နည်းဗျူဟာ
Vol. 76 Ch. 1054
သွမ်မုလင်၏အသံက ပျောက်ကွယ်သွားပြီးချိန်တွင် ရေမိန်းကလေး၏ပုံရိပ်က အဝေးမှ ချဉ်းကပ်လာနေပြီး မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့သို့ ရောက်ရှိလာသည်။ ကြောက်ရွံ့မှုအနည်းငယ်ကို သူမမျက်နှာပေါ်တွင် မြင်တွေနိုင်ပြီး သူမက တင်ပြလိုက်၏ “ ခေါင်းဆောင်၊ အဲနေရာမှာ စုဝေးနေတဲ့ နတ်ဆိုးသားရဲအရေအတွက်ကို ငါတို့ ရေတွက်ပြီးပြီ၊ စုစုပေါင်း၄၁၅၀ရှိကောင်တယ်။ ဒါပေမယ့် သူတို့အထဲမှာ အားကောင်းတဲ့အကောင်တွေက ဘယ်လောက်ပါသလဲကိုတော့ မဆုံးဖြတ်နိုင်ဘူး။ ဒါ့အပြင် အခု သူတို့က ငါတို့ဆီ ပြေးလာနေတယ်၊ နာရီဝက်အတွင်းမှာ ငါတို့ရဲ့ခံစစ်လိုင်းဆီ ရောက်လာနိုင်တယ်။”
“ဘာ”
သွမ်မုလင်၏မျက်နှာက အပြင်းအထန်ပြောင်းလဲသွား၏။ နတ်ဆိုးသားရဲအရေအတွက်က ဒီလောက်များလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နတ်ဆိုးသားရဲလေးထောင်ကျော်အား သတ်ဖြတ်ခြင်းက သူတို့လက်ရှိအင်အားနှင့် မဖြစ်နိုင်သော မစ်ရှင်တစ်ခုပင်။
သို့ဆိုလျှင် သူတို့အားလုံးအား ဖယ်ရှားနိုင်ဖို့ဆိုလျှင် လက်တစ်ဆုပ်စာကျင့်ကြံသူများကသာ အသက်ရှင်ကျန်နိုင်ပေလိမ့်မည်။
ငါတို့ ဘာလုပ်ရမလဲ။ သူတို့နဲ့ ထိပ်တိုက်တိုက်ခိုက်မှာလား ဒါမှမဟုတ် လက်နက်ကြီးတွေ သုံးမှာလား။
ဤအချိန်တွင် ဟွင်းစမ်က သွမ်မုလင်အပေါ် လုံးဝမတူညီသောသဘောထားတစ်ခု ရှိလာသည်။ သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ညွှန်ကြားရေးမှူးသွမ်မုလင်၊ မင်းက ဒီစစ်ဆင်ရေးရဲ့စစ်သေနာပတိပဲ၊ ကျေးဇူးပြုပြီး မြန်မြန်အမိန့်ပေးပါ… အဲဒီနတ်ဆိုးသားရဲတွေကို ငါတို့ ဘယ်လိုခုခံကြမလဲ”
သွမ်မုလင်၏ပါးစပ်က ပွင့်ဟသွားသော်လည်း စကားလုံးတစ်လုံးမှ မထွက်လာပေ။ ဘာလုပ်ရမလဲ သူ မသိ။ သတင်းက သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ဘယ်လိုတန်ပြန်တိုက်ကွက်ကောင်းမှ သူ မစဉ်းစားနိုင်တော့ပေ။
ရုတ်တရက် သူ့မျက်လုံးများက တောင်တန်း၏အတွင်းပိုင်းဆီသို့ ကျရောက်သွား၏။ ထိုနေရာတွင် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုနှင့် သွေးသံရဲရဲကျင့်ကြံသူဒါဇင်ကျော်အား သူ မြင်လိုက်ရသည်။ သူတို့က သူ့ဉီးတည်ဘက်ဆီသို့ လျှပ်စီးအလား လျင်မြန်စွာ ပြေးလာသည်။ ထိုလူများ၏ခေါင်းဆောင်က ကျင်းရှီဖြစ်သည်ကိုလည်း သူ သိ၏။
“မင်းတို့ အဆင်ပြေကြရဲ့လား” သွမ်မုလင်က စိုးရိမ်ပူပန်စွာနှင့် မေးလိုက်သည်။
ပြန်ဖြေမည့်အစား ကျင်းရှီက ပါးစပ်ပေါ်ရှိ သွေးများအား သုတ်လိုက်သည်။ ပြင်းထန်စွာ ချောင်းဆိုးလျက် သူက သွေးတစ်ပွက်အန်လိုက်၏။ သက်ပြင်းတစ်ချက် ချပြီးနောက် သူက နွမ်းလျသောမျက်နှာနှင့် ပြောလိုက်သည် “ငါတို့ အဆင်ပြေပါတယ်၊ ညွှန်ကြားရေးမှူးသွမ်မုလင်။ ငါတို့အများစုက ဒဏ်ရာအပြင်းအထန်ရထားပေမယ့် တိုက်ပွဲထဲမှာ တစ်ယောက်မှ မသေခဲ့ပါဘူး။ ပြီးတော့ ငါတို့က နတ်ဆိုးသားရဲနီးပါးလောက်ကိုလဲ သတ်ဖြတ်နိုင်ခဲ့ပါတယ်”
တစ်ရာနီးပါးလား။
ထိတ်လန့်မှုတစ်ခုက သွမ်မုလင်၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။ ခံစစ်လိုင်းအား ဖျက်ဆီးရန် ကြိုးပမ်းလာသည့် နတ်ဆိုးသားရဲအသုတ်တိုင်းမှ နှစ်ရာအောက်သာ သူတို့က သတ်ဖြတ်နိုင်ခဲ့သည်ကို မှတ်ထားရမည်။ သို့သော် ကျင်းရှီနှင့်သူ့အဖွဲ့က ထိုလောက်များပြားသောနတ်ဆိုးသားရဲများအား အချိန်တိုအတွင်း သတ်ဖြတ်ခဲ့၏။ ဤကား မယုံနိုင်စရာကောင်းလောင်အောင်ပင်။
အခြားလူဆယ်ယောက်ကလည်း အမူအရာ ပြောင်းလဲသွားခဲ့၏၊ ကျင်းရှီနှင့်ထန်ဂိုဏ်း၏တပည့်များအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ အချိန်တစ်ခုကြာပြီးနောက်မှ သူတို့က လက်မထောင်ကာ ချီးကျူးလိုက်ကြ၏။
“ထန်ရှုနဲ့မိုအားဝူတို့ ဉီးဆောင်တဲ့အဖွဲ့တွေက ပြန်ရောက်လာပြီး” သွမ်မုလင်က ပြော၏ “မိုအားဝူတို့အဖွဲ့က တစ်ယောက်ပဲ သေကျေခဲ့တယ်၊ ကျန်တဲ့သူတွေကတော့ သူတို့ရဲ့ဒဏ်ရာကို ကုသနေတယ်။ ထန်ရှုကတော့ တောင်တန်းရဲ့အတွင်းပိုင်းထဲကို ဝင်ရောက်သွားခဲ့ပြီး မိုအားဝူနဲ့အခြားနှစ်ယောက်က သူ့နောက် လိုက်သွားခဲ့တယ်။ ထန်ရှုရဲ့စွမ်းရည်ကို မင်းက ငါ့ထက် ပိုသိမယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် မင်းတို့တွေ သူနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူးလို့ ငါ ယုံကြည်တယ်။ ဒါကြောင့် လက်ရှိမှာ မင်းတို့ရဲ့ဒဏ်ရာတွေကို ကုသနေတာ အကောင်းဆုံးလို့ ငါ ထင်တယ်။ မကြာခင်မှာ ငါတို့က ပိုရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မှာ”
ကျင်းရှီ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက မေးမြန်းလိုက်သည် “နတ်ဆိုးသားရဲလှိုင်းအသစ်က ငါတို့ရဲ့ခံစစ်လိုင်းကို တိုက်ခိုက်တော့မှာလား”
“အဲဒါကို အတည်ပြုပြီးသွားပြီ” သွမ်မုလင်က အားတင်းပြုံးလျက် ပြောလိုက်သည် “အရေအတွက်လဲ သိရပြီ၊ နတ်ဆိုးသားရဲလေးထောင်ကျော်တယ်။ ဒါက ငါတို့ကို တိုက်ခိုက်သမျှထဲမှာ အကြီးမားဆုံးလှိုင်းပဲ၊ အရင်ဟာတွေထက် အရေအတွက်ဆယ်ဆပိုတယ်”
“ဒီလိုဆိုရင် ငါတို့တွေ ပြန်အားဖြည့်ထားရမှာပေါ့” ကျင်းရှီက တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောသည် “ပြီးတော့ နတ်ဆိုးသားရဲတွေ ခံစစ်လိုင်းဆီ တိုးဝင်လာတာနဲ့ ငါတို့ကို သတိပေးပါ၊ ညွှန်ကြားရေးမှူးသွမ်မုလင်။ ငါတို့တွေ ဒဏ်ရာရထားရင်တောင် အချိန်းမရွေးတိုက်ပွဲဝင်နိုင်ပါတယ်”
“ကောင်းပါပြီ”
သွမ်မုလင်က ကျင်းရှီ၏ရင်ဘက်အား နှစ်ကြိမ်တိုင်တိုင်ထိုးကာ ခေါင်းညိတ်ပြလိုက်၏။
****
ဟိမဝန္တာတောနက်ထဲတွင်။
နှင်းလွှာများပေါ်တွင် ဘာခြေရာမှ မချန်ထားဘဲ ထန်ရှု၏ပုံရိပ်က တစ္ဆေတစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားနေသည်။ လက်ရှိတွင် သူက နတ်ဆိုးသားရဲလှိုင်းများ စုဝေးရာနေရာဆီသို့ ပြေးလွှားနေခြင်းပင်။
တစ်ခုခုတော့ မူမမှန်ဘူးပဲ…
ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သူက သိုလှောင်လက်စွပ်မှ ကိုယ်ပျောက်အဆောင်အပါအဝင် မီးလျှံအဆောင်နှင့်လျှပ်စီးအဆောင်အနည်းငယ်ကိုလဲ ထုတ်ယူခဲ့၏။ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး သူက အနီးနားရှိ တောင်နံဘေးသို့ ရွှေ့သွားကာ ထိုနေရာတွင် ဆယ်စက္ကန့်ကြာ ရပ်နေလိုက်သည်။
နှင်းထူထူများက ဝေးကွာလွန်းသောတောင်ထိပ်များဆီမှ ကျဆင်းနေလျက်ရှိသည်။ ထိုနှင်းထူထူများအလယ်တွင် တောင်ချီရှိမည့်နတ်ဆိုးသားရဲများက တားမြစ်စည်းဆီသို့ နေရာတိုင်းမှ ဉီးတည်လာနေ၏။
များလွန်းသည်။ ခံစစ်လိုင်းက ဤတိုက်ခိုက်မှုအား တောင့်ခံနိုင်လိမ့်မည်မဟုတ်။ ထိုနတ်ဆိုးသားရဲများက ခံစစ်လိုင်းအား ဖြတ်ကျော်ပြီးသည်နှင့် အနောက်ရှိ မြို့စောင့်တပ်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်စေလိမ့်မည်။ ထိုမှတစ်ဆင့် ယူဂလေ့အနီးနားရှိ မြို့များ၊ရွာများတွင် နေထိုင်သော သာမန်လူများထံ ကပ်ဘေးတစ်ခု ယူဆောင်လာပေလိမ့်မည်။
သူက သူတို့အား တားဆီးရန် နည်းလမ်းတစ်ခုရှာကာ သွမ်မုလင်အတွက် အချိန်အနည်းငယ်ဆွဲပေးရမည်။ တရုတ်တွင် လေ့ကျင့်သူအရေအတွက်က အများကြီးရှိသည်။ ဤနေရာတွင် ရှိနေသူများက စုစုပေါင်းအရအတွက်၏ဆယ်ပုံတစ်ပုံမျှသာ။
သွမ်မုလင်က အချိန်အနည်းငယ်ရလျှင် ထိုနတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရန် အားကောင်းသူများအား ထပ်ဖိတ်ခေါ်နိုင်ပေမည်။
အတွေးအမျိုးမျိုး ဖြစ်သွားပြီး သူ၏သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာ၏။ သူ့မျက်လုံးများက နတ်ဆိုးသားရဲများထံတွင် ရစ်ဝဲလျက်သာ။ ဒီလိုနတ်ဆိုးသားရဲလှိုင်းတစ်ခုတွင် ဗိုလ်ချုပ်အဖြစ် အမိန့်ပေးနေသည့် ဉာဏ်ရည်မြင့်မားသောနတ်ဆိုးသားရဲတစ်ကောင် ရှိရမည်ဟု သူ ပြောနိုင်သည်။ သူက ထိုနတ်ဆိုးသားရဲအား ရှာဖွေသတ်ဖြတ်နိုင်မည်ဆိုလျှင် ဤနတ်ဆိုးသားရဲလှိုင်းအား ကြီးမားသောသက်ရောက်မှုတစ်ခု ဖြစ်စေနိုင်လိမ့်မည်။ ဤတိုက်ခိုက်မှုက ပျက်ဆီးသွားဖို့တောင် ဖြစ်နိုင်၏။
ချဉ်းကပ်လာရင်း ထန်ရှုက သူတို့မှ နှစ်ကီလိုမီတာလောက်သာ ကွာဝေးတော့၏။
ဤအချိန်တွင် ကိုယ်ပျောက်ထန်ရှုက လျှပ်စစ်အလား ရွေ့လျားကာ လေထဲ တစ်ရာမီတာသို့ ချက်ချင်း လျှပ်ပြေးတက်သွား၏။ သူ ပြင်ဆင်ထားသည့်အဆောင်များအားလုံး ထုတ်ကာ လျှပ်စီးအဆောင်များအား သူနှင့် မလှမ်းမကမ်းရှိ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများထံ ပစ်ထုတ်လိုက်သည်။
ကောင်းကင်တွင် လျှပ်စီးများ လက်ကာ ငှက်မျိုးစိတ်သားရဲအမြောက်အများအား ထိမှန်သွား၏။ နားကွဲလုမတတ်အော်ညည်းသံများနှင့်အတူ ထိုနတ်ဆိုးသားရဲရာကျော်က လေထဲမှ ကျလာသည်။ လျှပ်စီးအဆောင်ထုတ်ဖော်ခဲ့သည့်လျှပ်စီးမိုးကြိုးများက သူတို့အား တိုက်ရိုက်မသတ်ဖြတ်နိုင်ခဲ့သော်ငြား ထိခိုက်စေမှုက သိသာမြင်သာ၏။ ၎င်း၏တုံ့ဆိုင်းသက်ရောက်မှုက ထိုသားရဲများအား ယာယီမတုံ့ပြန်နိုင်စေခဲ့ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲများက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများ၏အနေအထားကို မြင်တွေ့လိုက်ရသောအခါ ကြောက်ရွံ့ထိတ်လန့်မှုတို့က သူတို့ထံ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် ထန်ရှုက ကိုယ်ပျောက်နေလျက်သားနှင့် နတ်ဆိုးသားရဲများအလယ်တွင် ထွက်ပေါ်လာသည်။ သူက မီးလျှံအဆောင်များအား ချက်ချင်း အသက်သွင်းလိုက်၏၊ ရဲရဲတောက်မီးလျှံများက ပေါက်ကွဲထွက်လာလျက် မီးလျှံပင်လယ်တစ်ခု ဖန်တီးကာ နတ်ဆိုးသားရဲများအား လောင်ကျွမ်းလာခဲ့၏။
ဝူး…ဟိန်းသံများ…
ယခင်စည်းစနစ်တကျဖြစ်နေသည့်နတ်ဆိုးသားရဲများက ချက်ချင်း ဖရိုဖရဲဖြစ်သွား၏။
ဟိန်းသံ…
နားထိုင်းလုမတတ်သားရဲဟိန်းသံတစ်ခုက နတ်ဆိုးသားရဲတစ်စုမှ ထွက်လာ၏။ အနီးနားတွင် ရှိသည့် အားနည်းသောသားရဲအနည်းငယ်အား ဟိန်းသံတုန်ခါမှုလှိုင်းက တိုက်ရိုက်သတ်ဖြတ်ပစ်ခဲ့သည်။ ကျန်သားရဲများက လျင်မြန်စွာ ငြိမ်ကျသွား၏။ နောက်ဆုံးတွင် ဖရိုဖရဲဖြစ်နေသောသားရဲအုပ်စုက အစီအစဉ်တကျ ပြန်ဖြစ်သွားသည်။
ဤသားရဲအုပ်စု၏အလယ်တွင် ထန်ရှု၏မျက်လုံးများက လျင်မြန်စွာ ရွေ့လျားသွားပြီး ယူနီကွန်နှင့််တူသည့်နတ်ဆိုးသားရဲတစ်ကောင်၏ဉီးချိုပေါ်တွင် ရပ်နေသော ကြောင်နှင့်တူသည့်သက်ရှိတစ်ကောင်အပေါ်သို့ ကျရောက်သွား၏။ ၎င်း၏သေးငယ်သောအရွယ်အစားက မထင်ရှားမသိသာလှဖြစ်ကာ သတိပြုမိရန်ခက်ခဲသည်၊ သူ၏ထက်ရှသောမျက်လုံးများကြောင့်သာ မဟုတ်လျှင် ၎င်းအား ထန်ရှုက မြင်လိမ့်မည်မဟုတ်ပေ။
ဒီလိုသေးငယ်သောနတ်ဆိုးသားရဲတစ်ကောင်က နတ်ဆိုးသားရဲတစ်အုပ်အား အမိန့်ပေးနိုင်သောစွမ်းရည်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် ၎င်း၏သေးငယ်သောအရွယ်အစားက ၎င်း၏ပုံစံတစ်ခုသာ ဖြစ်ရမည်၊ ၎င်း၏အမှန်တကယ်ခွန်အားက အရမ်းသန်မာလောက်ပေသည်။
အတွေးများက ထန်ရှု၏စိတ်ထဲ၌ လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်က ထိုနတ်ဆိုးသားရဲဆီ ရုတ်ချည်း ရွေ့သွား၏။ တစ်ချိန်တည်းတွင် သူက ခန္ဓာကိုယ်ထဲတွင် သိမ်းထားသော နတ်ဘုရားဓားအား ထုတ်လွှတ်လိုက်သည်။ ၎င်းက လေထဲတွင် ဆယ်မီတာရှည်သောဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွား၏။ နောက်အခိုက်အတန့်တွင် တစ်ရာမီတာနီးပါးရှည်သောဓားစွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာပြီး သေးငယ်သောနတ်ဆိုးသားရဲဆီသို့ ဖိနှိပ်လိုက်သည်။
ဤကား အားကုန်ထုတ်တိုက်ခိုက်မှုတစ်ခုပင်။
မူလဖရိုဖရဲအားက ထန်ရှု၏ခန္ဓာကိုယ်ထဲရှိ အပိုမရီးဒျာန်လမ်းကြောင်းရှစ်ခုထဲသို့ ကသုတ်ကရက် ထိုးတက်လာသည်။ နတ်ဘုရားလက်နက်၏စွမ်းအားနှင့် ပူးပေါင်းလျက် စွမ်းအင်က နတ်ဆိုးသားရဲအုပ်စုအလယ်တွင် လမ်းပေါက်တစ်ခု အားနှင့် ဆုတ်ဖြဲလိုက်သည်။ နတ်ဆိုးသားရဲဆယ်ကောင်အား ထန်ရှု၏ဓားများက ချက်ချင်း သတ်ဖြတ်ခဲ့ပြီး ဓားစွမ်းအားက အခြားကောင်များအား နောက်သို့ အတင်း တွန်းထုတ်လိုက်၏။ အချို့ဆိုလျှင် ဘေးဘက်သို့ ထိတ်ထိတ်ပျာပျာနှင့် ရှောင်ပြေးလိုက်ကြသည်။
ယူနီကွန်တူနတ်ဆိုးသားရဲ၏ဉီးခေါင်းထက်ရှိ နတ်ဆိုးသားရဲငယ်၏ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားသွား၏။ ၎င်း၏ခန္ဓာကိုယ်က ဆင်ကြီးတစ်ကောင်၏အရွယ်အစားအထိ ဖောင်းကားလာသည်။
ဟိန်းသံ…
အနက်ရောင်မီးလျှံအလွှာများက ဓားရှည်အား ဖိခြေလိုက်ပြီး ဧရာမမီးလျှံတူတစ်လက်က ထန်ရှု၏နတ်ဘုရားဓားအား ဖိနှိပ်လိုက်သည်။
အုန်း…
နတ်ဆိုးသားရဲဗိုလ်ချုပ်က နတ်ဘုရားဓားခုတ်ချက်ကြောင့် ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားခဲ့ပြီး နောက်ပြန်လွင့်ထွက်သွား၏။ သားရဲက နာကျင်မှုကြောင့် လူးလိမ့်နေပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အရိုးများကိုပင် မြင်နိုင်သည့်အထိ ဒဏ်ရာနက်တစ်ခု ကျန်ရစ်ခဲ့သည်။ နတ်ဆိုးမီးလျှံနှင့်တူကြောင့်သာ မဟုတ်လျှင် ထန်ရှု၏ဓားက ၎င်းအား အောင်မြင်စွာ သတ်ဖြတ်သွားခဲ့ပြီ။
ထန်ရှုကမူ ခန္ဓာကိုယ်သာ အနည်းငယ် တုန်သွား၏။ နတ်ဘုရားဓား ပြန်ရုတ်သိမ်းပြီးနောက် သူက လျှပ်တစ်ပြက်အတွင်း ပြန်ဆုတ်လာခဲ့သည်။ ကိုယ်ပျောက်နိုင်စွမ်းရှိနေသော်ငြား သူ ထုတ်ဖော်ခဲ့သည့်အရှိန်အဝါက သန်မာလွန်း၏။ အဆုတ်လမ်းတွင် နတ်ဆိုးသားရဲများက သူ့အား တိုက်ခိုက်လာခဲ့ကြသည်။
ဟိန်းသံ…
နတ်ဆိုးသားရဲဗိုလ်ချုပ်က ဒေါသတကြီး ဟိန်းကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ဒီလိုဆိုးရွားသောဒဏ်ရာတစ်ခု မခံစားရသည်မှာ အတော်ကြာပြီ၊ သို့ကြောင့် သူက အလွန်ဒေါသထွက်သည်။ သူ့အား ဒဏ်ရာရစေသည့်လူသားအား လက်စားချေချင်သည်။
အသေသတ်တိုက်ကွက်တစ်ခု ကျဆုံးသွားသဖြင့် ထန်ရှုက ဆက်မလုပ်လိုတော့။ ဆက်လုပ်လျှင် သူက အဝိုင်းခံရနိုင်သည်၊ ဝန်းရံမှုအား ချိုးဖောက်နိုင်သောစွမ်းအား သူ့တွင် ရှိလျှင်ပင် အနာတရမဖြစ်ဘဲ ထွက်သွားရန်က မဖြစ်နိုင်ပေ။
.နတ်ဘုရားဓားက ပျံသန်းနေရင်း ထုတ်လွှတ်ထားသည့်အားကောင်းသောဓားချီက နတ်ဆိုးသားရဲများအား နောက်သို့ ဆုတ်စေသည်။ သို့သော် ဒဏ်ရာအပြင်းအထန်ရထားသည့်ထိုနတ်ဆိုးသားရဲက အုပ်စုမှ လျင်မြန်စွာ ထွက်လာကာ ဘယ်ဘက်ခြမ်းသို့ ပြေးသွား၏။
၎င်းက ထွက်ပြေးချင်ခဲ့သည်။