အမြှောက် စမ်းပစ်ခြင်း
Vol. 26 Ch. 361
ချင်မူ ပန်းပဲဖိုသို့ ရောက်သောအခါ ရှုရှန်းဟွာကို ရှေ့ဖုံးခါးစည်းစဖြင့် တွေ့လိုက်ရသည်။ ခါးစည်းစက မီးပွားများ သူ့အဝတ်အစားများကို မတိုးပေါက်အောက် ကာကွယ်ပေးထား၏။ သို့သော် သူ၏တောက်တောက်ပြောင်ပြောင် ဝတ်ရုံမှာ အစုတ်အပြတ်နှင့် မခြားတော့ပေ။
သူက ဆံညှပ်တစ်ခုကို မဟူရာရွှေဖြင့် ပုံသွင်းကာ ထုနေသည်။ ရွှေစာရွက်တမျှ အပါးလွှာဆုံးဖြစ်အောင် ထုရိုက်ပြီးသည့်အခါ ကွေးခေါက်၍ ဆံညှပ်ပုံစံဖော်လိုက်သည်။ လက်ဝတ်တန်ဆာတစ်ခုကို ဤနည်းအတိုင်း သွန်းလုပ်ရသည်မှာ အတော်လေးလက်ဝင်သလို လက်ရာလည်း မြောက်သဖြင့် လူကုံထံအမျိုးသမီးများ သဘောအကျဆုံးဖြစ်သည်။
ရှုရှန်းဟွာသည် မြို့တော်၏ ပန်းပဲဆရာအသိုင်းအဝိုင်းတွင် အတော်လေးကျော်ကြားအောင် လုပ်နိုင်ခဲ့၏။ ဝိညာဉ်လက်နက်သွန်းလုပ်ရန် သူ့ကို လာရှာကြသော အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းများစွာ ရှိသည်။ ဆံညှပ်နှင့် လက်ကောက်ဝတ်ကဲ့သို့သော ထူးထူးဆန်းဆန်း လက်နက်များကို လိုချင်သည့် တော်ဝင်မျိုးနွယ်များလည်း ရှိကြသည်။
အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များသည် ကောင်းကင်ရတနာထဲတွင် မွေးဖွားလာသော ဝိညာဉ်လက်နက်အား သွန်းလုပ်ပေးရန် ပန်းပဲပညာရှင်တစ်ဦးကို လိုအပ်၏။ ထို့ကြောင့် ပန်းပဲဆရာ၏စွမ်းရည်က လွန်စွာအရေးပါသည်။ ရှုရှန်းဟွာက အလွန်ထက်မြက်သည်သာမက မည်သည့်ဝိညာဉ်လက်နက်အမျိုးအစားကိုမဆို သွန်းလုပ်နိုင်သည်။ သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများက အလိုက်သင့်သလို ပြောင်းလဲနိုင်သည့်အတွက် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် သဟဇာတဖြစ်မည့် ဝိညာဉ်လက်နက်များအား သူ သွန်းလုပ်ပေးနိုင်၏။
“လူသားဧကရာဇ်ချင်၊ အရင်ဆုံး ဆိုင်ထဲ ထိုင်ပါဦး။ ဒီဆံညှပ်ကို လက်စသတ်ပြီးရင် လာခဲ့ပါ့မယ်” ရှုရှန်းဟွာ သူ ရောက်လာသည်ကို မြင်လျှင် ဆိုင်ထဲမှ လှမ်းအော်သည်။ “ယန်ကျစ်၊ လူသားဧကရာဇ် ရောက်လာတယ်။ သူ့ကို ဧည့်ခံပေးပါဦး”
ချင်မူ ဆိုင်ထဲ ဝင်ပြီး ပြံးလိုက်သည်။ “နတ်ဂိုဏ်းသခင်လို့ ခေါ်လည်း ရပါတယ်။ လူသားဧကရာဇ်လို့ ကြားလိုက်ရတိုင်း မင်းနဲ့ ငါက ရန်သူတွေဆိုတာ သတိပေးသလို ဖြစ်နေတယ်”
ကျင်းယန်က အထက်ကောင်းကင်ဘုံမှ တောက်တောက်ပြောင်ပြောင် အဝတ်အစားများကို လဲ၍ ကျေးတောရွာမှ မိန်းကလေးတစ်ယောက်သဖွယ် ဝတ်စားထား၏။ သူမက ရေနွေးကြမ်းအိုးတစ်အိုး သယ်လာကာ ချင်မူ့ကို ထိုင်ရန် ဖိတ်ခေါ်သည်။
ရေနွေးကြမ်းက လက်ဖက်ခြောက်မပါပေ။ ရှုရှန်းဟွာ ချင်မူနှင့် ပထမဆုံးတွေ့တုန်းက အထက်ကောင်းကင်ဘုံရှိ အကောင်းဆုံးလက်ဖက်ခြောက်ဖြင့် ဧည့်ခံခဲ့ပြီး ထိုလက်ဖက်ခြောက်က ချင်မူ သောက်ခဲ့ဖူးသမျှထဲ အကောင်းဆုံးဖြစ်ခဲ့သည်။
“လက်ဖက်ခြောက်ကောင်းကောင်း မရှိတော့လို့ပါ။ နတ်ဂိုဏ်းသခင်ချင် စိတ်မရှိပါနဲ့” ကျင်းယန်က ရှက်ရွံ့မှုကြောင့် မျက်နှာလေးရဲနေပြီး ချင်မူ့အတွက် ရေနွေးကြမ်းငှဲ့ပေးသည်။ “အရင်လကပဲ လုယွမ်လက်ဖက်ခြောက် ကုန်သွားတယ်” သူမက ခပ်တိုးတိုး ပြော၏။
ချင်မူ တစ်ကျိုက်သောက်ကာ ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး ဒီတိုင်းလည်း သောက်နေကျပါ။ ဒါနဲ့ ဒီဆိုင်ကို ဘယ်လို ဝယ်လိုက်တာလဲ”
“သခင်လေး မြို့တော်ထဲမှာ အိမ်ဝယ်ထားတာ ရှိပါတယ်။ အဲဒီအိမ်ရောင်းပြီး ဒီဆိုင် ဝယ်လိုက်တာ” ကျင်းယန်က ဆက်ပြောသည်။ “အစ်မတော်ယွီလျုတ်က ဒုက္ခဆင်းရဲမခံနိုင်တော့လို့ အထက်ကောင်းကင်ဘုံဆီ ပြန်သွားတယ်။ ကျွန်မပဲ သခင်လေးနဲ့ ကျန်ခဲ့တာ”
ချင်မူ သူမကိုလည်း ထိုင်ခိုင်းလိုက်သည်။ သူက ပြုံး၍ ပြောလိုက်၏။ “အစ်မတော်က မိတ်ဆွေကောင်းတစ်ယောက်ပဲ”
ရှုရှန်းဟွာက လိုက်ကာစကို ဖယ်၍ သဘတ်တစ်ထည်ဖြင့် လက်သုတ်ရင်း ဝင်လာသည်။ သူက သဘတ်ကို လိုက်ကာနောက်၌ လှမ်းပြီးနောက် စားပွဲ၌ ထိုင်ကာ သူ့အတွက်သူ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်သည်။ သူက တစ်ကျိုက်တည်း သောက်ပြီး နောက်တစ်ခွက် ထပ်ငှဲ့လိုက်၏။
ကျင်းယန် ထချင်သော်လည်း ရှုရှန်းဟွာက လက်ကာ,ကာ ပြောလိုက်သည်။ “ဒီမှာ စည်းမျဉ်းတွေ မရှိဘူး။ နင်က ငါတို့ပန်းပဲရုံရဲ့ သခင်မပဲလေ ထိုင်သာထိုင်နေပါ”
ကျင်းယန် ပြန်ထိုင်လိုက်သည်။
ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ပြုံးလိုက်သည်။ “နောင်တော်ရှု၊ အခြေအနေ ဘယ်လိုရှိလဲ”
ရှုရှန်းဟွာ သက်ပြင်းချပြီး ခေါင်းယမ်းလိုက်၏။ “သိပ်မကောင်းပေမယ့် ကျေနပ်စရာကောင်းပါတယ်။ အထက်ကောင်းကင်ဘုံမှာ ငွေနဲ့ပတ်သက်ပြီး ပူပန်စရာမလိုခဲ့တော့ ငွေရှာရတာ ဒီလောက်ခက်ခဲမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ တဖုန်းကြေးပြားတစ်ပြားက ဘယ်လောက်တန်ဖိုးကြီးမှန်း ငါ နားလည်လာခဲ့ပြီ။ နောင်တော်ချင် ခေါက်ဆွဲဆယ်ပွဲအတွက် တဖုန်းကြေးပြားတစ်ပြားတောင် ပေးခဲ့တာ တကယ် နှမြောစရာကောင်းတယ်။ တဖုန်းကြေးပြားတစ်ပြားက ခေါက်ဆွဲပွဲတစ်ရာဝယ်ဖို့ လောက်တယ်”
ချင်မူ သူ့ကို အူတူတူ ကြည့်ကာ ပြောလိုက်၏။ “တဖုန်းကြေးပြား ဘယ်လောက်တန်မှန်း ငါ မသိဘူး။ တစ်ခါမှလည်း ငွေမပြတ်ဖူးတော့ အပြင်ထွက်စားတိုင်း တဖုန်းကြေးပြားတစ်ပြား ပေးလိုက်တာပဲ”
“တစ်ခါမှ မဆင်းရဲဖူးဘူးလား” ရှုရှန်းဟွာ ရေနွေးကြမ်းတစ်ခွက်ပြီးတစ်ခွက် သောက်၍ ယိုင်နွဲ့နွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူက ပြောသည်။ “ငါ ဒီရက်ပိုင်းရှာခဲ့တဲ့ ငွေက မလောက်သေးဘူး။ အချိန်နည်းနည်းထပ်ပေးပါဦး။ နှစ်နှစ်အတွင်းတော့ ပြန်ဆပ်နိုင်လောက်မှာပါ”
ချင်မူ ပြုံး၍ ပြောလိုက်သည်။ “ဘယ်လောက်မှ,မှ မများတာ။ အလျင်မလိုပါဘူး။ လင်းအာကသာ ငါ့ထက် ပိုမှတ်ထားနေမှာ။ ဒီနေ့ လာတာက ပွဲတစ်ပွဲဆီ လိုက်ကြည့်ခိုင်းမလို့ပါ။ နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို သွန်းလုပ်ပြီးသွားပြီ”
ရှုရှန်းဟွာ တခဏ မှင်သက်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ “နတ်ဂိုဏ်းသခင်ချင်က နှစ်လအတွင်း ကောင်းကင်အမြှောက်တစ်လက်ကို တီထွင်ရေးဆွဲပြီး သွန်းလုပ်ခဲ့ပေမယ့် ငါကတော့ ဒီပန်းပဲဖိုမှာ ဝိညာဉ်လက်နက်လေးတွေပဲ သွန်းလုပ်နေရတာ။ ပြီးခဲ့တဲ့ ဆယ့်ငါးရက်က နတ်ဂိုဏ်းသခင် ဆေးမီးဖိုကို နှစ်ကြိမ် အသက်သွင်းနေတာ ငါ ခံစားခဲ့ရတယ်။ အမြှောက်ရဲ့ ကိုယ်ထည်ကို စစ်ဆေးနေတာမဟုတ်လား”
“ဟုတ်တယ်” ချင်မူ ရှေ့ရှိ ရေနွေးကြမ်းခွက်ကို တစ်ကျိုက်တည်း မော့သောက်ပြီးနောက် ပြောလိုက်သည်။ “နေသူရိန်ခွင်းကောင်းကင်အမြှောက် သွန်းလုပ်ဖို့ ငါ အင်ပါယာတစ်ခုလုံးရဲ့ အင်အားကို စုဆောင်းခဲ့ရတာ။ ငါက ငွေလည်း မလိုတော့ အဲဒီအတွက် ဘာလက်ခမှ မယူခဲ့ပါဘူး။ လက်ခသာ ယူလိုက်ရင် ဧကရာဇ်တောင် ပြန်ဆပ်နိုင်မှာမဟုတ်ဘူး။ ကဲ လာ သွားကြည့်ကြစို့”
ရှုရှန်းဟွာ ထရပ်ပြီး ရှေ့ဖုံးခါးစည်းစကို ချွတ်လိုက်သည်။ သူက ကျင်းယန်ကို လှည့်ပြောလိုက်၏။ “အတူလိုက်ခဲ့လေ”
ကျင်းယန်လည်း ခေါင်းညိတ်သဘောတူ၍ သုံးယောက်သား ပန်းပဲရုံမှ မြို့ပြင်ဆီသို့ ထွက်လာခဲ့ကြသည်။
မြို့ပြင် ရောက်သောအခါ ခြောက်ဆယ့်ခြောက်ဧကကျော် နေရာယူထားသော ဧရာမလက်နက်ကြီးတစ်လက်အား သူတို့ မြင်လိုက်ကြရသည်။
ကောင်းကင်အမြှောက်တွင် အမြှောက်ပြောင်းမရှိပေ။ စက်ဝိုင်းပုံသဏ္ဍာန်အောက်ခုံသာ လေတွင် ပျံဝဲနေသည်။ ဘေးနှစ်ဖက်မှ ဘောင်နှစ်ခုက စက်ဝိုင်းသဖွယ် ကွေးလျက် အပေါ်တက်လာပြီး ဘောင်တစ်ခုစီတွင် လိုသလို လှည့်နိုင်သော ဝင်ရိုးတစ်ခုစီ ရှိသည်။ ဝင်ရိုးနှစ်ခုက တစ်ခုနှင့်တစ်ခု ဆက်မနေပေ။ ဝင်ရိုး၏အဆုံးတွင် အလင်းစုစည်းပေးသော စက်ဝိုင်းခြမ်းပုံစံ ခွတစ်ခွစီ ရှိသည်။ ခွနှစ်ခုခွ၏ အကြား ကိုက်နှစ်ရာ့လေးဆယ်မျှ လွတ်နေသော နေရာတွင် ကောင်းကင်မျက်လုံးတစ်လုံး ရှိသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက စက်ဝိုင်းပုံသဏ္ဍာန်အပြားကြီးပေါ်တွင် ရပ်ကာ တစ်စုံတစ်ခုကို တိုင်းတာရင်း အလုပ်များနေကြ၏။
သုံးယောက်သား ဆက်လျှောက်သွားကြသည်။ ရှုရှန်းဟွာနှင့် ကျင်းယန်မှာ ဧရာမအမြှောက်ကြီးကို မော့ကြည့်ရင်း အံ့အားသင့်နေကြသည်။ ချင်မူ နှစ်လတည်းနှင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လက်နက်ကို မည်ကဲ့သို့သွန်းလုပ်နိုင်ခဲ့သည်လဲ သူတို့ မတွေးတတ်တော့ပေ။
မှန်သည်၊ ချင်မူတစ်ယောက်တည်း လုပ်ခဲ့ခြင်းမဟုတ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ချာပညာရှင်များနှင့် ပန်းပဲပညာရှင်များ၏ အသိအမြင်ဗဟုသုတများမှ အသီးအပွင့်ဖြစ်သည်။ သို့သော် ချင်မူ၏အခန်းကဏ္ဍက အလွန်အရေးပါဆုံးဖြစ်နေသေး၏။
သူ၏ဒီဇိုင်းကြောင့်သာမဟုတ်လျှင်၊ ပန်းပဲစွမ်းရည်ကို သူ မြှင့်တင်ပေးခဲ့၍သာ မဟုတ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲစွမ်းရည်မှာ ထိုကဲ့သို့ ကောင်းကင်ရတနာတစ်လက်ကို သွန်းလုပ်နိုင်မည်မဟုတ်ပေ။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာကို နှစ်တစ်ရာရှေ့ရောက်အောင် တွန်းပို့ပေးခဲ့သည်။
ဧကရာဇ်ယန်ဖုန်းနှင့် အရပ်ဘက်၊ စစ်ဘက်အရာရှိမင်းအားလုံး ရောက်နေကြသည်။ မြို့တော်မှ အမြင့်စံအရာရှိများနှင့် တော်ဝင်မျိုးနွယ်များအပြင် သာမန်ပြည်သူများလည်း နေသူရိန်ခွင်းကောင်းကင်အမြှောက် စမ်းပစ်မည်ကို ကြည့်ရန် စုဝေးရောက်ရှိနေကြ၏။ ရွာလူကြီး၊ ရသေ့ကြီးချင်းယိုနှင့် ကျန်ရှိသူများပင် အပြေးအလွှား ရောက်လာကြသည်။
“ဆေးမီးဖို ပုံမှန်အတိုင်းရှိ။ အက်ကြောင်း မတွေ့” စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ယောက်က ကျယ်လောင်စွာ အော်သည်။
“ဝင်္ကပါအမှတ်အသားများ ပုံမှန်အတိုင်းရှိ။ အဆက်အသွယ်ပြတ်တောက်မှု မတွေ့”
“သင်္ကေတများ ပုံမှန်အတိုင်းရှိ”
“အမြှောက်ကိုယ်ထည် ပုံမှန်အတိုင်းရှိ”
“အလင်းစုခက်ရင်းခွများ ပုံမှန်အတိုင်းရှိ”
“ကောင်ကင်မျက်လုံး ပုံမှန်အတိုင်းရှိ”
...
အသံတစ်သံပြီး တစ်သံ ထွက်လာနေသည်။ ရှန်းယိုရှင်က ခေါင်းတဆတ်ဆတ် ညိတ်နေသော ချင်မူ့ကို ကြည့်လိုက်သည်။ ရှန်းယိုရှင် ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ဆေးမီးဖိုတစ် အသက်သွင်း၊ ခွန်အား စမ်းသပ်၊ ပစ်အား အမြင့်ဆုံးထား”
တခဏကြာသော် ဆေးမီးဖိုဘေးရှိ ဆေးဆရာတစ်ယောက်က အော်သည်။ “ဆေးမီးဖိုတစ် ပစ်အား အမြင့်ဆုံးထားပြီး။ ရလဒ် ပုံမှန်”
“ဆေးမီးဖိုနှစ် အသက်သွင်း”
“ဆေးမီးဖိုနှစ် ပစ်အား အမြင့်ဆုံးထားပြီး။ ရလဒ် ပုံမှန်”
***
ရှုရှန်းဟွာ ဤကဲ့သို့စမ်းသပ်နည်းကို ကြည့်ပြီး တမုဟုတ်ချင်း မှင်သက်သွားမိသည်။ “နတ်ဂိုဏ်းသခင်ချင်၊ ပန်းပဲပညာမှာ နတ်ဂိုဏ်းသခင်လို အဆင့်မျိုး ဘယ်တော့မှ ငါ ရောက်နိုင်မှာလဲ။ ငါ့ပန်းပဲဖိုက နိမ့်ကျလွန်းသေးတယ်....”
ချင်မူ သူ့ကို ကပျာကယာ နှစ်သိမ့်လိုက်သည်။ “မပူပါနဲ့ အကုန်လုံး တစ်လှမ်းချင်း လှမ်းရင်း ထိပ်ဆုံးကို ရောက်လာကြတာပဲမဟုတ်လား။ ငါ့မှာလည်း ကံမကောင်းတဲ့နေ့တွေ ရှိပါတယ်”
“တကယ်လား” ရှုရှန်းဟွာ မယုံသင်္ကာ မေးလိုက်သည်။
ချင်မူ တွေးကြည့်ပြီး ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ရွာက ထွက်လာပြီး မကြာခင်မှာပဲ ငါက ကျော်ကြားနေပြီ”
ရှုရှန်းဟွာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “နတ်ဂိုဏ်းသခင်ချင်၊ ဒီလိုနှစ်သိမ့်နေရင် အနှေးနဲ့အမြန် သေအောင် ရိုက်သတ်ခံရလိမ့်မယ်”
“ဒါပေမဲ့ ငါ ရွာမှာတုန်းက အသက်ငါးနှစ်အရွယ်နဲ့ သံတူ ကိုင်နေရပြီ။ ဘိုးဘိုးနားကန်းဆီကလည်း ပန်းချီဆွဲနည်း သင်နေရပြီ” ချင်မူ ခပ်အေးအေး ဆက်ပြောလိုက်သည်။ “နောင်တော်ရှုက သံတူပဲ ကိုင်ဖူးတာလေ။ ငါ ဆယ်နှစ်ကျော် ဘယ်လောက်ကြိုးစားခဲ့ရလဲ မသိဘူး”
ရှုရှန်းဟွာ ခေါင်းညိတ်၍ ပြောလိုက်သည်။ “လောကသခင်ခန္ဓာက မကြိုးစားဘဲ အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူးပဲ။ နတ်ဂိုဏ်းသခင်ရဲ့ အကြံကြောင့် အကျိုးအမြတ်တွေ ရလိုက်ပါတယ်”
နောက်ဆုံးတွင် ဆေးမီးဖိုငါးဆယ့်ခြောက်လုံးစလုံး ပစ်အားအမြင့်ဆုံးအထိ မြှင့်တင်ပြီးသွားသည်။ နေသူရိန်ခွင်းကောင်းကင်အမြှောက်၏ အောက်ခြေပေါ်ရှိ သင်္ကေတအားလုံး တမုဟုတ်ချင်း တောက်ပလာပြီး ဝင်္ကပါအားလုံး အသက်ဝင်လာကြသည်။ အမြှောက်စွမ်းအင်များ တစတစ ကောင်းကင်ပေါ် မြောက်တက်လာပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းများ တဘုန်းဘုန်းပေါက်ကွဲကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အဆက်မပြတ် တုန်ခါနေစေတော့သည်။
ဆေးမီးဖိုငါးဆယ့်ခြောက်လုံး၏စွမ်းအင်က အလင်းစုခက်ရင်းခွများဆီ တရှိန်ထိုး စီးဆင်းသွားပြီး ခက်ရင်းခွများမှ ဖြတ်သွားသည့်အခါ အလုံးတုတ်တုတ် အလင်းတန်းလေးတန်းအသွင် ဖွဲ့တည်၍ ဧရာမကောင်းကင်မျက်လုံးကြီး၏ အလယ်သို့ ထိုးဖောက်ဝင်ရောက်သွား၏။
ကောင်းကင်မျက်လုံး၏အတွင်းထဲမှ စက်သွားလည်သံများ ထွက်ပေါ်လာသည်။ ၎င်းတို့၏လည်နှုန်းက မြန်သထက် မြန်လာပြီး တိခနဲ အသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကောင်းကင်မျက်လုံးအတွင်းရှိ ဝင်္ကပါအားလုံး တစ်ခုပြီးတစ်ခု အသက်ဝင်လာကာ ကောင်းကင်မျက်လုံးကို ဖွဲ့တည်ထားသည့် မဟူရာရွှေ၊ မဟူရာသံ၊ ကောင်းကင်ရွှေနှင့် ကျန်ကောင်းကင်ရတနာအားလုံး ပျောက်ကွယ်သွားသည်။ ၎င်းတို့နေရာတွင် ကောင်းကင်အလင်းတန်းများ ဖြာထွက်နေသော ကောင်းကင်မျက်လုံးတစ်လုံး အစားထိုးဝင်ရောက်လာ၏။
မျက်လုံးက ပိတ်နေသည်။
ဂျုန်း
မျက်လုံးကြီးက လည်သွားပြီး ၎င်းကြောင့် တိုက်ခတ်သွားသော လေအဟုန်က ကြောက်မက်ဖွယ်ရာကောင်းသည်။ သို့သော် မျက်လုံးကြီးဆီမှ တဂျုန်းဂျုန်းမြည်သံများက ပို၍ပင်ချောက်ချားဖွယ်ကောင်း၏။ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်များပင် ကြောက်စိတ်များဖြစ်ပေါ်လာကြသည်။
“ဂိုဏ်းသခင်ချင်” အမြှောက်အောက်ခုံအပေါ်မှ ရှန်းယိုရှင်က ချင်မူ့ကို လှမ်းအရိုအသေပေးသည်။ “နေသူရိန်ခွင်းကောင်းကင်အမြှောက်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးပါပြီ”
ချင်မူ ထရပ်ပြီး ဧကရာဇ်ယန်ဖုန်းကို လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး ကြွတော်မူပါ”
ဧကရာဇ်ယန်ဖုန်း အသက်ပြင်းပြင်းရှူ၍ အရပ်ဘက်၊ စစ်ဘက်အရာရှိမင်းများကို ခေါ်ကာ အမြှောက်အောက်ခုံအပြားအပေါ် ပျံတက်လိုက်သည်။ သူက အလေးအနက် ပြောလိုက်၏။ “စီမံမှူးချင်။ မောင်မင်းက ဒီအတွက် နှစ်လလုံးလုံး အလုပ်များနေခဲ့တာ။ မောင်မင်း အရင်ဆုံး စမ်းပစ်ကြည့်သင့်တယ်”
ချင်မူ ဧကရာဇ်ယန်ဖုန်း၏အမိန့်တော်ကို နာခံလိုက်သည်။ ရှန်းယိုရှင်က ကျောက်စိမ်းပြားတစ်ပြား ယူလာသည်။ ချင်မူ ချီစွမ်းအင်ကို ကျောက်စိမ်းပြားထဲ ပို့လွှတ်လိုက်သည့်အခါ ကျောက်စိမ်းပြားသည် တလက်လက် တောက်ပလာ၏။ အလင်းတန်းများ ဖြာထွက်လာပြီး သုံးပေကျယ်ဝန်းသော အလင်းမှန်သားပြင်တစ်ချပ်အသွင် ဖွဲ့တည်သွားသည်။ မှန်သားပြင်ထက်၌ ပတ်ဝန်းကျင်ကို ပြသနေသည်။။
ချင်မူ ကျောက်စိမ်းပြားမှ ပြသနေသော မှန်သားပြင်ကို အသာအယာ တို့ထိလိုက်ရာ နေသူရိန်ခွင်းကောင်းကင်အမြှောက်၏ ကောင်းကင်မျက်လုံးက ဤလှုပ်ရှားမှုအတိုင်း လည်လာသည်။ ချင်မူ ကောင်းကင်မျက်လုံး၏ဦးတည်ချက်ကို ထိန်းချုပ်ကာ မိုးကောင်းကင်ထက်သို့ ချိန်ရွယ်လိုက်၏။
သူ ကျောက်စိမ်းပြားကို ခပ်ဆတ်ဆတ် ဖိလိုက်သည့်အခါ မျက်လုံးကြီးက ဂျုန်းခနဲ ပွင့်လာပြီး မိုးကောင်းကင်ကို ပစ်ခွင်းလိုက်သည်။ ကောင်းကင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အပေါက်တစ်ပေါက် ပွင့်လာ၏။ ပွင့်သွားသော ကောင်းကင်နေရာတွင် အနက်ရောင်အမှတ်သားတစ်ခု ပျံ့နှံ့လာသည်ကို အားလုံးမြင်လိုက်ကြရသည်။ အလင်းတန်းက အစအနမကျန် ပျောက်ကွယ်သွား၏။
တခဏကြာသော် ဂျုန်းခနဲ မြည်သံကြီးတစ်သံအား ကောင်းကင်၏အလွန်မှ ကြားလိုက်ရသည်။ အသံသည် မိုးကြိုးတစ်သောင်း တစ်ပြိုင်တည်း ပစ်ချလိုက်သည့်နှယ် ရှိ၏။
ကောင်းကင်တွင် အပေါက်ကြီး ပေါက်လာသော်လည်း အချိန်အနည်းငယ်ကြာသော် ဖြည်းဖြည်းချင်း ပြန်ဆက်သွားသည်။
ရှုရှန်းဟွာ ရင်လေးသထက် လေးလာသည်။ အထက်ကောင်းကင်ဘုံရှိ မည်သူမျှ ထိုကဲ့သို့အမြှောက်တစ်လက်၏ ပစ်အားကို တောင့်ခံနိုင်မည်မဟုတ်ပေ။ သူ့ဆရာ ကျောက်စိမ်းဧကရာဇ် သို့မဟုတ် ကျန်ဧကရာဇ်သုံးပါးပင် နေသူရိန်ခွင်းကောင်းကင်အမြှောက်၏ ပစ်ချက်ထံမှ အသက်ရှင်လျက် လွတ်မြောက်မည်မဟုတ်။
ဤလက်နက်သည် လူ့ပြည်၏လက်နက်မဟုတ်တော့။
နတ်ဘုရားများကို သုတ်သင်နိုင်သော လက်နက်တစ်လက် ဖြစ်ချေသည်။
“ငါကိုယ်တော်ရဲ့ ဘဏ္ဍာတွေ အလကားမဖြစ်သွားဘူးပဲ...” ဧကရာဇ်ယန်ဖုန်း တဖြည်းဖြည်း ပြန်ပိတ်နေသော ကောင်းကင်ကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ မောင်မင်း ဒီမှာရှိရင် ကောင်းမှာပဲ”
မြက်ခင်းလွင်ပြင်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် စစ်တပ်အား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ခေါ်လာသည့်အချိန် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် အပေါက်ကြီးတစ်ပေါက်အား မြင်လိုက်ရ၏။ သူ့ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ‘ဂိုဏ်းသခင်ချင်၊ နတ်ဘုရားတွေကို သတ်နိုင်မယ့် လက်နက်သွန်းလုပ်ပြီးပြီပဲ’
အမြှောက်အောက်ခုံပေါ်တွင် ချင်မူ ချီစွမ်းအင်ကို ရုတ်သိမ်းလိုက်၍ ကျောက်စိမ်းပြားဆီမှ အလင်းမှန်သားပြင် ပျောက်ကွယ်သွားသည်။ ဆေးမီးဖိုများလည်း တစ်လုံးပြီးတစ်လုံး ငြိမ်းကုန်ရာ ဝင်္ကပါများလည်း တဖြည်းဖြည်း ရပ်တန့်သွားကြ၏။ ဧရာမနေသူရိန်ခွင်းအမြှောက်ကြီးက ကောင်းကင်ထက်မှ တအိအိ ပြန်ကျလာသည်။
ချင်မူ ခေါင်းမော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “နေသူရိန်ခွင်းကောင်းကင်အမြှောက်ဆိုတော့ နေကို ပစ်ကြည့်ရင်ကောင်းမလား”
သူ့ပတ်ပတ်လည်ရှိ လူများ တုန်လှုပ်သွားကြသည်။ ဧကရာဇ်ယန်ဖုန်း ချင်မူ့လက်ထဲမှ ကျောက်စိမ်းပြားကို ကပျာကယာ လုပြီး အော်လိုက်၏။ “စီမံမှူးချင်၊ မောင်မင်းပစ်ချက်ကြောင့် နေ ပျက်စီးသွားရင် လူတွေ ဘယ်လိုအသက်ရှင်ရတော့မှာလဲ။ မောင်မင်းစိတ်ကူးက အန္တရာယ်များလွန်းတယ်။ ခေါင်းဖြတ်လိုက်”
အရပ်ဘက်၊ စစ်ဘက်အရာရှိများကြားထဲမှ မှတ်တမ်းထိန်းတစ်ဦးက ကမန်းကတန်း လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ဘုရင်တစ်ပါးဟာ ပြောပြီးစကား ပြန်ရုတ်သိမ်းရိုးမရှိပါဘူး”
ဧကရာဇ်ယန်ဖုန်း ထိုမှတ်တမ်းထိန်းကို လှည့်ကြည့်၍ လက်ခါကာ ပြောလိုက်သည်။ “သေချာပေါက် ပြန်ရုတ်သိမ်းရမှာပေါ့။ ဒါပေမဲ့ မောင်မင်းက သဘောမပေါက်ဘူးဆိုတော့ ဘာကြောင့် မောင်မင်းကို ကိုယ်တော် အလုပ်ခန့်ထားရဦးမှာလဲ။ အနားယူပြီး အိမ်ပြန်တော့။ စီမံမှူးလေးချင်၊ ဒီကျောက်စိမ်းပြားက ဘယ်လိုသုံးရတာလဲ”