ကောင်းကင်မဟာမိတ်အဖွဲ့
Vol. 26 Ch. 363
အဖြေထွက်လာသော ကောင်းကင်၏ အမြင့်နှင့်အထူက ချင်မူနှင့် ကျန်ရှိသူများအတွက် ရိုက်ချက်ပြင်းသော်လည်း တာအိုသခင်လင်းရွှမ်အတွက်မူ အရှိုက်တည့်တည့်ကို ထိခြင်းဖြစ်သည်။
တာအိုဂိုဏ်း၏ အယူအဆများ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအားလုံးသည် ‘တာအိုက သဘာဝကို လိုက်နာသည်’ ဆိုသော အခြေခံအပေါ် တည်ဆောက်ထားခြင်းဖြစ်၏။ သဘာဝမှတစ်ဆင့် သက်ရှိအားလုံး၏ အနှစ်သာရကို ရှာဖွေခြင်းမှာ သူတို့ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများနှင့် စိတ်အလျဉ်၏ မူလအစပင် ဖြစ်သည်။
ယခုတွင် သဘာဝကြီးက ဖန်တီးထားသော အတုဖြစ်နေကြောင်း တာအိုသခင်လင်းရွှမ် တွေ့ရှိလိုက်ရသည်။ ထိုကဲ့သို့အခြေအနေမျိုးကြောင့် သူ၏စိတ်ဓာတ် မပြိုလဲသွားဘဲ ရှိမည်လော။
သဘာဝတရားအတုကို ဆင်ခြင်သုံးသပ်သော တာအိုကို တာအိုဟူ၍ ခေါ်နိုင်သေးပါ၏လော။
လမ်းလျှောက်နေသော တာအိုသခင်လင်းရွှမ်၏ ခြေထောက်များ ပျော့ခွေကျသွားပြီး မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ကျသွားသည်။ သူ၏အမူအရာမှ ငိုင်တွေနေပြီး သူ၏မျက်လုံးများက ငေးကြောင်နေ၏။
တာအိုရသေ့များက သူ့ကို ကူတွဲပေးရန် ကပျာကယာ ရောက်လာကြသော်လည်း သူတို့၏တာအိုသခင် ခပ်တိုးတိုး ရေရွတ်နေသံကိုသာ ကြားလိုက်ရသည်။ “ဆယ့်လေးခန်းမြောက် တာအိုဓားကို တစ်ခါမှ မကျင့်နိုင်ခဲ့ကြဘူး။ ဆရာက သူ့တစ်ဘဝလုံး ဆယ့်လေးခန်းမြောက် တာအိုဓားကို သုံးသပ်ဆင်ခြင်နေခဲ့ပေမယ့် သူ့ပါရမီနဲ့ အသိအမြင်တွေ ပြည့်ဝနေတာတောင် အဲဒီဓားကို နားမလည်ခဲ့ဘူး... သူ မလုပ်နိုင်တာမဟုတ်ဘဲ သဘာဝတရားက အတုကြီးဖြစ်နေတာကြောင့်ကိုး။ သူ လေ့လာဆင်ခြင်နေတဲ့ သဘာဝကြီးက အတုဖြစ်နေမှတော့ ဘယ်လိုလုပ်နားလည်အောင် ကျင့်နိုင်တော့မှာလဲ... အဟွတ် အဟွတ်”
သူ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည့်အခါ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ အကြီးအကျယ် ပြိုလဲသွားချေပြီ။ တာအိုက သဘာဝတရားကို လိုက်နာသည်ဟူသည်မှာ တာအိုဂိုဏ်း၏ အယူအဆဖြစ်သည့်တိုင် သဘာဝတရားက အတုဖြစ်နေသည်။ ဤရိုက်ချက်က မည်မျှပြင်းထန်မည်ကို ကောင်းကောင်းတွေးကြည့်နိုင်၏။
ချင်မူ ရှုရှန်းဟွာကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ အထက်ကောင်းကင်ဘုံက ကောင်းကင်လည်း ဒီကောင်းကင်အတိုင်းပဲလား”
ရှုရှန်းဟွာ ကောင်းကင်ကို မော့ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
ဤကောင်းကင်၊ ဤကြယ်များပင် ဖြစ်သည်... အထက်ကောင်းကင်ဘုံလည်း ခြွင်းချက်မဟုတ်ပေ။
ချင်မူ သူ့အား စွန့်ပစ်ခံလူသားဟု ခေါ်ခဲ့သည်မှာလည်း မမှား။
ကောင်းကင်သည် လှောင်အိမ်ဖြစ်၏။ အထက်ကောင်းကင်ဘုံဖြစ်စေ၊ မဟာမြို့ပျက်ဖြစ်စေ၊ လှောင်အိမ်ထဲ ရောက်နေမှန်း မသိသော ငှက်ကလေးများနှင့် တူသည်။
ချင်မူ စိတ်ပြန်ထိန်း၍ တာအိုသခင်လင်းရွှမ်ဆီ လျှောက်သွားကာ တွဲထူလိုက်သည်။ သူက ခပ်အေးအေး ပြောလိုက်၏။ “အမှန်တရားက အေးစက်ပြီး လက်ခံရခက်တယ်။ လူမသိတာ အကောင်းဆုံးပဲ။ ထွက်ပြေးသွားတဲ့ တာအိုရသေ့တွေနောက် လိုက်သွား၊ လျှောက်မပြောစေနဲ့။ မင်း သူတို့ရဲ့မျှော်လင့်ချက်ကို ကာကွယ်ပေးရမယ်”
တာအိုသခင်လင်းရွှမ်က သူ့မျက်ဝန်းများကို စိုက်ကြည့်သည်။ သူက အက်ကွဲနေသောအသံဖြင့် မေးလိုက်၏။ “သူတို့ပြောတာကို လူတွေ ယုံမယ်ထင်လား”
ချင်မူ ပြုံး၍ ပြောလိုက်သည်။ “မင်းကိုတော့ ယုံလိမ့်မယ်”
“မင်းက ငါ့ကို မပြောဘဲ နေခိုင်းနေတာလား” တာအိုသခင်လင်းရွှမ်က သရော်တော်တော် ပြုံးလိုက်သည်။ “ငါတို့ရဲ့ တာအိုသခင်ဟောင်းတွေ၊ တာအိုရသေ့တွေအားလုံး ဆယ့်လေးခန်းမြောက် တာအိုဓားကို ဖြေရှင်းချင်ခဲ့ကြတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ သဘာဝတွေကို သူတို့ တစ်သက်လုံး ကြိုးစားတွက်ချက်ခဲ့ကြပေမယ့် ဆယ့်လေးခန်းမြောက် တာအိုဓားဟာ လက်လှမ်းမမှီတဲ့ တောင်ထိပ်ပေါ်မှာ ရောက်နေတဲ့အတိုင်းပဲ။ နောက်ဆုံးတော့ ပြဿနာရဲ့အကြောင်းရင်းက သဘာဝကြီးက အတုဖြစ်နေတာကြောင့်တဲ့လေ။ ဟီးဟီးဟီး သိပ်ရှက်စရာကောင်းတယ်။ သောက်ရမ်းရှက်စရာကောင်းတယ်”
တာအိုသခင်လင်းရွှမ်မှာ အထွတ်အမြတ်မြေတစ်ခုဖြစ်သော တာအိုဂိုဏ်း၏ တာအိုသခင်ဖြစ်သော်လည်း ငယ်ရွယ်သေး၍ အယုတ္တအနတ္တများ ဆဲနေမိသည်။
“တာအိုဂိုဏ်းရဲ့ အရင်တာအိုသခင်တွေက ဘယ်နေရာမှာ အမှားရှိနေတာလဲ မသိလို့ ဆယ့်လေးခန်းမြောက် ဓားကို မကျင့်ကြံနိုင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက တော့ အခု သိလိုက်ရပြီလေ။ တာအိုသခင်လင်းရွှမ်က ဆယ့်လေးခန်းမြောက်ဓားကို ပထမဆုံးကျင့်နိုင်တဲ့သူ ဖြစ်ရင်ဖြစ်လာနိုင်တာပဲ မဟုတ်ဘူးလား” ချင်မူ အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။
တာအိုသခင်လင်းရွှမ် ရင်ထဲ အနည်းငယ် လှုပ်ခါသွားပြီး သူ့ကို လှည့်ကြည့်သည်။
“ကပ်ဘေး၊ အန္တရာယ်တွေနဲ့အတူ အခွင့်အရေးလည်း ပါလာတတ်တယ်။ အခုအခြေအနေက အန္တရာယ်ဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ အခွင့်အရေးလည်း ဟုတ်တယ်” ချင်မူ ပြုံး၍ ဆက်ပြောလိုက်သည်။ “သာမန်လူတွေကတော့ အန္တရာယ်ကိုပဲ မြင်ရလိမ့်မယ်။ ဒါပေမဲ့ အမြော်အမြင်ရှိတဲ့ လူတွေကတော့ အန္တရာယ်နဲ့အတူ ပါလာတဲ့ အခွင့်အရေးကို မြင်နိုင်တယ်။ ဒါပေမဲ့ အစွမ်းအစရှိတဲ့သူတွေပဲ အဲဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မှာ။ တာအိုသခင်က ဘယ်လိုလူမျိုးလဲ”
တာအိုသခင်လင်းရွှမ်၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။
ကောင်းကင်က အတုဖြစ်သလို၊ နက္ခတ်တာရာသဘာဝလည်း အတုဖြစ်သည်ကို သူ မြင်တွေ့ခဲ့သည်။ ထိုအခြင်းအရာက တာအိုဂိုဏ်း၏ လမ်းစဉ်၊ စွမ်းရည်များနှင့် ကောင်းကင်နတ်သိုင်းများ၏ တိုးတက်မှုကို ရပ်တန့်စေခဲ့၍ အကုန်လုံး တာအိုဓား၏ နောက်ဆုံးအခန်းကို မစဉ်းစားမိခဲ့ကြပေ။
သို့ရာတွင် ချင်မူ့စကားက သူ့အား အခွင့်အရေးကို မြင်သွားစေသည်။ အတုဖြစ်နေမှန်း သူ သိသွားမှတော့ အစစ်ကို မြင်အောင် ကြည့်နိုင်ပြီမဟုတ်ပါ၏လော။ သို့ဆိုလျှင် ဆယ့်လေးခန်းမြောက် တာအိုဓားကို အောင်မြင်စွာ ကျင့်ကြံနိုင်မည့် ဖြစ်နိုင်ခြေ ရှိလာသည်။
“မင်း လူသားဧကရာဇ်ဖြစ်လာတာကို ငါ အပြည့်အဝ လက်ခံတယ်” တာအိုသခင်လင်းရွှမ် စိတ်အားပြန်တင်းကာ ပြောလိုက်သည်။ “တာအိုဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကြားက အငြင်းအခုံတွေကိုလည်း နောက်ဆုံးတော့ ရပ်လိုက်လို့ရပြီ ထင်တယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ငါလည်း အဲဒီလိုပဲတွေးနေတာ။ ငါတို့ မဟာမိတ်ဖွဲ့ပြီး ငါတို့အစွမ်းအစတွေ မြင့်မားသင့်သလောက် မြင့်မားလာတဲ့အခါ ငါတို့အတူတူ ကောင်းကင်ကို ထိုးဖောက်နိုင်လိမ့်မယ်”
ဝမ့်မူရန်က လျှောက်လာပြီး လက်ဆန့်ထုတ်ကာ ပြောလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ဝမ့်မူရန် လူသားဧကရာဇ်နဲ့ တာအိုဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုပါတယ်”
ချင်မူနှင့် တာအိုသခင်လင်းရွှမ်တို့လည်း လက်ဆန့်ထုတ်ကာ လက်ဝါးချင်းထပ်လိုက်ကြသည်။ ချင်မူ ရှုရှန်းဟွာကို လှမ်းကြည့်လိုက်သောအခါ ရှုရှန်းဟွာလည်း လျှောက်လာပြီး သူတို့လက်ပေါ် ထပ်လိုက်သည်။ “အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာ လူသားဧကရာဇ်၊ တာအိုဂိုဏ်းနဲ့ ကျောက်စိမ်းမြို့တော်ငယ်တို့နဲ့ မဟာမိတ်ဖွဲ့လိုပါတယ်။ အခု ငါတို့မဟာမိတ်အဖွဲ့ကို နာမည်ပေးသင့်တယ် မထင်ဘူးလား”
ဝမ့်မူရန်က ပြုံးလိုက်ပြီး ပြော၏။ “ကောင်းကင်မဟာမိတ်အဖွဲ့လို့ ခေါ်ကြရင် မကောင်းဘူးလား”
သုံးယောက်လုံး ပြိုင်တူပြောလိုက်ကြသည်။ “ကောင်းတယ်။ ကောင်းကင်မဟာမိတ်အဖွဲ့ ဖြစ်သင့်တယ်”
လေးယောက်သား လက်ပြန်ရုတ်လိုက်ကြပြီး တာအိုသခင်လင်းရွှမ်က သူတို့ကို ခေါင်းညိတ်နှုတ်ဆက်၍ တာအိုဂိုဏ်းရသေ့များနှင့်အတူ ထွက်ခွာသွားသည်။
“စီမံမှူးချင်၊ ဒီကိစ္စ ဧကရာဇ်ဆီ လျှောက်တင်သင့်လား” ဟွေ့ကျင့်လင်က ခပ်တိုးတိုး မေးသည်။
“လျှောက်တင်ရမှာပေါ့ ဧကရာဇ် သိသင့်တယ်” ချင်မူ ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်ကိုပဲ လျှောက်တင်ပါ။ တခြားသူတွေ မသိစေနဲ့ ဝန်မင်း ခေါင်းဖြတ်ခံရလိမ့်မယ်”
ဟွေ့ကျင့်လင် ခေါင်းညိတ်၍ မိုးလေဝသဌာန၏ အရာရှိများကို ခေါ်ကာ ခပ်သုတ်သုတ် ထွက်သွားသည်။
ဝမ့်မူရန် ယိုင်နွဲ့နွဲ့ သက်ပြင်းချကာ ပြောလိုက်၏။ “လူသားဧကရာဇ်၊ စိတ်မရှိပါနဲ့ ဒီကိစ္စကို ဆရာဦးလေးချင်းယိုကို ပြောရလိမ့်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ရသေ့ကြီးချင်းယိုက ဘာကိုပြောသင့်လဲ၊ ဘာကိုမပြောသင့်လဲ သိပါတယ်”
“အစ်မတော်၊ နောင်တော်လောင်ယွီကို သွားရှာလိုက်ပါ။ ကျွန်တော် ဆရာဦးလေးကို သွားရှာလိုက်မယ်” ဝမ့်မူရန်က မုချင်းသိုင်ကို ပြောလိုက်သည်။
နှစ်ယောက်သား သူတို့လမ်းသူတို့ ထွက်သွားကြ၏။
ယခုတွင် ချင်မူ၊ ရှုရှန်းဟွာနှင့် ကျင်းယန်သာ ကျန်ခဲ့သည်။ ချင်မူ ရှုရှန်းဟွာကို ကြည့်ကာ မေးလိုက်၏။ “နောင်တော်ရှုကြည့်ရတာ၊ သိပ်မအံ့ဩပုံပဲ။ တာအိုသခင်တောင်မှ ဣန္ဒြေမဆည်နိုင်ဘူး၊ အကြီးအကျယ် တုန်လှုပ်သွားတာ။ နောင်တော်ရှုက ပုံမှန်အတိုင်းပါလား။ အမှန်တကယ် အထင်ကြီးမိပါတယ်။ ငါတောင် စောစောက စိတ်နည်းနည်းလွတ်သွားမိတယ်။ ငါ့ရဲ့ စိတ်အလျဉ်က နောင်တော်ရှုလောက် မခိုင်မာဘူးထင်ပါရဲ့”
ရှုရှန်းဟွာက မျက်နှာအမူအရာမပြောင်းလဲဘဲ ပြောသည်။ “ငါ အံ့အားသင့်သွားတယ်။ အခုလည်း အံ့အားသင့်နေတုန်းပဲ။ အစတုန်းက အထက်ကောင်းကင်ဘုံက လူ့ပြည်ထက် အများကြီးမြင့်မားတယ် ထင်နေတာ။ လှောင်အိမ်တစ်ခုတည်းမှာပဲ နေနေရတယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဒီရိုက်ချက်က တော်တော်ပြင်းတယ်”
ချင်မူ သူ့ကို အကဲခတ်ကြည့်သော်လည်း အံ့အားသင့်နေသော အရိပ်အယောင်ကို မမြင်ရ၍ မယုံသင်္ကာ မေးလိုက်မိသည်။ “ဟုတ်ရဲ့လား”
“ဂိုဏ်းသခင်ချင်၊ ကျွန်မတို့သခင်လေးက အံ့အားသင့်နေရင် အဲဒီအတိုင်းပဲ။ အလွန်ဆုံး မျက်မှောင်ပဲကြုတ်တတ်တာ” ကျင်းယန်က ခပ်တိုးတိုး ပြောသည်။
ချင်မူ မျက်မှောင်ကြုတ်လိုက်မိ၏။ “တုန်လှုပ်သွားရင်ရော”
“အဲဒီအတိုင်းပဲ”
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ ရှုရှန်းဟွာက ကောင်းကင်ကို မော့ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်၏။ “နောင်တော်ချင်၊ ကောင်းကင်ရဲ့အလွန်မှာ ဘာရှိတယ်ထင်လဲ”
“မသိဘူး”
ချင်မူ မြို့တော်ဆီသို့ ပြန်လျှောက်ပြီး ပြောလိုက်သည်။ “ငါတို့အစွမ်းအစရှိတဲ့အချိန် သွားကြည့်ကြမယ်”
ရှုရှန်းဟွာလည်း သူ့နောက်မှ လိုက်လာပြီး သုံးယောက်သား မြို့ထဲ ဝင်လာကြသည်။ ရှုရှန်းဟွာနှင့် ကျင်းယန်က ပန်းပဲဖိုဆီ ပြန်ပြီး ချင်မူက နန်းတွင်းကောလိပ်သို့ သွားသည်။ နန်းတွင်းကောလိပ်ရှိ သင်္ချာပညာရှင်များက ရွှေစာအုပ်ထဲမှ သင်္ချာညီမျှခြင်းအား တွက်ထုတ်ပြီးပြီဖြစ်၏။ တာအိုဂိုဏ်းက တစ်အုပ်ပွားယူသွားပြီး နန်းတွင်းတွင် တစ်အုပ်ထားရှိသည်။ ရသေ့ကြီးချင်းယိုလည်း တစ်အုပ်ပွားယူသည့်အပြင် နန်းတွင်းကောလိပ်တွင်လည်း တစ်အုပ်ချန်ထားသည်။ မှန်သည်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းလည်း တစ်အုပ်ရရှိ၏။
ရွှေရောင်စာအုပ်ကို နားလည်သိမြင်ခြင်းသည် ကောင်းကင်တံတားအဆင့်၌ တစ်နေသော ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်များအတွက် အဆင့်တက်နိုင်မည့် မျှော်လင့်ချက်ရှိလာပြီဟု ဆိုလိုသည်။ နောင်တစ်ချိန်တွင် နတ်ဘုရားများစွာ ပေါ်ထွန်းလာလိမ့်မည်။ လူတိုင်းတော့ ကောင်းကင်တံတားကို ပြန်ဆက်နိုင်မည်မဟုတ်ပေ။ ရွှေရောင်စာအုပ်ထဲရှိ တံတားဆက်နည်းများကို ကျင့်ကြံရန် အလို့ငှာ သင်္ချာစွမ်းရည် အလွန်မြင့်မားရန် လိုအပ်၏။
သင်္ချာစွမ်းရည် မမြင့်မားလျှင် ရွှေရောင်စာအုပ်၏ သင်္ချာညီမျှခြင်းနှင့် နည်းလမ်းများကို ရရှိလျှင်ပင် ကောင်းကင်တံတားအား ဆက်နိုင်မည်မဟုတ်ပေ။
ချင်မူ အိမ်ပြန်ရောက်သည့်အခါ ရသေ့ကြီးချင်းယို၊ ရွာလူကြီးနှင့် ကျန်ရှိသူများ မျက်နှာမကောင်းသည်ကို တွေ့လိုက်ရ၏။ ဝမ့်မူရန်လည်း ဘေးတွင် ရှိနေရာ ချင်မူတို့ တွေ့ရှိခဲ့သည့်ကိစ္စအကြောင်း ပြောထားပြီးဖြစ်လိမ့်မည်။
“ငါ လူတစ်ယောက်ကို တွေးမိတယ်” ရွာလူကြီးက ကောင်းကင်ကို မော့ကြည့်၍ ငိုင်တွေတွေ ပြောလိုက်သည်။ “သူ နည်းနည်းပါးပါး သိထားလောက်တယ်။ ချင်းယို ငါ ဘယ်သူ့ပြောနေတာလဲ မင်း သိတယ်မလား”
“သိတယ် ကောင်းကင်ကို ဓားမနဲ့ ခုတ်ပိုင်းခဲ့တဲ့ တစ်ယောက်” ရသေ့ကြီးချင်းယို၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ကောင်းကင်ဓားမ”
ချင်မူ အတန်ငယ် မှင်သက်သွား၏။ “ဘိုးဘိုးသားသတ်သမားလား”
“ကောင်းကင်ဓားမ ကောင်းကင်ကို ဓားမနဲ့ ခုတ်ပိုင်းတယ်လို့ လူတွေ ပြောကြတယ်။ မြင်ခဲ့ဖူးတဲ့လူတွေလည်း ရှိတယ်။ သူ့ဓားမက ကောင်းကင်ကို ခုတ်လိုက်တဲ့အခါ နတ်ဘုရားတွေ ပေါ်လာတယ်တဲ့။ သူက သူ့အလောင်းက လူ့ပြည်ပြန်ကျလာတဲ့အထိ နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခဲ့လို့ စိတ်မနှံ့တဲ့သိုင်းသမားလို့ နာမည်ကြီးတယ်။ အဲဒီတိုက်ပွဲကြောင့်သာ မဟုတ်ရင် ကောင်းကင်ဓားမ ဇာတ်မြှုပ်ပြီး ပျောက်ကွယ်သွားမှာမဟုတ်ဘူး”
ရသေ့ကြီးချင်းယို ဆက်ပြောသည်။ “ကောင်းကင်ဓားမ အဲဒီတုန်းကသာ ထွက်မသွားခဲ့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ သိုင်းကွက်အသားပေးဂိုဏ်းတွေကို သူ့ဓားနဲ့ အနိုင်ယူနိုင်ခဲ့မှာမဟုတ်ဘူး။ ဓားနတ်ဘုရားလို့လည်း ကျော်ကြားမလာနိုင်ဘူး။ ကောင်းကင်ဓားမနဲ့ တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားက အထက်ကောင်းကင်ဘုံက နတ်ဘုရားမဟုတ်ဘဲ အပြင်အာကာသက နတ်ဘုရားပဲ။ ငါ အရင်တုန်းကတော့ မတွေးကြည့်မိခဲ့ပေမယ့် အခုတော့ တွေးကြည့်နိုင်သွားပြီ။ ကောင်းကင်ဓားမ သိထားတာတွေ များလိမ့်မယ်။ တလောတုန်းက ကောင်းကင်ဓားမနဲ့ လှံနတ်ဘုရား ငါတို့ကျောက်စိမ်းမြို့တော်ကို အလည်ရောက်လာသေးတယ်။ ဒါပေမဲ့ အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ အရှိန်အဝါကို ခံစားလိုက်ရလို့ ချက်ချင်း ထွက်သွားကြတာ။ သူတို့ ဘယ်သွားလဲ မသိတာ ဆိုးတာပဲ”
ရွာလူကြီး စဉ်းစားပြီး ပြောလိုက်သည်။ “အဲဒီအရူး အထက်ကောင်းကင်ဘုံက နတ်ဘုရားအတုတွေကို သွားရှာတာဖြစ်မယ်။ သူ့ခါးပြန်ဆက်ပြီးကတည်းက အမြဲစိတ်ဖောက်နေတာ။ မျက်ကန်းသာ သူနဲ့အတူ မရှိရင် သူ ဘာပြဿနာတွေ ရှာဦးမလဲမသိဘူး။ သူ သိထားတာတွေ များလိမ့်မယ်။ မူအာ၊ ငါတို့ သူ့သွားရှာရအောင်”
ချင်မူ တွန့်ဆုတ်နေသည်။ “ဧကရာဇ်အတိုင်ပင်ခံ ကျွန်တော့်ကို ရတနာတစ်ရာ ပေးစရာရှိသေးတယ်။ သူ မကြာခင် မြို့တော်ကို ပြန်ရောက်တော့မှာ....”
ရွာလူကြီးက ခေါင်းယမ်းလိုက်သည်။ “လိုလန်ရွှေနန်းတော်ရဲ့ ရတနာတွေက လှည့်ကြည့်ဖို့တောင် တန်လို့လား။ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်က အရိုးအိုကြီးထက် မပိုဘူး။ ထော့ကျိုးတောင် အဲဒီမကောင်းဆိုးဝါးအိုကြီး တစ်သက်လုံး စုဆောင်းထားတာတွေကို ကြည့်တောင် မကြည့်ဘူး”
ချင်မူ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ဟူလင်းအာကို လှမ်းခေါ်လိုက်သည်။ “လင်းအာ၊ ဧကရာဇ်အတိုင်ပင်ခံ ငါ့ကို ရတနာတစ်ရာ ပေးစရာရှိတယ်။ သူ မြို့တော်ပြန်ရောက်ရင် ငါ့အစား ယူထားပေးစမ်းပါ”
ဟူလင်းအာ၏မျက်လုံးများ တမုဟုတ်ချင်း အရောင်တောက်သွားသည်။ သူမက ပြုံးလိုက်၏။ “သခင်လေး၊ ဘာရတနာတွေလဲ”
“သူ လိုလန်ရွှေနန်းတော်က ရတနာတွေ သယ်လာမှာ။ ငါတို့ ကြိုက်ရာရွေးလို့ရတယ်” ချင်မူ ပြောလိုက်သည်။
ဟူလင်းအာ ပျော်ရွှင်သွားသော်လည်း တွေဝေသွားပြီး ပြောလိုက်သည်။ “သခင်လေး၊ ကျွန်မက သခင်လေးလောက် မကြည့်တတ်ဘူး။ ကောင်းတာတွေ မရွေးတတ်မှာ စိုးတယ်”
“ငါ နင့်ကို ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ် သင်ပေးမယ်။ မျက်လုံးအသက်သွင်းပြီး ဘယ်ရတနာက ဘယ်လောက်တန်လဲ ကြည့်ချည်ပေါ့”
....
ချင်မူ ဟူလင်းအာကို ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ် သင်ပေးပြီးနောက် နဂါးချီလင်အား နှိုးလိုက်သည်။ ရွာလူကြီးကို နဂါးချီလင်၏ကျောပေါ် တင်ပေးပြီး သူ မေးလိုက်၏။ “ရွာလူကြီး၊ ကျွန်တော်တို့ ဘိုးဘိုးသားသတ်သမားကို ဘယ်လိုရှာကြမလဲ”
“လွယ်လွယ်လေးပါကွာ။ ငါ့အရှိန်အဝါ ထုတ်လွှတ်ပြီး အထက်ကောင်းကင်ဘုံက ဧည့်သည်တွေကို သတိပေးလိုက်ရုံပေါ့။ ဒါဆို သားသတ်သမားကိုလည်း အချက်ပြပေးပြီးသား ဖြစ်မယ်။ အထက်ကောင်းကင်ဘုံက ဧည့်သည်တွေ ငါ့ကို စိန်ခေါ်ဖို့ သူတို့အရှိန်အဝါတွေ သေချာပေါက် လွှတ်မှာပဲ။ ပြီးရင် သားသတ်သမားနဲ့ မျက်ကန်းကို သွားတွေ့နိုင်ပြီ” ရွာလူကြီးက ခပ်အေးအေး ပြောလိုက်သည်။
“ကဲ အထက်ကောင်းကင်ဘုံက ဧည့်သည်တော်ကြီးတွေနဲ့ စာရင်းရှင်းရတော့မှာပေါ့လေ”
သူ အရှိန်အဝါထုတ်လွှတ်တော့မည့်အချိန် ရုတ်တရက် အံ့အားသင့်သွားသောအမူအရာ ဖြစ်သွားသည်။ ရသေ့ကြီးချင်းယိုနှင့် ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာများလည်း တူညီသောဘက်သို့ တအံ့တဩ လှမ်းကြည့်လိုက်ကြကြသည်။
ချင်မူ မေးရန် ပြင်လိုက်စဉ် ကြောက်မက်ဖွယ်ရာ လှိုင်းများ ဖြာဆင်းလာသည်ကို ခံစားလိုက်ရ၏။
“အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေပဲ။ ထူးဆန်းလိုက်တာ။ ငါ့အရှိန်အဝါတောင် မထုတ်လွှတ်ရသေးဘူး။ သူတို့တည်နေရာကို အချက်ပြနေပြီ... မဟုတ်သေးပါဘူး။ အချင်းချင်း တိုက်ခိုက်နေတာဟ” ရွာလူကြီး တအံ့တဩ အော်လိုက်မိသည်။ “အထက်ကောင်းကင်ဘုံက ဧကရာဇ်လေးပါး တစ်ယောက်ကိုတစ်ယောက် သတ်နေကြတယ်။ မူအာ ငါ အရင်သွားနှင့်မယ်”
အုန်းးး
လှုပ်ကုလားထိုင်မှ အုန်းခနဲ မြည်သံထွက်လာပြီး ရွာလူကြီး နဂါးချီလင်၏ကျောပေါ်မှ ပျောက်ကွယ်သွားသည်။ ရသေ့ကြီးချင်းယို၊ နတ်ဝိဇ္ဇာရုံယွင်နှင့် ရုံဟယ်လည်း ပျောက်ကွယ်သွား၏။
“မူရန်၊ ချင်းသိုင် လောင်ယွီကို ရှာတွေ့ရင် နောက်က မြန်မြန်လိုက်ခဲ့” ရသေ့ကြီးချင်းယို၏အသံက အဝေးမှ ထွက်လာသည်။