လှည့်ဖြားကာ ဆိုခြင်း
Vol. 76 Ch. 1051
“မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့တိုးတက်မှုအရှိန်အရ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့ အချိန်ဘယ်လောက်ကြာမှာလဲ”
သွမ့်မုလင်က မစဉ်းစားဘဲ မေးလိုက်သည်။
“ဟမ်” ထန်ရှုက ခေါင်းရှုပ်သွားပြီး ခဏစဉ်းစားလိုက်၏ “ဘာလို့ မေးရတာလဲ”
“နတ်ဆိုးသားရဲတွေရဲ့အဆင့်သတ်မှတ်ချက်တိုင်းတာမှုကို မင်းဆီ ပို့ပေးဖို့ ရေမိန်းကလေးကို ငါ မှာထားတယ်။ မင်း အဲဒါကို ဖတ်ပြီးပြီးလား” သွမ်မုလင်က ပြော၏။
“ဟိမဝန္တာတောတွင်းပိုင်းထဲမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်နိုင်တဲ့ ခွန်အားရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်ရှိတယ်လို့ ငါတို့ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ။ ဒါက ငါ့အနေနဲ့ ၎င်းကို အနိုင်ယူနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ကို ဘာကြောင့် လိုအပ်သလဲဆိုတာပဲ။ မင်းက အချိန်တိုအတွင်းမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်မယ်ဆိုရင် နတ်ဆိုးသားရဲအလောင်းကောင်တစ်ခုမှ အာဏာပိုင်တွေဆီ ငါ ပြန်မအပ်တော့ဘူး”
အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်၌ ထွက်ပေါ်လာသည်။ နတ်ဆိုးကမ္ဘာရှိ အနက်နဲအသိမ်မွေ့ဆုံးကျင့်ကြံခြင်းပညာရပ်ဖြစ်သည့် ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အား ကျင့်ကြံထားသဖြင့် သူက သာမန်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ ဤကျင့်ကြံခြင်းပညာရပ်က နတ်ဆိုးကမ္ဘာရှိ နတ်ဆိုးဘုရင်များကဲ့သို့ အကြွင်းမဲ့တည်ရှိမှုများက ဖန်တီးခဲ့သည် ဖြစ်တန်ရာသည်၊ ထိုပုဂ္ဂိုလ်က နတ်ဘုရားကမ္ဘာသို့ တက်ရောက်သွားခဲ့သည့် နတ်ဆိုးနတ်ဘုရားတစ်ယောက် ဖြစ်လောက်ပေသည်။
ထို့ကြောင့် သူ၏လက်ရှိခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်ရန် လုံလောက်သည်။ အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်ကျွမ်းကျင်သူများအား သတ်နိုင်သည်ဟု သူက ယုံကြည်သည်။ အခြေတည်စိတ်ဝိညာဉ်အလယ်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူက အရာအားလုံး ထုတ်ဖော်ပါက တိုက်ခိုက်နိုင်မည်ဟု ယုံကြည်၏။ သို့သော် အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်နှင့် တွေ့ဆုံလျှင်မူ သူ့အသက်အား ကယ်ဆယ်ရန်အတွက် ထွက်ပြေးရပေလိမ့်မည်။
“သုံးလ။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့အတွက် သုံးလ လိုအပ်တယ်။ အကြောင်းပြချက်ကတော့ ငါ့မှာ နတ်ဆိုးသားရဲအလောင်းတွေ အများအပြား ရှိဖို့ပဲ။ ပြီးရင်တော့ ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိတဲ့ နတ်ဆိုးသားရဲတွေကို အပြင်းအထန်ဒဏ်ရာရစေနိုင်တဲ့အထိ တိုက်ခိုက်နိုင်လိမ့်မယ်” ထန်ရှုက ရည်ရွက်ချက်ရှိရှိနှင့် လုပ်ကြံဇာတ်ခင်းလျက် ပြန်ပြော၏။
“မင်းက အားကောင်းလွန်းလာမယ်မလား” သွမ်မုလင်က အံ့အားသင့်စွာ ပြောလိုက်သည်။ “အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ မင်းက သုံးလပဲ လိုတာလား။ ဒါ အရမ်းကောင်းတယ်။ ဒါဆိုလဲ ငါ ရရှိသမျှ နတ်ဆိုးအလောင်းကောင်အားလုံးကို မင်းဆီ လက်လွှဲပေးမယ်”
“ဒါဆိုလဲ ကျေးဇူးတင်ပါတယ်”
ခပ်ရေးရေးပြုံးလျက် ထန်ရှုက ဖုန်းချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ပတ်ဝန်းကျင်သဘာဝရှုခင်းများဆီသို့ ရောက်ရှိသွား၏။ သူ့အတွက် ငြီးငွေ့စရာများ ဖြစ်လာမည့်အစား ဤဖြစ်ရပ်က ရတနာများ ရရှိစေမည့် ဘုရားပေးအခွင့်အလမ်းတစ်ခုဖြစ်လာခဲ့သည်။ နတ်ဆိုးသားရဲအလောင်းထဲမှ အခြားပစ္စည်းများက သူ့ကျင့်ကြံခြင်းအတွက် အမှန်တကယ် အကူအညီပေးသော်လည်း နတ်ဆိုးအမြုတေများနှင့် လုံးဝမယှဉ်နိုင်ပေ။
လူသားကျင့်ကြံသူများ၏ရွှေအမြုတေကဲ့သို့ပင် နတ်ဆိုးအမြုတေများက နတ်ဆိုးသားရဲများ၏အနှစ်သာရဖြစ်သည်။ လူသားကျင့်ကြံသူတစ်ယောက်၏ရွှေအမြုတေက နတ်ဆိုးသားရဲများအတွက် အထွတ်အထိပ်ရတနာတစ်ခုဖြစ်သည်။ လူသားကျင့်ကြံသူတစ်ယောက်၏ရွှေအမြုတေအား ဝါးမျိုနိုင်ခဲ့လျှင် နတ်ဆိုးသားရဲများ၏ခွန်အားက ခုန်ပေါက်သလို တိုးတက်သွားပေလိမ့်မည်။ တကယ်တော့ ရွှေအမြုတေက သက်ဆိုင်ရာလူသားကျင့်ကြံသူ၏ကျင့်ကြံခြင်းအနှစ်သာရဖြစ်ပြီး သူသို့မဟုတ်သူမ၏ပင်မရင်းမြစ်ဖြစ်သည်။
“ရွှယ်ရှ၊ ဒီသိုလှောင်လက်စွပ်တွေကို ယူပြီး နတ်ဆိုးသားရဲအလောင်းအကုန်လုံးကို သူတို့အထဲ ထည့်လိုက်။ ပြီးတော့ မိုအားဝူ၊ ကျင်းရှီ၊ ယဲ့ရှစ်စန်းနဲ့ ဟောင်လဲ့တို့ကို ဆက်သွယ်။ သူတို့တစ်ယောက်စီကို သိုလှောင်လက်စွပ်တစ်ကွင်းပေးပြီး ငါ့အတွက် နတ်ဆိုးသားရဲအလောင်းတွေနဲ့ နတ်ဆိုးသားရဲအမြုတေတွေ စုဆောင်းဖို့ သူတို့ကို ပြော” ရွှယ်ရှထံ သိုလှောင်လက်စွပ်ငါးကွင်းကမ်းပေးရင်း ထန်ရှုက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
ရွှယ်ရှအား အဖွဲ့၏ဒုခေါင်းဆောင်အဖြစ် ထန်ရှုက ယာယီခန့်အပ်ထားသည်၊ ထို့ကြောင့် အမိန့်အား ပို့ဆောင်ရန် လူအချို့အား သူက ခိုင်းစေလိုက်၏။
ထို့နောက် ထန်ရှုက ဘေးပတ်လည်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ဒီနေရာရဲ့သွေးရနံက ပြင်းထန်လွန်းတယ်။ ဒီနေရာကို နတ်ဆိုးသားရဲတွေက မြန်မြန် ရောက်လာလိမ့်မယ်။ အားလုံးပဲ၊ ငါတို့ ဒီနေရာမှာ အကြာကြီးနေလို့မရဘူး၊ ဒါကြောင့် ဒီနေရာက အရင်ထွက်သွားကြရအောင်၊ ပြီးမှ အခြားတစ်နေရာမှာ နတ်ဆိုးသားရဲတွေကို အမဲလိုက်ကြတာပေါ့”
“ဘာလို့ ငါတို့ ထွက်သွားမှာလဲ၊ ဆရာသခင်” ကူးယင်က သိလိုစိတ်နှင့် မေးလိုက်သည် “အခြားနတ်ဆိုးသားရဲတွေကို ဆွဲဆောင်နိုင်တယ်ဆိုရင် သူတို့ကို ရှာဖို့ ငါတို့ အားထုတ်စရာမလိုတော့ဘူးပေါ့”
“မဟုတ်ဘူး” ထန်ရှုက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “သွေးရနံက နတ်ဆိုးသားရဲတွေကို အရမ်းဆွဲဆောင်တာ။ သူတို့နဲ့ပတ်သက်ပြီး ငါသိထားတာအရ နတ်ဆိုးသားရဲတွေက ကီလိုမီတာအနည်းငယ်အကွာအဝေးကနေတောင် သွေးနံခံနိုင်တယ်။ အားအကောင်းဆုံးအကောင်တွေဆိုရင် ဆယ်ကီလိုမီတာအကွာအဝေးကနေတောင် အနံ့ခံနိုင်တယ်။ နတ်ဆိုးသားရဲတွေ တပုံတခေါင်း စုပြုံလာပြီး ငါတို့ကို ဝိုင်းလာမယ်ဆိုရင် ငါတို့အတွက် အန္တရာယ်များလိမ့်မယ်”
ကူးရင်က ချက်ချင်း နားလည်သွားပြီး လေးစားစွာ ခေါင်းညိတ်လိုက်သည်။ “ဆရာ ပြောတာ မှန်ပါတယ်။ ဒါဆို သွားကြတာပေါ့။”
သွေးနံ့က နတ်ဆိုးသားရဲများအား တကယ်ကို ဆွဲဆောင်နိုင်သည်။
ထန်ရှုတို့ ထွက်သွားပြီး နှစ်မိနစ်လောက်တွင် နတ်ဆိုးသားရဲများက အနံ့ဆိုးများနှင့်အတူ ရောက်ရှိလာသည်။ နှင်းစက်များပေါ်တွင် သွေးရာများအား မြင်ရသော်လည်း ဘာသားကောင်မှ မရှိနေသည့်အတွက် သူတို့က ရူးသွပ်ကြမ်းကြုတ်သွားခဲ့လေ၏။
ဟူး…ဟူး…
နတ်ဆိုးသားရဲအူသံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ မိနစ်အနည်းငယ်အတွင်း တစ်ရာနီးပါး ဤနေရာ၌ စုဝေးလာခဲ့၏။ ၎င်းတို့အထဲမှ အနည်းငယ်က ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏အရှိန်အဝါနှင့် ညီမျှသည့် ကြီးမားသောအရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် ထန်ရှုက ထန်ဂိုဏ်း၏တပည့်များကို ဉီးဆောင်လျက် တောင်ကြားတစ်ခုထဲ၌ ထွက်ပေါ်လာသည်။ တောင်ကြားထဲသို့ နေကျရောက်သဖြင့် နှင်းလွှမ်းသောနေရာက အနည်းငယ်သာ ရှိပြီး အခြားနေရာများက နေရာတိုင်းတွင် ကျောက်တုံးများစွာနှင့် ကျတ်တီးမြေကဲ့သို့ပင်။
“အသက်သွင်းစမ်း”
ထန်ရှုက ခုနှစ်မီတာမြင့်မားသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် နေရာယူကာ အစီအရင်ချပ်ပြားများအား ယူထုတ်လိုက်သည်။ ထို့နောက် တောင်ကြားထဲတွင် နတ်ဆိုးသားရဲခြောက်ဆယ်ကျော်အား ထောက်ချောက်ဆင်ရန် အစီအရင်တစ်ခု တည်ဆောက်လိုက်၏။ အစီအရင်က ပြင်ပကမ္ဘာနှင့် လုံးဝသီးခြားရှိပြီး အသက်သွင်းထားပါက နတ်ဆိုးသားရဲများက ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။
“ဒီအစီအရင်ကို သုံးပြီး နတ်ဆိုးသားရဲတွေကို အမဲလိုက်ကြမယ်။ ဒါပေမယ့် မှတ်ထားပါ၊ ဘေးကင်းအောင်လဲ ဂရုစိုက်ကြ”
ထန်ရှုက အစီအရင်ထဲသို့ တစ်လှမ်းချင်းလှမ်းလျက် ဝင်ရောက်ခဲ့ပြီး လေးနက်သောအမူအရာနှင့် အမိန့်ပေးလိုက်သည်။ သူတည်ဆောက်ခဲ့သောအစီအရင်က တိုက်ခိုက်ရေးစွမ်းအားမရှိပေ။ လုပ်ဆောင်ချက်နှစ်ခုသာရှိ၏။ တစ်ခုက နတ်ဆိုးသားရဲများအား ပိတ်ထားရန်ဖြစ်ပြီး အခြားတစ်ခုက အရှိန်အဝါများ ထွက်ခြင်းမှ သီးခြားရန်ဖြစ်သည်။ အစီအရင်ထဲသို့ ဝင်ရောက်ပြီးနောက် သူက ပါဝင်မတိုက်ခဲ့ပေ။ နတ်ဆိုးသားရဲများထံ ပြေးသွားသည့် အခြားသူများကိုသာ လေ့လာစောင့်ကြည့်နေခဲ့သည်။ သို့သော် သူ့နတ်ဘုရားဓားကမူ လက်ပေါ်၌ ရစ်ဝဲနေ၏။
သူ့ဂိုဏ်းသားများအား လေ့ကျင့်ပေးရန် သူတို့အား အသုံးပြုလိုသောကြောင့် နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်းက သူ၏တစ်ခုတည်းသောရွေးချယ်စရာမဟုတ်ပေ။
အာရုံစိုက်လေ့လာရင်း တပည့်တစ်ယောက် သေရေးရှင်ရေးကြုံတိုင်း သူက ကယ်ပေးခဲ့၏။ နတ်ဆိုးသားရဲများအား တန်းမသတ်ဘဲ ၎င်းတို့အား ပြင်းပြင်းထန်ထန် ထိခိုက်စေပြီးနောက် တပည့်များ သတ်ရန် ချန်ထားပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အကူညီရဆုံးလူက တိုက်ခိုက်ရေးအာရုံနှင့်ကျွမ်းကျင်မှု ဆိုးရွားနေသေးသည့် ဆယ်နှစ်အရွယ်ကူးရင်ပင်။ ရွှေအမြုတေအလယ်ဆင့်ကျင့်ကြံခြင်းရှိသော်လည်း သူမက အန္တရာယ်အနေအထားတစ်ခု မကြာခဏကြုံရလေ့ရှိခဲ့သည်။
သို့သော် တိုက်ခိုက်မှုများစွာ ရှိလာပြီးနောက် ကူးရင်၏တိုက်ခိုက်ရေးအတွေ့အကြုံကလည်း လျင်မြန်စွာ တိုးတက်လာနေသည်။ နတ်ဆိုးသားရဲခြောက်ဆယ်ကျော်ထဲမှ တစ်ဝက်လောက်အား သတ်ပြီးချိန်တွင် သူမက နတ်ဆိုးသားရဲနှစ်ကောင်အား သတ်နိုင်ခဲ့၏။ ထို့အတူ ဒဏ်ရာများစွာ ရရှိထားပြီး သွေးစီးကြောင်းများအား သူမပါးစပ်ထောင့်တွင် မြင်တွေ့နိုင်သည်။
ဝှစ်…
ထန်ရှုက တပည့်တစ်ယောက်၏ဘေး၌ ရုတ်ချည်း ထွက်ပေါ်လာ၏။ သူ့ဓားက နတ်ဆိုးသားရဲအား နှစ်ပိုင်းဖြတ်သွားခဲ့ပြီး လဲကျလုနီးပါးဖြစ်နေသောတပည့်အား တွဲကူလိုက်၏။
ဤအချိန်တွင် ထိုတပည့်က ဒဏ်ရာအပြင်းအထန်ရထားပြီဖြစ်သည်။ သူ့နောက်ကျောက ဆိုးဆိုးဝါးဝါးထိခိုက်ထားပြီး အဝတ်အစားများက သွေးတို့နှင့် ရွှဲရွှဲစိုနေသည်၊ ထို့ပြင် ပြင်းထန်သောအတွင်းဒဏ်ရာတစ်ခုကိုလည်း ရရှိထား၏။ ထန်ရှုက မကူညီခဲ့လျှင် နတ်ဆိုးသားရဲလက်သည်းလက်ချက်ဖြင့် ခဏက သူ သေသွားလောက်ပြီ။
“ဒါကို ယူလိုက်”
သန့်စင်ဒဏ်ရာပျောက်ဆေးအား ကမ်းပေးပြီးနောက် ဒဏ်ရာကုသစေရန် ထန်ရှုက သူ့လက်အား ဆုပ်ကိုင်ကာ အစီအရင်အပြင်ဘက်သို့ ထုတ်လိုက်သည်။
ဟူး…
“သတ်ကြ…”
ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ သွေးများ ပန်းထွက်လျက်၊ ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုအား ဖန်တီးနေ၏။
တိုက်ပွဲက အချိန်တော်တော်ကြာခဲ့သည်။ နာရီဝက်နီးပါးအတွင်း တပည့်ဆယ်နှစ်ယောက်က ဒဏ်ရာရခဲ့ပြီး ထန်ရှုက သူတို့အား ကာကွယ်ခဲ့ရ၏၊ အဆုံးတွင် ကျန်လူများက နောက်ဆုံးနတ်ဆိုးသားရဲအား သတ်နိုင်ခဲ့သည်။
လူဒါဇင်ကျော်ထဲတွင် ထန်ရှုတစ်ယောက်သာ ဒဏ်ရာမရပေ၊ ကျန်လူများက သွေးတို့ စိုရွှဲနေပြီး ဒဏ်ရာအကြီးအငယ်အမျိုးမျိုး ရရှိခဲ့သည်။ အချို့က ပြင်းထန်ပြီး အချို့က အသေးစားဒဏ်ရာများသာ။
ထို့နောက် ထန်ရှုက လှည့်ပတ်ကြည့်လိုက်သည်။ ရွှယ်ရှက သူ့ထံ လာနေသည်ကို မြင်လိုက်ရ၏။ သူက ခေါင်းညိတ်ပြကာ အမိန့်ပေးလိုက်သည် “နတ်ဆိုးအမြုတေတွေနဲ့သူတို့ရဲ့အလောင်းတွေကို စုဆောင်းလိုက်။ ဒီနေရာမှာ အစီအရင်တစ်ခု တည်ဆောက်ထားပေမယ့် ဉာဏ်ရည်မြင့်မားတဲ့နတ်ဆိုးသားရဲတစ်ကောင်က ရောက်လာရင် ဒီနေရာက တစ်ခုခုမှားနေတာကို ရှာတွေ့သွားတတ်တယ်။ ဒါကြောင့် ငါတို့ စခန်းဆီ အမြန်ပြန်ဆုတ်ပြီး အားပြန်ဖြည့်ကာ ကျင့်ကြံရမယ်”
“နားလည်ပါပြီး” ရွှယ်ရှက ခေါင်းညိတ်ကာ နတ်ဆိုးအမြုတေများနှင့် နတ်ဆိုးသားရဲအလောင်းများအား စတင်စုဆောင်းလိုက်သည်။
များမကြာမီ ထန်ရှုက အစီအရင်အား ဖျက်ပစ်ကာ မန္တန်တစ်ခုအသုံးပြုလျက် လူတိုင်း၏ခန္ဓာကိုယ်အား ဆေးကြောပေးလိုက်သည်။ ထို့နောက် ဟိမဝန္တာတောင်တန်း၏အစွန်အဖျားပိုင်းသို့ ပြန်လှည့်လာခဲ့၏။ အပြန်လမ်းတွင် သားရဲလှိုင်းအချို့နှင့် ပက်ပင်ဆုံခဲ့သော်လည်း အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။
နာရီဝက်ကြာပြီးနောက်။
တောင်ကြားထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသောပုံရိပ်နှစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏_ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့ပင်_လက်ရှိတွင် သူတို့ခန္ဓာကိုယ်များက ဒဏ်ရာများစွာနှင့် အလှဆင်ထားသည်။ ကျန်းရွှေရှန့်၏ဆုတ်ပြဲနေသောနောက်ကျောတွင် သွေးထွက်ဒဏ်ရာတစ်ခုပင် ရှိ၏။
“ထန်ငနဲက ဘာလို့ ဒီလောက် မြန်ရတာလဲ။ ငါတို့ သူတို့နောက် လိုက်လာတာ၊ အခုထိ သူတို့ရဲ့အရိပ်အယောင်ကို မမြင်ရသေးဘူး” သွေးပါနေသော တံတွေး ထွေးထုတ်လျက် ဟွင်းစမ်က ဒေါသထွက်စွာ ဆဲဆိုလိုက်သည်။
မျက်နှာသုန်မှုန်လျက် ကျန်းရွှေရှန့်က ပြောလိုက်သည် “သူတို့မြန်တယ်လို့လဲ ပြောလို့မရနိုင်ဘူး။ ဒီတောင်က ဒီလောက်ကြီးတာ၊ ငါတို့လိုက်နေတဲ့လမ်းကြောင်းလဲ မှားနေတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့မှာ စွမ်းရည်အချို့ ရှိတာ ငါ ဝန်ခံပါတယ်။ ငါတို့ ဖြတ်သန်းလာတဲ့နေရာတွေမှာ မြင်တွေ့ခဲ့ရသလောက် သူတို့က နတ်ဆိုးသားရဲအချို့ကို သတ်ခဲ့တာပဲ”
“ဟမ့်၊ သူတို့နောက်လိုက်ရင်နဲ့ ငါတို့လဲ နတ်ဆိုးသားရဲအနည်းငယ် သတ်ခဲ့တာပဲမလား။ ငါတို့ ဆယ်ခြောက်ကောင် သတ်ခဲ့တယ်။ တစ်ကောင်ဆိုရင် ရွှေအမြုတေအလယ်ဆင့်ကျင့်ကြံသူတွေနဲ့ ညီမျှတယ်။ ကံကောင်းစွာနဲ့ မင်းက ရွှေအမြုတေအဆင့်ဖြစ်လို့၊ ငါ့မှာလဲ ငါ့ကလန်ရဲ့လက်နက်ရှိလို့။ မဟုတ်ရင် ငါတို့ ဒီနေရာမှာ သေသွားလောက်ပြီ”
“ဟုတ်တယ်” ကျန်းရွှေရှန့်က ခေါင်းညိတ်လိုက်သည် “သူတို့နောက်လိုက်တာ ရပ်လိုက်ကြရအောင်။ သူတို့က နတ်ဆိုးသားရဲတွေရဲ့ဗိုက်ထဲကို ရောက်သွားတာလဲ ဖြစ်နိုင်တယ်။ ပုန်းဖို့နေရာ မြန်မြန် ရှာပြီး ငါတို့ရဲ့ဒဏ်ရာတွေကို ကုသကြရအောင်။ ပြီးရင် ငါတို့ ချက်ချင်း ပြန်ကြမယ်…”
သူ့အသံက ရုတ်ချည်း ရပ်သွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်သောအကြည့်တစ်ခု ပေါ်လာသည်။ နတ်ဆိုးသားရဲများ ထွက်ပေါ်လာသည့်တောင်ကြားတစ်နေရာသို့ ကြည့်လိုက်ပြီး သွေးနံ့လှိုင်ထနေသည့် ထိုနေရာသို့ ရုတ်တရက် ပြေးသွား၏။
သွေးနံ့လား။
“ဒီနေရာမှာ ဘယ်လိုလုပ်ပြီး သွေးနံ့ ရှိနေရတာလဲ။ မကြာသေးခင်က ဒီနေရာမှာ တိုက်ပွဲတစ်ခု ဖြစ်သွားတာလား”
“ထန်ရှုတို့များလား”