စကြဝဠာ၏ ကိုးခုမြောက် တာအိုစည်းမျည်း
Vol. 85 Ch. 1181
ယခင် သူ့အနေနှင့် မိုဝူကျိအား လုပ်ချင်တာ လုပ်ခွင့်ပြုထားသည့် အကြောင်းအရင်းမှာ မိဝူကျိက ဤနေရာမှ မလွှတ်မြောက်နိင်ကြောင်း သိနေ၍ ဖြစ်၏။ ထိုသတိလက်လွှတ် အတွေးတစ်ချက်က မိုဝူကျိလိုမျိုး ပါးမွှားကို အမှန်တကယ် ထွက်ပြေးခွင့် ပြုလိုက်သလို ဖြစ်သွားမည်ကို မည်သူ သိမည်နည်း။ မိုဝူကျိက သူတစ်ယောက်တည်း ထွက်ပြေးခြင်း မဟုတ်ဘဲ ဓားအကျဉ်းထောင်ရှိ ကျန်ရှိနေသော ပါးမွှားများကိုလည်း ခေါ်ဆောင်သွားခဲ့သေး၏။
မိုဝူကျိက ဆက်ပြောလိုက်သည် “ ခင်ဗျားက ဓားစွမ်းအင် ဝဲကတော့ထဲ ရှိနေတဲ့ တစ်ယောက်မလား။ ပြီးတော့ ဓားစွမ်းအင်မြစ်ထဲမှာ ကျုပ်ကို သတ်ဖို့ လုပ်တဲ့တစ်ယောက် …. ”
ယခင် ထိုလူက မကျော်လွှားနိုင်သည့် တောင်ကြီးကဲ့သို့ ဖြစ်နေသည်။ သို့သော် ယခုအခါ မိုဝူကျိ အမြင်၌ ထိုလူသည် ပုရွက်ဆိတ်တစ်ကောင်နှင့် မကွာခြားတော့ပေ။ ထိုလူက သဟဇာတ နတ်ဘုရား အလယ်အလတ်အဆင့် ဖြစ်သော်လည်း သူ့အရှိန်အဝါတိုက မတည်မငြိမ် ဖြစ်နေလေရာ သူ့တိုက်ခိုက်စွမ်းအပေါ်ပါ သက်ရောက်မှု ဖြစ်လာလိမ့်မည်။
မိုဝူကျိ၏ အေးအေးဆေးဆေး အကြောက်တရားကင်းမဲ့သည့် ပုံစံကို သတိထားမိပြီး အရိုးခြောက် အမျိုးသားက မျက်မှောင်ကျုတ်ကာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။ သူက မိုဝူကျိ၏ ကျင့်ကြံဆင့်ကို အာရုံမခံနိုင်ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….
အကယ်၍ မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားလျှင်ပင် သူ တစ်ချက်ကြည့်ရုံဖြင့် တန်းသိရပေမည်။
မိုဝူကျိက ဤအရိုးခြောက် အမျိုးသား နောက်ဆုတ်သွားသည်ကို ဂရုစိုက်ဟန် မပေါ်ပေ။ သူက နားမလည်စွာ မေးလိုက်၏ “ အရင်တုန်းက ဘေးကင်းနွယ်တောင်အတွင်းက နှလုံးသားက ခင်ဗျားဟာ မဟုတ်ဘူးမလား။ ဒီဓားစွမ်းအင်မြစ်ထဲက ဓားကလည်း ခင်ဗျားအပိုင် မဟုတ်ဘူးမလား။ ကျုပ် သိချင်တာက ခင်ဗျား ဒီမှာ ဘာလို့ နေနေတာလဲ။ ဒီမှာဆက်နေနေတာက ခင်ဗျားစွမ်းရည်တွေ ပြန်ကောင်းလာအောင် ကူညီပေးနိုင်မယ်လို့ ထင်နေတာလား ”
ထိုစကားများ ပြောပြီးနောက် မိုဝူကျိက ထိုလူ ပြန်ဖြေသည့်အထိ မစောင့်နေတော့ပေ။ သူက ကိုယ့်ဘာသာ သိသွားသည့်အလား “ ဘာလို့ ထွက်မသွားနိုင်တာလဲဆိုတာ သိပြီ ”
သူက အမှန်တကယ် သဘောပေါက်လာမိသည်။ ဤလူက သဟဇာတ နတ်ဘုရားအဆင့်အထိသာ ပြန်ကောင်းသေးရုံ ဖြစ်သောကြောင့် ထွက်မသွားရဲသေးပေ။ သူ ဓားအကျဉ်းထောင်မှ ထွက်လိုက်သည်နှင့် အင်မော်တယ်လောက၏ စည်းမျည်းများကြောင့် အပိုင်းအပိုင်း အစစ ဖြစ်သွားပေမည်။ သူက သူ့ကျင့်ကြံဆင့်ကို ကောင်းကင်နတ်ဘုရားအဆင့်အထိ မနှိမ့်ချထားသရွေ့ ထွက်သွားသည်နှင့် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေမည်။
အားလုံးက သူ့လို အင်မော်တယ်လောက၏ စည်းမျည်းဖိအားကို လျစ်လျူမရှုနိုင်ကြပေ။
မိုဝူကျိ ရောက်လာကတည်းက ထိုလူသည် ကပ်ဘေးအတွင်း ခံစားခဲ့ရသည့် ပညာရှင် ဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။ လက်ရှိ ဤနေရာ၌ အင်အား ပြန်လည် စုဆောင်းနေခြင်း ဖြစ်၏။ သူက ထိုသို့မျိုး လူမျိုးများနှင့် အများကြီး ကြုံတွေ့ခဲ့ရသည်။
“ မင်းရဲ့ ခန္ဓာကျင့်စဉ်က မဆိုးဘူးပဲ ” အရိုးခြောက် အမျိုးသားက ပြောလိုက်ရင်း စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ သူ့လက်ရှိစွမ်းရည်ဖြင့် မိုဝူကျိက မည်မျှ အင်အားကောင်းကောင်း ကိစ္စမရှိပေ။ မိုဝူကျိက သူ့စွမ်းအားစက်ကွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်လောက်ပေ။
“ ဝုန်း ” ထိုအမျိုးသား၏ စွမ်းအားစက်ကွင်းက မိုဝူကျိ၏ စက်ကွင်းနားပင် မကပ်နိုင်ဘဲ တစစီ ကြေကွဲလာသည်။
ထိုအမျိုးသားက တအံ့တဩ ဖြစ်သွားလေ၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …. ဒါက အင်မော်တယ်လောကလေ ….
သူ သိသလောက် အင်မော်တယ်လောကတွင် သူ့စွမ်းအားစက်ကွင်းကို ချိုးဖောက်နိုင်မည့်သူ မည်သို့ ရှိလာနိုင်မည်နည်း။
ထိုအမျိုးသား မတုံ့ပြန်နိုင်ခင် မိုဝူကျိ၏ သဘာဝစွမ်းအားလက်က သူ့လည်ပင်းဆီ ကျရောက်လာ၏။
“ ခင်ဗျားအင်အားလေးနဲ့ လုပ်မနေနဲ့။ ခင်ဗျားရဲ့ စွမ်းရည်နဲ့အင်မော်တယ်လောကရဲ့ လျို့ဝှက်နယ်မြေထဲ ဘယ်လိုလုပ် ရောက်လာတာလဲ ” မိုဝူကျိက ထိုအမျိုးသားအား လေထဲမြောက်ကိုင်ထားရင်း မေးလိုက်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ” ထိုအမျိုးသားက သူ့ဘာသာ ထပ်မံ ရေရွတ်လိုက်ပြီး သူ့အခြေအနေဆိုးကို သဘောပေါက်သွားဟန် ပေါ်သည်။
သူ့မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းအရ ဓားအကျဉ်းထောင်က အင်မော်တယ်လောကအတွင်း ရှိပေသည်။ အင်မော်တယ်လောက၏ စည်းမျည်းများသည် အဆင့်မြင့် ကျင့်ကြံသူ မွေးဖွားလာဖို့ ခွင့်မပြုထားပေ။ သေချာသည့် အဆင့်တစ်ခုသို့ ရောက်သည့်အခါ အင်မော်တယ်လောကမှ ထွက်သွားရမည် ဖြစ်၏။ မဟုတ်လျှင် မိုးမြေ စည်းမျည်းနှင့် ဖိအားက သူ့အား တစစီ ဖြစ်သွားစေလိမ့်မည်။ အကယ်၍ သူ အင်မော်တယ်လောကထဲ ဝင်နိုင်ခဲ့လျှင် ဤနေရာမှ ထွက်သွားနိုင်သည်မှာ ကြာမြင့်လောက်လေပြီ။ သူက ဤဓားကို အဘယ်ကြောင့် ဆက်ဆွဲထုတ်နေရဦးမည်နည်း။
မိုဝူကျိ၏ သဘာဝစွမ်းအားလက်ကြီးက တင်းကျပ်လာကာ ထိုအမျိုးသားက သေခြင်းတရား ဖိအားကို ချက်ချင်း ခံစားမိလိုက်သည်။ ထို့နောက် သူက မိုဝူကျိကို စကားကို ကြားလိုက်ရ၏ “ ငါက မေးခွန်းမေးတဲ့သူ … ခင်ဗျား မဟုတ်ဘူး ”
“ ဟုတ်ပါတယ် ဟုတ်ပါတယ် …” ထိုအမျိုးသားက အခြေအနေကို သဘောပေါက်သွားသည့်အလား မြန်မြန် ပြောလိုက်သည် “ အဲဒီနှစ်တုန်းက ကျန့်ချီထန်း … ”
“ ခဏ ” မိုဝူကျိက ထိုအမျိုးသား စကားကို ဖြတ်ပြောကာ “ ကျန့်ချီထန်းက ဘယ်သူလဲ ”
ထိုအမျိုးသားက မြန်မြန် ပြန်ဖြေလိုက်သည်
“ ကျန့်ချီထန်းက ကံကြမ္မာဓားရဲ့ ဓားဝိညာဉ်ပါ။ ကံကြမ္မာဓားရဲ့ ပိုင်ရှင်က သူ့တာအို ဆက်အဆင့်မတက်နိုင်တော့တာကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တာအိုစည်းမျည်းထဲ ပေါင်းစပ်စေခဲ့ပြီး ဓားပိုင်ရှင် ဖြစ်လာစေတယ် … ”
“ ဘာတွေ လျှောက်ပြောနေတာလဲ။ တစ်ခုမှ နားမလည်ဘူး။ အရင်ဆုံး ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိ၏ လေသံမှာ ရက်စက်မှုတချို့ ကိန်းအောင်းလာသည်။
ထိုအမျိုးသားက ကြောက်ရွံ့လာကာ
“ စီနီယာ … ဒီဂျူနီယာလေးက ကံကြမ္မာဓားကနေ ဓားစွမ်းအင် အရိပ်အယောင်လောက်ပဲ သင်ယူခဲ့တာပါ။ အဲဒီဓားစွမ်းအင်ထဲမှာ ဓားဝိညာဉ်ရဲ့ မှတ်ဉာဏ်တချို့ကို ရရှိခဲ့တယ် … ”
မိုဝူကျိက နောက်ဆုံးတွင် နားလည်သွားလေ၏။ ဤလူက ကပ်ဘေးအတွင်းမှ ပညာရှင် မဟုတ်ချေ။ သူက ခေါင်းညိတ်ကာ “ ခင်ဗျား ပြောတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုတယ်။ ကျုပ်က သိပ်စိတ်ရှည်တာ မဟုတ်ဘူး ”
“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ” ထိုအမျိုးသားက မြန်မြန်ဆန်ဆန် ဆက်ပြောလိုက်သည် “စီနီယာရဲ့ ကျင့်ကြံဆင့်က ကောင်းကင်ကြီးလောက် မြင့်တယ်ဆိုတော့ ကျုပ်က သဟဇာတ နတ်ဘုရားအဆင့်ဆိုတာ သိတယ်မလား ”
“ အင်း … သိတယ် ” မိုဝူကျိက ပြန်ဖြေလိုက်သည်။
မိုဝူကျိက သဟဇာတ နတ်ဘုရားအကြောင်း သိကြောင်း ပြောသည်ကို ကြားပြီး ထိုသူက စိတ်ချသွားသလို ဖြစ်၏။ မိုဝူကျိ တစ်ယောက် သူ ဆက်ပြောမည့်စကားများအား နားမလည်မည်ကို စိုးရိမ်နေမိခြင်းသာ ဖြစ်၏။
“ သဟဇာတ နတ်ဘုရားအဆင့်ပြီးရင် ဝိဇ္ဇာသုံးဆင့် လာတယ်။ ပထမအဆင့်က ဝိဇ္ဇာတပိုင်းအဆင့် … ဒုတိယတစ်ခုက ဝိဇ္ဇာအဆင့်။ နောက်ဆုံး တတိယအဆင့်က ကံကြမ္မာ ဝိဇ္ဇာအဆင့်ပဲ ” ထိုအမျိုးသားက သေချာပြောလိုက်သည်။
မိုဝူကျိက နားလည်မှုအသစ်တစ်ခု တိုးလာ၏။ ဝိဇ္ဇာအဆင့်များသည် အမြင့်ဆုံး တည်ရှိမှုမျိုး မဟုတ်သေးပေ။ ကံကြမ္မာ ဝိဇ္ဇာအဆင့် ရှိနေသေး၏။ ထိုဝိဇ္ဇာရှစ်ပါးက သူတို့ကိုယ်သူတို့ အားအကောင်းဆုံး ပညာရှင်ဟု ယုံကြည်ထားကြသည်။ အမြင်နှင့်တင် သူတို့သည်လည်း ရေအိုင်ထဲမှ ဖားသူငယ် ဖြစ်နေရှာပေသည်။
“ ဝိဇ္ဇာအဆင့်ပြီးရင် ကံကြမ္မာ ဝိဇ္ဇာအဆင့်ဆိုတော့ ဝိဇ္ဇာအရေအတွက်က ကန့်သတ်ချက် မရှိသင့်ဘူးမလား။ ဒါပေမဲ့ ကျုပ်ကြားတာတော့ ဝိဇ္ဇာရှစ်ပါးပဲ ရှိတာဆို ….” မိုဝူကျိက အလေးအနက် ပြောလိုက်သည်။
ထိုလူက ထိုစကားများ ကြားလိုက်သောအခါ မိုဝူကျိသည် အင်မော်တယ်လောကမှ မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။ သူက သတိထားကာ ဖြေကြားလိုက်သည်
“ ကမ္ဘာဦး အရှုပ်အထွေး စဖြစ်လာတုန်းက စကြဝဠာကြီးက အရင်းအမြစ်များစွာရယ်၊ မိုးမြေ စည်းမျည်းတွေက အရမ်းကို သိသာထင်ရှားတယ်။ အဲဒီအချိန်တုန်းက ပညာရှင်အများအပြား မွေးထုတ်နိုင်ခဲ့ကြတယ်။
ဒါပေမဲ့ စကြဝဠာကြီးက အစီအစဉ်မကျဘူး။ စကြဝဠာအစီအစဉ်တကျ မရှိဘဲနဲ့ ကျင့်ကြံရေးက အတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အဲဒီအဆင့်က ပညာရှင်တွေကို ဝိဇ္ဇာတပိုင်းအဆင့်လို့ ခေါ်ကြတယ် ….
အဲဒီအချိန်တုန်းက ကံကြမ္မာ ထိပ်သီးရတနာတွေ ပေါ်လာခဲ့တယ်။ ကံကြမ္မာဓားကလည်း အဲဒီအထဲက တစ်ခုပဲ …. ဓားက စကြဝဠာကြီးရဲ့ ဝိညာဉ်စွမ်းအားကို စုဆောင်းပြီး စကြဝဠာကြီး ဆင့်ကဲပြောင်းလဲလာတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတော့ ကိုယ်ပိုင် ထူးခြားတဲ့ ဓားဝိညာဉ် ဖြစ်တည်လာတယ်။ တစ်ချိန်တည်းမှာ လော့လို့ ခေါ်တဲ့ ပြိုုင်ဖက်ကင်း ပညာရှင်တစ်ယောက် ထွက်ပေါ်လာတယ်။
သူက စကြဝဠာကြီးရဲ့ ဖြစ်တည်ပုံကို ကြုံခဲ့ရပေမဲ့ သူ့တာအိုက စူးရှထက်မြက်မှု ပျောက်ဆုံးနေတယ်။ သူက ကံကြမ္မာ ဓားနဲ့ တွေ့တော့ ဓားက သူရဲ့ သန့်စင်တာကို မခံချင်ဘူး။ အဲဒါကြောင့် သူက သူ့ကိုယ်ခန္ဓာကို တာအိုစည်းမျည်းထဲ စိမ့်ဝင်စေပြီးတော့ ဓားဝိညာဉ်နဲ့ပါ ပေါင်းစပ်သွားပြီး ဓားကို ထိန်းချုပ်ခဲ့တယ် …. ”
မိုဝူကျိက ထိုအကြောင်းကို ကြားလိုက်သည့်အခါ အနည်းငယ် ကြောင်အမ်းသွားလေ၏။ သူက တာအိုစည်းမျည်းနှင့် ပေါင်းစပ်သွားသည့်အကြောင်း ကြားဖူးထားသော်လည်း ဓားဝိညာဉ်နှင့် ပေါင်းစပ်နိုင်ခြင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
ဆိုလိုသည်မှာ ထိုလူ လော့က ဓားဝိညာဉ်အသစ် ဖြစ်လာတာ မဟုတ်ဘူးလား။ ဒါလုပ်လို့ ဘာအကျိုးရှိမှာလဲ ….
“ လော့က ဓားဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတော့ ကန့်သတ်ချက်အများကြီး ရှိနေသေးတာကို တွေ့လိုက်ရတယ်။ အဲဒီနောက်ကျ သူက စကြဝဠာသိုက်မြုံကို ဖွင့်ပြီးတော့ စကြဝဠာကြီးရဲ့ တာအိုစည်းမျည်း ကိုးခုကို ရယူခဲ့တယ်။
သူက အဲဒီတာအိုစည်းမျည်း ကိုးခုကို အသုံးပြုပြီး အဆင့်မြင့် ပညာရှင် ရှစ်ယောက်ကို ဖန်တီးချင်ခဲ့တာ …. အဲဒီနောက်ပိုင်းကျ သူက စကြဝဠာကြီး အစီအစဉ်တကျ ဖြစ်ဖို့ အဲဒီရှစ်ယောက်ရဲ့ အကူအညီကို ယူမယ်။ လော့က အဲဒီရှစ်ယောက်က ဝိဇ္ဇာတစ်ပိုင်းအဆင့်ထက် အဆင့်မြင့်သင့်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူတို့က ဝိဇ္ဇာဖြစ်လာလိမ့်မယ် … ”
မိုဝူကျိက ထိုအကြောင်း ကြားလိုက်ရသည့်အခါ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။
ဤသည်က ဝိဇ္ဇာရှစ်ပါး၏ မူလဇာစ်မြစ် မဟုတ်ပေဘူးလား ….
ထိုအမျိုးသားက ဆက်ပြောလိုက်သည် “ အဲဒီကိစ္စက စကြဝဠာအနှံ့မှာရှိနေတဲ့ ပညာရှင်တွေဆီ ပြန့်နှံ့သွားတယ်။ အားလုံးက လော့ရဲ့ရွေးချယ်မှုကို ခံချင်ကြတယ်။ ဒါပေမဲ့ လော့က ရွေးချယ်မှု မလုပ်ခင် ပညာရှင် ရှစ်ပါးက တိတ်တဆိတ် လော့ကို ရင်ဆိုင်ပြီးတော့ တာအိုစည်းမျည်းတွေကို ခိုးယူသွားခဲ့တယ် … ”
မိုဝူကျိက စတင်ရှုပ်ထွေးလာသည် “ အဲဆို ဒီဓားအကျဉ်းထောင်က အဲဒီလူ အရင်ကပ်ဘေးတုန်းက ကျဆုံးခဲ့တဲ့ နေရာ မဟုတ်ဘူးလား ”
ထိုအမျိုးသားက ခေါင်းခါကာ
“ ကပ်ဘေးကို လော့ထိန်းချုပ်ထားတဲ့ ကိုးခုမြောက် တာအိုစည်းမျည်းက ထိန်းချုပ်ထားတာ …. လော့က လုပ်ကြံခံရရင်တောင် ကိုးခုမြောက် တာအိုစည်းမျည်းက ကပ်ဘေးကို ဆက်ပြီး ထိန်းချုပ်နိင်တုန်းပဲ ”
မိုဝူကျိက အင်မော်တယ်လောကရှိ ဤဓားအကျဉ်းထောင်အသေးလေး၌ ဤသို့ ရှေးကျကာ ကြောက်မက်ဖွယ် တည်ရှိမှု ပုန်းအောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအမျိုးသား ပြောသလောက် ကိုးခုမြောက် တာအိုစည်းမျည်းကို ထိန်းချုပ်နိုင်လျှင် ကပ်ဘေး ဖြစ်မလာအောင် တားဆီးနိုင်မည်လား။
“ ကျုပ် သိပြီ။ အဲဆိုတော့ လက်ရှိ ဝိဇ္ဇာရှစ်ပါးက ကျန်တဲ့တာအိုစည်းမျည်း တစ်ခုစီကို ထိန်းချုပ်ထားကြမှာပေါ့။ အဲဒါကြောင့် သူတို့က ဝိဇ္ဇာတွေ ဖြစ်နေတာလား။ ပြီးတော့ လော့က ကိုးခုမြောက် တာအိုစည်းမျည်းကို ထိန်းချုပ်ထားတယ်ဆိုပြီး စကြဝဠာကြီးထဲမှာ တစ်ဦးတည်းသော ကံကြမ္မာ ဝိဇ္ဇာ ဖြစ်နေရတာလဲ ” မိုဝူကျိက မေးလိုက်သည်။
ထိုအမျိုးသားက ခေါင်းတခါခါဖြင့်
“ ကျုပ်လည်း အဲဒီအကြောင်း မသိဘူး။ ဒါပေမဲ့ ကျုပ် သိတာက လော့က ကိုးခုမြောက် တာအိုစည်းမျည်းကို ထိန်းချုပ်သူပဲ။ လော့က လုပ်ကြံခံခဲ့ရပေမဲ့ ကိုးခုမြောက် တာအိုစည်းမျည်းက ကပ်ဘေးကို ထိန်းချုပ်ထားတုန်းပဲ။ အရင် ဓားအကျဉ်းထောင်ထဲ ရှိနေတဲ့ ဘေးကင်းနွယ်တောင်က လော့ရဲ့ နှလုံးအစိတ်အပိုင်း တစ်ခုပဲ …. ”
“အဲဆို ဓားစွမ်းအင်မြစ်ထဲက ဓားက ကံကြမ္မာဓားလား ” မိုဝူကျိက မေးလိုက်သည်။ သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူ နတ်ဘုရားကမ္ဘာကို ပြန်ရောက်သည့်အခါ ဟွမ်တိနှင့် ထုံမင်တို့အား ဝိဇ္ဇာဖြစ်လာဖို့ရာ စကြဝဠာ၏ တာအိုစည်းမျည်း လိုအပ်လားဟု မေးမြန်းရမည်။
“ ဟုတ်တယ် … ”
ထိုအမျိုးသားက စကားတစ်လုံး ပြောစဉ် မိုဝူကျိက သူ့ဆီ ရစ်ပတ်လာသည့် ဓားစွမ်းအင်ကို ခံစားမိလိုက်သည်။ သတ်ဖြတ်ငွေ့များလည်း စတင် မြင့်တက်လာသည်။
သေခြင်းတရား အငွေ့အသက်များလည်း လွှမ်းခြုံလာလေ၏။ မိုဝူကျိက နှစ်ခါပြန် မစဉ်းစားဘဲ လော့ကျမ်းစာရွက် ထုတ်ကာ ကာကွယ်ထားလိုက်သည်။
“ ဘုန်း ” ဓားစွမ်းအင်က သူ့ခါးဆီ ဖြတ်သွားသည်။ မိုဝူကျိက လော့ကျမ်းစာရွက်ဖြင့် အချိန်မီ ကာကွယ်နိုင်လိုက်သော်လည်း သေခြင်းတရား အငွေ့အသက်တို့ကို ခံစားမိနေဆဲ ဖြစ်သည်။
ထို့နောက် သူက လော့ကျမ်းစာရွက်၌ အက်ရာကြီး မြင်လိုက်ရသည်။ မိုဝူကျိက တုန်လှုပ်မိသွားသည်။ သူက မည်သို့ ဆက်လက် တုံ့ဆိုင်းနေရမည်နည်း။ သူက နောက်ထပ် လော့ကျမ်းစာရွက်များကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။
ဤသည်မှာ ဓားစွမ်းအင်ကြောင့် လော့ကျမ်းစာရွက် ပထမဆုံး ပျက်စီးသွားသည့်အကြိမ် ဖြစ်ပေသည်။
***