခါ စရွေးတံကို စရွေးပေါက်ထဲ တေ့ထည့်လိုက်သည်နှင့် အစိတ်အပိုင်းများသည် ခိုင်ခံ့တောင့်တင်းသွားပြီး ဖိအားဒဏ်ကို ကောင်းစွာ ခံနိုင်လိမ့်မည်။
ထို့အပြင် ရန်သူကြောင့် နေသူရိန်ခွင်းအမြှောက် ထိခိုက်သွားလျှင် ထိသွားသည့် အစိတ်အပိုင်းတစ်ခုကိုသာ ဖြုတ်ကာ လျင်မြန်စွာ လဲလှယ်နိုင်သည်။ လဲလှယ်တပ်ဆပ်ပြီးသည့်အခါ ကောင်းကင်အမြှောက်အား ပကတိပစ်အားအတိုင်း ပြန်အသုံးပြုနိုင်၏။
ကောင်းကင်အမြှောက်ကို အောက်ခုံနှင့် ဆက်နေသည့်အချိန်တွင် ကုန်ထုတ်စက်ရုံအပြင်၌ အရာရှိများစွာ စုဝေးနေကြသည်။ ဧကရာဇ်ယန်ဖုန်းလည်း ထွက်လာ၏။ ကောင်းကင်အမြှောက်အပေါ် သူ အလွန်အရေးထားတော်မူသည်မှာ သိသာပေသည်။
“စီမံမှူးချင်ရဲ့ စရွေးဆက်နည်းကို ဝိညာဉ်လက်နက်တွေနဲ့ လေသင်္ဘောတွေ သွန်းလုပ်ရမှာလည်း သုံးနိုင်ပေတာပဲ” ဧကရာဇ်ယန်ဖုန်း အလွန်အားရကျေနပ်နေတော်မူပြီး စက်မှုဝန်မင်းကို မိန့်တော်မူလိုက်၏။ “ဒီနည်းနဲ့ စစ်တပ်တစ်ခုလုံးကို အဆင့်မြှင့်နိုင်လောက်မယ် မောင်မင်း။ ဓားပျံတွေနဲ့ လေသင်္ဘောတွေကို စရွေးဆက်နည်းအတိုင်း တီထွင်ထားလိုက်ရင် စစ်ပွဲအတွင်း ဆုံးရှုံးမှုတွေကို အတော်လျှော့ချနိုင်လိမ့်မယ်”
ဝန်မင်းက ခေါင်းညိတ်သည်။ “ဒါပေမဲ့ သွန်းလုပ်ရခက်ပါတယ်”
“စီမံမှူးချင် တည်ဆောက်ထားတဲ့ ကုန်ထုတ်စက်ရုံနဲ့ဆို မခက်ပါဘူး”
ဧကရာဇ်ယန်ဖုန်း စဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်သည်။ “ကုန်ထုတ်စက်ရုံအကုန်လုံးသာ ဝိညာဉ်လက်နက်တွေ၊ လေသင်္ဘောတွေနဲ့ တိမ်တိုက်ရထားလုံးတွေရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနိုင်ရင် စစ်ပွဲကြီးဖြစ်ရင်တောင်မှ ဆုံးရှုံးမှုက သိပ်များတော့မှာမဟုတ်ဘူး။ ဝန်မင်းလည်း သွားလေ့လာချည်။ ဒါမှ ဒီလိုကုန်ထုတ်စက်ရုံမျိုးတွေ တိုးချဲ့တည်ဆောက်နိုင်မှာ”
ထိုအချိန်တွင် ချင်မူက အစိတ်အပိုင်းများကို ဆက်ရန် အမိန့်ပေးလိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက အလယ်အပိုင်းများကို ဆက်လိုက်ကြသည့်အခါ ခြောက်ဧကကြီးမားသော စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးတစ်ပြား ဖွဲ့တည်လာ၏။
ထို့နောက် မြောက်ပိုင်းစစ်ပွဲ၏ရှေ့တန်းမှ ပြန်ရောက်လာသော ပါမောက္ခပါ့ရှန်က အောက်ခြေသို့ သွားသည်။ သူက လက်နှစ်ဖက်လုံးကို မြှောက်၍ မှော်စွမ်းအင်များကို ထုတ်လွှတ်ကာ အလွန်ကြီးမားသော စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးကို မြှောက်လိုက်သည်။
ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ကုန်ထုတ်စက်ရုံအပြင် ထွက်လာကြပြန်သည်။ သူတို့ဘေးတွင် နံပါတ်များ အဆက်မပြတ် ဖတ်နေသော လူတစ်ယောက်ရှိ၏။ သူ နံပါတ်တစ်ခု ဖတ်လိုက်တိုင်း ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ရှေ့ထွက်သွားပြီး စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးဆီ အစိတ်အပိုင်းတစ်ခု တပ်ဆင်လိုက်သည်။
အစိတ်အပိုင်းများ တပ်လေလေ၊ စက်ဝိုင်းပုံသဏ္ဍာန်အောက်ခုံသည် ပိုမိုကြီးမားထူထဲလာ၏။ အစိတ်အပိုင်းတစ်သောင်းနီးပါး တပ်ပြီးသည့်အခါ အလွန်ကြံ့ခိုင်သော ပါမောက္ခပါ့ရှန်၏ ခြေထောက်များ တုန်ရီစပြုလာသည်။ အပေါ်ရှိ အလေးချိန်ကြောင့် သူ့ခါးကိုပင် မတ်မတ်မထားနိုင်တော့ပေ။
ကူလင်းနွမ် ရှေ့ထွက်လာပြီး နှစ်ယောက်သား သူတို့၏သိပ်သည်းလှသော မှော်စွမ်းအင်များဖြင့် ဤစက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးကို မြှောက်လိုက်ကြသည်။ ယခုအချိန်တွင် စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးကား နှစ်ဆယ့်ခုနစ်ဧကကျော် ရှိချေပြီ။
ရွတ်ဖတ်နေသော နံပါတ်က နှစ်သောင်းခုနစ်ထောင်သို့ ရောက်သည့်အခါ ခြောက်ဆယ့်ခြောက်ဧက ကြီးမားသော စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီး ဖွဲ့တည်လာခဲ့သည်။
စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးပေါ်တွင် ချင်မူနှင့် စက်မှုဝန်ကြီးဌာန၏ ဝန်မင်းက ဟိုဟိုသည်သည် ပြေးလွှားရင်း အစိတ်အပိုင်းများ ဆက်ထားသော ဆုံမှတ်ရှိ သင်္ကေတအမှတ်အသားများကို စစ်ဆေးနေကြသည်။ မည်သည့်ပြဿနာမှ မရှိကြောင်း အတည်ပြုပြီးလျှင် ချင်မူ အမိန့်ပေးလိုက်ရာ ဧရာမသားရဲကြီးများက လှည်းကြီးများအား ဆွဲလာကြ၏။ လှည်းကြီးများအပေါ်မှ ဆေးဆရာများ အလျင်အမြန် ခုန်ဆင်းကြပြီး ဆေးစွမ်းအင်ကျောက်တုံးများကို စက်ဝိုင်းပုံသဏ္ဍာန်အောက်ခုံအပေါ် တင်ကြသည်။
“မီးမွှေးကြ” ချင်မူ အမိန့်ပေးလိုက်သည်။
“မီးမွှေးကြ”
ဆေးစွမ်းအင်ကျောက်တုံးများ ထည့်သွင်းလိုက်သည်နှင့် ဆေးမီးဖိုငါးဆယ့်ခြောက်လုံး အသက်ဝင်လာသည်။ ဆေးဆရာတစ်ယောက်စီတိုင်းက ချီစွမ်းအင်ဖြင့် မီးမွှေးလိုက်ကြသည့်အခါ မီးတောက်များ တဟုန်းဟုန်း တောက်လာကြသည်။ မီးတောက်များက နီရာမှ ဖြူလာသည်။ ဖြူရာမှ စိမ်းလာကာ စိမ်းရာမှ ပြာသွား၏။
တုနှိုင်းမဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က စက်ဝိုင်းပုံအောက်ခုံ၏ အပေါ်ရှိ ဝင်္ကပါအမှတ်အသားများနှင့် သင်္ကေတများတောက်လျှောက် အရှိန်အဟုန်ပြင်းပြင်း စီးဆင်းသွားပြီး ရာနှုန်းပြည့် အသက်ဝင်လာသည်။
စက်ဝိုင်းပုံအောက်ခုံကို ထမ်းပေးထားသော ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်လေးယောက်မှ တမုဟုတ်ချင်း အလေးချိန်ပေါ့သွားသည်ကို ခံစားလိုက်ရသည်။ အမြှောက်၏ စွမ်းအင်ကြောင့် သူတို့ မြှောက်ပေးထားစရာ မလိုတော့ပေ။ အမြှောက်သည် ၎င်းဘာသာ ပျံဝဲနိုင်၏။
အရာရှိမင်းများ တအံ့တဩ ချီးကျူးကြသည်။ “သိပ်ပြောင်မြောက်လိုက်တဲ့ လက်ရာ။ သိပ်အနုစိတ်လိုက်တဲ့ လက်ရာပေပဲ”
ဧကရာဇ်ယန်ဖုန်းမှာတော့ မျက်နှာသိပ်မကောင်းပေ။ ချင်မူက ကောင်းကင်အမြှောက်၏ အောက်ခုံကို တပ်ဆပ်၍ ဆေးမီးဖိုများနှင့် ဝင်္ကပါများ အလုပ်လုပ်မလုပ် စမ်းကြည့်ချင်ခဲ့သည်။ သို့သော် ထို့အတွက် လိုအပ်သော ဆေးစွမ်းအင်ကျောက်တုံးပမာဏမှာ အလယ်အလတ်စစ်ပွဲတစ်ပွဲ၏ ကုန်ကျစရိတ်နှင့် ညီမျှ၏။
“ဖြုန်းနေတာက သူ့ငွေ မဟုတ်တော့လည်း....”
ဧကရာဇ်ယန်ဖုန်း ရင်နာမိသည်။
ချင်မူ စမ်းသပ်ပြီးစီးသောအခါ အောက်ခုံအပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။ “မီးငြှိမ်းပြီး အောက်ခုံကို ပြန်ချကြ”
ဆေးမီးဖိုးများ တဖြည်းဖြည်း ငြိမ်းသွား၍ လေတွင် ပျံဝဲနေသော အောက်ခုံအပြားကြီးလည်း မြေကြီးပေါ် ဖြည်းဖြည်းချင်း ပြန်ကျလာသည်။ ပြန်ကျလာသောအရှိန်က ညင်သာသော်လည်း လေပြင်းများ တိုက်ခတ်သွားသေး၏။ လေအဟုန်ကြောင့် အကုန်လုံး၏အဝတ်အစားများ တဖတ်ဖတ် လှုပ်ခတ်သွားပြီး လေဖိအားကို ခံစားလိုက်ကြရသည်။
လေစီးကြောင်းများ ပြန်ငြိမ်သွားသည်။
ချင်မူ ကျယ်လောင်စွာ ပြောလိုက်၏။ “ဆေးဆရာတို့ ဆေးစွမ်းအင်ကျောက်တုံးတွေ ပြင်ထားကြ။ အမြှောက်ကိုယ်ထည်နဲ့ အလင်းစုခက်ရင်းခွတွေ သွန်းပြီးတာနဲ့ ဆေးမီးဖိုတွေကို ထပ်အသက်သွင်းရမယ်”
ဆေးဆရာများ သူ့အမိန့်ကို နာခံကြသည်။
ဧကရာဇ်ယန်ဖုန်း၏မျက်နှာတွင် သွေးမရှိတော့ပေ။ သူက အနားရှိ အရာရှိတစ်ယောက်အား ချင်မူ့ကို လှမ်းခေါ်ခိုင်းလိုက်ပြီးနောက် မေးတော်မူလိုက်သည်။ “စီမံမှူးချင် ၊ ဘာလို့ ဆေးမီးဖိုတွေကို အသက်သွင်းစရာ လိုသေးတာလဲ”
“အရှင်မင်းကြီး၊ နေသူရိန်ခွင်းကောင်းကင်အမြှောက်မှာ အစိတ်အပိုင်းတွေ များလွန်းတဲ့အတွက် အမှားမပါအောင် လုပ်ရခက်ပါတယ်။ ဒါကြောင့် အမြှောက်ရဲ့ ကိုယ်ထည်နဲ့ အလင်းစုခက်ရင်းခွတွေကို သွန်းလုပ်ပြီးရင် အမှားမပါတာ သေချာအောင် ထပ်အသက်သွင်းကြည့်ဖို့ လိုအပ်တာပါ”
ဧကရာဇ်ယန်ဖုန်း ပြုံးတော်မူလိုက်ပြီး မေးလိုက်သည်။ “ဘယ်နှကြိမ်လောက် အသက်ထပ်သွင်းရဦးမှာလဲ”
“အမှားမပါရင် နှစ်ကြိမ်၊ သုံးကြိမ်ဆို လုံလောက်ပါလိမ့်မယ်” ချင်မူ တွက်ချက်ကြည့်ပြီးသော် လျှောက်တင်လိုက်သည်။ “အမှားပါရင်တော့ ဘယ်နေရာမှာ မှားနေတာလဲ စစ်ဆေးရမှာပါ။ အဲဒီလိုဖြစ်လာရင် ဘယ်နှကြိမ် အသက်သွင်းရမလဲ ကျွန်တော် မပြောတတ်ပါဘူး။ အထူးသဖြင့် ကောင်းကင်မျက်လုံးရဲ့ တည်နေရာမှာ ဖိအားနဲ့ ကန်အားကို အကောင်းဆုံး ဆန့်ပေး၊ ချုံ့ပေးနိုင်အောင် ရှေ့ာဘားတပ်ထားရသလို၊ စရွေးဆက်နည်းလည်း သုံးထားပါတယ်။ ဒါကြောင့် အင်မတန် ရှုပ်ထွေးလွန်းလို့ အမှားပါနိုင်ခြေလည်း မြင့်မားနိုင်တာကြောင့်ပါ
“မပူပါနဲ့ အရှင်မင်းကြီး၊ ဒီက သင်္ချာပညာရှင်အများကြီးနဲ့ ကျွန်တော်တို့ အချိန်တိုအတွင်း အမှားရှာနိုင်ပါတယ်။ ကုန်ကျစရိတ်သိပ်မများအောင်လည်း အသက်သွင်းတဲ့ အကြိမ်အရေအတွက်ကိုလည်း ထိန်းသိမ်းပေးပါ့မယ်။ နောက်လဝက်နေမှ ဆေးမီးဖိုတွေကို ထပ်အသက်သွင်းမှာဆိုတော့ အရှင်မင်းကြီး...”
“အဲဒီလိုဆိုရင်လည်း ကောင်းတယ်။ ကောင်းတယ်။ မောင်မင်း ကိုယ့်ဘာသာ စီမံနိုင်အောင် ငါကိုယ်တော် မလာတော့ဘူး။ ဝန်မင်း နန်းတွင်းပြန်ကြွကြမယ်”
ချင်မူ ဧကရာဇ်ယန်ဖုန်း တုန်တုန်ရီရီဖြင့် ပြန်ကြွသွားသည်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။ ‘ဧကရာဇ် ပြန်မသက်သာသေးတာလား။ မဟုတ်သေးပါဘူး။ ငါနဲ့ အဆိပ်ဘုရင်ငယ် သူ့ကို ကုသပေးပြီးသားပါ...’
ရှုရှန်းဟွာ ဧရာမစက်ဝိုင်းပုံသဏ္ဍာန်အောက်ခုံအပြားကို ကြည့်ပြီး မျက်နှာမည်းမှောင်နေသည်။
ချင်မူ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ဆီ လျှောက်သွားကာ မေးလိုက်၏။ “နောင်တော်ရှု၊ ဒီအမြှောက်ရဲ့ စွမ်းအင်အပေါ် ဘယ်လိုမြင်ပါသလဲ”
“နတ်ဘုရားလက်ရာပဲ အမှန်တကယ် ပြောင်မြောက်ပါတယ်” ရှုရှန်းဟွာ သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “နောင်တော်ချင်က ဒီလိုကိစ္စမျိုးအတွက် အားအင်တွေ ကုန်ထားတာဆိုတော့ မကြာခင် ငါ့ကို ရှုံးလိမ့်မယ် ထင်တယ်။ နောင်တော်ချင်က နတ်ဆေးသမားတော်လည်း ဖြစ်သလို၊ ကောင်းကင်ပန်းပဲဆရာလည်း ဖြစ်ပြန်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အင်တိုက်အားတိုက် ကျင့်ကြံဖို့ အချိန်မရဘူး။ အချိန်ကြာလာတာနဲ့အမျှ နောင်တော်ချင်ရဲ့ သိုင်းအဆင့်က ငါ့အောက် နိမ့်ကျသွားပြီး အပြတ်အသတ် ရှုံးနိမ့်ရလိမ့်မယ်”
“နောင်တော်ရှုတောင် စိတ်ကို တိုက်ခိုက်တတ်ပြီပဲ” ချင်မူ ပြုံးကာ ပြောလိုက်သည်။ “မင်းက ငါ့ကို ဒီကောင်းကင်အမြှောက်လည်း မသွန်းလုပ်စေချင်ဘူး။ ငါ့ယုံကြည်မှုကိုလည်း ရိုက်ချိုးပစ်ချင်တယ်။ ဒါပေမဲ့ ငါ့အတွက်တော့ ဆေးကုတာပဲဖြစ်ဖြစ်၊ လက်နက်သွန်းလုပ်တာပဲဖြစ်ဖြစ် အစွမ်းအစတွေကို အသုံးချနိုင်တဲ့ ကျင့်ကြံခြင်းမျိုးပါပဲ။ တကယ်တော့ ငါသာ မင်းကို အနိုင်ယူချင်ရင် အဆိပ်ခတ်သတ်ပစ်လို့ရတယ်။ ဒါမှမဟုတ် လက်နက်တစ်ခုသွန်းပြီး ပစ်သတ်လိုက်လို့လည်း ရတာပဲမဟုတ်လား။ ဒါတွေကလည်း ငါ့အစွမ်းအစတွေပါပဲ”
ရှုရှန်းဟွာ ရင်ထဲ လေးလံသွားပြီး ပြောလိုက်သည်။ “မဟုတ်မှန်တာ မပြောပါနဲ့ နောင်တော်ချင်”
ချင်မူ တဟားဟား အော်ရယ်ကာ သူ့ပခုံးကို ပုတ်လိုက်၏။ “ငါတို့က လောကသခင်ခန္ဓာတွေပဲ။ သိုင်းကျင့်တာတစ်ခုတည်းကိုပဲ အားစိုက်ထားလို့မရဘူး။ မင်း ငါ့ကို နောက်တစ်ကြိမ် စိန်ခေါ်တဲ့အခါ ငါ မင်းကို လက်ဗလာနဲ့ အနိုင်ယူမလား။ အဆိပ်ခတ်သတ်မလား။ လက်နက်တွေနဲ့ ထုရိုက်ပစ်မလား သိနိုင်ပါ့မလား။ ဆေးကုခက တဖုန်းကြေးပြားတစ်ထောင် ကျတယ်နော်။ အကြွေးမြန်မြန် ဆပ်မှ ငါ့ကို စိန်ခေါ်လို့ရမယ်။ ငါ မင်းကို စောင့်နေပါတယ်”
ရှုရှန်းဟွာ မှင်သက်သွားသည်။ ရုတ်တရက် ကလေးမလေးတစ်ယောက် ခုန်ဆွခုန်ဆွ ရောက်လာသည်။ သူမ၏ အမွှေးဖွားဖွား အမြီးဖြူလေးသုံးချောင်းက တလှုပ်လှုပ် ခါနေ၏။ သူမက အကြွေးစာချုပ်တစ်ခု အလျင်အမြန် ချရေးပြီး ခပ်ကျယ်ကျယ် ပြောသည်။ “သခင်လေးရှု၊ လက်မှတ်ထိုးပါ”
ရှုရှန်းဟွာ သက်ပြင်းချလိုက်မိသည်။ ကလေးမလေးက အကြွေးစာချုပ်ကို ဂရုတစိုက် သိမ်းပြီးနောက် ချင်မူနောက် လိုက်သွားသည်။
“အထက်ကောင်းကင်ဘုံက ဆင်းလာပြီး လူသားဧကရာဇ်ကို မသတ်နိုင်တဲ့အပြင် အကြွေးပါ တင်သွားသေးတယ်...” ရှုရှန်းဟွာ ခေါင်းယမ်းပြီး သက်ပြင်းချမိသည်။ “ငါ ဘယ်လိုလုပ် ဒီလိုပုံစံနဲ့ ပြန်ရမှာလဲ။ ယွီလျုတ်၊ ကျင်းယန် ငါ ငွေဘယ်လိုရှာရမလဲ”
ယွီလျုတ်နှင့် ကျင်းယန်လည်း မတွေးတတ်ပေ။ ငွေရနိုင်မည့် အမြန်ဆုံးနည်းလမ်းက ရတနာများကို ရောင်းချရန် ဖြစ်သည်။ အထက်ကောင်းကင်ဘုံမှ ရတနာများစွာ ပါလာခဲ့၍ အနည်းငယ်ရောင်းချခြင်းက ပြဿနာမရှိပေ။
သို့သော် ရှုရှန်းဟွာ အိပ်ရာထဲလဲနေတုန်းက သူတို့ ရောင်းချ၍ရသမျှ အကုန်ရောင်းချခဲ့ရသည်။ ကျောက်စိမ်းပန်းအိုးနှင့် ဖီဖာသာ ကျန်တော့၏။ ဤပစ္စည်းနှစ်ခုက ကြယ်ဧကရာဇ်ချောင်၏ ရတနာများ ဖြစ်သည့်အတွက် ရောင်းမရပေ။
“ငါ သီချင်းဆိုတတ်တယ်။ အဲဒါနဲ့ ငွေရှာလို့ရလား” ရှုရှန်းဟွာ မေးလိုက်သည်။
“သခင်လေးက သီချင်းဆိုပြမယ်ဟုတ်လား” ကျင်းယန် အော်လိုက်မိသည်။ “ဒါ ဘယ်လိုလုပ်ဖြစ်သင့်မှာတုန်း။ ပြီးတော့ သီချင်းဆိုတာက အဲဒီလောက်မရဘူး”
“ငါ ဝိညာဉ်လက်နက် သွန်းလုပ်တတ်တယ်။ အဲဒါနဲ့ ငွေနည်းနည်းပါးပါး ရှာလို့ရမယ် ထင်တာပဲ....” ရှုရှန်းဟွာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သခင်လေးက ပန်းပဲဆရာ လုပ်မလို့လား”
ရှုရှန်းဟွာ ပြုံး၍ ပြောလိုက်သည်။ “ငါက လောကသခင်ခန္ဓာလေ။ ငါ လေ့လာလိုက်ရင် အတော်ဆုံးဖြစ်သွားလိမ့်မယ်။ မပူပါနဲ့ ပန်းပဲဆရာဘဝနဲ့လည်း အတော်ဆုံးပန်းပဲဆရာ ဖြစ်စေရမယ်။ အဲဒီလူသားဧကရာဇ်ချင်ထက် သေချာပေါက် မနိမ့်ကျစေရဘူး”
ကျင်းယန်နှင့် ယွီလျုတ်မှာ တစ်ယောက်ကိုတစ်ယောက် စိတ်မောစွာ ကြည့်လိုက်ကြသည်။ ‘သခင်လေး အထက်ကောင်းကင်ဘုံကို ပြန်တက်နိုင်လောက်မှာ မဟုတ်တော့ဘူး။ သူ့နှလုံးသားက အထက်ကောင်းကင်ဘုံတုန်းကလို မဟုတ်ဘူး ပြောင်းလဲသွားပြီ’
ချင်မူ ရှုရှန်းဟွာနှင့် နောက်တစ်ကြိမ် တွေ့သောအခါ ပန်းပဲဖိုတစ်ဖိုတွင် ဖြစ်သည်။ အထက်ကောင်းကင်ဘုံ၏ အထူးချွန်ဆုံးတပည့်သည် ယခင်တုန်းကကဲ့သို့ သန့်ရှင်းစင်ကြယ်သောအသွင်ပြင် မရှိတော့ပေ။ ဧရာမတူကြီးတစ်လက်ကို ကိုင်၍ မဟူရာရွှေကို ထုနေ၏။