အင်မော်တယ်လောက၏ နံပါတ်တစ်ဂိုဏ်း
Vol. 85 Ch. 1178
ကျူးချူက မိုဝူကျိအား ကြောင်အမ်းအမ်း စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ အမှုန့်ဖြစ်သွားရမည့်သူမှာ မိုဝူကျိသာ ဖြစ်ပြီး သူ့ကျူးမျိုးနွယ်၏ ဘိုးဘေး ကျူးယင် မဟုတ်ချေ။
မိုဝူကျိ၏ အကြည့်က သူ့ဆီ ရောက်လာသည့်အခါ နက်ရှိုင်းလှသည့် အကြောက်တရားတို့ ထွက်ပေါ်လာလေ၏။
ကျန်းရှင်း၌ မိုဝူကျိက သူ့အား လိုက်တိုက်ခိုက်ခဲ့သော်လည်း သူက မိုဝူကျိကို စိတ်ထဲ မထားပေ။ အကြောင်းမှာ သူက မိုဝူကျိသည် သူ့ကို မသတ်နိုင်ကြောင်း သိနေ၍ ဖြစ်သည်။
ယနေ့ သူက သေခြင်းတရားနှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါ သေခြင်းတရားကို သူ လက်မခံနိုင်ကြောင်း သတိပြုမိသွား၏။
“ အစ်ကိုမို .. ကျုပ်ကို တစ်ခါလွှတ်ပေးမယ်ဆိုရင် ဝိညာဉ်အမှတ်အသား ပေးအပ်ပါ့မယ် ….” ကျူးချူက မြန်မြန် အသိဝင်လာကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုစဉ် သူ့အနေနှင့် မိုဝူကျိသည် သူ့ကျိုုးပျက်ဂိုဏ်းအား ဖျက်စီးဖူးသည့် ကိစ္စကို အဘယ်ကြောင့် ဂရုစိုက်နရဦးမည်နည်း။ မိုဝူကျိက သူ့ကျူးမျိုးနွယ်၏ တည်ထောင်သူ ဘိုးဘေး ကျူးယင်ကို သတ်လိုက်သည့်ကိစ္စကိုလည်း ဂရုမစိုက်နိုင်တော့ချေ။
မိုဝူကျိက မထူးမခြားနားစွာ ပြောလိုက်သည် “ မင်းရဲ့ ဝိညာဉ်အမှတ်အသားက အံ့ဩဖို့ ကောင်းမယ် မထင်ဘူး ”
သူက မီးတောက်တချို့ ပစ်လွှတ်လိုက်သည့်အခါ ကျူးချူက ပြာအဖြစ် လောင်ကျွမ်းသွားလေ၏။ မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့်ဆီမှ ဝိညာဉ်အမှတ်အသားကို လက်ခံဖို့ပင် စိတ်မဝင်စားလေရာ အင်မော်တယ် ဧကရာဇ် အစောပိုင်းတစ်ယောက်က ဘာသာမည်နည်း။
“ ဂိုဏ်းချုပ်မို ….” ကိုင်အောင်း၏ လည်ချောင်းက ခြောက်ကပ်ကပ် ဖြစ်လာသည်။ မိုဝူကျိနှင့် ပထမဆုံးတွေ့စဉ်အခါက သူတို့နှစ်ယောက်ကြား အကွာအဝေးကြီးမားလှပေသည်။ သူက မိုဝူကျိအား မျက်နှာသာပေးကာ ကြည့်ရှုစဉ် သူ့သမီးက မိုဝူကျိအား အထင်ကြီးနေခဲ့သော်လည်း သူ့အနေနှင့် အငြင်းခံရပြီးနောက်တွင် မိုဝူကျိအား ဂရုမစိုက်ခဲ့ပေ။
ယနေ့ သူ့သမီးက လူတွေကို ပိုကြည့်တတ်ကြောင်း နားလည်သဘောပေါက်သွားတော့သည်။ ထိုစဉ် သူက မိုဝူကျိ၏ ကျင့်ကြံဆင့်သည် မည်မျှ မြင့်မားနေကြောင်း စိတ်ကူးကြည့်၍ပင် မရတော့ပေ။
သို့သော်လည်း သူက ကျူးယင် အင်အားအကြောင်း ရှင်းရှင်းကြီး သိထားသည်။ သူ့အင်အားက အင်မော်တယ်လောက၌ ထူးချွန်ပြောင်မြောက်လှသည်ဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ကျူးယင်ရှေ့တွင် တိုက်ကွက်တစ်ခုပင် ခံနိုင်ရည် မရှိချေ။
မိုဝူကျိရှေ့၌ တိုက်ကွက် ထုတ်ဖို့ကို မဆိုထားနှင့် ကျူးယင်လိုမျိုး ပညာရှင်ပင် ဘာမှမတတ်နိုင်လိုက်ချေ။
မိုဝူကျိက လက်ဝေ့ကာ ကိုင်အောင်း ခန္ဓာကိုယ်ရှိ အမှတ်အသားကို ဖယ်ရှားပေးလိုက်သည်။ ကိုင်အောင်းက သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ပြေလျော့သွားပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာကြောင်း ခံစားမိလိုက်သည်။ အမှတ်အသား ချထားခဲ့သည့် ကျူးယင်ပင် လက်တစ်ချက်ဝေ့ရုံဖြင့် အမှတ်အသားကို ဖယ်ရှားနိုင်မည် မဟုတ်လောက်ပေ။
“ ကောင်းကင်ဧကရာဇ် ကိုင်အောင်း … ခင်ဗျား သမီးရော အဆင်ပြေရဲ့လား ” မိုဝူကျိက ထွေရာလေးပါး မေးလိုက်သည်။
ထိုစကားကို ပြောလိုက်ပြီးနောက် မိုဝူကျိက အရမ်းကို သာမာန်ကာလျှံ့ကာ ဖြစ်လွန်းနေကြောင်း သတိပြုမိလိုက်သည်။
သူက တစ်ဖက်လူ၏ သမီးအကြောင်းကို အကြောင်းအရင်းမရှိဘဲ ဘာလို့ မေးလိုက်ရတာလဲ …
သို့သော်လည်း သူက ကိုင်အောင်းကို ကိုင်အောင်း သမီးဖြစ်သူ ကိုင်ဖေးယန်မှတဆင့် သိထားခြင်း ဖြစ်၏။ ထို့အပြင် သူက ချိန်စုယင်ကို ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ကယ်တယ်နိုင်မည့်အတွေးကို ကိုင်အောင်းတစ်ယောက် ကိုင်ဖေးယန်ကို ကယ်တင်ခဲ့သည့် အပြုအမူမှ စိတ်ကူးရသွားခြင်း ဖြစ်၏။
မိုဝူကျိက သူ့သမီးအကြောင်း မေးသည်ကို ကြားကာ ကိုင်အောင်းက ချက်ချင်း စိတ်ပေါ့ပါးသွားပြီး
“ အဲဒီခွေးကောင် ကျူးယင် လက်ထဲ အဖမ်းမခံရင်သေးခင်က ကျုပ်သမီးနဲ့ အတူတူ ရှိနေသေးတာ၊ ကျူးယင်က အရမ်းအားကောင်းလွန်းတော့ သူမကို ထွက်ပြေးဖို့ လှမ်းပြောထားတယ်။ အခု သူမ ဘယ်မှာမှန်း မသိရသေးဘူး။ သူမ ထွက်မသွားခင် မင်းအကြောင်း ပြောသွားသေးတယ် … ”
အကယ်၍ မိုဝူကျိသာ သူ့သမီးအပေါ် ခံစားချက်ရှိနေလျှင် သူက လက်နှစ်ဖက်လုံးမြှောက်၍ သဘောတူပေမည်။
မိုဝူကျိက နေရခက်စွာ ပြုံးလိုက်ရင်း “ သူမ အဆင်ပြေတယ်ဆို ကောင်းပါပြီ။ ဒါနဲ့ ဒါက ကောင်းကင်ဧကရာဇ် အူးဂူလား ”
ဘေးတွင် ရပ်နေသည့် အူးဂူက မိုဝူကျိ မေးခွန်းကို ကြားကာ “ ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ်။ ကျုပ်က ကောင်းကင်ဧကရာဇ်လို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ အူးဂူလို့ပဲ ခေါ်ပါ ”
ထိုစဉ် ကျန်ရှိနေသော လူများက ရှေ့တိုးကာ မိုဝူကျိဆီ လာရောက်ဦးညွှတ်ကြသည်။ သူတို့က မိုဝူကျိ၏ အင်အားကို ရှင်းရှင်းလင်းလင်း မြင်ပြီးသွားကြလေပြီ။
“ ကျိုးပျက်ဂိုဏ်းက တခြားလူ ရှိသေးလား ” မိုဝူကျိက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
ကိုင်အောင်းနှင့် အူးဂူအပါအဝင် အားလုံး၏ အကြည့်ကာ အစိမ်းရောင် ဝတ်ရုံနှင့် ကျင့်ကြံသူနှစ်ဦးဆီ ကျရောက်လာကြသည်။ တစ်ဖက်တွင် ဆေးလုံးတာအို မဟာမိတ်အဖွဲ့ခေါင်းဆောင် ရှောင်လီရှီက ထပ်မငုံ့နိုင်တော့သည့်အထိ ခေါင်းကို အတင်းငုံ့ထားကာ မိုဝူကျိက သူ့အား ပြဿနာ ရှာမည်ကို စိုးရိမ်နေပေသည်။ ယနေ့ မိုဝူကျိက သူ စိတ်ကူးထားသည်ထက် ကျော်လွန်သွားလေပြီ။
ထိုကျင့်ကြံသူနှစ်ယောက်၏ မျက်ဝန်း၌ အကြောက်တရားများ ဖြတ်ပြေးသွားလေ၏။ သူတို့က မိုဝူကျိအား သက်ညှာပေးဖို့ မတောင်းဆိုနိုင်ခင် ကိုင်အောင်းက အလင်းတန်းနှစ်ချက် ပစ်လွှတ်လိုက်သည်။ သွေးမြူနှစ်ကွက် ဖြစ်သွားသည်။ ထိုအစိမ်းဝတ်ရုံနှင့် ကျင့်ကြံသူနှစ်ဦးက သက်ညှာပေးဖို့ တောင်းဆိုခွင့်ပင် မရလိုက်ကြချေ။
ကိုင်အောင်းက ကျူးယင်ဆီမှ တိုက်ကွက်တစ်ကွက်ပင် မခံနိုင်သော်လည်း သူက အင်မော်တယ်လောက၌ ထိပ်သီးတည်ရှိမှုမျိုး ဖြစ်နေသေး၏။
ထိုနှစ်ယောက်ကို သတ်ပြီးသည်နှင့် ကိုင်အောင်းက မိုဝူကျိအား ဦးညွှတ်ကာ “ ဂိုဏ်းချုပ်မို …. အဲဒီလူနှစ်ယောက်က ကျိုးပျက်ကဂိုဏ်းအတွက် ရက်ရက်စက်စက် အပြစ်ကြွေးတွေ ကျူးလွန်ထားလို့ ကျုပ် သတ်ပစ်လိုက်ပါပြီ ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး ထိုအပြုအမူကို စိတ်ထဲ မထားပေ။ သူက လက်ဝေ့လိုက်သည့်အခါ ကျန်ရှိနေသော လူများ၏ အမှတ်အသားများမှာလည်း ပျောက်ကွယ်သွားလေ၏။ မိုဝူကျိ အမှတ်အသား မဖယ်ရှားပေးသည့် တစ်ဦးတည်းသောသူမှာ ရှောင်လီရှီသာ ဖြစ်၏။ ရှောင်လီရှီအနေနှင့် မိုဝူကျိက သူ့အား မသတ်သည့်အတွက် ကံကောင်းမှုအဖြစ် မှတ်ယူနိုင်လေပြီ။
အားလုံးက သူ့အား ကျေးဇူးတင်ပြီးနောက် မိုဝူကျိက နားမလည်စွာ ပြောလိုက်သည်
“ ကောင်းကင်ဧကရာဇ် ကိုင်အောင်းနဲ့ ကောင်းကင်ဧကရာဇ် အူးဂူတို့က အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီလေ။ ဒါပေမဲ့ အခုထိ တက်လှမ်းဖို့ မခံစားမိကြသေးဘူးလား ”
မိုဝူကျိက အမှန်တကယ် စိတ်ရှုပ်ထွေးနေမိသည်။ ဤဂြိုလ်၏ နတ်ဘုရားကမ္ဘာကို ပြန်လည် ပြုပြင်ပြီးသွားပြီ ဖြစ်ရာ သဘောတရားအရဆိုရလျှင် အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသော သူများသည် တက်လှမ်းနိုင်ပေမည်။
ကိုင်အောင်းက သက်ပြင်းချကာ
“ တကယ်တော့ အရင်တုန်းက တက်လှမ်းတာမျိုး ဖြစ်နိုင်ခဲ့သေးတယ်။ အင်မော်တယ်လောကရဲ့ အင်မော်တယ် ဧကရာဇ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြသူတချို့ အင်မော်တယ်လောကကနေ ထွက်သွားပြီး ပိုပြီး မြင့်မားတဲ့ ဒဏ္ဍာရီလာကမ္ဘာဆီ ရောက်သွားကြတယ်။
ဒါပေမဲ့ အမည်မသိအကြောင်းပြချက် တချို့ကြောင့် မဟာဓားလမ်းစဉ်ဂိုဏ်းနားမှာ ရွှေရောင်ဓားစွမ်းအင်တိုင်လုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။ အဲဒီဓားစွမ်းအင် တိုင်လုံးကြီးက အင်မော်တယ်လောကမှာ ရှိနေတာနဲ့ အင်မော်တယ်လောကက အရာအားလုံး ဖိနှိပ်ခံလိုက်ရတယ်။ အဲဒီနောက်ကျ ဘယ်သူမှ ဆက် မတက်လှမ်းနိုင်ကြတော့ဘူး ”
“ မဟာဓားလမ်းစဉ်ဂိုဏ်းလား ” မိုဝူကျိက ဓားအကျဉ်းထောင်ကို ရုတ်ချည်း တွေးမိသွားသည်။
ဓားအကျဉ်းထောင်တွင် ဓားမြစ်တစ်စင်း ရှိပြီး ကြောက်စရာကောင်းသည့် နှလုံးသား သစ်မြစ်များလည်း ရှိပေသည်။ အကယ်၍ သူသာ မဟာဓားလမ်းစဉ်ဆီ အချိန်မီ ရောက်မသွားပါက ဟန်ချင်းရုသည် ဓားအကျဉ်းထောင်အတွင်း သေဆုံးသွားနိုင်လောက်၏။
သူက မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးပစ်ခဲ့သော်လည်း ဓားအကျဉ်းထောင်က ကျန်ရှိနေသေး၏။ ထိုမျှတင် မကသေးဘဲ ထိုဓားအကျဉ်းထောင်ထဲ၌ ကြောက်မက်ဖွယ် ပညာရှင်တစ်ယောက် ပုန်းအောင်းနေသည်။ ယခင် သူ့အင်အားမှာ အရမ်းနိမ့်နေသည့်အတွက် ဘာပြဿနာမှ မရှာရဲခဲ့ပေ။ သို့သော် သူက ဝိဇ္ဇာတပိုင်း အဆင့် ၄ ဖြစ်နေလေပြီ။ ဓားအကျဉ်းထောင်တွင် ပုန်းအောင်းနေသူက ဝိဇ္ဇာဖြစ်နေလျှင်ပင် သူက အထဲတစ်ချက် ဝင်ကြည့်ရဲ၏။
မိုဝူကျိက ထိုအတွေးဖြင့် ပြောလိုက်သည်
“ ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့တွေ မကြာခင် အဆင့်တက်လှမ်းနိုင်ကြမှာပါ။ အထက်ဘုံက အင်မော်တယ်လောကမှာ ထူးခြားတဲ့နေရာဆိုတော့ ဒီမှာ ကျင့်ကြံရေးနယ်မြေတစ်ခု တည်ထောင်ပြီးတော့ ပါရမီပါပြီး အလားအလာကောင်းတဲ့သူတွေကို လေ့ကျင့်ခွင့် ပေးလိုက်ကြပေါ့ ”
“ ဟုတ်ကဲ့ပါ …. ဂိုဏ်းချုပ်မို စိတ်ချနေပါ။ ကျုပ်တို့တွေ သေချာဂရုစိုက်လိုက်ပါ့မယ် ” အူးဂူနှင့် ကျန်ရှိနေသော အင်မော်တယ်ဧကရာဇ်များက မိုဝူကျိအား လေးလေးစားစား ဖြေကြားလိုက်ကြသည်။
မိုဝူကျိ၏ ယခင်အပြုအမူနှင့် စကားတို့အရ သူတို့က မိုဝူကျိသည် အင်မော်တယ်လောကအဆင့်ကို ကျော်လွန်နေသည့် ပညာရှင် သေချာပေါက် ဖြစ်လိမ့်မည်မှန်း ပြောနိုင်ကြသည်။
………………
မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် အခြားသောဂိုဏ်းများကို ရှင်းထုတ်လိုက်ကတည်းက အင်မော်တယ်လောက၌ ဤနှစ်များစွာ ကြာသည့်တိုင် အင်အားစုအသစ် ပေါ်ပေါက်မလာခဲ့ချေ။
ဤသည်မှာ ဖင်းဖန်ကျောင်းတော်မှ ထိပ်သီး အင်မော်တယ် ဧကရာဇ် လျန်ယင်ရှန်း ပေါ်မလာခင်အထိ ဖြစ်သည်။ မည်သူကမှ လျန်ယင်ရှန်း၏ အင်အားကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြသော်လည်း ကောလဟာလများအရ လျန်ယင်ရှန်းသည် သူမ တစ်ယောက်တည်း အင်မော်တယ်ဧကရာဇ် ခြောက်ယောက်ကို သတ်ပစ်ခဲ့ကြောင်း ဆိုကြသည်။
အကယ်၍ လျန်ယင်ရှန်းသာ ဖင်းဖန်ကျောင်းတော်မှ ထွက်ပေါ်လာသည့် တစ်ဦးတည်းသော ပညာရှင် ဖြစ်နေလျှင်ပင် များများစားစား မဟုတ်သေးပေ။ သို့သော် လျန်ယင်ရှန်း အပြီးတွင် ဖင်းဖန်မှ နောက်ထပ် အင်မော်တယ် ဧကရာဇ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများစွာ ထွက်ပေါ်လာလေ၏။ ဥပမာအနေနှင့် ဖူကျင့်ဖုန်း၊ စုကျီအန်း၊ ကျော့ဖျင်အန်း၊ ဝေကျီတောက် အစရှိသဖြင့် အသီးသီး ထွက်ပေါ်လာကြသည်။
သာမာန် အင်မော်တယ်ဧကရာဇ်များမှာမူ အရေအတွက် ဆယ်ယောက်ကျော်ပေသည်။
ဖင်းဖန်ကျောင်းတော်က အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်း ဖြစ်လာသည်မှာ လွဲမှားဖွယ် မရှိပေ။ ထို့အပြင် ဖင်းဖန်က တခြားသောဂိုဏ်းများနှင့် ကွာခြားပေသည်။ ဤနေရာတွင် သေမျိုးများနှင့် အင်မော်တယ်များက အတူတကွ နေထိုင်ကြသည်။ မည်သူကများ အင်အားသုံးပြီး သေမျိုးများကို အနိုင်ကျင့်ကြံခြင်း မရှိကြပေ။ ဤသည်မှာ ကျောင်းတော်၏ ပထမဂိုဏ်းချုပ် မိုဝူကျိ ချမှတ်ခဲ့သော စည်းမျည်း ဖြစ်၏။
ဖင်းဖန် အပြင်ဘက်ရင်ပြင်၌ မိုဝူကျိ၏ ရုပ်တုက ဂုဏ်ယူဝင့်ထည်စွာ ရပ်တည်နေသည်။ ကျောက်ရုပ်တုအောက်ခြေတွင် ကျောက်စားပွဲတစ်လုံးအပေါ်၌ မိုဝူကျိ၏ စာသား ရှိနေ၏။
“တာအိုက ကွဲပြားပေမဲ့ လူသားတိုင်းက အတူတူပဲ ”
ထိုစာလုံးဝန်းကျင်၌ တာအိုလှိုင်းများ ရစ်ပတ်နေသည်။
ထိုရင်ပြင်၌ မြောက်များစွာသော ကျင့်ကြံသူများက ခြေချိတ်ထိုင်ကာ မျက်လုံးကို ပိတ်ထားရင်း ထိုစာလုံးကိုးလုံးမှ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားအားထုတ်နေကြသည်။
ထိုစာလုံးကိုးလုံးမှာ ဖင်းဖန်ကျောင်းတော်၏ အရေးကြီးဆုံး ရတနာ ဖြစ်၏။ ဖင်းဖန်၏ အင်မော်တယ် ဧကရာဇ်အားလုံးက ထိုစာလုံးမှ ဉာဏ်အလင်းပွင့်သွားကြခြင်း ဖြစ်၏။
ထိုရင်ပြင်အပြင်ဘက်၌ ကြီးမားကျယ်ဝန်းသည့် လမ်းတစ်ခု ရှိနေသည်။
လမ်းတစ်ဖက်တစ်ချက်စီတွင် စိတ်ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားကြပြီး သာမာန်သေမျိုးတစ်ချို့က ထိုဆေးစိုက်ခင်းများ၌ အလုပ်ကြိုးစားနေကြသည်။
တခြားသောဂိုဏ်းများ၌ စိတ်ဝိညာဉ် ဆေးစိုက်ခင်းသည် ဂိုဏ်းအပိုင် ဖြစ်၏။ တပည့်များစွာနှင့် သေမျိုးများက ဂိုဏ်းအတွက် အလုပ်လုပ်ကြရသည်။ ထိုစိုက်ခင်း၌ ဘာစိုက်ပျိုးရမည်ကို ဂိုဏ်းက ဆုံးဖြတ်ပေးလေသည်။
သို့သော် ဖင်းဖန်း၌ ထိုစိုက်ခင်းများမှာ သေမျိုးများအပိုင် ဖြစ်၏။ သူတို့ စိုက်ထားသော စိုက်ခင်းများကို သူတို့ ဆုံးဖြတ်ကြပြီး စိုက်ပျိုးရသမျှအား ဖင်းဖန်ဆီ ရောင်းချကြသည်။
အပေါ်ယံ၌ ဖင်းဖန်သည် တည်ငြိမ်နေဟန် ပေါ်သော်လည်း အဆုံးအစွန်ပင်လယ်အထက်၌ တည်ထောင်ထားသည့် ဂိုဏ်းချုပ်ခန်းမ၌ လေထုမှာ တင်းကျပ်နေသည်။
ထိပ်ဆုံးတွင် ထိုင်နေသူမှာ အင်မတန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။ ထိုအလှလေးက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူမက ဖင်းဖန်၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည့် ကျီယွဲ့ ဖြစ်နေသည်။ သူမက အထက်ဘုံမှ အရွေးချယ်ခံရသော ကံကောင်းသည့်လူများအနက် တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။
“ဂိုဏ်းချုပ် …. အထက်ဘုံရဲ့ ကျုးယင်က ကျုပ်တို့ ဖင်းဖန်ကို သက်ညှာပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖင်းဖန်ကလည်း သူ အလွယ်တကူ ချေမွလို့ ရတဲ့ တည်သီး မဟုတ်ဘူး။ ကျုပ်တို့ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်က အင်မော်တယ်လောက တစ်ခုလုံးမှာ နံပါတ်တစ် အစီအရင်ပဲ … ကျုပ်တို့သာ အားအပြည့် အသက်သွင်းထားသရွေ့ ကျူးယင်တောင် ဖျက်စီးပစ်နိုင်မှာ မဟုတ်ဘူး ” လူလတ်အရွယ် အမျိုးသားတစ်ဦးက ထရပ်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ကျီယွဲ့က ခေါင်းခါကာ
“ မဟုတ်သေးဘူး …. မချိုးဖျက်နိုင်တဲ့ ကာကွယ်ရေး အစီအရင်ဆိုတာ မကြားဖူးသေးဘူး။ ပြီးတော့ အဲဒီကျူးယင်က အရမ်းအားကောင်းတယ်။ သူသာ အစီအရင်ကို ဖျက်စီးလိုက်တာနဲ့ ကျွန်မတို့ ဂိုဏ်းတစ်ခုလုံး ချေမှုန်းခံရလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ကျီယွဲ့က ခဏရပ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်
“ အားလုံး အဖွဲ့တွေ ခွဲကြဖို့ အကြံပြုချင်တယ်။ ဖင်းဖန်က ဧရာမ အင်မော်တယ်သွေးကြောပေါ်မှာ တည်ဆောက်ထားတာဆို …. ကျွန်မတို့တွေ အဲဒီသွေးကြောထဲ ဝင်ပုန်းနေရင် …. ”
“ မရဘူး ….” ကျီယွဲ့ စကားမဆုံးခင် ကြည်လင်ပြတ်သားသည့် အသံတစ်သံက သူမအား ဖြတ်ပြောလိုက်သည်။
***