← Chapters

အစီအရင်ခင်းကျင်းခြင်း

Vol. 76 Ch. 1056

အစီအရင်ခင်းကျင်းခြင်း

Vol. 76 Ch. 1056

အခက်အခဲဖြစ်နေချိန်တွင် လူတစ်ယောက်တိုးလာခြင်းက ခွန်အားပိုတိုးစေသည်။ ဟောင်လဲ့နှင့်ထန်ဂိုဏ်းသားဆယ်ယောက်က နတ်ဆိုးသားရဲဒါဇင်နှင့် ရင်ဆိုင်နိုင်ရန်အတွက် အရာအားလုံးပြုလုပ်နေစဉ် မိုအားဝူက ရဲဘော်ရဲဘက်နှစ်ယောက်ခေါ်လာကာ ပူးပေါင်းလာခြင်းက ဟော်လဲ့တို့အဖွဲ့အား အလွန်ဝမ်းသာသွားစေသည်။

“ဟော်လဲ့၊ ဂိုဏ်းချုပ်ကို ငှက်မျိုးစိတ်နတ်ဆိုးသားရဲရာချီက လိုက်ဖမ်းနေတယ်၊ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ တစ်မိနစ်အတွင်းမှာ ငါတို့တွေ ပူးပေါင်းပြီး ဒီနတ်ဆိုးသားရဲတွေကို လျော့နည်းအောင် လုပ်ရမယ်။ မဟုတ်ရင် ဂိုဏ်းချုပ်ရဲ့အစီအစဉ်ကို ထိခိုက်စေလိမ့်မယ်” လျှပ်စီးမိုးကြိုးအလား ရွေ့လျားကာ နတ်ဆိုးသားရဲတစ်ကောင်အား ခုတ်ပိုင်းရင်း မိုအားဝူက ပြောလိုက်သည်။ သူ့အား ရှောင်တိမ်းရန် သားရဲက ကြိုးစားခဲ့သော်လည်း နှစ်ယောက်သား ပူးပေါင်းကာ ၎င်းအား သတ်ဖြတ်ခဲ့သည်။

ဟော်လဲ့၏အသားအရောင်က ပြောင်းလဲသွားပြီး သူက ကမန်းကတန်း ပြန်အော်ပြောလိုက်သည် “ဒီနေရာက ငါတို့ရဲ့အနေအထားနဲ့ ပတ်သက်ပြီး ဂိုဏ်းချုပ်ကို မင်း ပြောခဲ့တာလား၊ အားဝူ။ ဂိုဏ်းချုပ်က အဲဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲရာချီကို ဒီနေရာကို ခေါ်လာရင် လူတိုင်း လွတ်မြောက်ဖို့ ပိုခက်ခဲသွားမှာ မဟုတ်ဘူးလား။”

ဒဏ်ရာရထားသော်လည်း အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်နေရင်း မိုအားဝူက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည် “အဓိကအကြောင်းပြချက်ကတော့ ဂိုဏ်းချုပ်က ဒီနေရာမှာ အစီအရင်တစ်ခုကို ခင်းကျင်းမှာမို့လို့ပဲ။ အစီအရင်နဲ့ ပတ်သက်ပြီး သူ့ရဲ့အောင်မြင်မှုကို မင်းလဲ သိပါတယ်၊ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး မင်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ငါတို့တွေ ဒီနတ်ဆိုးသားရဲတွေကို အရင်သုတ်သင်ဖို့ လိုမယ်၊ ပြီးရင် အဲဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲရာချီကို ခုခံဖို့ သူ့ကို ငါတို့ ကူညီပေးရမယ်။ ကျန်နေတဲ့သားရဲအုပ်စု ရောက်လာတဲ့အခါကျရင် ပြီးပါပြီ”

ဤနေရာတွင် ထန်ရှုက အစီအရင်တစ်ခု ခင်းကျင်းမည်ကို သိပြီး ဟောင်လဲ့က ချက်ချင်း စိတ်သက်သာရာရသွားသည်။ သို့သော် မိုအားဝူ၏စကားများကို ကြားပြီးနောက် သူက ကျယ်လောင်စွာ ထပ်မေးလိုက်၏ “မင်းဆိုလိုတာက အဲဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေအပြင် အခြားနတ်ဆိုးသားရဲတွေကပါ သူ့နောက် လိုက်နေသေးတာလား”

“ထောင်ချီပဲ…” မိုအားဝူက တုံးတိပြန်ဖြေလိုက်သည်။

ရှုး…

ဤသည်ကို ကြားပြီး ဟောင်လဲ့ဖြစ်စေ၊ အခြားထန်ဂိုဏ်းသားများဖြစ်စေ၊ သူတို့က ပင့်သက်ရှိုက်လိုက်မိသည်။ နတ်ဆိုးသားရဲထောင်ချီလား။ ဒီလောက်များတဲ့နတ်ဆိုးသားရဲတွေသာ ငါတို့ဆီ ရောက်လာမယ်ဆိုရင် ဂိုဏ်းခေါင်းဆောင်က ဒီနေရာမှာ အစီအရင်တစ်ခု ခင်းကျင်းထားမယ်ဆိုရင်တောင် နတ်ဆိုးသားရဲတွေကို အမြစ်ဖြတ်ဖို့က အရမ်းခက်ခဲလိမ့်မှာ မဟုတ်လား။

ငါတို့ သေရတော့မှာပဲလား။ ဟောင်လဲ့က စိတ်ထဲ၌ သက်ပြင်းချလိုက်၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည် “အားလုံးပဲ၊ ငါ့အမိန့်ကို နာခံကြ။ ဂိုဏ်းချုပ်ရဲ့အစီအစဉ်ကို ငါတို့တွေ ထိခိုက်စေလို့မရဘူး။ ငါတို့အားလုံး သေရမယ်ဆိုရင်တောင် ဂိုဏ်းချုပ်က ဒီနေရာမှာ အစီအရင်ခင်ကျင်းနိုင်စေရမယ်။ ငါတို့တွေ သူတို့နဲ့အတူ ပျောက်ကွယ်သွားမယ်ဆိုရင်တောင် ဒီနတ်ဆိုးသားရဲစုတ်တွေကို သတ်ပစ်ကြ”

“သတ်…”

“သူတို့အားလုံးကို သတ်ပစ်…”

ထန်ဂိုဏ်းသားနှစ်ဆယ်ကျော်က ရူးသွပ်သွားကြပြီး သတ်ဖြတ်လိုစိတ်က သူတို့၏မျက်လုံးများထဲ၌ ပြည့်လျှံလာခဲ့၏။ သူတို့မျက်လုံးများက ရဲရဲနီသွားချိန်တွင် သူတို့၏အရှိန်အဟုန်နှင့်တိုက်ခိုက်ရေးစွမ်းအားက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဤအချိန်တွင် သူတို့ထဲမှ တိုက်ပွဲအတွေ့အကြုံမရေမတွက်များစွာရှိသည့်အချို့က အလားအလာများ နိုးဆွလိုက်သလို ဖြစ်ခဲ့ပြီး အဆင့်အသစ်သို့ ချိုးဖြတ်လာခဲ့ကြ၏၊ သူတို့၏အစစ်အမှန်အဆီအနှစ်စွမ်းအင်က သူတို့၏ခန္ဓာကိုယ်များထဲသို့ အရူးအမူး တိုးဝင်လာခဲ့ကြသည်။

“သေကြစမ်း…”

မျက်လုံးတို့ ရဲရဲနီလျက် လက်မောင်းပေါ်တွင် သွေးကြောများက တွန့်လိမ်လာကာ ဟောင်လဲ့၏အစစ်အမှန်အဆီအနှစ်က သူမ၏မရီးဒျာန်များထဲသို့ အရူးအမူး တိုးဝင်လာခဲ့ပြီး ယခင်တစ်ဆို့နေသောဆုံမှတ်များက ချိုးဖြတ်ခဲ့သည်။ မရီးဒျာန်အသစ်များက ချိတ်ဆက်လာသဖြင့် သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်မှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကမ္ဘာစွမ်းအင်က သူမထံ အရူးအမူး လိမ့်တက်လာပြီး သူမ၏ဒန်တျန်ထဲသို့ ပြေးဝင်လာခဲ့၏၊ နောက်ဆုံးတွင် နှမ်းစေအရွယ်အစားရွှေအမြုတေတစ်ခုက ဖြစ်တည်လာခဲ့သည်။

အန္တရာယ်များလွန်းတယ်…

နတ်ဆိုးသားရဲဒါဇင်ထဲမှ တစ်ကောင်သာ ရွှေအမြုတေအဆင့်ရှိသဖြင့် ကျန်အကောင်များက ကြောက်ရွံ့သွားခဲ့ကြသည်။ ထိုလူသား၏အရှိန်အဟုန်က မရပ်မနား မြင့်တက်လာခဲ့ပြီး စွမ်းအင်စီးကြောင်းက သူမဆီသို့ အရူးအမူး တိုးဝင်လာနေသည်ကို သူတို့က အာရုံခံစားနိုင်သည်။ သူတို့သားရဲများ ချိုးဖြတ်ချိန်တွင်လည်း ဤသို့ အဖြစ်အပျက်တစ်ခု တွေ့ရသည်။

ထွက်ပြေးရမယ်။

ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲက ကျန်သားရဲများထက် ဉာဏ်ရည်ပိုမြင့်သည်။ ခဏရုန်းကန်ပြီးနောက် ၎င်းက အခြားလူသားများအား တိုက်ခိုက်ခြင်းအား လက်လျော့လိုက်ကာ အဝေးသို့ ထွက်ပြေးသွားခဲ့လေသည်။

ဖူး…ဖူး…ဖူး…

သွေးများက ပန်းဖူးပွင့်သည့်အလား ပက်ဖျန်းသွားခဲ့သည်၊ ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်ကာစဟောင်လဲ့က နတ်ဆိုးသားရဲများအား သတ်ဖြတ်ခဲ့ခြင်းပင်။ အခြားထန်ဂိုဏ်းသားများကလည်း ကျန်သားရဲများအား စက္ကန့်သုံးဆယ်အတွင်း သတ်ဖြတ်ခဲ့၏။

သူတို့ထံမှ အဝေးတွင် နတ်ဆိုးသားရဲများက အနောက်မှ ထပ်ကြပ်မကွာလိုက်လာလျက် ပုံရိပ်တစ်ခုက ရွေ့လျားလာခဲ့သည်။

ထန်ရှု၏အရှိန်က အလွန်မြန်သည်။ သူ့ဉီးးတည်ဘက်သို့ ပြေးလာနေသော နတ်ဆိုးသားရဲတစ်ကောင်ထံမှ အလွန်သန်မာသောအရှိန်အဝါတစ်ခုအား သူ အာရုံခံမိခဲ့ပြီး ဓားပျံအား လျင်မြန်စွာ ကိုင်တွယ်ကာ ခုတ်ပိုင်းလိုက်သည်။

ဖူး…

နတ်ဘုရားဓားစွမ်းအားပေါင်းထည့်ထားလျက် ထန်ရှု၏ခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့် ညီမျှသည်၊ သူက ထိုရွှေအမြုတေသားရဲထံ ပြင်းထန်သောထိုးနှက်မှု ဖြစ်စေခဲ့၏။ တစ်ချိန်တည်းတွင် သူ့လက်ချောင်းများက ဖြတ်ခနဲ လှုပ်သွားပြီး ငွေရောင်အပ်နှစ်ချောင်းအား ပစ်လွှတ်လိုက်၏၊ ၎င်းတို့က နတ်ဆိုးသားရဲ၏မျက်လုံးများထဲသို့ အတိအကျ စိုက်ဝင်သွား၏။

ဝူး…ဝါး…

နတ်ဆိုးသားရဲထံမှ အော်မြည်သံ ထွက်ပေါ်လာ၏။ ထန်ရှုက နှာခေါင်းသာ ရှုံ့လိုက်သည်။ သူ့ပုံရိပ်က အနည်းငယ် ရွေ့လျားသွားပြီး နတ်ဘုရားဓားက ၎င်း၏စွမ်းအားအား ထပ်၍ ထုတ်ဖော်လိုက်သည်၊ ၎င်း၏ဓားသွားရှရှက သားရဲအား တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ ချက်ချင်းလျှင်ပင် နတ်ဘုရားဓားက ပတ်လမ်းကြောင်းတစ်ခု ရစ်ဝဲလျက် ၎င်း၏ဉီးခေါင်းအား ဖြတ်လိုက်သည်။ ထို့နောက် ထန်ရှုက ၎င်းအလောင်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေ၏။

“ငါ့ကို အခြေအနေတင်ပြ” ဟောင်လဲ့အဖွဲ့ထံ ပြေးလာရင်း ထန်ရှုက အော်ပြလိုက်သည်။

“ဆယ့်ရှစ်ယောက် ဒဏ်ရာရထားတယ်၊ အချို့က တိုက်ခိုက်ရေးစွမ်းအားဆုံးရှုံးထားတယ်၊ ဂိုဏ်းချုပ်။” ဟောင်လဲ့က ပြန်ဖြေသည် “ကျန်လူတွေကလဲ တိုက်ခိုက်နိုင်သေးတယ်ဆိုပေမယ့် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက သိပ်မကောင်းတော့ဘူး”

“ငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေကို တားဆီးပြီး ငါ့အတွက် အချိန်တချို့ ဆွဲထားပေး” ထန်ရှုက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည် “ငါ ဒီနေရာမှာ အစီအရင်တစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်။ သူတို့ကို ဒီနေရာမှာ ထောင်ချောက်မဆင်ရင် အဲဒီနတ်ဆိုးသားရဲတွေက ကြီးမားသောသေကျေပျက်ဆီးမှုတွေကို ဖြစ်စေလိမ့်မယ်။ ခံစစ်လိုင်းကို ကျိုးပေါက်သွားစေနိုင်တယ်။ နတ်ဆိုးသားရဲထောင်ချီက အပြင်ကမ္ဘာကို လွတ်လာနိုင်တယ်”

“နားလည်ပါပြီ…”

ဟောင်လဲ့က ပြန်ဖြေလိုက်သည်၊ ဤအချိန်တွင် သူမ၏ဒန်တျန်ထဲရှိ ရွှေအမြုတေက အစစ်အမှန်အဆီအနှစ်အားလုံးကို သူမ၏မရီးဒျာန်ထဲသို့ စုပ်ယူပြီးလုနီးပါးဖြစ်၏၊ ပတ်ဝန်းကျင်ရှိကမ္ဘာစွမ်းအင်က သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာတုန်းပင်၊ သန့်စင်ပြီးနောက် ရွှေအမြုတေထဲသို့ ပေါင်းစပ်နေလျက် ရှိ၏။

ဤအချိန်တွင် ထန်ရှုက ဟောင်လဲ့၏အခြေအနေအား တွေ့ရှိလိုက်သည်။ ကူးရှောင်ရွှယ်၊ ကူးရင်၊ ထန်ကွမ်းနှင့် ထန်အန်းတို့ပြီးနောက် ဟောင်လဲ့က ရွှေအမြုတေအဆင့်သို့ အရင်ဆုံး တက်လှမ်းနိုင်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ကျင့်ကြံခြင်းအရှိန်က ထူးထူးခြားခြားမြန်သည်ကို သူ သိသော်လည်း ဤတစ်ချိန်ချိုးဖြတ်ခြင်းက မြန်လွန်းလှပေ၏။

“အစီအရင်…ဖြစ်တည်စမ်း။”

သို့သော် ဤအချိန်တွင် သူ၏အာရုံစိုက်မှုအား ခွဲထုတ်ရန် အချိန်မရှိခဲ့ပေ။ သူက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းတစ်တုံး ယူထုတ်သည်၊ သူ့စိတ်ဝိညာဉ်အာရုံအား ချက်ချင်း ထုတ်လွှတ်ကာ မီတာတစ်ရာဧရိယာအား ဖုံးလွှမ်းစေသည်။ ထို့နောက် သူ့ပုံရိပ်က ဆက်လက်လှုပ်ရှားနေပြီး တစ်ကီလိုမီတာနီးပါးဧရိယာအား လျင်မြန်စွာ ရေးဆွဲလိုက်သည်။

ရှုး…ရှုး…ရှုး…

ကျောက်စိမ်းတုံးအပိုင်းအစတစ်ခုအား ၎င်း၏သက်ဆိုင်ရာအမှတ်သို့ ပစ်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက မူလဖရိုဖရဲစွမ်းအားအား ထုတ်လွှတ်ကာ အစီအရင်ပုံစံကွက်အား လျင်မြန်စွာ ရေးဆွဲလိုက်သည်။

ဤအချိန်တွင် မိုအားဝူ၊ ဟောင်လဲ့နှင့် ထန်ဂိုဏ်းသားနှစ်ဆယ်ကျော်က သူတို့၏အင်မော်တယ်ဓားများ၊ မှော်ဓားများအား ထုတ်လွှတ်လျက် ငှက်မျိုးစိတ်နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်နေသည်။ ထိုသားရဲအုပ်စုထဲတွင် ရွှေအမြုတေအဆင့်သားရဲနှစ်ကောင်နှင့် အခြားသားရဲများက ရာချီရှိသောကြောင့် သူတို့က ဖိအားအောက်သို့ အလျင်အမြန် ကျရောက်လာနေသည်။

သို့သော် သူတို့က လူနှစ်ဆယ်ကျော်ပူးပေါင်းဓားဝင်္ကပါအား လေ့ကျင့်ထားသဖြင့် ဓားအစီအရင်နှစ်ခု တည်ဆောက်ကာ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား ခုခံနေခဲ့၏၊ ထို့ကြောင့် အချိန်တိုအတွင်း သူတို့တစ်ယောက်မှ မသေကြပေ။

မြန်မြန်…မြန်မြန်…မြန်မြန်…

အနေအထားက ပိုအရေးကြီးလာလေလေ၊ ထန်ရှုက ပိုတည်ငြိမ်လေပင်။ အချိန်နှင့်အပြိုင် ပြေးနေရသဖြင့် အစီအရင်ပုံစံကွက်ဆွဲရင်း သူက တည်ငြိမ်မှုအခြေအနေတစ်ခုသို့ ကျရောက်သွားခဲ့၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးသားရဲအရိပ်ထောင်ချီက အဝေးရှိတောင်ထိပ်များပေါ်၌ ပေါ်လာ၏။ ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲဒါဇင်က တောင်ကြားသို့ ဒုန်းဆိုင်းဆင်းလာနေသည်။

ဖူး…

ထန်ဂိုဏ်းသားတစ်ယောက်က ငှက်မျိုးစိတ်နတ်ဆိုးသားရဲလက်ချက် ထိမှန်သွား၏။ သူ့ရင်ဘက်က ဆုတ်ပြဲသွားပြီး ဒဏ်ရာတစ်ခု ချန်ခဲ့၏၊ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားသည်။ သူမရှိခြင်းက ဓားဝင်္ကါတွင် ဟာပေါက်တစ်ခု ဖြစ်စေပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နတ်ဆိုးသားရဲနှစ်ကောင်က အခွင့်အရေးရယူကာ ဂိုဏ်းသားနှစ်ယောက်အား လွင့်ထွက်သွားစေခဲ့၏။

“အသက်ဝင်စမ်း”

နောက်ဆုံးတွင် တစ်ကီလိုမီတာနီးပါးဧရိယာအား ဖုံးလွှမ်းထားသည့် အစီအရင်အား ထန်ရှုက အသက်သွင်းခဲ့သည်။ အစီအရင်တွင် ပိတ်လှောင်ခြင်းနှင့်တိုက်ခိုက်ခြင်းစွမ်းအားနှစ်မျိုးစလုံး ရှိသည်။ နတ်ဆိုးသားရဲအုပ်ကြီးက ဝင်္ကပါထဲသို့ ဝင်လာသည်နှင့် ၎င်းတို့အား ရိတ်သိမ်းနိုင်မည်ဟု ထန်ရှုက ယုံကြည်ချက်ရှိသည်။

သူက ပြန်လှည့်လိုက်ပြီး ငှက်မျိုးစိတ်နတ်ဆိုးသားရဲများ၏ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုအောက်သို့ ကျရောက်နေသောထန်ဂိုဏ်းသားများအား မြင်လိုက်ရသောအခါ သူက အမိန့်ပေးလိုက်သည် “မင်းတို့အားလုံး အစီအရင်ထဲကို ငါ့နောက်လိုက်လာခဲ့”

လျှပ်တစ်ပြက်အတွင်း ပြန်တိုက်ခိုက်ရန်မတတ်နိုင်တော့သည့်ထန်ဂိုဏ်းသားများ၏မျက်နှာပေါ်တွင် တက်ကြွသောအကြည့်တို့ ထွက်ပေါ်လာ၏။ ဒဏ်ရာအပြင်းအထန်ရထားသည့် ဂိုဏ်းသားများက ထန်ရှုထံ လျင်မြန်စွာ ပြန်ဆုတ်လာခဲ့ပြီး နတ်ဆိုးသားရဲများအား ခုခံနေသည့်နှစ်ဆယ်ကျော်ကလည်း လျှပ်စီးအလား ပြေးလာခဲ့သည်။

“အစီအရင်ထဲကို ဝင်ကြ” ထန်ရှုက အော်လိုက်သည်။

ဆယ်စက္ကန့်အောက်အတွင်း ထန်ဂိုဏ်းသားများက အစီအရင်ထဲ ဝင်လာခဲ့ကြပြီး ထန်ရှု၏ညွှန်ကြားချက်အတိုင်း ဝင်္ကပါထဲရှိ တည်နေရာများဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့ကြသည်။

ဝှီး…ဝှီး…ဝှီး…

ငှက်နတ်ဆိုးသားရဲများက အစီအရင်ဖုံးလွှမ်းထားသောအကွာအဝေးထဲသို့ လျင်မြန်စွာ ပြေးလာခဲ့သည်။ သို့သော် အစီအရင်ထဲ ဝင်ရောက်ပြီးနောက် သူတို့အရှေ့ရှိကမ္ဘာက ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏၊ ကောင်းကင်တွင် မီးလျှံများ ဖုံးလွှမ်းလျက်ရှိပြီး သူတို့ထံ လွှမ်းခြုံလာခဲ့သည်။

ဟိန်းသံများ…

ညည်းသံများ…

ဟူး…ဟူး…

အစီအရင်ထဲ ဝင်လာသည့် ငှက်နတ်ဆိုးသားရဲတိုင်းက ကြီးစွာသောကြောက်ရွံ့မှုတို့ ဖြစ်သွားကြလေသည်။အထူးသဖြင့် ဒီလိုမြင့်မားသောအပူချိန်နှင့် မီးလျှံက သူတို့အား ခြိမ်းခြောက်နေပေ၏။ သို့သော် သူတို့က ဘယ်လောက်ပဲ ကြိုးစားရှောင်တိမ်းခဲ့၊ နတ်ဆိုးမီးလျှံများအား ထွေးထုတ်ခဲ့သော်လည်း ထိုမီးလျှံများအား ပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

သူတို့ထဲမှ အနည်းငယ်က နှုတ်သီးများ ဟကာ မီးလျှံများအား ဝါးမျိုခဲ့သည်၊ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတို့က အော်ဟစ်ကြွေးလိုက်ကြ၏။ သူတို့၏ခန္ဓာကိုယ်များက လောင်ကျွမ်းသွားခဲ့ကြပြီး နတ်ဆိုးအမြုတေများသာ‌ မြေပေါ်တွင် ချန်ရစ်ခဲ့သည်။

“အစစ်အမှန်မီးလျှံ၊ မိုးကြိုးသွား၊ လျှပ်စီး၊ ဟာရီကိန်း…”

ထန်ဂိုဏ်းသားများအား ဘေးလွတ်ရာ ထားပေးပြီးနောက် ထန်ရှုက အစီအရင်အား စတင်ထိန်းချုပ်ကာ ငှက်နတ်ဆိုးသားရဲများအား စတင်တိုက်ခိုက်ခဲ့သည်။ မီးလျှံများက လေထဲမှ ထွက်လာကာ နတ်ဆိုးသားရဲများအား လောင်ကျွမ်းစေခဲ့၏၊ မိုးကြိုးများက ကျဆင်းကာ သူတို့အား မူးဝေစေသည်၊ လျှပ်စီးများက နတ်ဆိုးသားရဲ တစ်ကောင်ပြီးတစ်ကောင် နှောင်ဖွဲ့၏၊ ဟာရီကိန်းများက သူတို့အား ဆုတ်ဖြဲပစ်ခဲ့သည်။

All Chapters