ဓားအကျဉ်းထောင်က မပြောင်းလဲသေးဘူး
Vol. 85 Ch. 1180
“ အစ်ကိုကြီးမို … အရင်က ကျွန်မတို့ရဲ့ ပတ်သတ်မှုကို ထောက်ထားပြီးတော့ ဒီတစ်ခါ လွှတ်ပေးပါ ” ကျီယွဲ့၏ မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူဖျော့သွားလေ၏။ အကယ်၍ သူမသာ မိုဝူကျိ ပြန်လာမည်မှန်း သိထားခဲ့လျှင် ဖင်းဖန် ဂိုဏ်းချုပ် ဖြစ်လာဖို့ လုပ်မည် မဟုတ်ပေ။
ထို့အပြင် ဂိုဏ်းချုပ်အဖြစ် နေခဲ့ရသည့် အချိန်ကာလမှာ သိပ်မကြာမြင့်ပေ။ အစတုန်းက သူမသည် ကျင့်ကြံရေး အရင်းအမြစ်တချို့ စုဆောင်းပြီးနောက် ထွက်သွားဖို့ ကြံရွယ်ထားခဲ့၏။ ဤနေရာရှိ ကျင့်ကြံရေး ပတ်ဝန်းကျင်မှာ ကောင်းမွန်လွန်းနေသောကြောင့် ထွက်သွားဖို့ရာ ဝန်လေးမိနေခြင်း ဖြစ်၏။
မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ကာ “ အရင်တုန်းက ဘာပတ်သတ်ဖူးလို့လဲ ”
“ ကျွန်မကို သတ်လို့ မဖြစ်ဘူး။ ကျွန်မကို သတ်လိုက်ရင် ဟုန်ကျီက ရှင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး ” မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို ခံစားမိကာ ကျီယွဲ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“ ဆရာ .. မောင်လေးဖန်ကျဲနဲ့ အစ်မဖန်ဝူကို ကယ်ပါဦး ” ထိုအချိန် လို့ယွဲ့ရွမ်းက သူမ ပြောရမည့်အရာကို ချက်ချင်း ဝင်ပြောလိုက်သည်။
“ ဘာဖြစ်လို့လဲ ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်၏။
လို့ယွဲ့ရွမ်းက မြန်မြန် ပြောလိုက်သည်
“ တပည့်တို့ သုံးယောက် ကျိုးပျက်ကမ္ဘာ ပဥ္စမမြောက်အလွှာ သွားတုန်းက အစ်မဖန်ဝူနဲ့ မောင်လေး ဖန်ကျဲတို့က ခန်းမကျယ်ကြီးထဲ ပိတ်မိနေခဲ့ကြတယ်။ တပည့်လည်း အဲဒီခန်းမကြီးကို ဘာမှမလုပ်နိုင်တော့ ဂိုဏ်းဆီ အကူအညီတောင်းဖို့ ပြန်လာခဲ့တာ …
ဒါပေမဲ့ ကျီယွဲ့က တပည့်ကို အော်ငေါက်ပြီးတော့ ကျိုးပျက်ကမ္ဘာဆီ ဘယ်သူမှ အကူလွှတ်မပေးခဲ့ဘူး။ တကယ်လို့ ညာလက်ရုံး ယွဲ့ကျန်းကြောင့်သာ မဟုတ်ရင် တပည့်တော့ အဲဒီကတည်းက ပင်လယ်အကျဉ်းထောင်ထဲ ရောက်နေလောက်ပြီ ”
ကျိုးပျက်ကမ္ဘာ၏ ပဥ္စမမြောက်အလွှာ ပွင့်လာလေပြီ။ ဤတစ်ကြိမ်၌ မိုဝူကျိက ကျီယွဲ့အား ထပ်မေးဖို့ရာပင် စိတ်မပါပေ။ လက်တစ်ချက်အဝေ့ဖြင့် သူမအပေါ် မီးတောက် ကျရောက်သွားသည်။
အသက်တစ်ရှိုက်စာဖြင့် ကျီယွဲ့က ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံရပြီး မိုဝူကျိ လက်ထဲ သိုလှောင်လက်စွပ် တစ်ကွင်း ကျရောက်လာသည်။ လိန်ဟုန်ကျီအကြောင်း ထည့်ပြောနေဖို့ပင် မလိုပေ။ အကယ်၍ ဝိဇ္ဇာရှစ်ပါး ဖြစ်နေလျှင်ပင် ကျီယွဲ့အား သတ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
“ ယွဲ့ရွမ်း …. အဲဒီခန်းမရဲ့ နေရာအတိအကျကို ပေး ” မိုဝူကျိက ကျီယွဲ့အား သတ်ပြီးနောက် လို့ယွဲ့ရွမ်းအား ပြောလိုက်သည်။
လို့ယွဲ့ရွမ်းက မိုဝူကျိအား ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။ အကယ်၍ ဂိုဏ်းအပေါ် ကျူးယင်၏ တိုက်ခိုက်မှုကြောင့် မဟုတ်လျှင် သူမက ကျိုးပျက်ကမ္ဘာဆီ သွားပြီးလောက်လေပြီ။
မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းဆည်းထားပြီးနောက် လို့ယွဲ့ရွမ်းအား ကောင်းကောင်း ကျင့်ကြံရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူက ကျီယွဲ့၏ သိုလှောင်လက်စွပ်အား ယွဲ့ကျန်းထံ ပေးကာ
“ ဒီနေ့ကစပြီး မင်းက ဖင်းဖန်ရဲ့ ဂိုဏ်းချုပ်ပဲ။ အခုကစပြီးတော့ ဂိုဏ်းချုပ်နေရာ ရယူဖို့ အကြီးအကဲအားလုံးနဲ့ တောင်သခင်တွေရဲ့ အသိအမှတ်ပြုမှု ရယူရမယ်။ တစ်ချိန်တည်းမှာ သူက အရည်အချင်းရှိဖို့လည်း လိုအပ်တယ် … ”
“ ဟုတ်ကဲ့ ” ယွဲ့ကျန်းက မြန်မြန် ဦးညွှတ်ကာ သိုလှောင်လက်စွပ်အား လက်ခံလိုက်သည်။ သူက ဤသိုလှောင်လက်စွပ်အတွင်း မြောက်များစွာသော ကျင့်ကြံရေး အရင်းအမြစ်များ ပါဝင်နေကြောင်း သိပေသည်။ ကျီယွဲ့က သူမကိုယ်ကျိုးအတွက် သုံးဖို့ သိမ်းဆည်းထားခြင်းသာ ဖြစ်၏။
ယွဲ့ကျန်းက သိုလှောင်လက်စွပ်အား ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက်
“ တည်ထောင်သူခင်ဗျ … လူတချို့ပဲ ဖင်းဖန်ရဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်ကြတယ်။ အဲလို ကျင့်ကြံနိုင်တဲ့သူတွေကလည်း အဆင့်တက်လှမ်းသွားကြပြီဆိုတော့ …. ”
မိုဝူကျိက ခေါင်းညိတ်ကာ
“ ငါ သိပြီ … ဒီဖင်းဖန်မှာ ချီသွေးကြောဖွင့် မျှော်စင် ဆောက်ပေးမယ်။ အခုကစပြီး ဖင်းဖန် တပည့်တွေ အလိုရှိရင် အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်ပြီ။ တပည့်ရွေးချယ်ဖို့ အရည်အချင်းအပေါ် အဓိက မထားဘဲ အကျင့်စရိုက်ပေါ် မူတည်ပြီး ရွေးချယ်ကြ …. ယုတ်မာတဲ့ အကျင့်စရိုက်ရှိတဲ့သူတွေကို ဂိုဏ်းဝင်ခွင့် မပြုဘူး ”
“ ဟုတ်ကဲ့ပါ ” ခန်းမအတွင်းရှိ အားလုံးက သံပြိုင်တုံ့ပြန်လိုက်ကြသည်။
ထို့နောက် မိုဝူကျိက ဖူကျင့်ဖုန်းအား ပွေ့ထားလိုက်သည်။ ချက်ချင်းဆိုသလို ဖူကျင့်ဖုန်း၏ ချီသွေးကြောတစ်လျှောက် အားပြင်းပြင်း တာအိုလှိုင်းတွန့် ဖြစ်တည်လာပြီး ဖူကျင့်ဖုန်း၏ အသိစိတ်ပင်လယ်ကို ကုသပေးလိုက်၏။
“ ဆရာ …” ဖူကျင့်ဖုန်း နှိုးထလာသည့်အခါ မိုဝူကျိအား မြင်လိုက်ရ၍ ချက်ချင်း ဒူးထောက်ချလိုက်သည်။ သူက အမှန်တကယ် အပြစ်ရှိစိတ် ခံစားနေမိသည်။ သူက ဂိုဏ်းအား ဤအခြေအနေအထိ ဖြစ်စေခဲ့ကာ သူကိုယ်တိုင်လည်း ထိုအမျိုးသမီး၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။
မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည် “ ဒီနေ့ကစပြီး အဆင့်မတက်လှမ်းနိုင်ခင်အထိ ဂူပိတ် လေ့ကျင့်ရမယ် ”
“ဟုတ်ကဲ့ပါ ဆရာ ” ဖူကျင့်ဖုန်းက ခေါင်းငိုက်စိုက်ဖြင့် ဘာမှထပ်မပြောရဲတော့ပေ။
ဖူကျင့်ဖုန်းအား နောက်ဆုတ်နေဖို့ ညွှန်ပြပြီးနောက် မိုဝူကျိက ဖင်းဖန်အတွင်းရှိ ကျင့်ကြံသူအားလုံးကို ပြောလိုက်သည်
“ ငါက နတ်ဘုရားကမ္ဘာမှာ လူသားဂိုဏ်းလို့ ခေါ်တဲ့ဂိုဏ်း တည်ထောင်ပြီးသွားပြီ။ အင်မော်တယ်လောကက အခုလက်ရှိ တက်လှမ်းခွင့် မပြုထားပေမဲ့ မကြာခင် အဲဒီအတားအဆီးကို ငါ ဖယ်ရှားပေးမယ်။ အားလုံး အဆင့်တက်လှမ်းလာပြီးရင် နတ်ဘုရားနယ်မြေရဲ့ လူသားဂိုဏ်းဆီ လာလို့ ရတယ် ”
မိုဝူကျိ၏ စကားများက တည်ငြိမ်နေသည့် မြစ်ထဲ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ဖြစ်၏။ ဖင်းဖန်ရှိ ကျင့်ကြံသူအားလုံး ကြောင်အမ်းနေကြဆဲ ဖြစ်သည်။ မကြာခင် အားလုံးက အသိပြန်ဝင်လာကြပြီး စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ကြတော့ပေ။
သူတို့တည်ထောင်သူ၏ စကားများကား သိသာပေသည်။ တည်ထောင်သူဘိုးဘေးမိုက နတ်ဘုရားကမ္ဘာသို့ တက်လှမ်းသွားပြီး ယခု နတ်ဘုရားကမ္ဘာမှ ပြန်ရောက်လာခြင်း ဖြစ်၏။
“ ဂိုဏ်းချုပ်မို ….” ယန်ချင်လင်က မနေနိုင်ဘဲ ရှေ့တိုးလာကာ “ ကျွန်မသမီးလေး လျန်ရှီးနဲ့ ဝမ်ဟို့ကိုရော မြင်မိသေးလား ”
မိုဝူကျိနှင့် သူမ သမီးဖြစ်သူတို့က မျိုးဆက်တစ်ခုတည်း ဖြစ်ရာ သူမအနေနှင့် သူ့အား နာမည်တိုက်ရိုက်ခေါ်၍ မမှားပေ။
ဝမ်လျန်ရှီးနှင့် ဝမ်ဟို့အကြောင်း ပြောနေဖို့ မလိုပေ။ မိုဝူကျိက လျန်ယင်ရှန်း၊ ဝေကျီတောက်တို့ကိုပင် မမြင်မိသေးပေ။ မိုဝူကျိက ထိုသို့စကားမျိုး ပြော၍ မဖြစ်ကြောင်း သိပေသည်။ သူက ယန်ချင်လင်သည် ဝမ်ဟို့နှင့် သူ့သမီးတို့အပေါ် အလွန်စိတ်ပူနေသောကြောင့် စိတ်တွင်းနတ်ဆိုးများ ပေါက်ဖွားလာစေနိုင်မှန်း သိထား၏။
ထို့ကြောင့် မိုဝူကျိက မြန်မြန် ဖြေလိုက်ရသည်
“ ကျုပ် လူသားဂိုဏ်းကို တည်ထောင်ပြီးတော့ အာကာပြင်ထဲ တောက်လျှောက်သွားလာနေရတော့ ဂိုဏ်းနဲ့ နတ်ဘုရားကမ္ဘာမှာ သိပ်မနေဖြစ်ဘူး။ အဲဒါကြောင့် အဆင့်တက်လှမ်းလာတဲ့ မိတ်ဆွေတို့ကို မမြင်မိသေးဘူး။ ဒါပေမဲ့ သူတို့သာ နတ်ဘုရားကမ္ဘာ ရောက်လာတာနဲ့ လူသားဂိုဏ်းကို သေချာပေါက် ရှာတွေ့မှာပါ ”
မိုဝူကျိက ထိုစကားများကို လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက နေရာတခွင် လျှောက်သွားနေပြီး ဂိုဏ်းတွင် နေခဲ၏။
…………..…
တစ်လအကြာတွင် မိုဝူကျိက ဖင်းဖန်မှ ထွက်လာလိုက်သည်။
သူ့တွင် နတ်ဝိညာဉ်သွေးကြော မြောက်များစွာ ရှိနေသော်လည်း ဖင်းဖန်၌ နတ်ဝိညာဉ်သွေးကြော တစ်ခုမှ မစိုက်ပေးခဲ့ပေ။ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်အနေနှင့် သူက မိုးမြေစည်းမျည်းအကြောင်း နားလည်ထား၏။
ဂိုဏ်းတစ်ခုအနေနှင့် ဖွံ့ဖြိုးတိုးတက်လာဖို့ရာ အဆင့်မြင့်မားသည့် အရင်းအမြစ်များအပေါ် မမှီခိုသင့်ပေ။ အကယ်၍ သူက ဖင်းဖန်၌ နတ်ဝိညာဉ်သွေးကြော စိုက်ထူပေးခဲ့လျှင် အင်မော်တယ်လောက၏ ဟန်ချက်ကို ပျက်ပြားသွားစေလိမ့်မည်။ မြောက်များစွာသော ကျင့်ကြံသူများက ဖင်းဖန်ဆီ ဝင်လိုကြပြီး နောက်ဆုံးတွင် လူသတ်ပွဲကြီးကို လှုံ့ဆော်ပေးလိမ့်မည်။
ထို့အပြင် နတ်ဝိညာဉ်သွေးကြော စိုက်ပေးခဲ့ခြင်းက တပည့်များအနေနှင့် သူတို့ရည်မှန်းချက် ပျောက်ဆုံးသွားစေလိမ့်မည်။ မိုဝူကျိက မှန်လုံအိမ်မှ ပညာရှင်များကို မွေးထုတ်မပေးနိုင်ကြောင်း ယုံကြည်ထားသည်။
လူအားစိုက်ထုတ်နှင့်သာ ဖင်းဖန်အား ကြာရှည်ခံစေမည် ဖြစ်၏။ ထို့ကြောင့် သူက နတ်ဝိညာဉ်သွေးကြောကို ထည့်မပေါင်းခဲ့သလို ဖင်းဖန်၏ ကာကွယ်ရေး အစီအရင်ကိုလည်း အဆင့်မြင့်မပေးခဲ့ပေ။
အကယ်၍ တစ်ရက်ကျ ဖင်းဖန်သာ ကျရှုံးသွားမည်ဆိုလျှင် ဖင်းဖန်၏ ကံတရားသာ ဖြစ်ပေမည်။
ထိုစဉ် မိုဝူကျိက ယခင် မဟာဓားလမ်းစဉ်ဂိုဏ်း အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူက တက်လှမ်းခွင့်အား တားဆီးနေသည့် ဓားစွမ်းအင်ကို ဖယ်ရှားပြီးနောက် ကျိုးပျက်ကမ္ဘာသို့ သွားမည် ဖြစ်၏။
အတိတ်တုန်းက မဟာဓားလမ်းစဉ်ဂိုဏ်းသည် အင်မော်တယ်လောက၏ ပထမတန်းစား ဂိုဏ်း ဖြစ်ခဲ့၏။ သို့သော်လည်း သူ ဖျက်စီးပစ်လိုက်ပြီးသည့်နောက်တွင် အချိန်မြစ်ကြောင်း၌ ပျောက်ကွယ်သွားလေပြီ။ လက်ရှိ မဟာဓားလမ်းစဉ်ဂိုဏ်းသည် အပြိုအပျက်အပုံလိုက်သာ ဖြစ်၏။ ဤနေရာ၌ သက်ရှိအရိပ်အယောင်ပင် မရှိနေချေ။
သူ လက်ခံရရှိသော သတင်းအချက်အလက်မှာ တိကျပေသည်။ ဓားအကျဉ်းထောင်အနက်ပိုင်းမှ ဓားစွမ်းအင် တိုင်လုံးက တိမ်တွေထဲအထိ ထိုးဖောက်ကာ ထောင်မတ်လျက် ရှိသည်။
ဓားစွမ်းအင် တိုင်လုံးအနီးရှိ ဓားစွမ်းအင်နှင့် တာအိုလှိုင်းတို့မှာ အပြင်းအထန် ထွက်ပေါ်နေသည်။ မိုဝူကျိက ထိုဓားစွမ်းအင်မှ သတ်ဖြတ်ငွေ့ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ထိုသတ်ဖြတ်ငွေ့သည် ကျင့်ကြံသူများကို အနီးမကပ်ရန် သတိပေးထားသလို ဖြစ်နေ၏။ အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူကိုပင် အပိုင်းပိုင်း အစိတ်စိတ် ဖြစ်သွားစေနိုင်သည်။
မိုဝူကျိက အသက်ဆယ်ရှိုက်စာလောက် အပြင်ဘက်မှ လေ့လာလိုက်သည်။ ထို့နောက် သူက ဓားအကျဉ်းထောင်ဆီ ဦးတည်လိုက်သည်။
ဓားအကျဉ်းထောင်၏ ဘေးကင်းနွယ်တောင်၊ ဓားစွမ်းအင်မြစ်နှင့် ဓားစွမ်းအင် ဝဲကတော့တို့က သေစေလောက်သည့် အန္တရာယ်များလှသော နေရာများ ဖြစ်ပေသည်။
အကယ်၍ ယခင်က သူသာ အခွင့်အရေးကို မမြင်ခဲ့ပါက ဘေးကင်းနွယ်တောင် သို့မဟုတ် ဓားစွမ်းအင်မြစ်ထဲ၌ သေဆုံးနေလောက်လေပြီ။
သို့သော်လည်း မိုဝူကျိက ဓားစွမ်းအင်မြစ်ဆီ တစ်ခေါက် ပြန်လာဖို့ စိတ်ဝင်စား၏။ ယခင် ပထမအကြိမ်တုန်းက ဓားစွမ်းအင်မြစ်မှတဆင့် ထွက်ပြေးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူ့အနေနှင့် တစ်ဖက်လူ ရန်သူများစွာကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ဓားစွမ်းအင်မြစ်မှ အာကာပြင် သင်္ကေတအစီအရင်များကြောင့်လည်း ပါဝင်ပေသည်။ ဤဓားစွမ်းအင်မြစ်က မရိုးရှင်းမှန်း သိသာလှ၏။
ဓားစွမ်းအင်မြစ်ထဲ စိုက်ဝင်နေသည့် ဓားတစ်ချောင်း ရှိခဲ့ပေသည်။ ယခင် သူ့ကျင့်ကြံဆင့်က အရမ်းအဆင့်နိမ့်နေသည့်အတွက် အနီးအနားပင် မကပ်နိုင်ခဲ့ပေ။ ယခု သူ့ကျင့်ကြံဆင့်က ဝိဇ္ဇာတပိုင်း အဆင့် ၄ ရောက်နေပြီ ဖြစ်ရာ ထိုဓားကို တစ်ချက်သွားကြည့်ရမည်။
သူ ဓားအကျဉ်းထောင် ကောင်းကင်ယံထက် ရောက်လာသည့်အခါ လက်ကို ဆန့်တန်း၍ လေထုကို ဖြိုခွင်းလိုက်သည်။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိက ဓားအကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေလေပြီ။
ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်က မိုဝူကျိအတွက် လေပြေလေးတစ်ခုထက် မပိုတော့ပေ။ သူ့ဝတ်ရုံကိုပင် မဖျက်စီးနိုင်တော့ပေ။
မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ယခင်နှင့် ကွာခြားမှု များများစားစား မရှိကြောင်း သိလိုက်၏။ ပျောက်ကွယ်သွားပြီ ဖြစ်သည့် ဘေးကင်းနွယ်တောင်မှလွဲ၍ ဓားစွမ်းအင် ဝဲကတော့နှင့် ဓားစွမ်းအင်မြစ်တို့က ရှိနေဆဲ ဖြစ်၏။ မိုဝူကျိက တစ်လှမ်းတည်းဖြင့် ဓားစွမ်းအင် မြစ်ဘေးသို့ ရောက်ရှိလာသည်။
ဓားစွမ်းအင် မြစ်ဘေးရှိ ဓားစွမ်းအင်မှာလည်း ယခင်ကထက် သိသိသာသာ အားနည်းသွားသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုမြစ်ကမ်းပါးဆီ ထိုးဖောက်နေသည့် ဓားဆီ ရောက်ရှိသွားသည်။
ထိုဓားမှ ဓားစွမ်းအင်သည် အလွန်အမင်း အားကောင်းပေသည်။ သို့သော်လည်း လက်ရှိ မိုဝူကျိနှင့် ရင်ဆိုင်ရသည့်အခါ ထိုဓားစွမ်းအင်က ဘာမှမထိခိုက်စေနိုင်တော့ပေ။
ဓားဘေးတွင် အရိုးခြောက်နှင့် တူသည့် အမျိုးသားတစ်ယောက် ထိုင်နေသည်။ သူက ဓားကို ဆွဲထုတ်လိုဟန် ပေါ်၏။ ဓားစွမ်းအင်က သူ့အား တားဆီးနေသောကြောင့် ဓားအား ဘေးမှ ဖြည်းဖြည်းချင်း သန့်စင်နေရုံသာ တတ်နိုင်ပေသည်။
မိုဝူကျိ၏ စိတ်စွမ်းအား သူ့ဆီ ရောက်သွားသည်နှင့် ထိုအရိုးခြောက် အမျိုးသားက သတိထားမိလိုက်သည်။ သူက ခေါင်းမော့ကြည့်လိုက်သည်။ သူက မိုဝူကျိသည် ဓားစွမ်းအင်မြစ်ဘေး ရပ်နေသည်ကို မြင်သောအခါ သူ့မျက်ဝန်း၌ အံ့ဩတုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ခြေတစ်လှမ်းတည်းဖြင့် ဓားစွမ်းအင်မြစ်မှ ထွက်လာကာ မိုဝူကျိရှေ့ ရောက်လာသည်။
“ မင်းလား ” အရိုးခြောက် အမျိုးသားက မိုဝူကျိကို ရှင်းရှင်းလင်းလင်း မှတ်မိကာ တအံ့တဩ ရေရွတ်လိုက်၏။
မိုဝူကျိက ရယ်မောကာ “ ကျုပ်ပဲ …”
***