အရှက်မရှိ မျက်နှာပြောင်လှသည့် အမျိုးသမီး
Vol. 85 Ch. 1179
ရှေ့တိုးလာသူမှာ ခရမ်းဖျော့ရောင် ဝတ်စုံလေးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ရောက်နေလေပြီ။ သူမအသံမှာ အလွန်တုန်လှုပ်နေပြီး “ မရဘူး” ဟု ပြောပြီးသည့်နောက်တွင် အသံမြင့်ပြောလိုက်သည်
“ ဖင်းဖန်ကျောင်းတော်က ကျွန်မဆရာရဲ့ သွေးသားပဲ …. ဒါက ကျွန်မတို့လူသားတာအိုရဲ့ အခြေခံအုတ်မြစ်။ ဒီမှာ အားလုံး သေရမယ်ဆိုရင်တောင် ဖင်းဖန်ကျောင်းတော်ကို လုံးဝ မပစ်ပယ်နိုင်ဘူး ”
ကျီယွဲ့က နှာခေါင်းရှုံ့ကာ
“ ဝူကျိက မင်းကို နာမည်ခံ တပည့်အဖြစ် လက်ခံလိုက်ရုံလေးနဲ့ ငါ့ရှေ့မှာ လာမောက်မာပြလို့ ရမယ် ထင်နေလား။ မင်းကို မပြောနဲ့။ ဝူကျိတောင် ငါ့ကို အဲလို မပြောဘူး။ လို့ယွဲ့ရွမ်းကို ပင်လယ်အကျဉ်းထောင်ထဲမှာ နှစ်တစ်သောင်း ပြန်လည် သုံးသပ်ခိုင်းလိုက် … ”
“ ဂိုဏ်းချုပ် … ယွဲ့ရွမ်းက တစ်ခုခု ကွဲပြားတာ အကြံပြုရုံလေးပါ။ ဒီလောက် အပြစ်ပေးစရာ မလိုဘူးမလား။ ပြီးတော့ ယွဲ့ရွမ်းက ကျုပ်တို့ ဂိုဏ်းတည်ထောင်သူရဲ့ တပည့် ဖြစ်နေသေးတယ်လေ ” လူလတ်အရွယ် အမျိုးသားက ရှေ့ထွက်လာကာ အသံနိမ့် ပြောလိုက်သည်။
ဤလူက ဖင်းဖန်ကျောင်းတော်၏ ညာလက်ရုံး ကာကွယ်သူ သခင်ယွဲ့ကျန်း ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်ပေသည်။ ဝေကျီတောက် အဆင့်တက်လှမ်းပြီးသွားနောက် သူက ယွဲ့ကျန်းအား ဆက်ခံသူအဖြစ် ရွေးချယ်သွားခဲ့သည်။
“ ဘုန်း ” ကျီယွဲ့က သူမရှေ့ရှိ စားပွဲကို ရိုက်ချလိုက်ပြီး
“ ဘာလဲ …. ဂိုဏ်းချုပ် ငါက အသုံးမကျဘူးလို့ ထင်နေတာလား။ ဝူကျိ မရှိတာနဲ့ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို ဆန့်ကျင်တော့မယ်ပေါ့။ လာကြစမ်း … လို့ယွဲ့ရွမ်းကို ဆွဲခေါ်သွားကြစမ်း … ”
“ ယွဲ့ရွမ်းက ငါ့တပည့်ပဲ။ မင်းက ယွဲ့ရွမ်းကို ဖမ်းရအောင် ဘာလုပ်ပိုင်ခွင့်နဲ့လဲ ” မိုဝူကျိ၏ အေးစက်စက် အသံက ဝင်ရောက်လာကာ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေ၏။
“ ဆရာ … ” လို့ယွဲ့ရွမ်းက ပထမဆုံး အသိပြန်ဝင်လာသူ ဖြစ်၏။ သူမက စိတ်လှုပ်ရှားစွာ ပြေးထွက်သွားပြီး မိုဝူကျိရှေ့မှောက် ဒူးထောက်ချလိုက်သည်။
မိုဝူကျိက လို့ယွဲ့ရွမ်းအား ခေါင်းညိတ်ပြလိုက်ပြီးနောက်
“ အရမ်းတော်တယ် … နှစ်တစ်သောင်းလောက်နဲ့ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့်အထိ ရောက်လာခဲ့ပြီ။ ပြီးတော့ မင်းရဲ့ တာအိုလှိုင်းတွေကလည်း အရမ်းငြိမ်တယ်။ အရမ်းကောင်းတယ် … ဖန်မောင်နှမရော ဘယ်လိုလဲ။ သူတို့ရော အင်မော်တယ်လောကဆီ ရောက်လာကြလား ”
မိုဝူကျိပင် လို့ယွဲ့ရွမ်း၏ ကျင့်ကြံရေး ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ထိုနှစ်များဆီက သူသည် ကောင်းကင်ကျီးဂြိုလ်သို့ ရောက်သွားကာ လို့ယွဲ့ရွမ်းနှင့် ဖန်မောင်နှမတို့အား အမည်ခံတပည့် လက်ခံခဲ့သည်။ သူက ကျင့်ကြံရေး အရင်းအမြစ်တချို့လည်း ချန်ထားပေးခဲ့၏။ သို့သော်လည်း သူက လို့ယွဲ့ရွမ်းသည် အရင်းအမြစ် ချို့တဲ့သည့် ကောင်းကင်ကျီးဂြိုလ်မှ မြန်မြန်ဆန်ဆန် တက်လှမ်းလာပြီး သူ့ဖင်းဖန်ကျောင်းတော်ဆီ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ ဆရာ …” လို့ယွဲ့ရွမ်းက နောက်တစ်ခေါက် ထပ်ခေါ်လိုက်ပြီးနောက် အသည်းအထန် စတင် ငိုကြွေးတော့သည်။ သူမက နောက်ထပ် စကားပင် မပြောနိုင်တော့ချေ။
“ တည်ထောင်သူဘိုးဘေး ….” ခန်းမအတွင်း ကျန်ရှိနေသည့် လူများကလည်း မြန်မြန် အသိဝင်လာကြကာ လေးစားသည့်အနေနှင့် ဒူးထောက်လိုက်ကြသည်။
မိုဝူကျိက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ နှစ်တစ်သောင်းကျော်လေးအတွင်း ဤနေရာ၌ ရင်းနှီးပြီးသား လူ မကျန်ရှိတော့ပေ။ လို့ယွဲ့ရွမ်းမှလွဲ၍ ကျန်သူအားလုံး ဘယ်ရောက်ကုန်ပြီနည်း။
“ အစ်ကိုကြီးမို …..” ထိုစဉ် ကျီယွဲ့က ဂိုဏ်းချုပ်နေရာ၌ မည်သို့ ဆက်ထိုင်နေရဲမည်နည်း။ သူမက တုန်လှုပ်စွာ အောက်ဆင်းလာပြီး မိုဝူကျိအား ဂါရဝပြုလိုက်သည်။
မိုဝူကျိက ကျီယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် “ မင်းက ဘယ်သူလဲ။ ဖင်းဖန်ရဲ့ ဂိုဏ်းချုပ်တာဝန်ယူဖို့ ဘာလုပ်ပိုင်ခွင့်နဲ့လဲ ”
“ ကျွန်မ … ” မိုဝူကျိသည် သူမအား ကျီယွဲ့ ဖြစ်ကြောင်း မှတ်မိသည်ဟု ပြောပြခံချင်မိ၏။
သို့သော်လည်း မိုဝူကျိ၏ အားကောင်းဖွယ် အငွေ့အသက်တို့နှင့် ရင်ဆိုင်ရသည့်အခါ နောက်ထပ် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သူမ သိထားသည့် မိန်းမကျမ်းဗျူဟာ အသင်္ချေလည်း မိုဝူကျိရှေ့မှောက်၌ ဟာသတစ်ခုထက် မပိုတော့ချေ။ အကြောင်းမှာ မိုဝူကျိက သူမတို့ စတွေ့တကည်းက မျက်လုံးထဲ မထည့်သောကြောင့် ဖြစ်၏။ ဂိုဏ်း၌ သူမသည် မိုဝူကျိအား ဝူကျိဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်ခဲ့ခြင်းမှာ မိုဝူကျိက နေရာတွင် မရှိ၍ ဖြစ်သည်။ ယခု မိုဝူကျိ ပြန်ရောက်လာပြီ ဖြစ်ရာ ဝူကျိဟု မည်သို့ ခေါ်ရဲဦးမည်နည်း။
“ ငါ့တပည့် ဖူကျင့်ဖုန်းနဲ့ လျန်ယင်ရှန်းတို့က ဘယ်မှာလဲ။ ပြီးတော့ အရင်ဂိုဏ်းချုပ် စုကျီအန်းရော ဘယ်ရောက်သွားပြီလဲ။ မိုချင်းချယ်နဲ့ ယန်လီတို့ရော ဘယ်မှာလဲ။ ဝေကျီတောက်၊ ဝမ်ဟို့၊ ကျန့်မင်ချန်း၊ ဖေးလင်နဲ့ အခြားသူတွေရော ….” မိုဝူကျိ၏ လေသံမှာ တည်ငြိမ်အေးဆေးနေသော်လည်း ခက်ထန်မှုတချို့ ပါဝင်နေသည်။
လို့ယွဲ့ရွမ်းအား ကာကွယ်ပေးခဲ့သည့် ညာလက်ရုံး ကာကွယ်သူ ယွဲ့ကျန်းက ထရပ်ကာ မိုဝူကျိအား ဦးညွှတ်လိုက်ရင်း
“ တည်ထောင်သူကို ပြန်လည် ဖြေကြားအပ်ပါတယ်။ တည်ထောင်သူ ထွက်သွားပြီးတဲ့နောက်မှာ သခင်မလျန်က ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော ရာကျော်နဲ့ ပြန်ရောက်လာခဲ့တယ်။ ပြီးတော့ သူမက အင်မော်တယ် အဆီအနှစ်ရေကန်တစ်ခု တွေ့ခဲ့တယ်တဲ့ …. အဲဒါနဲ့ အကြီးအကဲတွေရဲ့ ကျင့်ကြံဆင့် မြင့်တက်လာကြတယ်။ နှစ်တစ်ထောင်လောက်နဲ့ ဖင်းဖန်က အင်မော်တယ်လောကရဲ့ နံပါတ်တစ် ကျောင်းတော် ဖြစ်လာခဲ့ပါတယ် …
အဲဒီအချိန်မှာ အင်မော်တယ်လောကမှာ တက်လှမ်းခွင့် ပြန်ရလာကြတာနဲ့ သခင်မလျန်၊ ဂိုဏ်းချုပ်စု၊ ညာဘက်ရုံး သခင်ဝေနဲ့ တခြားပညာရှင်တွေက အင်မော်တယ်လောကကနေ ထွက်သွားပြီး အဆင့်တက်လှမ်းသွားကြတယ် ”
ထိုအရာကို ကြားပြီး မိုဝူကျိက အနည်းငယ် မျက်မှောင်ကျုတ်လိုက်သည်။ သူက နတ်ဘုရားကမ္ဘာ၌ နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်ရာ လျန်ယင်ရှန်းတို့ တက်လှမ်းလာပြီးသည့်နောက်တွင် သူ့ဇာတ်လမ်းများကို ကြားကာ လူသားဂိုဏ်းဆီ တန်းရောက်လာသင့်ပေသည်။ သို့သော် ဘာသတင်းမှ အဘယ်ကြောင့် မကြားရသေးသနည်း။
“ သူတို့အားလုံး အဆင့်တက်သွားတာလား ” မိုဝူကျိက ဆက်မေးလိုက်သည်။
နှစ်တစ်သောင်း ….
သဘာတရားအရပြောရလျှင် မိုချင်းချယ်က ဤမျှ မြန်မြန် ကျင့်ကြံနိုင်မည် မဟုတ်ပေ။
အင်မော်တယ် အုပ်စိုးသူအဆင့် လူငယ်ကျင့်ကြံသူတစ်ယောက်က ထရပ်ကာ မိုဝူကျိအား ဦးညွှတ်လိုက်ရင်း
“ တည်ထောင်သူကို ဖြေကြားအပ်ပါတယ်။ ဂိုဏ်းချုပ်ကျီယွဲ့က ဖေးလင် ပြစ်မှုတစ်ခု ကျူးလွန်ခဲ့တယ်ဆိုပြီး ပင်လယ်အကျဉ်းထောင်မှာ ပိတ်ထားခဲ့ပါတယ်။ စီနီယာအစ်မချင်းချယ်လည်း အဲဒီအကြောင်းအရင်းနဲ့ပဲ ဖမ်းထားခဲ့ပါတယ်။ အဲဒီနောက်ကျ စီနီယာအစ်ကို ယန်လီက ပင်လယ်အကျဉ်းထောင်ကို အတင်းကျပ် ချိုးဖောက်ပြီး စီနီယာအစ်မ ချင်းချယ်ကို ကယ်ထုတ်သွားခဲ့ပါတယ်ခင်ဗျ ”
မိုဝူကျိ ဘေးပတ်လည်ရှိ လေထုမှာ အေးစက်လာလေ၏။ ယခင် သူက စိတ်စွမ်းအားဖြင့် မစစ်ဆေးကြည့်သည်မှာ သူ့ဂိုဏ်း ဖြစ်နေ၍ ဖြစ်သည်။ ယခု စိတ်စွမ်းအား ဖြန့်ကျက်လိုက်သည့်အခါ ပင်လယ်အကျဉ်းထောင်ကို ချက်ချင်း တွေ့လိုက်ရသည်။ ပင်လယ်အကျဉ်းထောင်အတွင်း ဖေးလင်သာမက နောက်ထပ် ရင်းနှီးပြီးသား နှစ်ယောက် ဖြစ်သည့် ဟိုင်ကျန်းကွေ့နှင့် ဝမ်ဟို့၏ ဇနီးဖြစ်သူ ယန်ချင်လင်တို့လည်း ရှိနေသည်။
မိုဝူကျိက အခြားလူများအကြောင်း မသိသော်လည်း ယန်ချင်လင်အကြောင်း သိထားပေသည်။ သူမက ဝမ်ဟို့၏ ဇနီးဖြစ်ကာ ဝမ်လျန်ရှီး၏ မိခင်လည်း ဖြစ်၏။ သူမက တခြားသူအတွက် အလွန်စဉ်းစားပေးတတ်သူ ဖြစ်လေရာ ဤသို့သော လူမျိုးက ပင်လယ်အကျဉ်းထောင်၌ အဖမ်းခံထားရလေသည်။
ထိုအပြင် ကျီယွဲ့က သူ့မြေး မိုချင်းချယ်ကိုပါ ဖမ်းထားရဲသေး၏။ သူက ဤအမျိုးသမီး ဖင်းဖန်းသို့ မည်သို့မည်ပုံ ရောက်လာခဲ့မှန်း မသိပေ။
မကြာခင် မိုဝူကျိ၏ စိတ်စွမ်းအားက ဖင်းဖန်အတွင်း အလျို့ဝှက်ဆုံး အတားအဆီးအထိ ရောက်ရှိသွားသည်။ ဖူကျင့်ဖုန်းလည်း အဖမ်းခံထားရ၏။ ထိုစဉ် ဖူကျင့်ဖုန်း၏ ကျင့်ကြံဆင့်အားလုံးမှာ ပျက်စီးနေပြီး အသိစိတ်ပင်လယ်ပင် အဖျက်စီးခံထားရကာ မျက်ဝန်းများမှာလည်း အသက်မဲ့နေပေသည်။
တကယ်ကို မျက်နှာပြောင်လွန်းတယ် ….
မိုဝူကျိ၏ ဒေါသက ထိပ်ဆုံးအထိ ရောက်သွားသော်လည်း ကိုယ့်ဘာသာ ပြန်ထိန်းထားလိုက်ရသည်။
“ အစ်ကိုကြီးမို ….” ကျီယွဲ့က ယခင်ကလို အံ့ဩတုန်လှုပ်မှုနှင့် အကြောက်တရားများ မရှိတော့ဘဲ မိုဝူကျိ၏ နာမည်ကို ညင်ညင်သာသာ ခေါ်လိုက်သည်။ လေဒဏ်ကိုပင် ခံနိုင်ရည်မရှိသည့်အလား အားနည်းဟန်ဆောင်လိုက်၏။
မိုဝူကျိက ကျီယွဲ့အား အထင်သေးစွာ ကြည့်လိုက်ပြီး
“ မင်းက မဆိုးဘူးပဲ … လိန်ဟုန်ကျီကို ထားခဲ့ပြီးတဲ့နောက် ဖင်းဖန်ကျောင်းတော်ဆီ ရောက်လာတယ်ပေါ့။ ပြီးတော့ ငါ့လူတွေကိုတောင် ဖမ်းထားလိုက်သေးတယ်။ သူတို့က ဒီလို ခံရအောင် ဘာတွေ ကျူးလွန်ခဲ့လို့လဲ ”
လို့ယွဲ့ရွမ်းက နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်လာသည်။ သူမက ပြောလိုက်၏ “ အများစုက တပည့်လိုပဲ … သူတို့က သူမစကားကို သဘောမတူတာနဲ့ ဖမ်းထည့်ထားလိုက်တော့တာပဲ ”
မိုဝူကျိက ခေါင်းညိတ်ကာ ယွဲ့ကျန်းဆီ ပြန်လှည့်လိုက်ပြီး “ မင်းကို ညာလက်ရုံးအဖြစ် ဘယ်သူ သတ်မှတ်ပေးခဲ့တာလဲ ”
သူက ယွဲ့ကျန်း၏ စကားများကို ကြားခဲ့ရသည်။ ဤညာလက်ရုံး ယွဲ့ကျန်းက ဖင်းဖန်ကျောင်းတော်အတွက် စဉ်းစားပေးမှန်း သိသာလှသည်။
ယွဲ့ကျန်းက တည်ထောင်သူသည် သူ့အား အပြစ်တင်လိမ့်မည်ဟု တွေးလိုက်မိပြီး မြန်မြန် ဦးညွှတ်ကာ
“ ညာလက်ရုံး သခင်ဝေက နေရာချထားပေးခဲ့တာပါ။ သခင်ဝေ မတက်လှမ်းသွားခင် ကျွန်တော်ကို ညာလက်ရုံး နေရာ ချထားပေးခဲ့တာပါ။ ဂိုဏ်းချုပ်ကျင့်ဖုန်းက အရမ်းငယ်သေးတော့ ဂိုဏ်းချုပ်ကို စောင့်ရှောက်ပေးဖို့ မှာကြားခဲ့ပါတယ် … ”
မိုဝူကျိ အပြည့်အဝ နားမလည်မည်ကို စိုးကာ ထပ်ပြောလိုက်သည် “ ဂိုဏ်းချုပ်ကျင့်ဖုန်းကို ဂိုဏ်းချုပ်စု မတက်လှမ်းသွားခင် ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ပေးခဲ့တာပါ ”
“ အဲဆို ဒီဂိုဏ်းချုပ်ကျီယွဲ့ကိုကျတော့ရော ” မိုဝူကျိက စိတ်ခံစားချက်ပြင်းစွာ မေးလိုက်သည်။
ဤတစ်ကြိမ်၌ ယွဲ့ကျန်း မဖြေနိုင်ခင် ကျီယွဲ့က မြန်မြန် ဝင်ပြောလိုက်သည်
“ ကျင့်ဖုန်း အဆင့်မတက်ခင်တုန်းက ကျွန်မကို ဂိုဏ်းချုပ်အဖြစ် နေရာသတ်မှတ်ပေးခဲ့တယ်ဆိုတဲ့ စာကို ချန်ထားခဲ့တာပါ။ အခု အစ်ကိုကြီးမို ပြန်ရောက်လာပြီဆိုတော့ အစ်ကိုကြီးမိုပ ဂိုဏ်းချုပ်ပဲပေါ့”
မိုဝူကျိက ကျီယွဲ့အား အေးစက်စက် စိုက်ကြည့်လိုက်ပြီး “ မင်းက တော်တော်သတ္တိကောင်းနေတာပဲ။ ဂိုဏ်းကို အကျိုးပြုတဲ့သူတွေကို ဖမ်းဆီးထားတယ်ပေါ့။ ပြောစမ်းပါ … ဖင်းဖန်က လူဘယ်လောက်ကို သတ်ခဲ့လဲ ”
“ ခုနှစ်ယောက် ” ဤတစ်ကြိမ် ကျီယွဲ့ မဖြေခင် ယွဲ့ကျန်းက ဖြတ်ပြောလိုက်သည်
“ ဂိုဏ်းချုပ်ကျီယွဲ့က ဖင်းဖန်ဂိုဏ်းသား ခုနှစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ တကယ်လို့ ကျွန်တော်သာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် မဟုတ်ရင် ကျွန်တော်လည်း ပင်လယ်အကျဉ်းထောင်ထဲ ရောက်နေလောက်ပြီ ”
“ ဒါပေမဲ့ ဒါက ဂိုဏ်းအတွက် လုပ်ခဲ့တာပါ။ ကျင့်ဖုန်း အဆင့်တက်သွားတုန်းက ဖင်းဖန်ကို ကျွန်မဆီ အပ်ထားခဲ့တာ။ သူက ကျွန်မ … ”
ယခု မိုဝူကျိက အေးစက်စွာ ဖြတ်ပြောလိုက်သည် “ ကျင့်ဖုန်းက အဆင့်တက်သွားပြီတဲ့လား။ အဲဆို လျို့ဝှက်အတားအဆီးထဲမှာ အသိစိတ်ပင်လယ် ဖျက်စီးခံရပြီး အဖမ်းထားခံရတဲ့သူက ဘယ်သူလဲ ”
“ ဘာ … ဂိုဏ်းချုပ်ကျင့်ဖုန်းက အဆင့်တက်သွားတာ မဟုတ်ဘဲနဲ့ ခင်ဗျားက ဖမ်းထားတာလား ” ယွဲ့ကျန်း မျက်ဝန်း၌ ဒေါသတရားများ ပြည့်နှက်လာသည်။ သခင်ဝေက သူ့အား ဂိုဏ်းချုပ်ငယ်လေးကို စောင့်ရှောက်ပေးရန် မှာကြားခဲ့သည်။
ဤတစ်လျှောက်လုံး သူက ဖူကျင့်ဖုန်း တက်လှမ်းသွားပြီဟုသာ ယုံကြည်ထားခဲ့သည်။ သူက ထိုနတ်ဆိုးမ၏ ဖမ်းထားမှုကို ခံထားရလိမ့်မည်ဟု တစ်ခါမှ မတွေးထားမိပေ။
ခန်းမအတွင်းရှိ အားလုံးကလည်း တိတ်ဆိတ်သွားကြပြီး ကျီယွဲ့အား တုန်လှုပ်တကြီး ကြည့်လိုက်ကြသည်။ ဤအမျိုးသမီးကား အမှန်ပင် အရှက်မရှိ မျက်နှာပြောင်လွန်းလှသည်။
ကျီယွဲ့လည်း ပါးစပ်ဟောင်းလောင်း ဖြစ်သွားမိသည်။ သူမ စိတ်ထဲ၌ တုန်လှုပ်နေမိ၏။
မိုဝူကျိက ဘယ်လိုလုပ် သိသွားတာလဲ ….
မိုဝူကျိက ကျီယွဲ့အား ပြန်လည် ချေပခွင့် မပေးတော့ဘဲ လက်ကို ဆန့်ထုတ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ ပိတ်လှောင်ခံထားရသည့် ဖူကျင့်ဖုန်းက ခန်းမအတွင်း ရောက်ရှိလာလေ၏။
ထိုမျှတင် မကဘဲ ပင်လယ်အကျဉ်းထောင်အတွင်းရှိ ကျင့်ကြံသူအားလုံး ခန်းမဆီ ရောက်ရှိလာကြသည်။
“ ဂိုဏ်းချုပ်မို ….” ဖေးလင်က မိုဝူကျိကို မြင်လိုက်သည်နှင့် ပျော်ရွှင်မှုဖြင့် ငိုကြွေးမိသွားသည်။
ဝမ်လျန်ရှီး၏ မိခင် ယန်ချင်လင်က မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ပြီး “ ဂိုဏ်းချုပ်မို ပြန်ရောက်လာပြီပဲ … ”
မိုဝူကျိက ဦးညွှတ်ကာ “ ကျုပ် ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့လို့ အားလုံးကို ဒုက္ခရောက်စေမိပြီ ”
မိုဝူကျိက သူ မှားယွင်းကြောင်း သိလိုက်သည်။ သူက စုကျီအန်းအား သေချာမမှာကြားထားခဲ့ရပေ။ ဖူကျင့်ဖုန်းက သူ့တပည့် ဖြစ်သော်လည် ဖူကျင့်ဖုန်းသည် ဂိုဏ်းချုပ် ဖြစ်ဖို့ အရည်အချင်း ရှိသည်ဟု မဆိုလိုပေ။
ဖူကျင့်ဖုန်းသည် ပင်လယ်ဘေးတွင် နေထိုင်ခဲ့သည့် ကောင်လေးတစ်ယောက် ဖြစ်သောကြောင့် လှည့်ပတ်လိမ်လှည့်မှုမျိုး မကြုံတွေ့ဖူးပေ။ ဤသို့လူမျိုးက မည်သို့ ဂိုဏ်းချုပ် ဖြစ်လာမည်နည်း။
***