← Chapters

ဒီတာအိုက ပျက်သုန်းသွားသင့်ပြီ

Vol. 85 Ch. 1177

ဒီတာအိုက ပျက်သုန်းသွားသင့်ပြီ

Vol. 85 Ch. 1177

အရာအားလုံးကို သိမ်းဆည်းပြီးနောက် ခွန်းယွင်က ပြုံးကာ   “ ညီအစ်ကိုမို ဘယ်လိုဖြစ်ဖြစ် ငါ့ပစ္စည်းတွေ ပြန်ရလာအောင် ကူညီပေးတာ ကျေးဇူးပါကွာ ”

မိုဝူကျိက ခွန်းယွင် နောက်ကျောမှ ထောင်ထျဲ့အိုးကို ညွှန်ပြကာ   “ အဲဒီအိုးက ဒုက္ခတစ်ခုလို ဖြစ်မနဘူးလား။ ကျုပ် သိမ်းထားပေးရမလား ”

ဤထောင်ထျဲ့အိုးမှာ နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ ထောင်ထျဲ့ အပိုင် ဖြစ်၏။ မိုဝူကျိက ထောင်ထျဲ့၏ အင်အားအကြောင်း ကောင်းကောင်း သိထား၏။ နတ်ဘုရားဧကရာဇ်များကြား ထိပ်ဆုံး ဖြစ်သလို နံပါတ်တစ်တောင် ဖြစ်နေနိုင်သည်။ ထိုလူက ဟွမ်တိအား ဒဏ်ရာပေးနိုင်စွမ်း ရှိ၏။ ထို့ကြောင့် ခွန်းယွင် တစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ခွန်းယွင်က သတ္တဗုဒ္ဓကျိုင်းနှင့် ထောင်ထျဲ့အိုးအား လဲလှယ်ခဲ့ရသည်။ မိုဝူကျိက ခွန်းယွင်ဆီမှ ထောင်ထျဲ့အိုး ယူကာ သတ္တဗုဒ္ဓကျိုင်းကို ပြန်ပေးဖို့ ကြံရွယ်ထား၏။

မိုဝူကျိက ထိုအကြောင်း ထုတ်ပြောလိုက်သည်နှင့် ခွန်းယွင်က ခေါင်းဆက်တိုက် ခါယမ်းကာ

“ မဖြစ်ဘူး။ မဖြစ်ဘူး  … ဒီပစ္စည်းက ထောင်ထျဲ့အပိုင်လေ။ တကယ်လို့ နောင် သူနဲ့ တိုးလို့ သူ့ဆီ အိုးကို ပြန်မပေးရင် ငါတော့ သွားပြီပဲ။ အဲဒီထောင်ထျဲ့က နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှာ  အကြမ်းတမ်းဆုံးပဲ ”

ခွန်းယွင် စကားမဆုံးခင် သူတို့ဘေးပတ်လည် လေထုမှာ တုန်ခါလာသည်။ ထို့နောက် အာကာပြင် စည်းမျည်းများက စတင် ပြိုလဲပျက်စီးလာ၏။ ဧရာမ အာကာပြင် အက်ကြောင်းကြီး ပေါ်လာကာ အရာအားလုံးကို အားပြင်းပြင်းနှင့် စုပ်ယူနေသည်။

“ ဟိုခွေးသား မင်ယွမ်က နတ်ဘုရားနားခိုရာနယ်မြေကို ဖောက်ခွဲပစ်ဖို့ လုပ်နေတာပဲ ” ခွန်းယွင်က စတင် ကျိန်ဆဲလိုက်သည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ကို ထောင်ထျဲ့အိုးအတွင်း ဝင်ရောက်ထားလိုက်၏။

သူ့ထောင်ထျဲ့အိုးက နောက်ကျောတွင် ရှိနေသည်ဖြစ်ရာ အချိန်တိုအတွင်း ခိုအောင်းနိုင်လိုက်သည်။ အကယ်၍ သူသာ ထောင်ထျဲ့အိုးကို မထုတ်ထားမိပါက ဤသို့သော စိတ်စွမ်းအား ဖိနှိပ်ခံထားရသည့်အချိန်မျိုးတွင် သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက သူ့အချိန်စက်ဝန်းပြားကို ထုတ်ယူဖို့ အခွင့်အရေး မရလိုက်ပေ။ သူက ထိုအက်ကြောင်းထဲ စုပ်ယူမခံရခင် ကာကွယ်ရေး မှော်ရတနာကိုပင် ထုတ်ယူဖို့ အချိန်မရလိုက်ချေ။

အလယ်အလတ် ဝိဇ္ဇာရုပ်ခန္ဓာပိုင်ရှင် ဖြစ်သော်လည်း သူ့အရိုများမှာ ထိုအားပြင်းကြောင့် ကြေမွကုန်လေသည်။

သို့သော် သူ့တွင် အလယ်အလတ် ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ရှိထားသည်က အချိန်စက်ဝန်းပြားကို အချိန်မီ ထုတ်ယူနိုင်စေလိုက်သည့်အတွက် ကံကောင်းသွားပေသည်။ သူက အချိန်စက်ဝန်းပြားပေါ် အခြေကျသွားသည့်အခါ ခွန်းယွင်က ပါသွားပြီးပြီ ဖြစ်၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ လူသားဆန်ဖို့ရာ အမှန်တကယ် ခက်ခဲလှပေသည်။ သူသာ ဝိဇ္ဇာတုမင်ယွမ်အား သတ်ပစ်ခဲ့ပါက ဤသို့အဖြစ်မျိုးနှင့် ကြုံရမည် မဟုတ်ပေ။

အချိန်စက်ဝန်းပြားက တည်ငြိမ်သွားလေသည်။ မိုဝူကျိက အချိန်စက်ဝန်းပြားပေါ်မှ မြေပုံကို တစ်ချက်ကြည့်လိုက်သည်။

ကံကြမ္မာ ထိပ်သီး ရတနာ ဖြစ်ဖို့ ထိုက်တန်ပေသည်။ ဤစကြဝဠာကြီးရှိ နေရာအားလုံးကို အချိန်စက်ဝန်းပြားအတွင်း ရှင်းရှင်းလင်းလင်း ပြသထား၏။ မိုဝူကျိအား အတော်လေး စိတ်ပေါ့ပါးသွားစေသည်က အထက်ဘုံ၏ တည်နေရာကို မြင်လိုက်ရ၍ ဖြစ်သည်။

အထက်ဘုံသည် အင်မော်တယ်နယ်ပယ်အလွှာထဲ ပါဝင်ကာ တာအိုဧကရာဇ် ကျီချန်းလောင် နေထိုင်ခဲ့သည့် နေရာ ဖြစ်၏။

မူလက မိုဝူကျိသည် အချိန်စက်ဝန်းပြားဖြင့် အင်မော်တယ်လောကဆီ ပြန်မသွားခင် လူသားဂိုဏ်း အခြေကျသည့်အထိ စောင့်ဆိုင်းဖို့ ကြံရွယ်ထားပေသည်။ အကယ်၍ ထိုကြိုးစားမှုသာ မအောင်မြင်ခဲ့လျှင် သူက သတ္တကမ္ဘာကျောက်တုံးမှတဆင့် အင်မော်တယ်လောကဆီ ပြန်သွားမည် ဖြစ်၏။

သို့သော် ယခုလို ထူးဆန်းသည့် အခြေအနေမျိုး၌ အင်မော်တယ်လောက၏ အထက်ဘုံကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ သူက တုံ့ဆိုင်းမနေဘဲ အချိန်စက်ဝန်းပြားကို တည်နေရာ ပြောင်းလိုက်တော့သည်။

မိုဝူကျိက အင်မော်တယ်လောကမှ သတ္တကမ္ဘာ ကျောက်တုံးဆီ မည်သို့ လာရမှန်း သိထားသောကြောင့် အင်မော်တယ်လောကသို့ ပြန်လာနိုင်သရွေ့ အင်မော်တယ်လောကမှ နတ်ဘုရားလောကဆီ အလွယ်တကူ လာနိုင်လိမ့်မည်။

………….…

မိုဝူကျိ အထက်ဘုံသို့ ရောက်လာသည့်အခါ အင်မော်တယ် ဝိညာဉ်စွမ်းအား ကြွယ်ဝမှုကို ခံစားမိလိုက်သည်။ ဤသို့သော စွမ်းအားမျိုးက သူ့မျက်စိထဲ တိုးပင် မတိုးသော်လည်း အင်မော်တယ်လောကရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားထက် အတော်လေး သိပ်သည်းပေသည်။

“တာအိုဧကရာဇ် ခန်းမ” ဟူသော စာလုံးမှာ ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုအထက်၌ လွှင့်မျှောနေသည်။ မိုဝူကျိက သူ့အချိန်စက်ဝန်းပြားကို သိမ်းကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

မိုဝူကျိကို အံ့အားသင့်သွားစေသည်က သူနှင့် ရင်းနှီးပြီးသား လူများကို မြင်လိုက်ရ၍ ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်များစွာက သူနှင့် တိုက်ပွဲဖြစ်ခဲ့သော ကျူးယင်လည်း  ရှိနေသည်။ သူက ကျူးယင်၏ စိတ်ဝိညာဉ် အသိစိတ်ကို ဖျက်စီးပစ်ခဲ့သော်လည်း ထိုလူက လွှတ်မြောက်သွားသေး၏။ မိုဝူကျိအား  အံ့ဩသွားစေသူမှာ  ကျူးယင် ဘေးတွင် ကျူးချူကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။

မိုဝူကျိက ကျူးယင်ကို မသတ်နိုင်ခြင်းကို စိတ်ထဲ မထည့်သော်လည်း ကျူးချူကို မသတ်နိုင်ခဲ့သည့် ကိစ္စကိုကား စိတ်ထဲ တနှံ့နှံ့ ပြန်တွေးနေမိသည်။

ထိုလူ့အမှိုက် ကျူးချူက  သူ မိုဝူကျိအား ထွက်လာစေဖို့အတွက် ကျင့်ကြံသူများစွာ ရှိနေသည့် မြို့များစွာအား ဖျက်စီးပစ်ခဲ့သည်။

ကျူးချူ၏ ကျိုးပျက်ပညာရပ်ကိုတော့ မိုဝူကျိက အတော်လေး ရွံ့ရှာမိသည်။

***

“ ဝုန်း ” မိုဝူကျိက ထိုခန်းမထဲ မဝင်ခင် တံခါးကြီးက ပွင့်ဟလာ၏။

ကြက်တစ်ကောင်လို အရေပြားမျိုးနှင့် ကျူးယင်က မိုဝူကျိရှေ့ ရောက်လာသည်။ သူက မိုဝူကျိအား အချိန်တချို့ ကြည့်လိုက်ပြီးနောက် စတင်ရယ်မောကာ   “ အင်မော်တယ်လောကဆီ သွားပြီး မင်းရဲ့ ဖင်းဖန်ကျောင်းတော်ကို ချေမှုန်းဖို့ ပြောတုန်း ရှိသေး မင်းက စိတ်မရှည်ဘဲ ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး ဟားဟား ”

ကျူးချူ အပါအဝင် ကျူးယင်ဘေးတွင် လူဆယ်ယောက်ကျော် ရှိနေသည်။ မိုဝူကျိအား အံ့ဩသွားစေသည်က နာမည်ကျော်ကြားသည့် ဆေးလုံးတာအို မဟာမိတ်အဖွဲ့ခေါင်းဆောင် ရှောင်လီရှီလည်း ရှိနေလေ၏။ ရှောင်လီရှီအပြင် လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကိုင်အောင်းနှင့် နတ်ဘုရားအင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် အူးဂူလည်း ရှိနေသည်။

မိုဝူကျိက အခြားလူများကိုတော့ မမှတ်မိပေ။

မိုဝူကျိ၏ အကြည့်ကို သတိထားမိကာ ကိုင်အောင်းက ခေါင်းငုံ့ထားလိုက်သည်။ သူက ရှက်ရွံ့ကာ အပြစ်စိတ် ရှိဟန် ပေါ်နေသည်။

မိုဝူကျိက လက်ရှိ ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်၏။ သူက တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် ကိုင်အောင်းနှင့် အူးဂူတို့သည် အမှတ်အသား ချိတ်ပိတ်ခံထားရကြောင်း သိလိုက်သည်။

ကျိူးပျက်တာအို၏ ချိတ်ပိတ်မှုကိုတော့ မိုဝူကျိက ကိုယ်တိုင် ကြုံဖူးပေသည်။ ယခင် အဆိပ်နတ်မိမယ် နျုံရှုဝမ်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် သူက ကျူးချူ၏ အမှတ်အသားကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

မိုဝူကျိက ကျူးယင်၏ စွမ်းဆောင်ရည်ကို ကောင်းကောင်း သိထား၏။ ယခင် ဤလူက အင်မော်တယ်လောက၏ ထိပ်တန်း တည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ သို့သော်လည်း မိုဝူကျိက ကျူးယင်၏ လက်ရှိစွမ်းရည်ကို ပိုအံ့အားသင့်မိ၏။

သူ့စိတ်ဝိညာဉ် အသိစိတ် ဖျက်စီးခံလိုက်ရပြီးနောက် ဤလူက နိမ့်ကျမသွားခဲ့ပေ။ ထို့အစား သူက ကနဦး နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိနေလေပြီ။ မိုဝူကျိက မှားမြင်နေခြင်း မဟုတ်ကြောင်း အသေအချာ သိသော်လည်း မယုံကြည်နိုင်သေးပေ။ အင်မော်တယ်လောက၌ ကနဦး နတ်ဘုရား အဆင့် ၉ အထိ ကျင့်ကြံနိုင်ဖို့ရာ မည်သို့သော သဘောတရားမျိုးနည်း။

ဤသည်မှာ မိုးမြေ စည်းမျည်းနှင့် ဆန့်ကျင်နေပေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျူးယင်က သူ့ကျိူးပျက်ကမ္ဘာကို ကိုယ်ပိုင်စည်းမျည်းများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် အင်မော်တယ်လောကတွင် ရှိနေစဉ် ကနဦး နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိသွားခြင်း ဖြစ်၏။

မိုဝူကျိက ထိုဖြစ်နိုင်ခြေကို မေးခွန်း မထုတ်တော့ပေ။ ကျူးယင်က သူ့လိုမျိုး ဖြစ်ကာ သူတို့နှစ်ယောက်လုံးက တာအို၏ တည်ထောင်သူဘိုးဘေးသာ ဖြစ်ကြသည်။ သူက လူသားကမ္ဘာကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူက အင်မော်တယ်လောကတွင် ကနဦး နတ်ဘုရားအဆင့် ဝင်သွားနိုင်သည်ဆိုလျှင်လည်း ထူးဆန်းမည် မဟုတ်ပေ။ အကြောင်းမှာ သူ့တွင် ကိုယ်ပိုင်စည်းမျည်းများ ရှိနေ၍ ဖြစ်၏။

တစ်ဖက်တွင် ကျူးချူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်သို့ ရောက်နေလေပြီ။ ကျူးချူ၏ ကျင့်ကြံနှုန်းမှာ အင်မတန် မြန်ဆန်ကြောင်း သိသာလှ၏။

“ မိုဝူကျိ … မိုဝူကျိ  …  မင်း ဒီနေ့တော့ တွေ့ပြီ ” ကျူးချူက မိုဝူကျိ၏ အနည်းငယ် စိတ်ရှုပ်သွားသည့် အမူအယာကို မြင်လိုက်သောအခါ နတ်ဆိုးဆန်ဆန် ရယ်မောလိုက်သည်

“ အရင်တုန်းက မင်း ငါ့ ကျိုးပျက်ဂိုဏ်းရဲ့ အမွေအနှစ်ကို ဖျက်စီးပစ်ခဲ့ပြီးတော့ ကျူးမျိုးနွယ်ကို ကျန်းရှင်းကနေ ရှင်းထုတ်ခဲ့တယ်။ ဒီနေ့ ငါ့ကျူးမျိုးနွယ် ပြန်ရောက်လာပြီ။ ဒါတင်မကသေးဘူး။ ငါ့ကျူးမျိုးနွယ်က မင်း အင်မော်တယ်လောကမှာ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ဖယ်ရှားပြမယ် ”

“ မင်း အတွေးများလွန်းနေပြီ ” မိုဝူကျိက ခေါင်းခါကာ ပြောလိုက်သည်။

ကနဦး နတ်ဘုရား အဆင့် ၉ လေးက သူ့ရှေ့တွင် အင်မော်တယ်လောကရှိ သူ့အမွေအနှစ်အား ဖျက်စီးမည့်အကြောင်း ပြောရဲနေသေး၏။

ကျူးယင်က အေးစက်စက် ဝင်ပြောလိုက်သည်

“ သူက အတွေးများနေတာ မဟုတ်ဘူး။ သူ့စကားတွေက အမှန်ပဲ။ မင်းက အရင်တုန်းကလို ယုံကြည်ချက်ရှိနေတုန်းပဲ …. ငါက ပထမအကြိမ်တုန်းက ဘာမှမတတ်နိုင်ခဲ့ပေမဲ့ ဒုတိယအကြိမ် အဲလို မဖြစ်စေရဘူး။ မင်းရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က လူတိုင်းကို ဒီကမ္ဘာကနေ ပျက်သုန်းသွားအောင် လုပ်ပြမယ် ”

“ ဖင်းဖန်းကို တစ်ခေါက်ရောက်ပြီးပြီပေါ့ ” မိုဝူကျိ၏ အသံမှာ အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။

အစတုန်းက သူသည် ကျူးယင်အား ကနဦး နတ်ဘုရားအဆင့် မည်သို့ ရောက်ခဲ့ကြောင်း မေးမြန်းလိုသော်လည်း ယခုအခါ သူက ထိုရည်ရွယ်ချက် မရှိတော့ပေ။ ကျူးယင်၏ စကားများအရ ထိုလူက ကောင်းကင်အင်မော်တယ်အထိ ရောက်အောင် ကြိုးစားပြီးနောက် ဖင်းဖန်ဆီ နောက်တစ်ခေါက် ပြန်သွားမည်မှန်း သိသာလှသည်။ သို့သော်လည်း ထိုလူတွင် နောက်ထပ် အခွင့်အရေး မရှိတော့ပေ။

“ မဟာတာအိုသခင် ခင်ဗျ … မိုဝူကျိဆီမှာ လျို့ဝှက်ချက်အကြီးကြီး ရှိပါတယ်။ ကျုပ်တို့တွေ သူ့ကို ဖမ်းပြီး ဖြည်းဖြည်းချင်း မေးတာ ပိုမကောင်းဘူးလား ” ကိုင်အောင်းက ကျူးယင်သည် လှုပ်ရှားတော့မည် ဖြစ်ကြောင်း သိလိုက်သည့်အခါ မြန်မြန် ပြောလိုက်သည်။ သူက ကျူးယင်သည် မိုဝူကျိအား ချက်ချင်း သတ်ပစ်လိုက်မည်ကို စိုးရိမ်နေလေ၏။

သူက မိုဝူကျိနှင့် ပတ်သတ်ဖူးသောကြောင့် မိုဝူကျိတွင် အလားအလာကောင်း ရှိမှန်း သိထားသည်။ သူက မိုဝူကျိအား ယခုလို မသေစေလိုပေ။ မိုဝူကျိကို ဖမ်းဆီးဖို့ အကြံပေးလိုက်ခြင်းက အကြံအစည်တချို့ ချမှတ်နိုင်ရန် ဖြစ်၏။

ကံဆိုးစွာဖြင့် သူက သူ့ကိုယ်သူပင် မကာကွယ်နိုင်ပေ။ ကျူးယင်က သူ့ကို မျက်လုံးထဲ မထည့်သည်မှာ သိသာလှ၏။ ကျူးယင်က လက်ကို မြှောက်ကာ သရော်လိုက်သည် “ ဖယ်စမ်း ”

ကျူးယင်၏ တွက်ချက်မှုအရ ထိုလက်တစ်ချက်အဝေ့ဖြင့် ကိုင်အောင်းအား လွှင့်ထွက်သွားစေလိမ့်မည်။ ထို့နောက် သူက မိုဝူကျိ၏ စိတ်ကို ဖွင့်ကာ ဝိညာဉ်ကို ရှာဖွေကြည့်မည် ဖြစ်၏။

သို့သော်လည်း သူ့အသံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။ သူ့ဘေးပတ်လည်ရှိ အာကာြပင်မှာ သံမဏိအလား မာကြောလာသည်ကို သတိထားမိလိုက်၏။ သူက ခြေတစ်လှမ်းပင် မရွေ့နိုင်တော့ဘဲ ကျောက်ရုပ်အလား ဖြစ်နေသည်။

ဤသည်မှာ သူ့လက်တင် မကပေ။ သူ့ဘဘာဝစွမ်းအားနှင့် စိတ်စွမ်းအားလည်း ထို့နည်း၎င်း ဖြစ်၏။ ထိုစဉ် သူ့စိတ်ထဲ၌ တွေးနိုင်သည်မှလွဲ၍ အရာအားလုံးမှာ ကန့်သတ်ခံထားလိုက်ရသည်။

ဒီလိုစည်းမျည်းမျိုး ….

ကျူးယင်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေ၏။ သူက မိုဝူကျိ ဖြည်းဖြည်းချင်း သူ့ဆီ လျှောက်လှမ်းလာသည်ကို ကြည့်နေမိသည်။ အကယ်၍ သူက မိုဝူကျိသည် စည်းမျည်းများကို ထိန်းချုပ်ထားသူ ဖြစ်ကြောင်း မသိပါက ဝက်တစ်ကောင်လို တုံးအနေ၍သာ ဖြစ်ပေမည်။

“ မင်း …. မင်း ” ကျူးယင်က နောက်ဆုံးစကားမရေရွတ်ခင် “ မင်း ” ဟူသော စကားလုံးကိုသာ ထပ်ခါထပ်ခါ ရွတ်နေသည် “ မင်းကျင့်ကြံဆင့်က ဘာလဲ … ”

မိုဝူကျိက ကျူးယင်ဆီ လျှောက်လာကာ သဘာဝစွမ်းအားလက်တစ်ခု ဖန်တီးလိုက်သည်  “ မိုးကြိုးစမ်းသပ်ချက်တောင် မခံယူရသေးတဲ့ ကနဦး နတ်ဘုရားအဆင့် ၉ လောက်နဲ့ ဖင်းဖန်ကျောင်းတော်ကို ဖျက်စီးပစ်မယ်ဆိုပြီး ပြောရဲသေးတယ်ပေါ့။ မင်းတို ကျုးမျိုးနွယ်ရဲ့ ကျိုးပျက် လျိူ့ဝျက်ချက်က ပျောက်ကွယ်သွားလို့ ရပြီ … ”

“ ဖူး ” သဘာဝစွမ်းအားလက်တစ်ချက်ဖြင့် ကျူးယင်၏ ခန္ဓာကိုယ်မှာ ဗလာနတ္ထိဖြစ်သွားတော့သည်။ ဘာလုပ်ရမှန်း မသိတော့သည့် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ကျန်ရှိခဲ့၏။

မိုဝူကျိ၏ လက်ချောင်းက ထိုကမ္ဘာဦး စိတ်ဝိညာဉ်ဆီ ကျရောက်လာသည်။ မကြာခင် သူက ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။ မိုဝူကျိအား အံ့ဩသွားစေသည်က ထိုကမ္ဘာတွင် အားမာန်အပြည့် ဖြစ်နေလေ၏။ ထိုပြင်းထန်သည့် အားမာန်က အဆင့်တူ ကျင့်ကြံသူများထက် အဆရာချီ ပိုအားကောင်းပေသည်။

အကယ်၍  ကျူးယင်သာ ဆက်လက် ကြီးထွားလာလျှင် ဝိဇ္ဇာအသစ် ဖြစ်လာနိုင်၏။ ကျူးယင်၏ ကျိုးပျက်တာအိုက မည်မျှ ယုတ်ညံ့စေကာမူ မဟာတာအို ဖြစ်ပေသည်။

ယနေ့မှစ၍ ထိုမဟာတာအိုသည် ဤကမ္ဘာကြီးမှ ပျက်သုန်းသွားပေလိမ့်မည်။ မိုဝူကျိ၏ သဘာဝစွမ်းအား လက် ကျဆင်းလာ၏။ မီးခိုးရောင်အလင်းတန်းများ နေရာအနှံ့ ပြန့်နှံ့သွားလေသည်။ ကျူးယင်ကား  လုံးဝဥဿှံ ပျက်သုန်းသွားလေပြီ။

***

All Chapters