ထန်ရှု၏ရည်ရွယ်ချက်
Vol. 76 Ch. 1055
လက်ရှိ သူ ပိုင်ဆိုင်ထားသည့် စွမ်းရည်အား ကောင်းကောင်းသိသည်၊ သူ့လက်ထဲတွင် နည်းလမ်းများစွာ ရှိသော်ငြား သူက ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတစ်ယောက်မဟုတ်သည်ကို ထန်ရှုက ရှင်းရှင်းလင်းလင်း သိ၏။ နတ်ဆိုးသားရဲထောင်ချီရှိသောအုပ်စုအား ဖျက်ဆီးခြင်းက အရူးအိမ်မက်တစ်ခုပင်။ သို့သော် သူ၏အပြုအမူများက ဤနတ်ဆိုးသားရဲအုပ်စုအတွက် ရှုပ်ထွေးမှုဖြစ်စေခဲ့သည်၊ ခံစစ်လိုင်းအား တိုက်ခိုက်မည့် သူတို့၏ရည်ရွယ်ချက်အား ဖျက်ဆီးနိုင်ခဲ့သည်ဟု သူက ယုံကြည်ချက်ရှိ၏။
သို့နှင့် သူက လျှပ်စီးအလား ပြေးလွှားသွားခဲ့သည်။
နတ်ဆိုးသားရဲများက သူ့နောက်သို့ စစ်မြင်းများအလား ကဆုန်ပေါက်ပြေးလိုက်လာကြသည်။ အနိမ့်ဆုံး ရွှေအမြုတေနှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏ခွန်အားရှိသည့် နတ်ဆိုးသားရဲဗိုလ်ချုပ်က ထန်ရှုလက်ချက်ကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့သည်။ ထို့နောက် လက်သည်းတရားခံထန်ရှုအား လိုက်ဖမ်းရန် ၎င်းက ညွှန်ကြားခဲ့၏။
ဤအချိန်တွင် ထန်ရှုက သူ၏ကိုယ်ပျောက်အဆောင်အား ဖြုတ်ထားသည်။ ဤကား သူ့ကိုယ်သူ ထုတ်ဖော်ကာ နတ်ဆိုးသားရဲများအား အခြားနေရာများသို့ ဆွဲဆောင်ခေါ်သွားမည့် သူ့အစီအစဉ်ပင် ဖြစ်၏။
****
ယူဂလေ့မြို့။
ယာယီဌာနချုပ်အဖြစ် ပြုလုပ်ထားသည့် အစိမ်းရောင်စစ်တပ်ရွက်ဖျင်တပ်တစ်ခုထဲတွင် LCDမော်နီတာဒါဇင်အား ညီညီညာညာစီထားပြီး ဟိမဝန္တာတောင်တန်းထဲရှိ အရေးကြီးဧရိယာများ၏ထောက်လှမ်းရေးဗီဒီယိုများအား ထုတ်ပြထား၏။
သွမ်မုလင်နှင့်အထူးစွမ်းရည်ဗျူရိုမှအဆင့်မြင့်ကျွမ်းကျင်သူအချို့က စိုးရိမ်သောမျက်နှာတို့ ဖြစ်တည်နေကြသည်။
“အခြေအနေတစ်ခုရှိတယ်၊ ခေါင်းဆောင်”
ထောင့်တွင် ထိုင်နေသော အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်တစ်ယောက်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက သွမ်မုလင်အား အော်ခေါ်လိုက်သည်။
သူ့အော်ခေါ်သံကို ကြားပြီး သွမ်မုလင်က ကျွမ်းကျင်သူအချို့နှင့်အတူ ထောင့်ရှိ ထောက်လှမ်းရေးဗီဒီယိုစခရင်ထံ လျှောက်သွား၏။ မော်နီတာအား ကြည့်လိုက်ချိန်တွင် သူတို့မျက်လုံးများမှ မယုံကြည်နိုင်သောအကြည့်တစ်ခုက စီးကျလာတော့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သွမ်မုလင်က အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုနေရာတွင် ထိုင်နေသော အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်က ပြောလိုက်သည် “စခရင်ပေါ်မှာ ပြသတုန်းက လွန်ခဲ့တဲ့ခဏက ပုံမှန်ပဲ။ နတ်ဆိုးသားရဲစုဖွဲ့မှုက တိုးလာနေသလို စနစ်တကျရှိနေတုန်းပဲ။ ဒါပေမယ့် လျှပ်စီးမိုးကြိုးတွေက ရုတ်တရက် ကျလာပြီး ငှက်မျိုးစိတ်နတ်ဆိုးသားရဲများစွာကို ဒဏ်ရာရစေခဲ့တယ်။ ပြီးတော့ မီးလျှံတွေက နတ်ဆိုးသားရဲအုပ်အလယ်မှာ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးသားရဲတွေကို လောင်ကျွမ်းခဲ့တယ်”
“အဲဒါ ထန်ရှုလား” သွမ်မုလင်က မေးလိုက်သည်။
အေဂျင်စီ၏ထိုအဖွဲ့ဝင်က အကြိမ်ကြိမ်ခေါင်းညိတ်ကာ မျက်နှာပေါ်တွင် လေးစားမှုနှင့်။ “မှန်တယ်၊ ခေါင်းဆောင်။ အဲဒါ ထန်ရှုပဲ။ သူ့ပုံရိပ်က စခရင်ပေါ်မှာ မပေါ်ဘူးဆိုတော့ သူက ကိုယ်ပျောက်အခြေအနေတစ်ခုမှာ ရှိတာ ဖြစ်ရမယ်။ ဒါပေမယ့် သူ့ရဲ့ဓားရှည်က ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ရာမီတာရှည်တဲ့ဓားအလင်းတစ်ခုက နတ်ဆိုးသားရဲအုပ်ကို ဖရိုဖရဲ ဖြစ်စေခဲ့တယ်။ နတ်ဆိုးသားရဲများစွာက ထိမှန်သေဆုံးသွားခဲ့ကြတယ်။ တော်တော်များများက အထိတ်တလန့်နဲ့ ပတ်ဝန်းကျင်အနှံ့ ထွက်ပြေးသွားခဲ့ကြတယ်။ သေးငယ်တဲ့နတ်ဆိုးသားရဲတစ်ကောင်က ရုတ်တရက် ကြီးလာပြီး ထိုဓားလက်ချက်နဲ့ သေလုနီးပါးဖြစ်ခဲ့တာကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ထိုဓားရဲ့အဓိကပစ်မှတ်က အဲဒီနတ်ဆိုးသားရဲဆိုတာ သေချာသလောက်ပဲ”
မျက်လုံးက ထောက်လှမ်းရေးစခရင်ပေါ်တွင်သာ ငြိတွယ်လျက် သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “နောက်ရော”
အေဂျင်စီအဖွဲ့ဝင်က ဖြေသည် “နောက်တော့ ထန်ရှုရဲ့ပုံရိပ်က လေထဲမှာ ထွက်လာတယ်။ သူက နတ်ဆိုးသားရဲတွေကို ဒေါသထွက်အောင် လုပ်တာ အောင်မြင်သွားပုံရတယ်၊ အခု ငါတို့ မြင်တွေ့ရတဲ့မြင်ကွင်းလိုပေါ့။ အဲဒီနတ်ဆိုးသားရဲထောင်ချီက သူ့နောက်ကို လိုက်နေတယ်။ အာ…ဒါ ဆိုးလွန်းတယ်…အရှေ့မှာ တပ်ဆင်ထားတဲ့ထောက်လှမ်းရေးကိရိယာတွေ မရှိတော့ဘူး။ စခရင်ပေါ်မှာ ဘာဗီဒီယိုမှ ပေါ်လာတော့မှာ မဟုတ်ဘူး”
သူ့အသံ ဆုံးသွားပြီးနောက် နတ်ဆိုးသားရဲထောင်ချီက ထန်ရှုအား လိုက်နေသည့် ဗီဒီယိုက ပျောက်ကွယ်သွားခဲ့သည်။
သွမ်မုလင်က မျက်မှောင်ကြုတ်လျက် အော်ပြောလိုက်သည် “ဟာ…သူက မဆင်မခြင်လုပ်လွန်းတာပဲ…သူ တစ်ယောက်တည်းနဲ့ ဒီလို သားရဲအုပ်ကို တိုက်ခိုက်တာက မဖြစ်နိုင်တာ လုပ်နေတာပဲ။ ဒါက …သူ့သေလမ်း သူ ရှာနေတာပဲ”
သို့သော် ရေမိန်းကလေးက စိုးရိမ်သောမျက်နှာနှင့် တိုးတိုးလေး ပြန်ပြောလိုက်သည် “ခေါင်းဆောင်၊ သူ့ကို ကယ်ဖို့ လူအချို့ လွှတ်ကြမလား။ နတ်ဆိုးသားရဲထောင်ချီလိုက်ဖမ်းတာက အန္တရာယ်များလွန်းတယ်”
“သူ့ကို ကူညီဖို့လား။ ငါတို့ ဘယ်လိုလုပ်ရမှာလဲ။ မင်းက သေချင်နေတာလား” သွမ်မုလင်က ဒေါသထွက်စွာ ပြန်ပြောလိုက်သည် “အဲဒါက နတ်ဆိုးသားရဲထောင်ချီနော်။ သူတို့အားလုံးက ကြောက်စရာကောင်းတယ်၊ အဲနေရာကို ငါတို့အားလုံးခေါ်သွားရင်တောင် သူတို့ကို သတ်ဖို့ မလုံလောက်ဘူး”
ရုတ်တရက် သွမ်မုလင်ဘေးနားတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသား၏မျက်လုံးများက လင်းလက်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ငါတော့ အဲလိုမထင်ဘူး၊ ညွှန်ကြားရေးမှူးသွမ်မုလင်။ ဒီလိုလုပ်တာ ထန်ရှုမှာ အကြောင်းပြချက်တစ်ခုရှိမယ်လို့ ငါ ထင်တယ်။”
“မင်းက ထန်ရှုအကြောင်း မသိပါဘူး၊ ထျန်းဟယ်”သွမ်မုလင်က သူ့ဘက်လှည့်ကာ ပြောလိုက်၏ “ဒီကောင်က အမြဲတမ်း လုပ်ရဲကိုင်ရဲပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာ ဘာရည်ရွယ်ချက်များ ရှိနိုင်မှာလဲ”
“ညွှန်ကြားရေးမှူးသွမ်မုလင်၊ မင်းက အခုထိ မသိသေးဘူးလို့ ငါ့ကို မပြောနဲ့နော်” ထျန်းဟယ်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းက နတ်ဆိုးသားရဲအုပ်ကို ရှုပ်ထွေးအောင် လုပ်ပြီး သူတို့ကို အခြားနေရာတွေဆီ ခေါ်သွားမယ်ဆိုရင် ငါတို့ရဲ့ခံစစ်လိုင်းက ဘေးကင်းတယ်လို့ ဆိုလိုတာ မဟုတ်လား။ ငါ ထန်ရှုနဲ့ တစ်ခါမှ မတွေ့ဖူးပေမယ့် သူနဲ့ ပတ်သက်ပြီး တချို့တလေ လေ့လာထားတယ်။ သူက တည်ငြိမ်တဲ့လူတစ်ယောက်ပဲ။ သူက အောင်မြင်ဖို့ အာမမခံနိုင်တဲ့အရာတစ်ခုကို လုပ်လိမ့်မယ်လို့ ငါ မထင်ဘူး”
သွမ်မုလင်က မှင်တက်သွားသည်။ ထျန်းဟယ်၏ငြင်းခုံမှုက သင့်လျော်သည်ကို သူက ရေးရေးလေး သိ၏။ ဂရုတစိုက် ချင့်ချိန်စဉ်းစားပြီးနောက် သူက သက်ပြင်းရှည်တစ်ချက်ချကာ ခေါင်းခါယမ်းလျက် အားတင်းပြုံးကာ ပြောလိုက်သည် “စိုးရိမ်လွန်းတော့ စိတ်တွေ ဂယောက်ဂယက်ဖြစ်သွားတာ…မင်း ပြောတာ မှန်တယ်။ ငါ ဒီအချက်ကို မေ့သွားတယ်။ ထန်ရှုက ကိစ္စရပ်တွေ လုပ်တဲ့အခါမှာ အမြဲတမ်း စနစ်ကျတယ်။ မသေချာတဲ့အရာကို သူ လုပ်မှာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် လေးစားမှုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ထန်ရှု၏အားထုတ်မှုများအား သူ ယခု နားလည်ခဲ့ပြီ၊ တကယ်ကို ကြည်ညိုလေးစားမိသည်။ သူသာ ထန်ရှုနေရာမှာသာဆိုရင် ယခုလို လုပ်ရဲမည်မဟုတ်ပေ။
သွမ်မုလင်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသော အသံနှင့် အမိန့်ပေးလိုက်သည် “အနေအထားကို အမြဲမပြတ်စောင့်ကြည့်ပြီး ဖြစ်ပျက်သမျှအရာအားလုံး ငါ့ကို တင်ပြပါ”
****
တောနက်ထဲတွင်။
ထန်ရှုက မြန်နိုင်သမျှ ပြေးနေသည်၊ သူက မပျံသန်းခဲ့ပေ။ သူ့နောက်လိုက်လာသည့်နတ်ဆိုးသားရဲများ၏အရှိန်ကလည်း မနှေးပေ။ သူနှင့်အားကောင်းသောနတ်ဆိုးသားရဲဒါဇင်ကြား အကွာအဝေးက ပိုတောင် နီးကပ်လာသည်။
ငါ သူတို့ကို တားဆီးဖို့ နည်းလမ်းတစ်ခု ရှာရမယ်။ အစီအရင်ဆိုရင်ရော၊ အစီအရင်တစ်ခုကို ချက်ချင်း တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ငါ့မှာ အချိန်မရှိရင် သူတို့ လိုက်မမီခင် အားကောင်းတဲ့အစီအရင်ကို တည်ဆောက်ဖို့က ခက်ခဲလိမ့်မယ်။
ပြေးနေရင်း သူ့အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။ ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူ့ပုံရိပ်က ကောင်းကင်သို့ တက်သွားပြီး နတ်ဘုရားဓားအား ချက်ချင်း ထုတ်လွှတ်ကာ အရှေ့ရှိ တောင်တစ်လုံးဆီ ပစ်လွှတ်လိုက်သည်။
ဝုန်း…
ကျောက်သားများ ပေါက်ကွဲထွက်ကာ နှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးကြီးများ တစ်ဟုန်ထိုး လျှောကျလာ၏။
သူ့နောက်ရှိ နတ်ဆိုးသားရဲထောင်ချီက ဒေါသထွက်သွားသည်၊ ဤလူသားက သူတို့အား တားဆီးရန် ဤသို့ လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကောင်းကင်တွင် ပျံသန်းနေသည့် နတ်ဆိုးသားရဲရာချီကသာ ထိခိုက်မှုမရှိဘဲ ဆက်လိုက်လာနေပေ၏။
နောက်တစ်ခုက ထိုတောင်ကြားဖြစ်သည်။
ပြတ်သားသောအကြည့်တစ်ခုအား ထန်ရှု၏မျက်နှာပေါ်တွင် မြင်တွေ့နိုင်သည်။ သူက နောက်ပြန်လှည့်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ပျံသန်းမျိုးစိတ်နတ်ဆိုးသားရဲရာကျော်အား မြင်လိုက်ရသလို သူတို့ထုတ်လွှတ်သောအရှိန်အဝါကိုလည်း ခံစားမိ၏။ ထိုအုပ်စုတွင် ရွှေအမြုတေအဆင့်နှစ်ကောင်ရှိပြီး ကျန်အကောင်များက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိသည်။
“ဂိုဏ်းချုပ်”
အဝေးတွင် မိုအားဝူက ထန်ဂိုဏ်း၏ကျွမ်းကျင်သူနှစ်ယောက်ကို ဉီးဆောင်လာလျက် ထန်ရှုထံ ပြေးလာသည်။ ပျံသန်းမျိုးစိတ်နတ်ဆိုးသားရဲများအား အဝေးမှ မြင်လိုက်ရပြီး ထိုသားရဲများလိုက်နေသာထန်ရှု၏ခြေရာကိုလည်း သူတို့က ရှာတွေ့သွားခဲ့၏။
ထန်ရှု၏အမူအရာက ပြောင်းလဲသွား၏၊ မိုအားဝူတို့အဖွဲ့အား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်ထားပေ။
ဟမ်။ ကျန်တဲ့သူတွေရော ဘယ်မှာလဲ။ မိုအားဝူတို့အဖွဲ့မှာ တပည့်ဆယ်ယောက်ကျော်ရှိပါတယ်၊ ဘယ်လိုလုပ်ပြီး သူတို့သုံးယောက်ပဲ ကျန်တော့တာလဲ။ ကျန်သူတွေက ဘယ်မှာလဲ။
“အန္တရာယ်များတယ်။ ဒီနေရာက မြန်မြန်ထွက်သွား”
ထန်ရှု၏ပုံရိပ်က ကောင်းကင်သို့ တက်သွားသည်။ ဆယ်မီတာရှည်သောဓားအလင်းတစ်ခုက သူ့ဓားမှ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးသားရဲအုပ်စုဆီ ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းအလွှာများက ဓားပင်လယ်လှိုင်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးသားရဲရာချီအား ဖိနှိပ်ချေမှုန်းရန် ကြိုးပမ်းလိုက်၏။
မိုအားဝူတို့သုံးယောက်အဖွဲ့က အလွန်လျင်မြန်သည်၊ စက္ကန့်အနည်းငယ်အတွင်း ရှစ်ရာမီတာနီးပါးအား ဖြတ်သန်းလာခဲ့၏။ သူတို့က လေထဲ၌ ထွက်ပေါ်လာချိန်တွင် ထန်ရှုက သူ့ဓားအား ဝှေ့ယမ်းလျက် ရှိနေပြီး ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား ကမောက်ကမဖြစ်စေခဲ့ကာ ဆယ်ကောင်ကိုပင် တိုက်ရိုက်သတ်ဖြတ်နိုင်ခဲ့သည်။
“ဘယ်လိုလုပ်ပြီး မင်းတို့သုံးယောက်ပဲ ကျန်တော့တာလဲ၊ အားဝူ။ မင်းအဖွဲ့က ကျန်တဲ့သူတွေကရော ဘယ်မှာလဲ” လှည့်မကြည့်ဘဲ ထန်ရှုက ကျယ်လောင်စွာ မေးလိုက်သည်။
“သူတို့က တောင်တန်းအတွင်းကနေ ထွက်လာပြီး အခု ပြန်အားဖြည့်နေတယ်၊ ဂိုဏ်းချုပ်”မိုအားဝူက နက်ရှိုင်းသောအသံနှင့် ပြန်ပြောသည် “ဒါပေမယ့် ငါ့အဖွဲ့ထဲကတစ်ယောက်က တိုက်ပွဲထဲမှာ သေသွားပြီး အများစုက ဒဏ်ရာအပြင်းအထန်ရထားတယ်”
သူ့တင်ပြချက်ကို ကြားတော့မှ ထန်ရှုက အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြန်ပြောလိုက်၏ “ဒီတောင်ထွတ်ရဲ့အနောက်ဘက်မှာ အနည်းဆုံး နတ်ဆိုးသားရဲထောင်ချီရှိတယ်။ ကြိုသွားပြီး ငါ့ကို အဲဒီတောင်ကြားမှာ စောင့်နေ။ တောင်ကြားရှေ့မှာ အစီအရင်တစ်ခု တည်ဆောက်ပြီးရင် ငါ မင်းတို့ဆီ လိုက်လာမယ်”
“ဒါပေမယ့် ဟောင်လဲ့က သူမရဲ့အဖွဲ့နဲ့အတူ အဲတောင်ကြားနောက်မှာ ရှိနေတယ်၊ ဂိုဏ်းချုပ်” မိုအားဝူက ကမန်းကတန်းပြော၏ “သူတို့က အခြေအနေဆိုးတယ်၊ အချို့က ဒဏ်ရာအပြင်းအထန်ရထားပြီး တိုက်ခိုက်ရေးစွမ်းရည်မရှိကြတော့ဘူး။ ဒါဇင်ကျော်လောက်ကလဲ ဒဏ်ရာပြင်းထန်ပြီး တိုက်ပွဲထဲ ပူးပေါင်းရင်တောင် ကောင်းကောင်းတိုက်ခိုက်နိုင်လိမ့်မှာမဟုတ်ဘူး။ ဂိုဏ်းချုပ်က အဲနေရာကို နတ်ဆိုးသားရဲအုပ်ကို မျှားခေါ်လာမယ်ဆိုရင် သူတို့ကို သေတွင်းထံ ပို့တာနဲ့ အတူတူဖြစ်သွားလိမ့်မယ်”
“ဘာပြောတာ” ထန်ရှုက ထိတ်လန့်သွားသည်။ သူက အံကြိတ်ကာ ပြောလိုက်၏ “ငါတို့မှာ အခြားရွေးချယ်စရာမရှိဘူး။ အဲဒီနတ်ဆိုးသားရဲအုပ် မရောက်လာသေးခင် မင်းတို့ အဲကို သွားပြီး တိုက်ပွဲအတွက် ပြင်ဆင်ဖို့ သူတို့ကို ကူညီပေးလိုက်။ တစ်မိနစ်အတွင်းမှာ ငါ မင်းတို့ဆီ အရောက်လာမယ်၊ ငါ အစီအရင်ကို တည်ဆောက်နေတဲ့အချိန်မှာ အဲဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေကို ခုခံဖို့ မင်းတို့ရဲ့အကူအညီကို ငါ လိုအပ်တယ်”
“နားလည်ပါပြီ” မိုအားဝူက စဉ်းစားမနေတော့ဘဲ ပြန်ပြောလိုက်သည်။
ထို့နောက် ချက်ချင်းလျှင်ပင် သူနှင့်အခြားနှစ်ယောက်က တောင်ကြားအနောက်ဘက်သို့ ပြေးသွား၏။ ထန်ရှုက ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား တားဆီးကာ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေစဉ် သူတို့က တောင်ကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ရေကန်တစ်ခု၏မျက်နှာပြင်ပေါ်တွင် နတ်ဆိုးသားရဲဆယ်ကောင်ကျော်က ဟောင်လဲ့နှင့်ထန်ဂိုဏ်းသားများအား ဝိုင်းရံထားသည်။ လက်ရှိတွင် သူတို့တစ်ဝက်နီးပါးက ဒဏ်ရာအပြင်းအထန်ရထားပြီး နှစ်ဆယ်ခန့်သာ တိုက်ခိုက်ရန်စွမ်းရည် ကျန်ရှိတော့၏။ ထို့အပြင် ထိုနတ်ဆိုးသားရဲဆယ်ကောင်က အရမ်းအားကောင်းပြီး တစ်ကောင်က ရွှေအမြုတေအဆင့်ရှိသည်။
“ဆက်တိုက်ခိုက်ကြ…ဒီနတ်ဆိုးသားရဲတွေကို သတ်နိုင်သရွေ့ ငါတို့တွေ အသက်ရှုဖို့ အခွင့်အရေးတစ်ခု ရရှိလာမှာပါ။ မိုအားဝူတို့အဖွဲ့က အနီးနားမှာ ရှိတယ်၊ ဒါပေမယ့် သူတို့ အခုထိ ဒီကို မရောက်လာသေးဘူး၊ အနီးနားမှာ ငါတို့ရဲ့အခြားဂိုဏ်းသားတွေလဲ ရှိတယ်လို့ ဆိုလိုတာပဲ။” ဟောင်လဲ့က အော်ပြောလိုက်သည်။ သူမ၏အမူအရာက ဖြူရော်နေပြီး နဖူးတွင် သွေးထွက်နေသောဒဏ်ရာအမာရွတ်တစ်ခု ရှိ၏၊ ထိုဒဏ်ရာမှ သွေးတို့ စီးကျနေကာ သူမမျက်နှာက နီရဲထည်ဝါနေသည်။ သို့သော် ၎င်းက သူမထံ သတ္တိနှင့်ရက်စက်ခြင်းအရှိန်အဝါတစ်ခုကိုလည်း ပေါင်းထည့်ပေး၏။
“သတ်ကြ”
ဒဏ်ရာအသေးစားများသာ ရရှိထားသည့် ထန်ဂိုဏ်း၏ကျန်တပည့်များက သူတို့၏တိုက်ခိုက်မှုအား တိုးမြှင့်လိုက်ကြ၏။